Mingalar Market Blaze

မန္တလေး မင်္ဂလာဈေးကြီး မီးသင့်သွားပြီတဲ့

ဆေးကျောင်းသက် ၇ နှစ်မှာ မန္တလေး မင်္ဂလာဈေးနဲ့သာ လူဖြစ်ခဲ့တယ်။ ဘယ်နားမှာဘာ၊ မသိတာမရှိပါ။ ငါးစိမ်းသယ်တွေ အာကိုလည်းသိ။ ဟင်းသီးဟင်းရွက်သယ်တွေ စာစာအော်တာလည်းသိ။ စက်ဘီးပြင်ဆိုင်၊ ဆံသဆိုင် မထိုင်ဖူးတာမရှိ။

အေးစန်းလက်ဖက်ရည်ဆိုင် တနေ့မှာ နှစ်ခါ၊ ခပ်ယိုင်ယိုင်ကုလားထိုင်မှာ စတိုင်ကျကျ ထိုင်ကြတယ်။ ချက်နို့ဆီပုန်းမှာ ယင်ကောင်တွေတရုန်းရုန်း၊ ခပ်ပြုံးပြုံးဆေးကျောင်းသားက ဖုတ်လေတဲ့ငါးပိလို့သာ သဘောထားတယ်။ အနေစုတ်စုတ် မြောင်းပုတ်ကိုကျော်ခွ ပိုက်ဆံပေး၊ တခါတလေလည်းအကြွေး။

လမ်းဘေးတဖက်မှာ မြင်းလှည်းဂိတ်၊ မြင်းလှည်းသမားလည်း မိတ်ဆွေပဲ။ မျက်စောင်းထိုးက အပေါင်ဆိုင်၊ အခြေအနေယိုင်တဲ့ခါ သွားရတယ်။

လကုန်ကာနီးရင် ဆံပင်ကရှည်၊ ဖိနပ်သဲကြိုးကပြတ်၊ စာဖတ်ရတာလည်းမအား၊ ဆေးကျောင်းသားမှာ အားကိုးစရာ မင်္ဂလာဈေးသာရှိ။ အခုတော့ မီးလောင်ပြင်အတိ။ ဈေးသူဈေးသားများ ကျန်းမာချမ်းသာကြစေချင်ပါ၏။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး