Reading စာဖတ်ချင်တယ်

စာဖတ်နည်းမေးကြတယ်။ မေးကတည်းက မေးသူဟာပညာလိုချင်နေပြီမို့ လမ်းပေါ်ရောက်နေပြီ။ ဆက်လျှောက်ပါလေ။ တယောက်နဲ့တယောက် မတူတူတာသဘာဝပါ။ ဘယ်လိုအနေအထားနဲ့ စာဖတ်သလည်းမေးတယ်။ အဲတာလည်း တယောက်တမျိုးပဲပေါ့။

၁၉၉ဝ တုံးက ပခုက္ကူကိုရောက်တော့ ကျမ်းပြုဆရာတော်တပါးကို ဝင်ဖူးဖြစ်တယ်။ သူငယ်ချင်းဆရာဝန် (စာရေဆရာ) ကနေလိုက်ပို့လို့ပါ။ ဆရာတော်က မတ်တတ်ရပ်ပြီး စာဖတ်တယ်၊ စာလည်းရေးတယ်။ စာအုပ်တင်စရာကို သူ့အရပ်နဲ့ အနေတော်လုပ်ထားတာ တွေ့ခဲ့ရတယ်။ ဆရာတော်လိုတော့ မလုပ်နိုင်ပါ။

ကျွန်တော်က ခါးနာတတ်လို့ ပုလဲအိမ်မှာနေကတည်းက ကြိမ်ခင်းပါတဲ့ဆက်တီခုံမှာ ငါးထပ်သားပြားခင်းထိုင်ရတယ်။ ဒေလီရောက်တော့လည်း ကူရှင်ပါဆက်တီခုံအရှည်မှာ ငါးထပ်သားလောက်ထူတဲ့သစ်သားပြား ခင်းထားတယ်။ မြန်မာ့ ပက်လက်ကုလားထိုင်ကို သဘောကျပေမဲ့ ဒေလီမှာ အဲတာမျိုးဝယ်မရလို့ သားအကြီးဆုံးက လုပ်ပေးထားတယ်။ ခါးကြောင့် ကြာကြာတော့ထိုင်မရဖူး။ ရသလောက်တော့ ထိုင်ဖတ်တာပဲ။ အိပ်ယာကုတင်မှာ ခေါင်းရင်းမှာ ကျောနောက်က အနေတော် ခေါင်းအုံးနဲ့လည်းစာဖတ်တယ်။ အိပ်ယာဘေးမှာ မီးပိတ်လို့လွယ်အောင် လုပ်ထားရတယ်။ အခုနေရာမှာတော့ အဲလိုကုတင်မျိုး မရှိပါ။ (ကန်တော့ပါရဲ့) ကိုယ်လက်သန့်ရှင်းခန်းဝင်ရင် ဖတ်စရာမပါပဲ မဝင်တတ်ဘူး။

စာကို တမျိုးတည်းဆက်ဖတ်တတ်တဲ့အလေ့ရှိကြတယ်။ ကျွန်တော်လည်းပါတယ်။ ဝတ္ထုဆို ဝတ္ထု၊ သုတဆိုသုတချည်း။ ရီစရာဆို ဟာသချည်း၊ ဘာသာရေးဆိုလည်း ဆက်ဖတ်နေမိတတ်ကြတယ်။ ဘလော့ပေါ်ကတည်းက ဆေးပညာစာတွေ ရေးနေတယ်။ စာတပုဒ်ကို ရေးလိုက်။ နားလိုက်။ တခြားဘာသာရပ်ကို ပြောင်းလိုက်လုပ်တာ ကောင်းတယ်။ နားပြီးမှ ရေးနေတာကိုပြန်စစ်တယ်။ စာဖတ်တာလည်း အဲလိုပြောင်းတာ ကောင်းတယ်။

မနက်လင်းရင် သတင်းစာဖတ်တဲ့အကျင့်က ဒေလီမှာ အနှစ် ၂ဝ ကျော်ရှိခဲ့တယ်။ ယူအက်စအေမှာတော့ မရှိတော့ပါ။ ဝါရှင်တန်ဖက်မှာ သတင်းစာက အထူကြီး။ ဈေးလည်းမနည်းဖူး။ ဒီမှာက ဒေသခံသတင်းစာသာ ရှိတယ်။ တီဗွီလည်း ဒေသခံသတင်းပဲပြတယ်။ သူတို့ဖက်ဒရယ်စနစ်ဆိုတာအဲလိုပဲ။ ကျွန်တော့်အတွက်တော့ သတင်းနဲ့ သုတအတွက် အဲဒီစနစ်ကိုမကြိုက်ပါ။ နိုင်ငံတကာသတင်းတွေပါသိချင်တာ ငယ်ငယ်လေးကတည်းကပါ။ ဗီယက်နမ်စစ်ကြီး၊ ဆိုဗီယက်နဲ့ အမေရိကန်ပြိုင်ကြတဲ့စစ်အေးခေတ်ကြီးမှာ ကြီးလာရလို့ နေ့တိုင်းသတင်းတွေ ကြားသိနေခဲ့တာမို့ နိုင်ငံတကာမှာ ဘာဖြစ်နေလည်း သိပ်စိတ်ဝင်စားတာ။ ဒေသတွင်းချည်းထဲမှာ လှောင်ခံနေရတာကို မကြိုက်ပါ။

အယူအဆရေးမှာလည်း တခုတည်းမှာသာ ကိုယ့်ကိုယ်ကို အသေသော့ခပ်ထားတာမျိုး သဘောမကျပါ။ အဲလိုပြောတာကို အကောက်တော့ မလွဲစေချင်ပါ။ ပြတ်သားမှု မရှိတာလို့တော့ (ကိုယ့်ကိုယ်ကို) မထင်ပါ။ တခြားဘာသာတွေလည်း နည်းနည်းပါးပါးသိအောင်လုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုးကွယ်ရာဘာသာကို ရေအရောမခံပါ။ နိုင်ငံရေးမှာလည်း သူများဟာတွေလည်း သိအောင်လုပ်ပေမဲ့ ကိုယ်ယုံကြည်တဲ့၊ ကိုယ်ထောက်ခံအားပေးတဲ့ ပါတီဖက်ကနေရပ်တည်မှုက နည်းနည်းလေးမှ မကျပါ။

ခုနေမှာ တမ်းတတာကတော့ မြန်မာပြည်တွင်းမှာရှိတဲ့ စာအုပ်ဆိုင်တွေမဟုတ်ပါ။ စာအုပ်ဟောင်းတွေဖြစ်ပါတယ်။ စာကြည့်တိုက်ကြီးတွေဖြစ်ပါတယ်။ အဲဒီမှာသာ မူလလက်ဟာင်း၊ မူရင်းသတ်ပုံမှန် အချက်အလက်မှန်နဲ့ ရေးထားတာတွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ-၃ဝ အတွင်း ထုတ်ဝေဖြန့်ချိထားတဲ့စာအုပ်တွေ အများစုထဲမှာ အမှားတွေနဲ့ အလွဲတွေက များတယ်။ အကြောင်းအရာမှားတာ ပိုဆိုးတယ်။ တမနက်တောင်မခံတဲ့ ဖေ့စ်ဘွတ်ကစာတွေနဲ့ နပမ်းလုံးနေရတဲ့ဘဝက လွတ်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆
ဓါတ်ပုံ = ဒေလီတုံးက ကျွန်တော့်စာအုပ်စင်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး