Sunday, June 30, 2019

ကျည်း နှင့် ကျဉ်း

ကျည်းစေသည်နဲ့ ကျဉ်းစေသည်ဘာကွာပါသလဲ ဆရာ

ကျည်းသားရိုက်ကစားနည်း
ကျည်းဝန်း (ခေါင်းလောင်၏ အစိတ်အပိုင်း)
ကျည်းပေါင် (တံခါး၏ အစိတ်အပိုင်း)
ကျည်းခွေ (ရေတွင်း၏ အစိတ်အပိုင်း)
ကျည်းကွေး (စုလစ်၏ အစိတ်အပိုင်း)
ကျည်း (တုတ်တံ)
မန်ကျည်းပင်

ကျဉ်း
ကျဉ်းမြောင်းသော
ကျဉ်းကျုတ်
ကျဉ်းကျပ်

ကျည်းသားရိုက်ကစားနေကြသော အမေရိကန်စစ်သားများ Shatong Ranger game https://www.facebook.com/rangercabunzky/videos/1730585520285496/?v=1730585520285496

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

Cracked heels ဖနောင့်ကွဲ ခြေဖဝါးကွဲ

(ကန်တော့)

ဆရာ ခြေထောက်တွေကွဲနေလို့ပါခင်ဗျ ဖြစ်တဲ့သူကအမျိုးသ္မီးပါ အသက်က (64)နှစ် ဖြစ်တာကသုံးလရှိ သွေးချိုဆီချိုရှိ အမြဲသောက်ဆေးက မြန်မာဆေးကဖျံငါးကောင်း တနေ့ငါးလုံးသောက် မက်ဖော်မင် မနက်တလုံး ညလုံးသောက်ပါတယ် ခြေကွဲနာအတွက်လိမ်းဆေးသို့မဟုတ်သောက်ဆေးလေးသိပရစေခင်ဗျ

အများအားဖြင့် ခြောက်သွေးလို့ဖြစ်တယ်။ ရေသောက်နည်းတာ၊ ရာသီဥတုနဲ့ ခြေထောက်ကိုရေးအထိနည်းတာ။ အဝလွန်သူတွေ ပိုဖြစ်တယ်။ မေးတဲ့သူမှာ ဆီးချိုရှိနေလို့ ပိုဖြစ်စေနိုင်တယ်။

ရေပိုသောက်ရမယ်။ ခြေထောက်ကို ရေမကြာခဏဆေးရမယ်။ ရေဆေးပြီး ရြေောခက်အောင်သုတ်ရမယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်လာတတ်တယ်။ တချို့မှာ ပိုးဝင်လာလို့ ပိုးသေဆေးလိုမယ်။ အနေတော်ဖိနပ်မပါပဲ လမ်းမသွားသင့်။

အရပ်ဆေးတွေမှာ ဆေးသုတေသနမရှိ။

Home Made Scrubs to Get Rid of Cracked Heels ဖနောင့်ကွဲခြင်း https://doctortintswe.blogspot.com/2016/03/home-made-scrubs-to-get-rid-of-cracked.html

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

ဗုဒ္ဓ၏ ဝါဒ တထောင်

စာအုပ်အဟောင်းလေးတွေ့လို့ပါ

ကျေးဇူး။

နှစ်ပေါင်း ၂၅၀၀ ကျော်ကဟောကြားခဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို ၁၉၅၆ ခုနှစ်မှာ ဆဋ္ဌသံဂါယနာတင်တယ်။ စာအုပ်တွေထုတ်ထားတယ်။ အခုသတ်ပုံပြင်ရေးကြတယ်။

ဆဋ္ဌသံဂါယနာတင်သတ်ပုံတွေ တရားမဝင်တဲ့။ တကောင်းကိုလည်း စသတ်တယ်။

ဦးနေဝင်းကပြင်ထားပြီးပြီ လိုက်နာရမယ်လို့ပြောတဲ့သူကို မနေ့က ဘလော့ လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

ဖတ်မရဘူး😢

Phone and Font ကိုယ်အသုံးပြုနေတဲ့ဖုန်းကနေ မြန်မာစာဖတ်နည်းသင်ယူထားကြပါခင်ဗျား https://doctortintswe.blogspot.com/.../phone-and-font.html

တယောက်ကပြောတာက အောက်တိုဘာလကစပြီး မြန်မာပြည်ကဖုန်းတွေကို ယူနီကုဒ်သာသုံးရမယ်လို့ အမိန့်ထုတ်ထားသတဲ့။ ကျွန်တော်ရေးတတ်တဲ့ ဇော်ဂျီဖေါင့်စာတွေ ဖတ်မရတော့နိုင်တဲ့။

ဖတ်မရဘူးဆိုသူတွေ ယူနီကုဒ်နဲ့ရေးတဲ့ဆရာဝန်များရေးတာကိုသာ ဖတ်ကြစေလိုပါတယ်။ ဆောရီး။ ကျွန်တော့်မှာ ဟိုပြောင်းသည်ပြောင်းအတွက် အချိန်မရှိပါ။

ဖတ်မရဘူးတွေဖြေနေရတာ အခါ ဘယ်နှစ်ရာရှိပြီ မသိတော့။ အချိန်အတော်ကုန်တယ်။ မောတယ်။ နောက်ဆို မဖြေချင်တော့ပါ။ ကျွန်တော့်လင့်တွေကို မဖတ်ကြပါနဲ့တော့လို့သာ ပြောပေးကြပါ။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

HIV/AIDS သူများရေးထာတာတွေကို မတင်ပါ

ဆရာသတင်းလေးအသစ်တင်ပေးပါဦး Hiv နဲ့ပတ်သပ်ပြီး Hiv သတင်းအသစ်ပါဆရာ mrtv ကပါဆရာ

AIDS ရောဂါကို လာမည့် (2030) မှာ အမြစ်ပြတ် ချေမှုန်းနိုင်တော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြော

သူများရေးထာတာတွေကို မတင်ပါ။ ဆေးသုတေသနသတင်းတွေကို နေ့တိုင်းဖတ်ပြီး လိုတာကို ဘာသာပြန်တင်ပါတယ်။

၁။ WHO တရားဝင်ဝဘ်ဆိုက်မှာဖေါ်ပြထားချက်များ
People living with HIV/AIDS 36.9 million worldwide in 2017
၂၀၁၇ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်မှာ လူပေါင်း ၃၆့၉ သန်း HIV/AIDS ရှိနေကြ။

၂။ WHO တရားဝင်ဝဘ်ဆိုက်မှာဖေါ်ပြထားချက်များ
Number of people (all ages) living with HIV 940 000 people died of HIV-related illnesses worldwide in 2017
၂၀၁၇ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်မှာ HIV ရှိသူ လူပေါင်း ၉၄၀၀၀၀ ယောက် သေဆုံးခဲ့။

၃။ HIV update - 19th June 2019 ၁၉-၆-၂၀၁၉ နောက်ဆုံးသတင်း
Australian man clears HIV သြစတေးလျနိုင်ငံသားတဦး HIV ပိုးကင်းရှင်း

ကျန်တာ မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

July 4 အမေရိကန် လွတ်လပ်ရေးနေ့

တမြန်နှစ်က အမေရိကန် လွတ်လပ်ရေးနေ့မှာ မနက် ၇ နာရီကတည်းက ကား ၂ နာရီလောက်မောင်းရတဲ့နေရာက ရေအိုင်ကြီးတခုကို ကား ၃ စီအပြည့်သွားကြတာ။ ကလေးတွေက များတယ်။

အမေရိကန်လွတ်လပ်ရေးနေမို့ အားရက်ရလို့ ပေါလိုက်တဲ့လူတွေလူတွေ။ နောက်ကျလို့ အပြင်မှာသာထားရတဲ့ ကားတန်းကြီးက အတော်ရှည်တယ်။ နေပူတယ်။ သစ်ပင်ရိပ်သာ လိုက်ရှာရတယ်။ အရိပ်ရှိရာ နေရာရွေ့ရတယ်။ ကျွန်တော်ကတော့ ထိုင်စား။ တခြားသူတွေက ရေထဲမှာ။

လမ်းမှာ သစ်ပင်၊ တောအုပ်နဲ့ စိုက်ခင်းတွေချည်းပဲ။ ပြောင်းနဲ့ ပဲပုပ်ခင်းတွေ။ အသီးအနှံတွေ သိုလှောင်စရာ ဆိုင်လိုတွေ၊ စိုက်ပျိုးရေးစက်ကရိယာတွေ။ ပြောင်းဆီထုတ်တဲ့စက်လည်း တဆက်တည်း။

မြန်မာပြည်က တောင်သူလယ်လုပ်တွေ ဘယ်အဆင့်တက်နေကြပြီလဲ။ စိတ်အားမငယ်ကြပါနဲ့။ သူတို့က လွတ်လပ်ရေးရတာ ၂၄၁ နှစ်ရှိပြီ။ ကျွန်တော်တို့တိုင်းပြည်က ၇၁ နှစ်ခွဲ။ သူတို့မှာလည်း ပြည်တွင်းစစ် ၁၈၆၁ ကနေ ၁၈၆၅ အထိ ၅ နှစ်ကြာတယ်။ ကျွန်တော်တို့က နှစ် ၇၀ ကျော်ပြီ။ အဲတာတော့ ကျွန်တော်တို့က ၁၄ ဆသာတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂ဝ၁၉

လူလိမ်က ဖွင့်ထားတာဖြစ်ပါမယ်

ဆရာ အဲ့ဒါ ဆရာသုံးတာဘဲလားရှင့်




မဟုတ်ပါ။ ကျွန်တော်ရေးရင် တကို မလိုအပ်ပဲ စမသတ်ပါ။ ပါပီ ခေါ် ခွေးကလေးသတ်ပုံမှားကြောင်း အခါ တထောင်လောက် ရေးတင်ထားသေးတယ်။

လူလိမ်က ဖွင့်ထားတာဖြစ်ပါမယ်။ လင့်သိရင်ပြောပါ။ ကျေးဇူး။

ဆရာ အဲ့ဒါနဲ့သုံးနေတဲ့သူပါ ခုတောင်လိုင်းပေါ်မှာရှိသေးတယ်

နောက်တယောက်က လင့်ပို့ပေးတယ်။ ကျေးဇူး။

Nyan Lin Htet https://www.facebook.com/Doctor.TintSwe/

လူလိမ်အကောင့်တွေ များတယ်။ အမေး အဖြေတွေမှာ ကနွဲ့ကယတွေ တချို့မေးသူရော ဖြေသူပါ။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂ဝ၁၉

Saturday, June 29, 2019

Health Change ကျန်းမာရေး အပြောင်းအလဲ

ကျွန်တော်တို့ ဆေးကျောင်းသားဘဝ ပညာတွင်းကနက်လှ၊
ဆေးစာအုပ်ကရှား လက်ဆင့်ကမ်းပေးသူရှိမှ ဖတ်စရာရ၊
ကျွန်တော်တို့ ဆရာဝန်ဖြစ်စ ဆေးကုတွင်းကနက်လှ၊
အစိုးရဆေးရုံတွေမှာ အစိုးရမဟုတ်သူများအတွက် ကျန်းမာရေးတွင်းကနက်လှ။

မြင်းမြီးကိုသာ လက်ဆောင်ရ၊ ချုပ်ရတဲ့ ကက်ဂတ် ခေါ်တဲ့ကြိုးက မရှိ၊
ခွဲစိတ်ကရိယာ ဗလာနတ္ထိ၊ ခွဲစိတ်လူက အပြည့်။

ဆရာဝန်ခင်မြာ ကြံမိကြံရာ၊ ဆေးကျောင်းမှာမသင်ရတာ နည်းလမ်းရှာ၊
ပညာလဲရ၊ တာဝန်လဲကျေ၊ တောသူတောသားတွေ အတန်အသင့် ကျန်းမာ။

မန္တလေးဈေးချိုရောက် အခေါက်တိုင်းဝယ်၊
ကုန်သွယ်ရေးလို တန်းစီစရာမလိုတဲ့ စီရုံကဆေးဆိုင်မယ်၊
ကြိုက်တဲ့ဆေး၊ ကြိုက်တဲ့ချုပ်ကြိုးနံပါတ်ကို ကြိုက်သလောက်ဝယ်၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးကတော့ အောင်မြင်နေပါတယ်။

သွေးထုတ်တဲ့ပိုက်ကကုန်၊ ၂၁ မိုင်ဝေးတဲ့ တံ့တားဦးဆေးရုံ၊ လူကြုံနဲ့ချေးရ၏၊
သွေးစစ်စရာ မိုက်ကရိုစကုပ်မရှိ၊ နေရောင်ထောင်ကြည့်၊
အာထွာဆောင်း မသိ၊ ဓါတ်မှန် မရှိ၊ ဓါတ်ခွဲခန်းက ဝေးလှပါဘိ။

တောဆေးရုံမှာ ခွဲစိတ်ကိရိယာဆိုတာ ဝေလာဝေး၊
ရန်ကုန်ကို ဆင်းပြေး၊ လဟာပြင်ဈေးမှာ စစ်စစ်ပေါက်ပေါက်မေး၊
ကစ်ဒနီထွေး၊ ညှပ်သေးသေး၊ ကပ်ကြေး၊
ဈေးမဆစ်နဲ့ ပေးသာပေး၊ တောသားတွေကျန်းမာရေးအတွက် သယ်လာလို့မလေး။

မေ့ဆေးဆိုတာ အီသာ၊ အလွန်တရာနံပါလှ၊
ဆေးရုံမှာခွဲစိတ်နေတာ အိမ်ကဆရာဝန်ကတော်ကအနံ့ရ၊
အီသာကိုလည်း အပြင်မှာဝယ်၊ ဈေးချိုတော်ကျေးဇူး ကြီးမားပါ့။

ဆေးပြား၊ ဆေးဝါး၊ အားကိုးစရာ၊
ထိုင်းကလာ၊ တရုပ်ကလာ၊ မိုးရေးကလာ၊
အတုတွေထဲမှာ နည်းနည်းသင့်လောက်တာရွေးရတာက ပညာ၊
ဝေဒနာကို စေတနာနဲ့သာကုပေးရ၊ ခုချိန်ကျမှ တောင်းပန်ရပါ။

ခုခေတ်မှာပြောင်းလဲလာ၊ ငွေကလွဲလို့ ဘာမှမရှား၊
ပုဂ္ဂလိကဆေးရုံသွား၊ နိုင်ငံခြားသွား၊
စစ်ဆေးရုံတွေကတော့ ရာသက်ပန် အပျံစား။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးအပြောင်းအလဲလမ်းမှာ ခက်ခဲကြမ်းတမ်းသော ကျန်းမာရေးမှသည် လွယ်ကူကြမ်းတမ်းသော ကျန်းမာရေးဆီသို့ ချီတက်နေပါသည်။

ကာရန်ကိုက်အောင်ရေးထားတဲ့ကဗျာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၆
၂၉-၆-၂၀၁၉

A good Death and a bad Birth ခေတ် (သို့) အဖြစ်နဲ့ အပျက်

Min Nwee Khant စာပေသဘောတရားကို အစိုးရအမိန့်နဲ့ ပြောင်းလို့ရရိုးထုံးစံ ရှိသလားလေ

Tint Swe တကယ့်အဖြစ် (အပျက်) ကို ကျွန်တော့်ထက်သိသူတွေကနေ မှတ်ချက် အကိုးအကားတွေ ရေးပေးကြပါတယ်။ အစိုးရအမိန့်ဆိုတာနဲ့ပါ။ အစိုးရသတ်မှတ်ထားတာ မဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။

Wai Yan Oo ဦးနေဝင်းက တီးတိုးလာတုန်းက သတင်းစာမှာ သဝဏ်လွှာရေးတော့ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်လို့ ရေးလို့ ပညာရှင်တွေက လှောင်ကြလို့ မြန်မာစာအဖွဲ့ဆိုတာကြီးဖွဲ့ပြီး ၁၉၈၃ မှ တစ်ခု တစ်ကောင် တစ်ယောက် ဆိုပြီး အမှားတွေကို အမှန်လုပ်ခိုင်းခဲ့တာလို့ သိရတယ်ဗျာ။ အခုတော့ လူတွေက အမှားကို အမှန်ထင်နေကြတယ်။

Tint Swe တီးတိုးဆိုတာ မာရှယ်တီးတိုး။ အရင် ယူဂိုဆလားဗီးယားခေါင်းဆောင်။ ဘက်မလိုက်စဖွဲ့တော့ ပါခဲ့သူ။

စာ-စကား သဘောအရ ပြောင်းတာတွေရှိတာလည်း အမှန်ပါ။ ဆြာ၊ ကျမ္မာရေးလို့ မရေးတော့ပါ။ ပိုလွယ်ကူရှင်းလင်းပြီး မူရင်းဆိုလိုချက်ကိုလည်း မပျောက်စေပါ။

ကျွန်တော်တို့ ၅ တန်းမှာစသင်ရတဲ့ A = တခု၊ တကောင်၊ တယောက်ကနေ တစ်တွေ လုပ်တာဟာ ခေတ်ရေစီးသဘော မဟုတ်ပါ။ ခေတ်ဆိုတာ ပိုပြီးရှင်းအောင် လွယ်အောင်သာ ပြောင်းရိုးထုံးစံ ရှိတယ်။ အဝတ်အစားဖက်ရှင်နဲ့ မတူပါ။

နဝတ ခေတ်မှာ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်ထုတ်တော့ သတ်ပုံတွေအကုန်ပြင်ပါတယ်။ အကြောင်းအရာတွေကလည်း ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေးနဲ့ တရုပ်သမတသတင်းများတယ်။ စစ်ထောက်လှမ်းရေးကထုတ်တဲ့ မြက်ခင်းသစ်နဲ့ တူနေတယ်။

မြန်မာ့စွယ်စုံကျမ်းတွေကို အွန်လိုင်းဒေါင်းလုဒ် တင်ထားတယ်။ သတ်ပုံတွေအကုန်လိုက်ပြင်ထားတယ်။ မလုပ်ကောင်းပါ။ ကိုယ်စာကိုတော့ ကိုယ့်သတ်ပုံနဲ့ရေးပေါ့။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆
၂၉-၆-၂၀၁၉

ဆေးဆိုင်က ကြော်ငြာ

အိမ်တိုင်းမှာထားသင့်တဲ့ ဆေးအိတ်တွေ။ ထိခိုက်မိရင်၊ ယားရင်၊ အိမ်သုံးဆေး။

First-aid kit ရှေးဦးသူနာပြုအိတ် https://doctortintswe.blogspot.com/2015/07/first-aid-kit.html
Baby's Medicine Cabinet ကလေးဆေးဘီရို https://doctortintswe.blogspot.com/2018/10/babys-medicine-cabinet.html
First Aid Manual ရှေးဦးသူနာပြုလက်စွဲ https://doctortintswe.blogspot.com/2014/11/first-aid-manual.html
Injury First Aid ထိခိုက်ဒဏ်ရာပြုစုနည်း https://doctortintswe.blogspot.com/2017/04/injury-first-aid.html

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၉

Stage Show အကြိုက်နှင့် ဝါသနာ

မတူကြပါ။

ဒီမြို့မှာ စတေ့ရှိုး သီဆိုဖျော်ဖြေနေတယ်။ သွားမကြည့်လည်း လိုက်ဖ် တင်ပေးကြတယ်။ အန်တီအေးက ဖွင့်လို့အသံတွေ ကြားနေရတယ်။ ပင်တိုင်တင်ပေးနေသူ ၄-၅ ယောက်တွေ့တယ်။ ကိုယ့်လူတွေချည်းပဲ။

မနေ့က မိတ်ဆွေရင်းတယောက် မြန်မာပြည်က ဒူးရင်းသီးလွမ်းလို့ ဘယ်တော့ အဝစားရမလဲတဲ့။

တနေ့က ဗီယက်နမ်ဆိုင်မှာ ဒူးရင်းသီးတွေ တွေ့ခဲ့ပါ့။ ဈေးနှုန်းတော့ မဖတ်ရဲဘူး။ အဲတာနဲ့ ပလပ်စတစ်ထုပ်နဲ့ဟာ ဝယ်လာသတဲ့ အန်တီအေး။

အကြိုက်နှင့် ဝါသနာ မတူကြပါ။ အဲလိုမတူတာက သူများကို အနှောင့်အယှက်မပေး။ ပျော်စရာဆို ကူးစက်တယ်။ စားစရာဆို သွားရည်ကျတယ်။

ကျွန်တော့်မှာက ဒုက္ခ။ ဗိုလ်နေဝင်းကို တပြားသားမျှမလျှော့သူတယောက်ကို ဘလော့ လိုက်ရတယ်။
ဆက်ထားရင် ဒူးရင်းသီး အခွံလိုဖြစ်မှာ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၉

Around the World in Eighty Days ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် နှင့် မီတာကြေး

ဒီအင်္ဂလိပ်စာအုပ် ကျွန်တော်တို့ဆယ်တန်းမှာ ကပ်လွဲတယ်။ ကျောင်းသားတွေပြောကြတာ ကြားရတယ်။ ကြိုးစားပြီး ငှားဖတ်တယ်။

၁၈၇၃ ခုနှစ်မှာ ပြင်သစ်စာရေးဆရာ Jules Verne ဂျူလီးစ်ဗန်းရေးတဲ့ စိတ်ကူးယဉ်ဝတ္တု။ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ရုပ်ရှင်တွေရိုက်တာလည်း ကြည့်ဖူးတယ်။ ဆယ်တန်းစာအုပ်လောက် မကြိုက်။

ကျွန်တ်ာသဘောကျတာ တခုရှိတယ်။ ဇာတ်လိုက် Phileas Fogg ဖေါ့ဂ် ရဲ့ တပည့် ပြင်သစ်လူမျိုး Jean Passepartout ပါစီပါတောက်။ ဖေါ့ဂ်က အလွန်တိကျတဲ့လူ။ အရင်တပည့်က သူမုတ်ဆိတ်ရိတ်တဲ့ရေကို 86 °F (30 °C) အပူချိန်ရှိတာကို ယူလာရမဲ့အစား 84 °F (29 °C) နည်းနည်းအေးတာ ယူလာမိလို့ အလုပ်ထုတ်လိုက်ပြီး ပါစီပါတောက်ကို ခန့်တယ်။

အရှေ့ရပ်ကနေထွက် အနောက်ရပ်ကနေပြန်လာတယ်။ ကမ္ဘာပတ်ပြီး ရက်ရှစ်ဆယ်တိတိနေ့မှာ အရောက်ပြန်လာနိုင်လို့ လောင်းကြေး ပေါင် ၂ သောင်း နိုင်တယ်။ ခုခေတ်ဆို ပေါင် ၂ သိန်းကျော်တယ်။

ဖေါ့ဂ်က သူရတာကို တပည့်ကျော်ကို ခွဲပေးတယ်။ ဒါပေမဲ့ အိမ်ကစထွက်တာ့ မီးပိတ်ခဲ့ဘို့ မေ့တဲ့အတွက် ဒဏ်ကြေး နှုတ်ယူလိုက်ပါသတဲ့။ အဲဒီခေတ်က လျှပ်စစ်မဟုတ်။ ဓါတ်ငွေ့မီး။ ခုခေတ်လိုဆို မီတာကြေး။

မီတာစာတွေဖတ်ရလို့ သတိရတာနဲ့ ရေးပါတယ်။ မီးခလုတ်ပိတ်ဖို့ မမေ့ကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၉

Sino-Burmese Wars တရုပ်-မြန်မာစစ်ပွဲများ

၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တရုပ်-ဗမာ အရေးအခင်း ဖြစ်ခဲ့တယ်။ ကျွန်တော်တော်က ဆေးကျောင်းရောက်တာ မကြာသေး။ ပါခဲ့သေးတယ်။ တရက်တိတိ ထိန်းသိမ်းခံရတယ်။

သမိုင်းမှာ မြန်မာနဲ့ တရုပ်စစ်ခင်းခဲ့ကြတာတွေရှိတာမှန်ပေမယ့် အစပိုင်းက တရုပ်နဲ့စစ်ခင်းရတာ မဟုတ်ပါ။ မွန်ဂိုတွေနဲ့ ဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာဆိုတာ ဗဟိုအာရှဒေသကနေစတယ်။ ၁၃ ရာစုကနေ ၁၄ ရာစုအထိ အရှည်ကြာဆုံးမင်းဆက် ဖြစ်တယ်။ ဥရောပအလယ်ပိုင်း၊ ဂျပန်ပင်လယ်၊ ဆိုက်ဘေးရီးယား၊ အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနား၊ အီရန်၊ အာရေးဗီးယားအထိ ကျယ်ပြန့်တယ်။ (ဂျင်ဂစ်ခန်) ၁၂ဝ၆ မှာနန်းတက်တယ်။ (ကူဗလေခန်) ဟာ ၁၂၆ဝ ကနေ ၁၂၉၄ အထိ မွန်ဂိုးလီးယားနဲ့ တရုပ်ပြည်မှာစိုးစံပြီး၊ (ယွန်) မင်းဆက်ကို ထူထောင်တဲ့ (ဂျင်ဂစ်ခန်) ရဲ့ မြေးဖြစ်တယ်။ ပုဂံအင်ပါယာ (၈၉ဝ-၁၃ဝဝ) နဲ့ ခေတ်ပြိုင်ဖြစ်တယ်။

ပုဂံကို တိုက်ခဲ့တာက တရုပ်ပြည်ကိုသိမ်းထားတဲ့ မွန်ဂိုဘုရင် ကူဗလခန်တပ်တွေကဝင်တိုက်တယ်။ သူ့နယ်နဲ့လည်း ပုဂံနယ်က နယ်စပ်ဖြစ်နေတယ်။ နယ်စပ်ပြဿနာက အကြောင်းတခုဖြစ်တယ်။ ရှမ်း၊ အင်းဝ၊ တောင်ငူ၊ မွန်၊ ရခိုင်ဒေသစတာတွေကို မတိုက်ခဲ့ပါ။ ပုဂံနဲ့က ရန်စရှိတယ်။

တရုပ်-မြန်မာစစ်ပွဲတွေသမိုင်းစာရင်း
၁။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇)
၂။ ဒုတိယ (မွန်ဂို) ကျူးကျော်မှု (၁၃ဝဝ-၁၃ဝ၂)
၃။ (လူချန်-ပင်မိန်း) တိုက်ပွဲ (၁၄၃၆-၁၄၄၉)
၎။ တရုပ်-မြန်မာစစ် (၁၇၆၅-၁၇၆၉)
၅။ ကုမင်တန် အစ္စလားမစ် သူပုန်ထမှု (၁၉၅ဝ-၅၈)
၆။ တရုပ်-မြန်မာ နယ်စပ်စစ်ပွဲ (၁၉၆ဝ-၁၉၆၁)

၈၄၉ မှာထူထောင်ခဲ့တဲ့ပုဂံနိုင်ငံနဲ့အပြိုင် တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက် (၈-၉) ရာစု စိုးစံနေတယ်။ နန်ချောင်မင်းတွေက အရှေ့တောင်အာရှကို ချဲ့ထွင်လာတယ်။ (၈၆၁) မှာ ဟနွိုင်း (ဗီယက်နမ်)၊ မွန်-ခမာ (မ္ဘောဒီးယား) ကိုသိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီး (မြန်မာနိုင်ငံ) ကိုလည်းသိမ်းတယ်။

(၁၃) ရာစု အရှေ့တောင်အာရှမှာ ပုဂံအင်ပါယာနဲ့ ခမာအင်ပါယာနှစ်ခု ထင်ရှားခဲ့တယ်။ ပုဂံအင်ပါယာနဲ့ထိစပ်နေတာက (ဒါလီ) နဲ့ နောက်ဆက်ခံတဲ့ (နန်ချောင်) နိုင်ငံဖြစ်တယ်။ (ဒါလီ) အနောက်ဖက်မှာ တိဘက်အင်ပါယာရှိတယ်။ တရုပ်ပြည်မှာ (တန်) နဲ့ (ဆောင်း) မင်းဆက်တွေရှိကြတယ်။ နန်ချောင်မင်းဆက်ကသာ ပုဂံနဲ့ဆက်စပ်မှုရှိခဲ့တယ်။ မွန်ဂိုတွေက (ဒါလီ) ကို ၇-၁-၁၂၅၃ မှာသိမ်းယူတယ်။

နရသီဟပတေ့မင်း ၁၂၅၆ မှာနန်တက်လာကတည်းက ပုဂံအင်ပါယာအခြေယိုင်လာတယ်။ အတွေ့အကြုံနည်းတဲ့ဘုရင်ကို အနောက်ဖက်က ရခိုင် (ကျောက်ဖြူ) ကပုန်ကန်တယ်။ ၁၂၈၁ မှာ တောင်ဖက် (ဝါရီရူ) က ပုဂံကခန့်ထားသူကိုသတ်ပြီး မုတ္တမက နှစ်ကြိမ်ခြားနားတယ်။ အရှေ့ဖက်မှာ ကျိုင်းဟုန်၊ ကျိုင်းတုန်နဲ့ ချင်းမိုင်း (ဇင်းမယ်) တို့ကလည်း အခွန်မပေးတော့ဘူး။ မွန်ဂိုတွေက ၁၂၇၁ နဲ့ ၁၂၇၃ မှာ နှစ်ကြိမ်အခွန်ဆက်ခိုင်းလာတယ်။ နရသီဟပတေ့က နှစ်ကြိမ်လုံး ငြင်းတယ်။ ကူဗလခန်က ၁၂၇၇ မှာလာတိုက်တယ်။ ငဆောင်ချမ်းမှာ ရှုံးနိမ့်တယ်။ ရင်ဂျန်းကိုတော့ ထိန်းထားနိုင်တယ်။ ၁၂၈၃-၈၄ မှာ ဗန်းမော်ကိုသိမ်းယူတာခံရတယ်။

ပထမ (မွန်ဂို) ကျူးကျော်မှုဟာ (၁၂၇၇) ကနေ (၁၂၈၇) အထိကြာတယ်။ ကူဗလခန်က (ဒါလီ) ကို ပုဂံနဲ့ နယ်စပ်လုံခြုံဘို့ တာဝန်ပေးတယ်။ ဝ နဲ့ ပလောင်တွေက မွန်ဂိုကိုသစ္စာခံကြတယ်။ မွန်ဂိုသံအဖွဲ့ ပုဂံကိုလာတော့ ဝန်ကြီးချုပ်အနန္တပစ္စည်းက မွန်ဂိုအင်အားကို သုံးသပ်မိတယ်။ နရသီဟပတေ့ကို သံတမန်နည်းသုံးဘို့အကြံပေးတယ်။ ဘုရင်ကတော့ မွန်ဂိုသံအဖွဲ့ကို အတွေ့မခံလို့ မွန်ဂိုအဖွဲ့ပြန်သွားတယ်။ ကုန်းဘောင်ခေတ်အဆုံးမှာ သီပေါမင်းနဲ့ ကင်းဝန်မင်းကြီးတို့ ဖြစ်ပျက်ခဲ့တာနဲ့ ဆင်တူနေတယ်။

ကူဗလခန်က ဂျပန်ကိုဝင်တိုက်ဘို့ပြင်နေတုံး (ဂျပန်ကိုလည်းမသိမ်းနိုင်ပါ။) ပုဂံကိုအရင်တိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၃-၃-၁၂၇၃ နေ့မှာ လေးယောက်ပါသံအဖွဲ့ကို ပုဂံကိုလွှတ်ပြီး ရာဇသံပေးတယ်။ နရသီဟပတေ့က ဒီတကြိမ်မှာ သံအဖွဲ့ကို လက်ခံတွေ့ပေမယ့် မလိုက်လျှောဘူး။ တချို့မှတ်တမ်းမှာ သံအဖွဲကိုသုတ်သင်တယ်လို့ရေးတယ်။ ယူနန်ထဲရောက်မှ အသတ်ခံရတယ်လို့ ရေးတာလည်းရှိတယ်။

ပုဂံသံအဖွဲ့တခုက ဘုရင့်ဆီက မိတ်ဆွေဖြစ်ရေးထားတဲ့စာတစောင်နဲ့ ပီကင်းထိသွားတယ်။ ဘုရားစွယ်တော်ကို ပုဂံဘုရင်က လာရောက်ဖူးမျှော်လိုပါကြောင်းရေးတယ်။ တဆက်တည်း ၁၂၇၂ မှာ နယ်စပ်မှာ ပုန်ကန်မှု ဖြစ်တယ်။ သူပုန်ခေါင်းဆောင် (အပိ) ကို ဖမ်းခေါ်လာတယ်။ ဒုတိယ မွန်ဂို-ပုဂံစစ်ပွဲ (၁၂၇၃) မှာဖြစ်တယ်။ နယ်စပ်စစ်ပွဲ (၁၂၇၇-၁၂၇၈) မှာဖြစ်တယ်။

မြန်မာရာဇဝင်၊ (ယွန်) မင်းဆက်သမိုင်းနဲ့ မာကိုပိုလိုမှတ်တမ်းမှာ ကွဲလွဲနေတာတွေရှိတယ်။ ငဆောင်ချမ်းအရပ်မှာ စစ်ဖြစ်တာတော့ သေချာတယ်။ ဗန်းမော်လမ်းက ကွန်းစင်ကိုတိုက်တယ်။ မွန်ဂိုတွေက စစ်ပွဲတွေမှာအနိုင်ရပေမယ့် နယ်စပ်ကိုထိန်းမထားနိုင်ဘူး။ ပုဂံကလည်းလျှော့မပေးပါ။ ၁၂၇၈ မှာ ကွန်းစင်နဲ့ ငဆောင်ချမ်းမှာ ခံတပ်ဆောက်တယ်။ ၁၂၈၂ မှာ မွန်ဂိုက မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်က (ချန်ဖ) ကိုဝင်တိုက်တယ်။ ပုဂံအထိမရောက်ခဲ့ပါ။ တကောင်းကနေသာ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်လှည့်ကြရတယ်။

၂၂-၉-၁၂၈၃ မှာ ငဆောင်ချမ်းကို ဝင်တိုက်တော့ ၂ လကြာခုခံပေမယ့် ၃-၁၂-၁၂၈၃ မှာ ကျသွားတယ်။ နောက်ဆက်ပြီး မြန်မာပြည်မြောက်ပိုင်းကိုဝင်တိုက်လာတယ်။ ၁၂၈၄ နှစ်စမှာ တကောင်းကိုတိုက်တယ်။ ၁ဝ-၅-၁၂၈၄ မှာ မြန်မာတပ်တွေ ပြန်ဝင်နိုင်တယ်။ မွန်ဂိုတွေကထပ်တိုက်ပြန်တယ်။ ဟန်လင်းကို ၂၆-၁-၁၂၈၅ မှာတိုက်တယ်။ နရသီဟပမင်းတေ့ အောက်ပြည်ကို ရှောင်ရလို့ တရုပ်ပြေးမင်းလို့တွင်ပေမယ့် မွန်ဂိုရန်ကနေပြေးရတာသာဖြစ်ပါတယ်။

၁၂၈၅ အကုန်မှာ နရသီဟပတေ့ကနေ ဟန်လင်းက မွန်ဂိုအုပ်ချုပ်နေသူဆီ အပစ်ရပ်စဲရေးကမ်းလှမ်းတယ်။ ၁၂၈၅ ဇွန်လမှာ ရှင်ဒိသာပါမောက္ခကိုစေလွှတ်လို့ ၁၂၈၇ ဇန္နဝါရီလထဲမှာ ပီကင်းကိုရောက်တယ်။ စိုက်ပျိုးထွက်ကုန်ထဲကနေ အခွန်ဆက်ဘို့သဘောတူရတယ်။ မြန်မာပြည်အထက်ပိုင်းကို (ချန်မင်း) နဲ့ အောက်ပိုင်းကို (မိန်ချန်း) တို့ကစီမံတယ်။ မွန်ဂိုတပ်တွေဆုတ်ပေးတယ်။

ပုဂံကနေထွက်ပြေးရတဲ့ နရသီဟပတေ့ဟာ ပြည်၊ ဒလနဲ့ ပုသိမ်မှာရှိတဲ့ သူ့သားတွေကိုလဲ မယုံရဲလို့ ပြည်မြို့ အနောက်နားက လှည်းဂွမှာနေရတယ်။ ၁၂၈၇ ဇွန်လထဲမှာ နရသီဟပတေ့ ပုဂံကိုပြန်လာတယ်။ ဒါပေမယ့် ၁-၇-၁၂၈၇ မှာ သူ့သား ပြည်မြို့စားသီဟသူက လုပ်ကြံတယ်။ ၁၂၈၇ မှာ မွန်ဂိုတွေဝင်လာပြန်တယ်။

၁၂၈၉ မေလထဲမှာ သားတော် ကျော်စွာနန်းယူတယ်။ နယ်မြေသေးသေးလေးသာ ထိန်းနိုင်တယ်။ မွန်ဂိုတွေက တကောင်းမှာ တပ်စွဲထားတယ်။ ကျော်စွာက မွန်ဂိုကို ၁၂၉၇ မတ်လမှာ သစ္စာခံတယ်။ ကျော်စွာနန်းသက် ၉ လမှာ နန်းလုခံရတော့ မွန်ဂိုတွေကဝင်ရောက်လာပြန်လို့ ၁၃ဝဝ-၁၃ဝ၁ မှာ မွန်ဂို-ဗမာ ဒုတိယစစ်ဖြစ်တယ်။

၁၇-၁၂-၁၂၉၇ မှာ တိုင်ရှမ်းညီအကိုသုံးဦးကနေ ကျော်စွာကိုဖယ်ရှားလိုက်ပြီး မြင်စိုင်းနိုင်ငံထူထောင်တယ်။ ယူနန်နယ်ထဲကို မွန်ဂိုတွေဝင်ရောက်အခြေချလာလို့ တိုင်ရှမ်းတွေက ရှမ်းပြည်နယ်နဲ့ ခမာနိုင်ငံဖက်ဆီ ရောက်လာတာ ဖြစ်တယ်။ ၄-၄-၁၃ဝ၃ မှာ မွန်ဂိုတွေ တကောင်းကနေဆုတ်ခွါသွားတယ်။

အနော်ရထာထူထောင်ခဲ့ပြီး ၂၅ဝ နှစ်ရှည်ခဲ့တဲ့ ပုဂံနိုင်ငံတော်ကြီး ပျက်စီးမှုပြည့်စုံသွားတော့တယ်။ ပုဂံနေပြည်တော်မှာ လူဦးရေ ၂ သိန်းနေခဲ့တယ်။ ဘုရားစေတီတွေ မရေမတွက်နိုင်အောင် များပြားစည်ကားခဲ့တယ်။ အခုတော့ မြင်စိုင်း၊ ပင်းယနဲ့ အင်းဝတို့မှာ တိုင်ရှမ်းညီအကိုတွေနဲ့  ကျော်စွာသားက ပုဂံကို အုပ်စိုးနေကြတယ်။ ပုဂံရဲ့ အဖေ့မျိုးဆက် ကုန်ဆုံးသွားပြီး အမေမျိုးဆက်ကသာ ပင်းယနဲ့ အင်းဝမှာအုပ်စိုးနိုင်တော့တယ်။ ပင်းယဆက်ကတော့ ကုန်းဘောင်ခေတ်တိုင် ရှည်ကြာနိုင်ခဲ့ပါတယ်။

ဒါလီနိုင်ငံကို မြန်မာရာဇဝင်မှာ ဂန္ဓာလရာဇ်လို့ရေးတယ်။ တူရကီ (တာ့ခ်) စကားပြောသူတွေပါလို့ (တာရုတ်) (တရုပ်) လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

အမှောင်နှင့် အလင်း

အလင်းသည် စိတ်အားတင်းစေနိုင်၏။ အမှောင်အောက်မှာ စိတ်နောက်ကျု ပူပင်စေနိုင်၏။

အမှောင်အားကိုးနှင့် ခိုးဆိုး လုယက် ဖျက်ဆီးလိုကြ၏။ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်မှာလည်း ပြောင်ပြောင်တင်းတင်း ချင်းနင်း ချိုးဖေါက် ဝင်ရောက် ဆိုးသွမ်းသည်များလည်း ဖြစ်တတ်၏။

ဉာဏ်၊ ကံနှင့် မှန်တဲ့စိတ်ထားနိုင်မှသာလျှင် အလင်းသည်မိတ်ဆွေဖြစ်၍ အမှောင်သည်ခင်ပွန်းကောင်းဖြစ်နိုင်၏။

အလင်းရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၉

ရာဇဝင်ဆိုတာ စိတ်ကူးယဉ်မဟုတ်

သမိုင်းစာလေးတွေ ရေးပါတယ်။ ဖတ်ဖူးတဲ့ သမိုင်းနောက်ခံဝတ္တုတွေ အတော်များများကို သဘောမကျပါ။ ဆောရီး။ ဘယ်ဘုရင်တွေ တန်ခိုးကြီးကြောင်း ရေးကြတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နမူနာပေးကြတယ်။ ဘယ်ဘုရင် ဘယ်လောက်ညံ့ရေးတာ နည်းတယ်။

ဘုရင်မင်းတရားကြီးတပါး အယုဒ္ဓယကို အောင်နိုင်လို့ ချီးမွမ်းခန်းအကြီးအကျယ်ဖွင့်ကြတယ်။ ရုပ်တုကြီးတွေတည်ထား အလေးပြုကြတယ်။ သူ့စစ်ကြောင်းတလျှောက်က မွန်တွေက မကျေနပ်တာကို ဗမာတွေက သိတာနည်းတယ်။ ဘိုးတော်ဘုရားနဲ့ ရခိုင်လည်း သည်အတိုင်းပဲ။

တပင်ရွှေထီး အရက်အလွန်အကျွံသောက်တယ်။ ဂျူလီယက်ဆီဆာကို လုပ်ကြံတဲ့ ဘရူးတပ်စ်လိုပဲ တပင်ရွှေထီးကို ကိုယ်ရံတော် စစ်သည်က သတ်တယ်။

အနော်ရထာ ကျွဲခတ်လို့ နတ်ရွာစံတယ်တဲ့။ ပုဂံရာဇဝင် တုတ်ထမ်းပြောစကားက အဲတာကနေစတယ်။

လက်တန်းရေးတာပါ။ အကိုးအကားတွေလိုက်ရှာရင် ရတယ်။ ကျွန်တော်ကတော့ သာလွန်မင်းကိုသာ ချီးမွမ်းတယ်။ ဘုရင်မဖြစ်တဲ့ မင်းသားတချို့ကို ချီးကျူးတယ်။

သမိုင်းနောက်ခံဝတ္တုတွေ ဘယ်နာမည်ကြီးတဲ့စာရေးဆရာကရေးရေး အတော်များများကို သဘောမကျပါ။ ဆောရီး။ ရုပ်ရှင်တွေလိုပဲ ဇာတ်လိုက်ကသာ နိုင်တယ်။ သမိုင်းဆိုတာ စိတ်ကူးယဉ်တွေမဟုတ်ပါ။

သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

လာရှိုး ဘယ်နှစ်မြို့ရှိသလဲ

တင်ထာတဲ့ပို့စ်တခုက လားရှိုးမာ အရေပြားအထူးကုဆေးခန်း ဘယ်နားစိလဲရှင့် တဲ့။

သဘောပေါ်ပုံရတဲ့ ကွန်မင့်တခုက ဆေးရုံဝန်းထဲမှာရှိတယ် စိတယ်ဆင့် တဲ့။

ကျွန်တော့်ကို မမေးတာ တော်သေးတယ်။ မြို့အမည်ကစ ပြန်မေးမှာ။ မြို့က လားရှိုးအပျော့နဲ့ နီးသလား။ မျက်စိရောဂါပါ သိလိုသလား။

စိ
စာပေစိစစ်ရေး
စိစစ်စူးစမ်း
စိစိစပ်စပ်
စိစိညက်ညက်ကြေ
စိနရဋ္ဌ (စိန့်ပြည် = တရုပ်ပြည်)
စိတြနက္ခတ်
တစိုးတစိမျှမရှိ
မျက်စိ
ပြုံးစိစိ
လည်စိ
အဝီစိငရဲ
စေ့စေ့စပ်စပ်စစ်ဆေး
နောက်စိ
မေးစိ
ခြေမျက်စိ
ဝှေးစိ

မာ
ကျန်းမာရေး၊
စွန့်လွန်းတမာ = ရဲရဲဝံ့ဝံ့စွန့်စားခြင်း
တမာ၊
မာကျူရီ၊
မာချာ၊
မာဃနက္ခတ်၊
မာဆရိုက်ချည်၊
မာဏဝလုင်
မာတလိနတ်
မာတာမိခင်၊
မာတိကာ၊
မာတုဂါမ၊
မာန၊
မာနထောင်သည်
မာယာ၊
မာယာဒေဝီမိဘုရား (မာယာဒေဝီမိဖုရား)
မာရသွန်၊
မာလကာပင်၊
မာလကျင်ပိတ်
မာလိမ်မှူး
မာလီ၊
မာသလေးပါး
မာကျော၊
မာရေကျောရေ၊
အသားမာ

မှာ
မှာကြား
မှာတမ်း
သူ့မှာ
ငါ့မှာ
အမှာစကား
အမှာစာ

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

Friday, June 28, 2019

ငရုတ်ပင်

စိုက်သမျှ ရှင်တယ်။ အလွန်ကြီး မစပ်။ မျှစ်စိမ်းဟင်းထဲ ခတ်တယ်။

မဏိပူ အင်ဖါးက ရွှေလန်ဘို အစိုလည်းရ အခြောက်လည်း ဒီမှာဝယ်လို့ရတယ်။

ဇာတိမင်းရွာက ညီတော်မောင်အခင်းထဲက မိုးမျှော်ငရုတ်သီးခြောက် နောက်တခါလာရင် ယူခဲ့ရဦးမယ်။

ဒီကငရုတ်ခင်းမှာ ဆိုလာမီးစောင့်တယ်။ မင်းရွာကငရုတ်ခင်းဟာ အမျိုးအလာစောင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

လူမှုရေး

ကျွန်တော် လူမှုရေးတာဝန် မကျေတာတွေ များများလာတယ်။ သာရေး နာရေးတွေကို အစုံမရောက်နိုင်ပါ။ ဆောရီး။ ကန်တော့။ ကနေ့ အလှူရဟန်းခံတခုရှိတယ်။ ရခိုင်ဘုန်းကြီးကျောင်း မရောက်ဖူးသေးလို့ပါ ရောက်ချင်ပေမဲ့ မသွားဖြစ်။

ဒေလီမှာနေစဉ်ကတော့ နိုင်ငံရေးပွဲတွေသာများတယ်။ တချို့ပွဲတွေမှာ သဘာပတိတွဲထိုင်ရမဲ့ လူစာရင်းကြည့်ပြီးမှ တက်တယ်။ ဗျိုးဟစ်ဖိတ်တာဆို မသွားခဲ့ပါ။

အခုတော့ အချိန်နဲ့ သွားစရာယာဉ်။ ကနေ့ပွဲသွားချင်ရင် လာခေါ်ပေးပါမယ်လို့ မိတ်ဆွေတယောက်က ညကတည်းက ဖုန်းဆက်ပါတယ်။ ကျေးဇူး။

စကားပြောဘက်ကလည်း အချက်တခု။ ကီးကိုက်မှ တေးသံသာတယ်။ ကျွန်တော်က လူကြီးအရွယ်ဆိုတော့ ကိုယ်ပြောတာ အောင့်အီးနားထောင်ရမဲ့သူတွေကိုလည်း အားနာရသေးတယ်။

အဲလိုနဲ့ လူမှုရေး မကျေတော့ပါ။ လူမှုရေးဆိုတာ အသွားရှိမှ အပြန်ရှိသတဲ့။ မတတ်နိုင်ပါ။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

Pistachios ဆိမ့်သော အခွံမာ သွားရည်စာ

ပုလိပ်မျက်စိက လူဆိုးလိုက်ရှာ မြင်တတ်သတဲ့။ သတ်ပုံသတိထားတဲ့ ဆရာဝန်ကတော့ အမှားတွေလည်း တန်းမြင်တယ်၊ အမှန်ဆိုလည်း တန်းသိတယ်။ ပို့စ်တခု တွေ့တယ်။

ကျန်းမာရေး ကောင်းကျိုးတွေပေးတဲ့ နှစ်တရာသီးတဲ့။ ဆက်ဖတ်တော့ Hitotsubashi University ရဲ့ Kunitachi Campus မှာ ကမ္ဘာဦးပင် (Ginkgo) တွေကို လမ်းဘေးမှာ တန်းစီစိုက်ထားပါတယ်။ မြန်မာပြည်မှာ နှစ်တစ်ရာသီးလို့လဲ ခေါ်ပါတယ် တဲ့။ ၁၀၀ ကို ၂ မျိုးရေးတယ်။ မြန်မာစာ မျက်နှာများတယ်။

ကျွန်တော် ညမအိပ်ခင် နှစ်ပတ်လည်ပို့စ်တွေထဲက ကောင်းနိုးရာရာ ရှာတင်နေတုန်းက လာချပေးတဲ့ သွားရည်စာပုံနဲ့ တူနေတယ်။ ဟုတ်တော့ မဟုတ်ပါ။ ကျွန်တော်စားရတာက Pistachios လို့ခေါ်တယ်။ အဘိဓါန်မှာ အစိမ်းရောင် ဆိမ့်သော အဆံပါသည့် ခွံမာအသီးတမျိုးတဲ့။

လှော်ထားတာ။ အခွံက တဖက်မှာ ဟတတ။ ကျန်းမာရေးအတွက် ကောင်းတယ်။ ဖါးမားစ်မားကက်ကနေ ဝယ်လာတာ။ တောင်သူလယ်သမားဈေး။ လတ်ဆတ်တဲ့ အစားအသောက်တွေရတယ်။ သန့်တယ်။

မြန်မာစာ မျက်နှာများတဲ့အဖြစ်က လွတ်ပါစေသတည်း။ တောင်သူလယ်သမားတွေ နေကောင်းကြ ဈေးကောင်းရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

G20 ဂျီတွင်းတိ

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ အစည်းအဝေးကြီးကျင်းပနေတာကို နိုင်ငံတကာသတင်းရဲ့ ထိပ်ပိုင်းမှာဖေါ်ပြနေကြတယ်။

G20 ခေါ် နိုင်ငံ ၂၀ အုပ်စုဟာ ဒုတိယကမ္ဘာစစ်ကြီးအပြေီးမှာ သန္ဓေတည်ခဲ့ပါတယ်။ စီးပွါးရေးပေါ်လစီ ညှိနိုင်းဆောင်ရွက်ဖို့ ရည်ရွယ်တယ်။ IMF နဲ့ BW ကမ္ဘာဘဏ်ကြီးတွေ ထူထောင်ထားတယ်။ Bretton Woods twins ဘရစ်တွန်ဝုဒ်အမြွာလို့ ခေါ်တယ်။ ၁၉၉၉ မှာကျင်းပတဲ့ G7 အစည်းအဝေးရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိ G20 ဂျီတွင်းတိမှာပါတဲ့ နိုင်ငံတွေကတော့
1. Argentina
2. Australia
3. Brazil
4. Canada
5. China
6. France
7. Germany
8. India
9. Indonesia
10. Italy
11. Japan
12. Mexico
13. Russia
14. Saudi Arabia
15. South Africa
16. South Korea
17. Turkey
18. United Kingdom
19. United States နဲ့
20. European Union တို့ဖြစ်ပါတယ်။

G7 ဂျီဆဲဗင်းမှာ
1. Canada
2. France
3. Germany
4. Italy
5. Japan
6. United Kingdom
7. United States တွေပါတယ်။ ရုရှားမပါ။ တရုပ်မပါ။

Group of 77 လို့ခေါ်တာလည်းရှိတယ်။ တကယ်တော့ ၁၃၄ နိုင်ငံပါတယ်။ မြန်မာပြည်လည်းပါတယ်။ နိုင်ငံတကာ သတင်းကို စိတ်မဝင်စားပေမဲ့ မြန်မာပြည်မှာ မသိသူမရှိတာက ဂျီသရီး။

G20 မှာ ဒေါ်နယ်ထရမ့်က အထက်စီးက။ တရုပ်ကို ကုန်သွယ်ရေးစစ်ခင်းရာကနေ စီးပွါးရေး 0.5% ကျလို့ ထရမ့်ကို လျော့ပါလို့ ဖြောင်းဖျနေကြတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်နှုန်းက လက်ခံနိုင်စရာမရှိဘူးလို့ ထရမ့်ကပြောတယ်။

ဗြိတိသျှဝန်ကြီးချုပ် ထရီဇာမေက နှုတ်ထွက်တော့မယ်။ ဂျပန်မှာလည်း ရွေးကောက်ပွဲနီးပြီ။ ထောက်လှမ်းရေးကနေ သမတလုပ်တဲ့ ရုရှားက ပူတင်က ရှုတည်တည်။

အစည်းအဝေးနဲ့ တပြိုင်တည်းသတင်းက ကမ္ဘာ့အမျိုးသမီးဘောလုံးပွဲ ကွာတာဖိုင်နယ်မှာ ပြင်သစ်ကို ယူအက်စ်အေက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတယ်။ ပြင်သစ်မှာ အပူစံချိန်တက်တာ 45.9 ဒီဂရီ C အထိတက်သတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

ဇော်ဂျီနှင့် ရှိန်းဆာယာ

ဇော်ဂျီနှင့် ရှိန်းဆာယာ

ယခင်က လူတွေက ဇော်ဂျီဖုန်းထဲပါတယ်ဆရာ။ ယခု တဖြည်းဖြည်းနဲ့ ဖုန်း browser တွေက ယူနီကုဒ်များလာတယ်။ ဒါကြောင့် ဆရာဇော်ဂျီနဲ့ရေးတာတွေကို သူတို့ဖတ်မရဖြစ်လာတာပါ။ နှစ်ဖက်လုံးအဆင်ပြေတဲ့နည်းတွေရှိပါတယ်ဆရာ။ ဆရာ့ blog ထဲမှာဇော်ဂျီဖောင့်၊ ယူနီကုဒ် ထည့်ပေးလိုက်ရင် သူတို့ မြင်ရနိုင်ပါတယ်။

နည်းပညာအသစ်တွေလုပ်ဖို့ အချိန်ပို နည်းနည်းလေးမှ မရှိပါ။ ယူနီကုဒ်နဲ့ ရေးတာတွေကများတာမို့ အဲဒီမှာသာ ဖတ်ကြပါရန်။ ဆောရီး။

၁၄-၆-၂၀၁၉ နေ့က ဘလော့ကို စစ်ကြည့်တာ Pageviews all time history 5,588,614 ရှိပါပြီ။

အခု ၂၈-၆-၂၀၁၉ နေ့မှာ 5,666,462 ရှိတာတွေ့ရတယ်။ စာဖတ်သူနှုန်းနည်းသွားလားတော မသိပါ။

ရုပ်သေးစင်ပေါ်
ဇော်ဂျီနဲ့ တောင်ဝှေး။

အခုန်အပျံနှင့်
သူ့ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး။

ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက်သည့် တန်ခိုး
ရှိန်းဆာယာ သည်ဖေကြောက်
စိတ်ပျောက်မှာစိုး။ (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉


Thai-Burma War ထိုင်း-မြန်မာစစ်ပွဲများ

ယိုးဒယားလို့သာရေးနေကြတယ်။ စစ်အစိုးရလက်ထက်မှာ ထိုင်းလို့ရေးရင် ထုတ်ဝေခွင့်မပေးလို့ဖြစ်ခဲ့တာကို သိစေလိုပါတယ်။ အရင်က နှစ်မျိုးလုံးရေးပါတယ်။ သူများနိုင်ငံကို ချိုးနှိမ်တာမသင့်ပါ။ သမိုင်းဆိုတာ လိမ် ဖျောက် ကောက် မရေးရပါ။

ယိုးဒယား ခေါ် ထိုင်း ခေါ် စယမ်နိုင်ငံနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ မြန်မာ့ကုန်းဘောင်မင်းဆက်နဲ့ ထိုင်း ဘန်ဖလူလောင်မင်းဆက်မှာ ဖြစ်ခဲ့တယ်။ စစ်ပွဲအဆုံးမှာ ရာစု (၄) ခုကြာရှည်ခဲ့တဲ့ စယမ်မင်းဆက် ပျက်သုဉ်းသွားတယ်။ ဒါပေမယ့် မြန်မာဘုရင်ဟာ တရုပ်ရဲ့ကျူးကျော်မှုကြောင့် ခက်ခက်ခဲခဲတိုက်ယူထားတဲ့နယ်မြေကနေ ဆုတ်ခွါခဲ့ရတယ်။ ထိုင်းမှာ ကနေ့အထိသက်တမ်းရှည်တဲ့မင်းဆက်ကို ၁၇၇ဝ ကနေစပြီး ထူထောင်လာနိုင်တယ်။

ဘုရင့်နောင်က ထိုင်းကို ၁၅၆၄-၆၉ မှာတိုက်ပြီးအနိုင်ယူခဲ့တယ်။ ထိုင်းနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ ၁၇၅၉-၁၇၆ဝ စစ်ပွဲအဆက်ဖြစ်တယ်။ တနင်္သာရီကိုထိန်းချုပ်ရေးနဲ့ ဟံသာဝတီမွန်တွေကနေ ဗမာဘုရင်ကို ပုန်ကန်ရာမှာ ယိုဒယားဖက်ကနေ ကူညီရာကနေဖြစ်တယ်။ မြန်မာစစ်သား မြောက်ပိုင်း ၂ သောင်းနဲ့ တောင်ပိုင်းက ၂ သောင်းစီပါတယ်။ အယုဒ္ဓယကိုသိမ်းယူတယ်။ တချိန်တည်းမှာ တရုပ်ကလာတိုက်လာတယ်။ စယမ်ဘုရင်က စစ်ပြေငြိမ်းလိုတယ်။ ဗမာဘုရင်က အပြတ်လက်နက်ချခိုင်းတယ်။ ၇-၄-၁၇၆၇ မှာ အယုဒ္ဓယမြို့တော်ကို ဖျက်ဆီးတယ်။ ဗမာဖက်က ရက်စက်ခဲ့တယ်။

ဗမာ့ပဏ္ဍာဆက် လန်န ခေါ် ဇင်းမယ်က စယမ်အကူအညီနဲ့ ဗမာဘုရင်ကိုပုန်ကန်တော့ ၁၇၇၅ မှာ ဗမာက ထပ်တိုက်ရပြန်တယ်။ ၁၇၇၅-၁၇၇၆ နဲ့ ၁၇၈၅-၁၇၈၆ မှာ နှစ်ခါတိုက်တယ်။ နောက်ဆုံးမှာ ဇင်းမယ်ကို စယမ်က အပြီး သိမ်းယူလိုက်တယ်။

၁၇၆ဝ မှာ အလောင်းဘုရားနတ်ရွာစံတော့ တက်လာတဲ့ နောင်တော်ကြီးလက်ထက်မှာ အင်းဝနဲ့ တောင်ငူမှာ ပုန်ကန်မှုတွေ ရှိတယ်။ ဇင်းမယ်က ၁၇၆၁-၆၃ မှာ ပြောင်ပြောင်တင်းတင်း ပုန်ကန်တာကို စယမ်ကကူညီတယ်။ နောင်တော်ကြီး ၁၇၆၃ နှစ် နိုဝင်္ဘာလမှာနတ်ရွာစံတယ်။ ဆင်ဖြူရှင် တက်လာတယ်။ ၁၇၆၄ နှစ်လယ်မှာ စယမ်ကနေ အလောင်းဘုရား ခန့်ထားခဲ့တဲ့ ထားဝယ်စားမွန်ကို အားပေးတယ်။ ဆင်ဖြူရှင်ကနေ စစ်သူကြီးမဟာနော်ရထာကို လွှတ်တယ်။ ၁၇၆၄ နိုဝင်္ဘာမှာ ထားဝယ်ကို ဗမာကပြန်ရတယ်။ ဗမာစစ်တပ် ၁၇၆၂ ဖေဖေါ်ဝါရီမှာ ပြန်ဆုတ်တော့ ဇင်းမယ်ကလည်းမငြိမ်ပါ။ ၁၇၆၄ မှာ ကျိုင်းတုံရှမ်းကိုလည်း သွားနှိမ်နင်းရတယ်။ ၁၇၆၅ နှစ်ဖန်းမှာ ထိုင်းနယ်စပ် လမ်ပန်း မှာ ဗမာက တပ်စွဲထားတယ်။

ဆင်ဖြူရှင်ကနေ စစ်သူကြီးနေမျိုးသီဟပတေ့ကို လာအိုထဲက ဗီယန်ကျင်းနဲ့ လောင်ဖရာဘန်းကို ဝိုင်းစေတယ်။ ဗီယန်ကျင်းကို တိုက်ပွဲမရှိပဲ ၁၇၆၅ နှစ်ဦးမှာရတယ်။ လောင်ဖရာဘန်းခုခံတယ်။ ၁၇၆၅ ခုမတ်လမှာရတယ်။

အဲဒီအချိန်မှာ ဗမာဘုရင့်စစ်သည် စုစုပေါင်း ၅ သောင်းရှိတယ်။ ဘုရင့်နောက်နောက်မှာ ဒါအများဆုံးဖြစ်တယ်။ ဗမာ့အမြောက်တပ်မှာ ပြင်သစ် ၂ဝဝ ကကူညီနေတယ်။ စယမ်ဖက်ကလည်း ဆင်ဖြူရှင်ကိုခုခံဘို့ရာ စစ်ပြင်ဆင်မှုတွေ လုပ်တယ်။ ၁၇၆၄ မှာ စစ်အင်အား ၆ သောင်းရှိလာတယ်။ ဘုရားသုံးဆူနဲ့ ကန်ချနပူရီမှာ တပ်စွဲထားတယ်။ ဗမာဖက်က စစ်သူကြီးမဟာနော်ရထာရှိတယ်။ စယမ်က မြောက်ဖက်မှာ ဆူခိုထိုင်းနဲ့ ဖီဆန်နူလောက်မှာ တပ်စွဲထားပြီး၊ အယုဒ္ဓယကို အခိုင်အမာပြုတယ်။ သူတို့က တရုပ်နဲ့ ဗြိတိသျှစစ်သင်္ဘောဆီကနေ အကူအညီယူတယ်။ စယမ်ဟာ အမြောက်လက်နက်တွေလုပ်တယ်။ တချို့အမြောက်တွေက ၉ မီတာရှည်တယ်။ ၁၇၆၇ မှာ အယုဒ္ဓယကျတော့ အမြောက်အသစ် တသောင်းသိမ်းဆည်းရတယ်။

တရုပ်ရဲ့ မြန်မာပြည်ကို ကျူးကျော်မှု (၁၇၆၅ ဒီဇင်္ဘာ - ၁၇၆၆ ဧပြီ)
ဗမာဖက်က စစ်သူကြီးနေမျိုးသီဟပတေ့ရဲ့ ရှမ်းဒေသမြောက်ပိုင်းမှာလုပ်လာတဲ့ စစ်ပြင်မှုကို တရုပ်ကစိုးရိမ်လာတယ်။ သူတို့နယ်လို့ယူဆထားလို့ပါ။ ကွန်လုံအင်ပါယာကနေ ရှစ်ဆောင်ပနာနဲ့ ကျိုင်းတုံကို စစ်ချီခိုင်းတယ်။ ၁၇၆၅ ဒီဇင်္ဘာမှာ ဗမာစစ်တပ်က စယမ်က ပစ်ဆန်နူလောက်ကိုဝင်တိုက်နေတယ်။ ကျိုင်းတုံကို တရုပ်စစ်သည် ၆ ထောင် ဝင်လာတယ်။ ဗမာစစ်တပ်မှာ စစ်မျက်နှာ ၂ ခုကိုတပြိုင်တည်းရင်ဆိုင်နေရတယ်။ စစ်မျက်နှာတခုမှာက ကမ္ဘာ့အင်အား အကြီးဆုံးတရုပ်ရဲ့ ကျူးကျော်မှုကို လျှော့တွက်တဲ့ ဆင်ဖြူရှင်တွက်ကိန်း မှားသွားတယ်။

တရုပ်-မြန်မာစစ်ပွဲတွေသမိုင်းစာရင်း
၁။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇)
၂။ ဒုတိယ (မွန်ဂို) ကျူးကျော်မှု (၁၃ဝဝ-၁၃ဝ၂)
၃။ (လူချန်-ပင်မိန်း) တိုက်ပွဲ (၁၄၃၆-၁၄၄၉)
၎။ တရုပ်-မြန်မာစစ် (၁၇၆၅-၁၇၆၉)

တရုပ်ကနေ ၁၇၆၇-၁၇၆၈ မှာ ထပ်ပြီးကျူးကျော်တယ်။ အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်လိုက်တဲ့ ဆင်ဖြူရှင်ဟာ ၁၆ ရာစုမှာ ဘုရင့်နောင်ထူထောင်ခဲ့တဲ့ မဏိပူကနေ စယမ်နဲ့ လာအိုအထိကျယ်ပြန့်သလောက်နီးပါး အင်ပါယာကြီးရလိုက်ပေမယ့် မတည်ငြိမ်ပါ။ တရုပ်နဲ့ပါ ရင်ဆိုင်လာရတယ်။ တရုပ်စစ်တပ်မှာ လူ ၅ သောင်းပါတယ်။ မန်ချူးစစ်သားတွေက ဦးစီးတယ်။ အင်းဝအထိဆင်းလာတယ်။ ဒီဇင်္ဘာမှာ ဆင်ဖြူ့ရှင်က သူ့တပ်တွေကို စယမ်ကနေ ဆုတ်ခိုင်းပြီး၊ ရှမ်းဖက်ကိုလွှတ်ရတယ်။ ဗမာတွေက တရုပ်ထောက်ပံ့ရေးလိုင်းကို ပျောက်ကျားနည်းနဲ့တိုက်တယ်။ တရုပ်တပ်တွေ ၁၇၆၈ ဖေဖေါ်ဝါရီမှာ အင်းဝကိုရောက်လာတော့တယ်။ ဆင်ဖြူရှင်မှာ အင်အားတသောင်းနှစ်ထောင်သာ လက်ထဲမှာ ရှိနေတယ်။ စယမ်ကတပ်တွေပြန်ရောက်လာတော့ ဗမာ့ခုခံမှု အားပြည့်လာပြီး တရုပ်တွေကို တွန်းလှန်နိုင်တယ်။ ၁၇၆၈ မတ်လမှာ တရုပ်တပ်တွေ အထိနာပြီး ပြန်ဆုတ်ရတော့တယ်။

ထိုင်းပြည်တွင်းစစ်နဲ့ အင်အားပြည့်လာခြင်း (၁၇၆၇-၁၇၇ဝ)
အယုဒ္ဓယမြို့တော် ဗမာတွေကဖျက်ဆီးခံရအပြီးမှာ တရုပ်ကကျူးကျော်လို့ပြန်ဆုတ်သွာပေမယ့် ထိုင်းမှာ ပါဝါကွက်လပ် ဖြစ်လာတယ်။ ချန်ထာဘူရီမှာ တခ်ဆင်ကအခြေပြုနေတယ်။ ထိုင်းနိုင်ငံကို ၃ နှစ်အတွင်း စည်းလုံးနိုင်ခဲ့တယ်။ ၁၇၆၈ မှာ သူ့ကိုကျန်လူတွေကမယှဉ်နိုင်တော့ဘူး။ ထိုင်းရာဇဝင်အရ သူကနေ အယုဒ္ဓယမှာ ဗမာကို ခံချခဲ့တယ်လို့ဆိုတယ်။ ဗမာ့သမိုင်းမှာ အဲဒီတိုက်ပွဲကိုရေးမထားပါ။ တရုပ်စစ်တပ်ကလည်း ကျိုင်းတုံ ၁၇၆၅-၁၇၆၆ မှာ ဗမာတပ်ကိုမသိမ်းနိုင်ခဲ့ပါ။

စယမ်-မြန်မာစစ်ပွဲ သုံးသပ်ချက်
မြန်မာ့ကုန်းဘောင်မင်းဆက်ရဲ့ စစ်အင်အားအကောင်းဆုံးအချိန်မှာဖြစ်ခဲ့တယ်။ တရုပ်ကို ကောင်းကောင်း ခုခံ တိုက်ထုတ်နိုင်တာက သက်သေဖြစ်တယ်။ သမိုင်းပညာရှင် Lieberman အဆိုအရ စယမ်(၁၇၆၇) နဲ့ တရုပ် (၁၇၆၅-၁၇၆၇) စစ်ပွဲကြီးတွေကို တပြိုင်တည်း အချိန်လောက်မှာ အနိုင်ယူနိုင်ခဲ့တဲ့ ဗမာ့စစ်အင်အားဟာ ဘုရင့်နောင် အင်ပါယာကြီးနဲ့ နောက်မှာ အံသြစရာကောင်းတယ်လို့ ဆိုပါတယ်။ ဗမာတပ်မှာ စစ်သည်အရေအတွက် အသာစီးရလို့လည်း မဟုတ်ပါ။ စစ်အတွေ့အကြုံနဲ့ စစ်သူကြီးတွေရဲ့ ခေါင်းဆောင်မှုကြောင့်ဖြစ်တယ်။ ဗမာစစ်သူကြီးတွေမှာ လူမျိုးစုမတူတာတွေကို ပေါင်းစည်းနိုင်စွမ်းရှိကြတယ်။ ကုန်းဘောင်နန်းစိုက်ရာ အထက်မြန်မာပြည် တခုတည်းဆိုရင် အဲလိုအင်အားမျိုးမရနိုင်ပါ။

သမိုင်းပညာရှင် Harvey ကတော့ ဗမာတွေဟာ တိုက်ဟေ့ဆိုတာနဲ့ စိတ်ဓါတ်နဲ့တိုက်ကြတယ်။ ဘယ်သူ စစ်တိုက်ရဲသလဲကို ခေါင်းထဲထားကြတယ်။ သေရင်ယင်ကောင်တွေလို အသေခံရဲကြတယ်။ ရှေ့တန်းမှာမသေပဲ ခြေလက်ပြတ်လို့ ဒုက္ခိတဖြစ်နေနေ ဘုရင့်ဆီကကျေးဇူစကားလည်း မျှော်လင့်နေကြတာမဟုတ်ဘူး။ ဘုရင်ကိုဖူးမျှော်ခွင့် ဆိုတာကနေ တကယ့်အရှိတရားကို ဖုံးကွယ်မသွားစေကြပါလို့ရေးတယ်။

ဗမာစစ်သူကြီးတွေဟာ သူတို့နိုင်လို့သိမ်းယူထားတဲ့ စယမ်စစ်သားတွေကိုပါ သိမ်းသွင်းနိုင်စွမ်းရှိကြတယ်။ အဲတာကိုကြည့်ရင် ထိုင်း-ဗမာစစ်ပွဲဟာ အုပ်စိုးသူချင်းစစ်ခင်းတာဖြစ်တယ်။ တိုင်းပြည်နှစ်ခုတိုက်ကြတာမဟုတ်ဘူး။
ဗမာစစ်တပ်ဟာ ထိုင်းဖက်ကတွက်သလို ခြောက်သွေ့ရာသီပြီးရင် ပြန်မဆိုကြပဲ ထိုင်းနယ်မြေကို မိုးတွင်းမှာပါ ဆက်ထိန်းနိုင်ခဲ့တယ်။ အယုဒ္ဓယမှာ ဗမာတွေ ၁၄ လကြာသိမ်းထားခဲ့တယ်။

၁၉ ရာစုထဲမှာ စယမ်ဟာ၊ မြန်မာနဲ့ ဗီယက်နမ်တို့နဲ့အတူ အရှေ့တောင်အာရှိမှာ အင်အားကြီးဖြစ်လာတယ်။ ပဌမ အင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆) ကတည်းက မြန်မာပြည်ဟာ ထိုင်းအတွက် စိုးရိမ်စရာမရှိတော့ပါ။ စစ်ပွဲအမွေအနှစ်အဖြစ် ထိုင်းဟာ အရှေ့တောင်အာရှမှာ အားအကောင်းဆုံးစစ်တပ်ကို ထူထောင်လာနိုင်တော့တယ်။ အယုဒ္ဓမှာ နန်းမစိုက်တာ့ပါ။ တနင်္သာရီ၊ ကျိုင်းတိုင်းတုံနဲ့ လန်နကို တခါတခါ ခြိမ်းခြောက်တယ်။ ကမ္ဘောဒီးယား အနောက်ခြမ်းကိုပါ သိမ်းနိုင်တယ်။ ဇင်းမယ် ၁၇၇၆ နဲ့ ဗီယန်ကျင်း ၁၇၇၈၊ ချန်ဆီယန် ၁၇၈၆၊ လွန်ဖရာဘန်း (၁၇၉၂-၁၇၉၄) ကို သိမ်းယူနိုင်လာတယ်။ ကျိုင်းတုံနဲ့ ရှစ်ဆောင်ပနာကိုပါ (၁၈ဝ၃-၁၈ဝ၄) ခြိမ်းခြောက်သေးတယ်။

မြန်မာပြည်မှာတော့ အယုဒ္ခယကနေယူလာတဲ့ စယမ်ယဉ်ကျေးမှုကို အမြစ်တွယ်လာစေတယ်။ ၁၇၈၉ မှာ စယမ်နဲ့ ဂျားဗားယဉ်ကျေးမှုတွေကို မြန်မာဘာသာပြန်ဆိုတယ်။ မြဝတီမင်းကြီးဦးစက ဦးဆောင်တယ်။ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ထိုင်းလူမျိုးတွေဆီကနေအကူအညီယူတယ်။ Siamese Ramayana ရာမယန၊ Enao အီနောင်ဇာတ်တွေပေါ်လာတယ်။ မြန်မာ့ရာမယနဟာ အိန္ဒိယကနေယူတာမဟုတ်ပါ။

ထိုင်း-မြန်မာစစ်ပွဲကြီး နှစ်ဆက်ရှိတယ်။ ထိုင်းတွေက ဘုရင့်နောင်ကနေလာတိုက်တာကို ဘုရင်ကနေတိုက်တယ်လို့သာ မြင်ပြီး ဆင်ဖြူရှင်ကနေလာတိုက်တာကို ဓါးပြလို့မြင်ကြတယ်။

ဝန်ကြီးချုပ်ဦးနုကနေ ၁၉၅၄ ခုနှစ် ဒီဇင်္ဘာလထဲက ပထမဆုံးဘန်ကောက်ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံကို တရားဝင် တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ကနေ့မြန်မာနိုင်ငံသားအများစုကြီးကတော့ သူတို့ဘုရင်တွေကနေ ထိုင်းနိုင်ငံကို သွားတိုက်ခဲ့တဲ့သမိုင်းကို အပေါ်ယံလောက်သူသိကြတယ်။ မြန်မာပြည်ကထုတ်တဲ့ သမိုင်းစာအုပ်ထဲမှာလည်း ကောင်းကောင်းရေးမထားပါ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆
၂၉-၆-၂ဝ၁၉
Photo from Kingdom of War ထိုင်းနိုင်ငံကနေ ၂၃-၆-၂ဝ၁၁ မှာ ထုတ်လုပ်တဲ့ ဘုရင့်နောင်လက်ထက် ထိုင်း-မြန်မာ စစ်ပွဲနောက်ခံရုပ်ရှင်၊ အပိုင်း (၁) https://www.youtube.com/watch?v=INZiWXBPXww

ရွှဲအောင်လောင်း

ပျိုတို့မောင် တောင်ယာသွား
အိမ်နောက်နားက အခင်းကျယ်။

လက်တလံ တဧက
ဒသမ ဘယ်လောက်ရှိမယ်။

အပင်ပျို နေညိုရင် ရေဆာတော့
ပေါ့နေလို့ မရဟယ်။

တူးမြောင်းက မရှိတယ်
ဘယ်ညာမှာ တပုံးစီဆွဲလို့
ရွှဲရွှဲလောင်းပါတယ်။

သောက်ကွယ် သောက်ကွယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

မယ့်အိမ်ပဲ

ဒီကျချိန်တန် အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။

ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက် လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်
ခါးတမာ သကာပျား၊ ခြားလိုဘူ့ရှင်။

မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့်အိမ်ပင်
ချောင်းဝင်လဲ မယ့်အိမ်ပဲ။

ဒီတက်ချိန်တန်
အိမ်ပြန်တယ်၊ ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။

ဆရာဇော်ဂျီ ၁၉၆၉ ခု ဇန်နဝါရီလက ရေးဖွဲခဲ့တဲ့ကဗျာဖြစ်ပါတယ်။

တမာအရပ်မှာ မနေရပေမဲ့၊ တမာအခါးကို ကြိုက်သူတွေရှိပါသည်။ ဒီရေ စုန်ရာ ဆန်ရာ မျောပါနေတဲ့ ဗေဒါလို လိုက်ပါနေကြရပါသည်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၉

Thursday, June 27, 2019

ဗိုလ်တထောင်ကို ရှောင်ပါမည်

တယောက်က ပို့ပေးတယ်။ YBS ပေါ်ကပါ။ ကျေးဇူး။

ရန်ကုန်မှာ အိမ်ခန်းဝယ်နိုင်ရင်ဖြစ်ဖြစ်၊ ငှားနေရင်ဖြစ်ဖြစ် ဗိုလ်တထောင်ကို ရှောင်ပါမယ်။

မြန်မာအစ တစ်ကောင်းကစာကိုလည်း ပယ်တယ်။

မနေ့ကလည်း လှူစရာတခုမှာ တယောက်က တသိန်းလှူတာကို ဖြတ်ပိုင်းမှာ စသတ်နဲ့ရေးထားလို့ တို့လှူရင် အဲဒီဂဏန်း မဟုတ်တာကိုသာ လှူမယ်လို့ ဒေါ်မြမြအေးကို ညကပြောလိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

ဆရာ့မွေးနေ့

ကျောင်းနေဘက်သူငယ်ချင်းက တင်ထာလို့ သိရတယ်။ ကျေးဇူး။

ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးဟာ ခေတ်ကာလအရ ပြောင်းတယ်။ သိပ္ပံမောင်ဝခေတ်က ဆရာစောနဲ့ သူ့တပည့်တွေ ဆက်ဆံရေးနဲ့ ကျွန်တော်တို့ မူလတန်း၊ အထက်တန်းကျောင်းသားခေတ် မတူတော့ပါ။ ကိုယ့်သားသမီးတွေခေတ်လည်း ပြောင်းတယ်။ ခုခေတ်တော့ သိပ်မသိလှပါ။

ဆရာတွေဟာ ကျောင်းသားတိုင်းအပေါ် တူညီတဲ့စိတ်ထားနိုင်အောင်ကြိုးစားကြမှန်း သိတယ်။ တပြေးညီစိတ် ထားရတယ်ဆိုပေမဲ့ မတူနိုင်ပါ။ လိမ္မာလို့တမျိုး၊ ပြောရဆိုရ ဆုံးမရခက်လို့လည်းတမျိုး။ ကျွန်တော်က ကျောင်းဆရာတော့ မလုပ်ဖူးပါ။

လူတဦးနဲ့တဦးဆက်ဆံရေးမှာ နေ့နံသင့်တယ်လို့ ပြောနိုင်တာမျိုးလည်းရှိတယ်။ တည့်ကြတယ်၊ မတည့်ကြဘူး။

ကျွန်တော် ၁၈ နှစ်ကြာကျောင်းသားလုပ်ခဲ့ရတော့ ဆရာအရေအတွက် မနည်းလှပါ။ အခုထိအမှတ်ထင်ထင် သတိရနေတဲ့ ငယ်တုန်းက ဆရာဆရာမတွေ အရေအတွက်က သိပ်မများပါ။ ကန်တော့။ ဆရာဆရာမတွေမှာလည်း အဲလိုရှိကြမယ်။

ကျွန်တော်တို့ကျောင်းသားခေတ်က ဆရာ့ဝတ် တပည့်ဝတ် ညီခဲ့တယ်လို့ ထင်မိတယ်။ ခုခေတ်လည်း ရှိတဲ့ကျောင်းတွေမှာ ရှိကြမှာပါ။ ကောင်းတယ်။

ကနေ့ မွေးနေ့ကျရောက်တဲ့ဆရာက ဓါတုဗေဒသင်ပါတယ်။ ဆရာများနေ့တနေ့က ရေးခဲ့တယ်။ ရုပ်ပြောင်းလဲခြင်းတော့ မြင်နေရပြီဆရာ၊ ဓါတ်ပြောင်းလဲခြင်းကို စောင့်ရဦးမယ်လို့။

လေထဲမှာ လူတွေအတွက် အသုံးကျတဲ့ အောက်စီဂျင်က ငါးပုံတပုံသာရှိတယ်လို့ သင်ခဲ့ရတာ အခုထိ မှန်နေဆဲပါဆရာ။ အရောင်အဆင်း အနံ့ အရသာမရှိတဲ့ဓါတ်တွေကလည်း များတယ်။ ပေါ်လူးရှင်းကလည်း တနေ့တခြား ဆိုးလာတယ်။

ဆရာဟူသည် အရှိကို အရှိအတိုင်း သင်ပေးကြ၏။ မရှိကို အရှိ၊ အရှိကို မရှိအောင်လုပ်သူတွေက အာစရိယ မဟုတ်ကြ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

Pelican and Fish ဗျိုင်း ငါးဖမ်း ပုံပြင်

၁။ ဗောတိ`တစ်´ထောင် ဗောတိ `တ´ထောင် ရေတွက်ရလို့ `စ´သတ်က ပိုမှန်ပါတယ်လို့ထင်မြင်မိပါတယ် မရေတွက်နိုင်ရင် `စ´သတ်ထည့်သုံးဖို့မလိုနိုင်ပါဘူးခင်ဗျ

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၂။ သချာင်္နာမဝိသေသနမှန်သမျှ တစ်လို့ ပြောင်းသုံးတာ ပိုမမှန်ဘူးလား။ ကျတော် ကို ကျွန်တော်လို ပြောင်းခြင်းရဲ့ နောင်ကွယ်မှာ နာမ်နှိမ်တာ ဘာညာရှိနိုင်ပေမယ့် တ တွေကို တစ်ပြောင်းတာရဲ့ နောက်ကွယ်က နာမ်နှိမ်တာတွေ ဘာတွေမတွေ့မိသလို လော့ဂျစ်ကယ်လီး မှန်သလိုပါပဲ။ "၄င်း" ဆိုတာကိုလည်း အရင်ကသုံးပေမယ့် ခုမသုံးတော့ဘူး။

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၎င်းကို သုံးနေကြပါတယ်။ ကီးဘုတ်မှာ ထည့်ပေးထားတယ်။ လည်းကောင်း = ၎င်း၊ ထို၊ ယင်း၊ အနှီ၊ ဤ နည်းတူ။ သော်လည်းကောင်းနဲ့ ၎င်း မတူပါ။

ရေတွက်လို့ရရင် တစ်၊ မ နောက်က ဘဲ လိုက်ဆိုတဲ့ ဖေါ်မြူလာတွေက နောက်ပေါ်တွေ။ အရင်က မရှိခဲ့ပါ။ မြန်မာစာမှာ သိပ္ပံနဲ့ သင်္ချာမှာလို ပုံသေနည်းတွေ အသုံးများကောင်း များပေမဲ့ ဖေါ်မြူလာလို သုံးမရပါ။ နမူနာတွေ တထောင်လောက် တင်ပြထားပါတယ်။

ဆရာကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ရှိတယ်။ စူး နဲ့ ဆူး အတော်ကိုမှားကြတာတွေ့လို့ ရေးထားတယ်။

ငါးကိုဖမ်းယူ၊ အပေါ်မြှောက်ပြီး အောက်ကနေ နှုတ်သီးနဲ့ ပိုင်နိုင် ကျင်လည်စွာ ဖမ်းတဲ့ဗျိုင်းဆီကနေ လှံသမားက ပညာယူတယ်။ လေ့ကျင့်တယ်။ တတ်မြောက်လာတော့ လူပုံအလယ်မှာ လှံကို အပေါ်မြှောက်ပြီး သူ့ပါးစပ်နဲ့ ဖမ်းပြတယ်။ ပရိသတ်က ချီးမွမ်းကြတယ်။ ဒီအတတ်ကို ဘယ်ကနေ သင်ယူခဲ့ပါသလဲ မေးတော့ ဗျိုင်းတပည့်လို့ အပြောမခံချင်တာနဲ့ သူ့ဖါသူတတ်တာလို့ ပြောလိုက်သတဲ့။ နောက်တချီမှာတော့ အာခေါင် လှံစူးရှာပါသတဲ့။

မြန်မာစာမှာ အရင်က ရေးသားခဲ့တဲ့အမှန်သတ်ပုံတွေကို ပြင်ရေးနေသူတွေဟာ အရင်က ဆရာတော်တွေ၊ ဆရာတွေ၊ ရေးသားခဲ့တာတွေကို ဖတ်ခဲ့ကြသူတွေသာဖြစ်တယ်။ အတတ်စူးကြတယ်။ အာခေါင် လှံမစူးကြပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

ငရုတ်ပွ

ငရုတ်သီးအကြောင်း စာဖွဲ့တာတွေ မနည်းတော့ပါ။ မနေ့က ငရုတ်နဲ့ တရုပ် သတ်ပုံစာတင်သေးတယ်။ ရွှေလန်ဘို ခေါ် တစ္ဆေငရုတ်စာလည်း ရေးထားတယ်။ သည်တခါ ငရုတ်ပွ။

ပလိပ်ငရုတ်လို့လည်းခေါ်သတဲ့။ အစပ်ကြီးတော့ မဟုတ်ပါ။ ကျွန်တော်က တခါတခါစားချင်တယ်။ ငယ်ငယ်က အမေ ချက်ကျွေးတာကို အမှတ်ရတိုင်း စားချင်တာ။ ခရမ်းချဉ်းသီးနဲ့ ငရုတ်ပွရောချက်တာ။ အသားပါတဲ့အခါပါ။ ငါးခြောက်လေး ထည့်တဲ့အခါထည့်။ နံနံပင်လေးခပ်။ ဆီလည်းမများ။ တခါတလေမှာ ဟင်းအကျန်ကို ထမင်းအကျန်ကြော်တာနဲ့စားတယ်။

အပင်ပေါက်ရောင်းတဲ့ အမေရိကန်ဆိုင်ကနေ ရှာဝယ်လာတဲ့အပင် စသီးနေပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

Wednesday, June 26, 2019

အညာရွက်

မဝယ်ဘူး မယ်ခူးတဲ့အရွက်စို။

ဈေးမဝယ် လက်ဆောင်ရယ်မရ
စိုက်ကြတယ် အိမ်နောက်ဖေးမှာ
ခွေးတောက်ပင်ပျို။

လက်တဆစ်သာ ပျိုးပင်တို
နေအညို သည်မယ်ခူးတယ်
ပေါ်ဦးစ အရွက်။

အငန်ဖျော် ကတော်ချက်
တခွက်ကို သည်မောင်စား
ခါးလိုက်မယ့် ဖြစ်ချက်။

(ညနေက ရေလောင်းရင်း စာဟောင်းကိုပါ နည်းနည်းပြင်လိုက်တယ်။)

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

တပယ်ခင်ဥ တပယ်ခင်သစ်

လူထုဒေါ်အမာ ရေးတဲ့ မြန်မာ့မဟာဂီတစာအုပ်ထဲကဖြစ်ပါတယ်။ မဖတ်ဖူးသေးပါ။

တပယ်မင်းသားဆိုတာလည်း ရှိတယ်။ မင်းတုန်းမင်းလက်ထက်မှာ။ သူက မင်းသားအစစ် မဟုတ်။ သူ့မိခင် မုံရွာ့တောင် ချောင်းဦးနားက အလ္လကပ္ပမြို့စားက မင်းတုန်းမင်းရဲ့ မိထွေး။ မင်းတုန်းမင်းက မိထွေးတော်ကို အရေးတယူလုပ်ပြီး သူ့သားကိုပါ ချီးမြှောက်ရာကနေ မင်းသားလို့တွင်တာ မင်းသွေးမပါ။

တပယ်မင်းသားက သူကိုယ်တိုင် သီချင်းကဗျာ မရေးတတ်လို့ စလေဦးပုညကို အခေါ်ခိုင်းတော့ ဦးပုညကမအား။ နောက်တနေ့လည်း အခေါ်ခိုင်းပြန်တယ်။ ဦးပုညက စိတ်မရှည်တော့ဘဲ မင်းသားအစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူးလို့ မချေမငံ ပြန်ပြောခဲ့ပါသတဲ့။ ရုပ်သေးမင်းသားရုပ်ကို ယမနေသားနဲ့ ထုလုပ်ကြတယ်။ တပယ်မင်းသာဟာ အမျက်ထားပြီး ဦးသာအိုးကတဆင့် ကွပ်မျက်စေခဲ့တယ်လို့ ဖတ်ရတယ်။ အဖြစ်မှန်ဟုတ် မဟုတ် မသိပါ။

နောက်ဆရာ့ဆရာတွေက တစ်ပယ်ခင်ဥ၊ တစ်ပယ်ခင်သစ်၊ တစ်ပယ်မင်းသားလို့ ရေးကြသလားလည်း မသိပါ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

အိမ်ပြောင်း




ရန်ကုန်မှာနေတဲ့ သမီးတို့ ကနေ့ အိမ်သစ်ပြောင်းကြသတဲ့။ အိမ်သစ်ပြောင်းရင် ဘုရားစင် အရင်လုပ်ခိုင်းပါတယ်။ ဘုရားစင်လို့ရေးတာကို ကျောင်းဆောင်လို့ မရေးရကောင်းလားတော့ လာမရေးစေလိုပါ။ ဖြေရတာ အကြိမ်တွေများလှပြီ။ တချို့က ဝေါဟာရနောက်သာ လိုက်ကြတယ်။

ကျွန်တော့ဘဝမှာ တိုင်းပြည်တွေ ပြောင်းနေရတယ်။ နေအိမ်ဆိုတာတော့ ရေတွက်မရ ပြောင်းခဲ့ရတယ်။

အသစ်ပြောင်းခြင်းဆိုတာ ကောင်းတယ်။ သစ်သားအိမ်ကနေ တဲအိမ်ကို အသက်လွတ်အောင် ပြောင်းနေရခြင်းဟာ မှန်ကန်လို့ ကောင်းတယ်။ ကိုယ်တိုင်စိတ်ကြိုက်ရွေးတဲ့ နေအိမ်သစ်ဟာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တယ်။ ရွေးချယ်ခွင့် လွတ်လပ်မှုဟာ လွယ်လွယ်နဲ့ရတာမဟုတ်။

သမီးတို့ အိမ်သစ်မှာ ကျွန်တော်တို့နှစ်ယောက်ပုံပါ ပြောင်းနေပါတယ်။

ပန်းလက်ဆောင်

ပန်းချစ်တဲ့သမီးက ပန်းပင်တွေစိုက်ထားတယ်။ ပန်းကြိုက်သူတယောက်က အတော်ဝေးဝေးကနေ ယူလာပေးတယ်။ ပန်းချစ်တဲ့သမီးအမေက ပန်းပင်တွေစိုက်တယ်။ အားလုံး ပွင့်နေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

စ်

စ် (ဇမ်ဥ္ဆြဲ) အသံုး သိချင်ပါတယ်

ဈာပန
ဈေး
သရဇ္ဈယ်
ဥပဇ္ဈယ်
ဗောဇ္ဈင်သုတ်
ဈာန်
အလယ်မဇ္ဈုံ

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

သက်သေခံပစ္စည်း

တရုတ်ဆိုတဲ့သတ်ပုံမှားနေတာပေါ့နော်ဆရာ

ကျွန်တော်က မှားတယ် မှန်တယ်လို့ ပြောခဲတယ်။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လို အထောက်အထားတွေသာ တင်ပြတယ်။

အတော်များများက ပုံနဲ့ ဘယ်လို ဘယ်လောက်ပြပြ ဖေ့စ်ဘွတ်မှာရေးတာကသာ မှန်တယ်တဲ့။











တရားရေးစနစ်ကောင်းမှသာ သက်သေခံပစ္စည်းတွေက အသုံးဝင်ပါတယ်။

တစ်ထောင်လား တထောင်လား

ကျွန်တော်က မှားတယ် မှန်တယ်လို့ ပြောခဲတယ်။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လို အထောက်အထားတွေသာ တင်ပြတယ်။

အတော်များများက ပုံနဲ့ ဘယ်လို ဘယ်လောက်ပြပြ ဖေ့စ်ဘွတ်မှာရေးတာကသာ မှန်တယ်တဲ့။

တရားရေးစနစ်ကောင်းမှသာ သက်သေခံပစ္စည်းတွေက အသုံးဝင်ပါတယ်။

သက်သေခံပစ္စည်း

ကျွန်တော်က မှားတယ် မှန်တယ်လို့ ပြောခဲတယ်။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လို အထောက်အထားတွေသာ တင်ပြတယ်။ အတော်များများက ပုံနဲ့ ဘယ်လို ဘယ်လောက်ပြပြ ဖေ့စ်ဘွတ်မှာရေးတာကသာ မှန်တယ်တဲ့။

တရားရေးစနစ်ကောင်းမှသာ သက်သေခံပစ္စည်းတွေက အသုံးဝင်ပါတယ်။

ကျွန်တော် အစိုးရခန့်ဆရာဝန် ၁၅ နှစ်လုပ်ခဲ့တယ်။ မှုခင်းဖြစ်တဲ့အခါ တရားရုံးသွား သက်သေခံရတာတွေ အများကြီး။ ရာဇဝတ်မှုတွေ။ လူသတ်မှုလည်းပါတယ်။ သတ်တဲ့သူက သူ့ဒါးကို ချွန်ထက်နေအောင် သွေးပြီးမှ အသုံးချပါမယ်။ တရားရုံးမှာ သက်သေခံပစ္စည်းတင်တော့ ဒါးသွားက ကျွန်တော်လို လူအိုရဲ့သွားတွေလို မညီမညာ။ သံချေးအထပ်ထပ်နဲ့။ တရားခံရှေ့နေက အဲဒီဒါးနဲ့ခုတ်တာ ဖြစ်နိုင်ပါသလား မေးတယ်။ ဥပဒေမတတ်မှ တရားသူကြီးခန့်တဲ့ မဆလ ခေတ်ကပါ။

ကျွန်တော်တင်ပြတဲ့ တ သတ်ပုံနဲ့သာရေးထားတဲ့ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တွေလည်း သံချေးတက်တွေ ဖြစ်ကုန်ပြီ။ မဆလ မျိုးဆက်က နောက်ထပ်အာဏာရရေး လုံးပမ်းနေကြတယ်။ မဲတော့ မသိ။ သူတို့ခိုင်းတဲ့သတ်ပုံနောက် လိုက်ရေးသူ ၇၅% ကျော်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

ကြိယာတခုရှိသော ဝါကျဖွဲ့နည်းများ


ဦးဖေမောင်တင်ကို သတ်ပုံမှားတယ်လို့ ပြောကြတဲ့ မြန်မာစာပါမောက္ခများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ အယ်ဒီတာများ၊ ဒေါင်းလုဒ်စာအုပ်တင်သူများ အဓွန့်ရှည်ကြ၏။

အမှောင်ခွင်း၍ အလင်းဆောင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...