ဦးကောင်းမျိုးဆက်
မနှစ်က ရန်ကုန်ကနေမပြန်ခင်နေ့က နေ့လယ်စာကို ဦးလေးတော်သူက ကျွေးပါတယ်။ ကျွန်တော်တို့က ကင်းဝန်မင်းကြီး ဦးကောင်းမျိုးဆက်ထဲကဖြစ်ကြောင်း တခါနှစ်ခါရေးထားပါတယ်။
ဦးမောင်မောင်စိုးတင့်က မုံရွာ စတိတ်တူးမှာ ကျောင်းအုပ်ဆရာကြီးလုပ်နေစဉ် ဟာဝိုင်ယီကို ပညာတော်သင်မသွားခင် နှုတ်ဆက်တဲ့နေ့မှာ ကျွန်တော်က ခုနစ်တန်းကျောင်းသား။ ဝါးလုံးထောက်ခုန်ကစားရာကနေ ဘယ်ဘက်လက်ကျိုးလို့ ကျောက်ပတ်တီးစီးထားရတယ်။ ကျောင်းဝရံတာမှာ တွေ့သွားလို့ ဆရာကြီးက မေးတာကို အမှတ်ရနေဆဲ။
တကယ်တော့ ကင်းဝန်မင်းကြီး ဦးကောင်းမှာ သားသမီးအရင်း မထွန်းကာခဲ့ပါ။ ကျွန်တော်က သူ့နှစ်မအငယ်ဆုံး မျိုးဆက်သာ ဖြစ်ပါတယ်။ သမီးပြည်တွင်းအလည်ပြန်တော့ အမျိုးထဲကတယောက်ကနေ ဆွေစဉ်မျိုးဆက်ဇယား စာအုပ်လေး လက်ဆောင် ပေးလိုက်တယ်။ အလွန်ကျေးဇူးကြီးတယ်။ ကျွန်တော်က သိချင်နေတာကြာပြီ။ လက်လှမ်းမီတဲ့အမျိုးတွေကို ရေးမှတ်ပေးကြဘို့ လှမ်းပြောထားသေးတာ။ ကျွန်တော်က ဆွေမျိုးစပ်တာမှာ ညံ့တယ်။
ဦးကောင်းမှာ မောင်နှမအရင်း ခြောက်ယောက်ရှိတယ်။ ဦးကောင်း၊ ဦးချောင်၊ ဦးထား၊ မယ်အိမ်ကြွယ်၊ မယ်တူးနဲ့ မယ်ထူး။ ဦးမောင်မောင်စိုးတင့်ရော ကျွန်တော့်အမေ ဒေါ်ခင်ခင်တို့က ဖိုးကံထော်မျိုးဆက်။
ဦးမောင်မောင်စိုးတင့် အဖေက ဦးမောင်မောင်။ ကျွန်တော်နဲ့ အကိုကြီးတို့က ဦးမောင်မောင်ဆီသွားပြီး နွေရာသီမှာ အင်္ဂလိပ်စာသင်ခဲ့ရတယ်။ မုံရွာစတိတ်းကျောင်းနဲ့ ရထားလမ်းဘေးနားကအိမ်မှာ။
ကျွန်တော့်အမေရဲ့အဖေ။ ဦးထင်က မင်းတိုင်ပင် တိုက်နယ်သူကြီး။ နှစ်လုံးပြူးသေနတ် ကိုင်ခွင့်ရသတဲ့။ ဦးထင်နဲ့ မြို့အုပ်သမီး ဒေါ်အမကနေ သားသမီး ကိုးယောက်မွေးဖွါးတယ်။ ကျွန်တော့်အမေက နံပတ် (၄) ဒေါ်ခင်ခင်။ ကျွန်တော့်ဘကြီးကို မီလိုက်တယ်။ ဆောင်းရာသီမှာ ဘကြီးဦးထင် မီးလှုံဘို့ရာ ကျွန်တော့်အကိုကြီးနဲ့ နှစ်ယောက်သား ထင်းခြောက်လေးတွေဆွဲပြီး သွားကြတယ်။ မုံရွာ၊ ဆူးလေကုန်းရပ်မှာ။ မေလှမြိုင်ဆိုတဲ့ ဆောင်းအမီသီချင်းခေတ်ကပါ။ မနှစ်က အလည်ပြန်တော့ အဲဒီအိမ်မှာ အမတယောက် ညစာကျွေးတယ်။ နေကောင်းကြပါစေ။
Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း https://doctortintswe.blogspot.com/2015/08/kinwunmingyi-u-kaung.html
U Kaung ကင်းဝန်မင်းကြီး ဦးကောင်း https://doctortintswe.blogspot.com/2016/12/u-kaung.html
ဦးကောင်းမှာ မောင်နှမ ၆ ယောက်ရှိတယ်။
အငယ်ဆုံး မယ်ထူးကနေ ကျွန်တော်တို့ မျိုးဆက် ဆင်းသက်တယ်။ မယ်ထူးက ဖိုးကံထော်နဲ့ အိမ်ထောင်ကျတယ်။ သားသမီး ၉ ယောက်မွေးတယ်။
၁။ ဦးဖိုးသာ
၂။ ဦးသာမိုး
၃။ ဦးဖိုးအို
၎။ ဦးရေချမ်း
၅။ ဦးတောက်ထွန်း
၆။ မယ်အို
၇။ မယ်သော်
၈။ မယ်ဖွား
၉။ ဦးအုံးခိုင်
နံပတ် ၄ ဦးရေချမ်းကနေ ကျွန်တော့်မျိုးဆက် ဆက်လာတယ်။ ဦးရေချမ်းက ဒေါ်ခင်လေးနဲ့ အိမ်ထောင်ကျတယ်။ သူတို့ကနေ သားသမီး ၇ ယောက်မွေးတယ်။
၁။ ဦးထင်
၂။ ဦးဝင်
၃။ ဦးစံအောင်
၎။ ဦးဘဟိန်း
၅။ ဦးဘသိန်း
၆။ မနီတာ
၇။ မအေးမိ။
ဦးတင် နဲ့ ဒေါ်အမ အိမ်ထောင်ကျတယ်။ သားသမီး ၉ ယောက်မွေးတယ်။
၁။ ဒေါ်ခင်ပု
၂။ ဦးဘဝင်း
၃။ ဒေါ်တင်မေ
၎။ ဒေါ်ခင်ခင်
၅။ ဒေါ်ညွန့်ညွန့်
၆။ ဒေါ်မြင့်မြင့်
၇။ ဒေါ်ထွေး
၈။ ဦးဗိုလ်သိန်း
၉။ ဦးဘိုတော
ကျွန်တော့်အမေက နံပတ် ၄ ဒေါ်ခင်ခင်။
ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၉

Comments
Post a Comment