Doctor ဒေါက်တာ
မြန်မာ့နိုင်ငံရေးမှာ ဒေါက်တာတွေများလာတယ်။ ဆရာဝန်ဝန်ရော ဆရာဝန်မဟုတ်သူတွေပါ များတယ်။ ဒေါက်တာတွေကို ခွဲခြားသိရအုန်းမယ်။ ဆရာဝန်ဆိုလည်း ရိုးရိုးဆရာဝန်လား၊ ဥပမာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိ-မွေး-ကု ဆရာဝန်လား ဥပမာ ရခိုင်က ဒေါက်တာအေးမောင်။ ပီအိတ်ခ်ျဒီရလို့ ဒေါက်တာတွေကိုလည်း တခြားဘာသာရပ် ဒေါက်တာလား ဥပမာ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဘာသာရေးဒေါက်တာလား ဥပမာ CNF က ဒေါက်တာ လျန်မုန်း ဆာခေါင်း။
Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုး ရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor ကို နာမည်ရှေ့မှာ ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ Docēre ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေ စပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။
ဆေးပညာရှင်ကို မြန်မာလို သမားတော်လို့ ယေဘုယျခေါ်နေခဲ့တယ်။ ရိုးရိုး MBBS ဆေးပညာဘွဲ့ ရယုံနဲ့ သမားတော်လို့ ခေါ်လေ့မရှိကြဘူး။ သူများနိုင်ငံတွေမှာတော့ ဆရာဝန်မှန်သမျှ Physician လို့ အများဆိုင်နာမ်အနေနဲ့ ခေါ်ပါတယ်။ ဆေးပညာကို အသုံးချသူပညာရှင်လို့ အဓိပ္ပါယ်ဆောင်တယ်။ ဆေးပညာကိုတိုးတက်အာင်လုပ်မယ်၊ ထိန်းသိမ်းတာ လုပ်မယ်၊ လူ့ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်၊ လေ့လာသင်ယူ-သင်ကြားခြင်း၊ ရောဂါရှာဖွေခြင်း၊ ကိုယ်ကျန်းမာရေး-စိတ်ကျန်းမာရေးကို ကုသပေးခြင်းတွေပါတယ်။
ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာခေါ်တယ်။ ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။
အမေရိကားမှာ (M.D.) နဲ့ (D.O.) ဘွဲ့ ရတာရင် ဒေါက်တာ ခေါ်နိုင်တယ်။ DPM, MD, DMD, DDS, DPT, DC ဘွဲ့ရရင် ဒေါက်တာခေါ်ပြီး၊ ယူကေမှာ MBBS ရရင် ခေါ်တယ်။ တိရစ္ဆာန်ဆေးပညာဘွဲ့ရသူတွေကိုလဲ ဒေါက်တာခေါ်တယ်။ ရိုးရာဆေးပညာ ကျွမ်းကျင်သူကို ခေါ်တာလဲရှိတယ်။ ဆရာဝန်တဦးဟာ ဆေးပညာရပ်နဲ့ဆိုင်တာ၊ ဘာသာရပ်တခုခုကို Ph.D. ဘွဲ့တွေပါထပ်ရရင် အထူးကုဆရာဝန်ဆိုတာထက် ပညာရှင်လို့ သတ်မှတ်တာက ပိုပြီး သင့်လျှော်လာတော့တယ်။
အမေရိကားမှာ ခွဲစိတ်ဆရာဝန်တွေကို တခြားအထူးကုတွေထက်ပိုပြီး ကြာကြာသင်ပေးတယ်။ ရိုးရိုးကောလိပ်မှာ ၄ နှစ်၊ ဆေးကောလိပ်မှာ ၄ နှစ်နဲ့ ဆေးရုံမှာ ၃ နှစ်၊ စုစုပေါင်း ၁၁ နှစ်ကြာသင်ရတယ်။ အထူးကုဆိုရင် ဆေးရုံမှာတင် ၈ နှစ်ထိ နေရတယ်။ ဆရာဝန်ဖြစ်ချင်သူတိုင်း ကောလိပ်မှာ ဇီဝဗဒေ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာတွေအပြင် အင်္ဂလိပ်စာပါ သင်ရတယ်။ ဆေးကျောင်း ၄ နှစ်နဲ့ Residency အနည်းဆုံး ၅ နှစ်။ ပေါင်း ၉ နှစ်ကြာတယ်။ မြန်မာပြည်မှာ ၆ နှစ်နဲ့ အပြီးအစီးလုပ်လိုက်တာဟာ စဉ်းစားစရာဖြစ်မနေပါလား။
ဆရာဝန်တွေဟာ သူများတွေထက် အလုပ်ချိန်ပိုတာများတယ်။ ဆရာဝန် ၁ဝ ယောက်မှာ ၃ ယောက်ဟာ တပတ်မှာ နာရီ ၆ဝ လုပ်ခဲ့ရတယ်။ ထုံးစံက နာရီ ၄ဝ သာဖြစ်တယ်။ ရုံးလို၊ ဓါတ်ခွဲခန်းလိုမှာ လုပ်ရသူတွေက အချိန်သတ်သတ်မှတ်မှတ် ရှိနိုင်ပေမဲ့ တခြားဆရာဝန်တွေက အရေးပေါ်ခေါ်ရင် ထပြေးကြရတယ်။ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်။ ရိုးရိုးဆရာဝန်တွေက တနှစ်မှာ ၁၈၆,ဝ၄၄ ရကြပြီး၊ အထူးကုဆရာဝန်တွေက ၃၃၉,၇၃၈ ဒေါ်လာ ရကြတယ်။
ကျွန်တော်တော့ လူကိုခေါ်ရင် ဆရာလို့တလုံးတည်းခေါ်တာ သဘောကျတယ်။ စာရေးရင်တော့ နာမည်ရှေ့မှာ ဒေါက်တာလို့ရေးပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ အမည်မည်းစာရင်းက ဖြုတ်ပေးတာမှာလည်း ဒီအတိုင်းပါတာမို့ ဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကရတာဆိုလို့ ဒါတခုဘဲရှိလို့ပါ။
ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Comments
Post a Comment