မပြန်ခင်
ရန်ကုန်မှာ ကျွန်တော့်အမတယောက်အိမ် ထမင်းစားခဲ့တယ်။ သူက စိတ်ထန်တယ်။ အခုတော့ သီလရှင်ဝတ်ထားပြီ။
ကျွန်တော်မရှိစဉ် သူ့ယောင်းမ ကျွန်တော်ဇနီးကို စောင့်ရှောက်ပေးတယ်။ အဲဒီကာလမှာ နိုင်ငံရေးလုပ်လို့ ပြစ်ဒဏ် ချခံထားရသူတွေကို ကူညီရဲသူဆိုတာ အလွန်ရှားတယ်။ ခရီးအတွင်းမှာ အဲလို ကူညီခဲ့သူတွေဆီ ရောက်အောင် သွားတွေ့နိုင်ခဲ့ပါတယ်။
မမကြည်သန်း ကျန်းမာပါစေ။
ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
စိတ်ကောင်းတခု
ခုခေတ်မှာတော့ စိတ်ကောင်းတခုရှိသူ များမများ မသိပါ။ ရေးသူကတော့ အတော်ရှားတယ်။
ဒေါက်တာတင့်ဆွေ
အိမ်ရှင်တို့
ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြည်တော်ပြန်ခရီးစဉ်ကို ဖြစ်အောင်စီစဉ်ပေးတဲ့ နှစ်ယောက်။ ညီတော်မောင်နဲ့ သူ့ဇနီးတို့က လိုလေသေးမရှိ စီစဉ်ပေးပါတယ်။ ညီအကို နှစ်ဝမ်းကွဲတော်ပြီး ကျွန်တော့်ကို အကိုလေးလို့ခေါ်ကြတယ်။
ကျွန်တော်က မြို့နယ်ဆရာဝန် သူကလက်ထောက်ဆရာဝန်။ ကြုံတိုင်းလည်း ခွဲစိတ်ပညာကို ကျွန်တော့်ဆီကရယူတယ်လို့ လူတွေရှေ့မှာ မကြာခဏထုတ်ဖေါ်တတ်တယ်။ တကယ်တော့ ခွဲစိတ်ကုဆေးပညာဆိုတာ ကကြီးခကွေးသင်သလို သင်ရတာမျိုး မဟုတ်။ ကန့်ကူလက်လှည့် သင်သလိုတော့ ဟုတ်တယ်။ အထုံရှိမှ တတ်တယ်။ ပါရမီပါမှ ထူးချွန်တယ်။ ကျွန်တော်တို့ကို ဒါးဆရာဝန်ညီအကိုလို့ ခေါ်ကြတယ်။
မခင်စောခင်မြာမှာတော့ ကျွန်တော်တို့ရန်ကုန်ရောက်တဲ့နေ့ ခြေထောက် ကျောက်ပတ်တီးစီးရလို့ သွားလေရာ မလိုက်နိုင်။ အိမ်က ထမင်းစားခန်းကနေသာ မနက်စာ နေ့စာ ညစာစီမံပေးတယ်။
၃-၅-၂ဝ၁၈ နေ့ညစာ ရွှေသမင်ခရမ်းသီး၊ ပဲနှပ်၊ ငရုတ်သီးထောင်း၊ ဆိတ်သားခြောက်။ ချဉ်ပေါင်ချဉ်ရည်၊ မျှစ်အစစ်နဲ့ ခဝဲသီးဟင်း။ ဝက်သားနဲ့ ပုစွန်ဟင်းတော့ မနှိုက်ဖြစ်။ မျှစ်အစစ်ဆိုတာ ဝါးပင်ပေါက်တဲ့ အရပ်မှာသာရတာ။
သူတို့ ယူအက်စ်အေကို လာလည်ကြရင် ကိုယ်က အဲလောက်မှ ဧည့်ဝတ်ကျေပါ့မလားမသိ။
ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
ပန်းတွေမွှေးတဲ့ တိုင်းပြည်
မနှစ်က ပြန်ရောက်ခဲ့ပါသည်။
လူတွေရော ပန်းတွေကိုပါ သတိရတယ်။ ဒီနိုင်ငံမှာလည်း အလွန်လှတဲ့ ဆန်းတဲ့ ပန်းတွေ ပေါပါတယ်။ ဒါပေမဲ့ မွှေးတာ မများ၊ ပန်သူရှားတယ်။
မုံရွာမှာ မနက်လင်းရင် ကျွန်တော့်ကွန်ပြူတာရှေ့မှာ စပယ်ပန်းတွေ ရောက်လာပြီ။ ညနေဆိုရင် နေ့တိုင်း အိမ်နီးချင်းတယောက်က မမအေးအတွက် ခရေပန်းကုံးလာပေးတယ်။
ကိုယ့်တိုင်းပြည်မှာ သွားလေရာရာ အလွန်မွှေး အလွန်လှတဲ့ပန်းတွေ ဝယ်လို့ရတယ်။
လူတွေရော ပန်းတွေပါ ကျန်းမာကြပါစေ။
ဒေါက်တာတင်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
ဘုတလင်အိမ်မှာ
မတင်တင် ခေါ် ဒေါ်မြမြအေးမိဘတွေ နေထိုင်ခဲ့ပါတယ်။
သူ့ရဲ့ဖခင်က ဦးနုပါတီကို ထောက်ခံတယ်။ ဦးသိန်းဖေမြင့်က ပမညတ။ တက်ဘုန်းကြီးစာအုပ်ရေးလို့ ဘုန်ကြီးကျောင်း တကျောင်းတည်းအတူနေခဲ့သူတွေ မတည့်ကြတော့။
အဲဒီခေတ်က ဘာသာရေးနဲ့ နိုင်ငံရေးက ရိုးရှင်းတယ်။ ခုခေတ်မှာက ကောက်ကျစ်တယ်။
အရင်ခေတ်က ဘုန်းကြီးဆိုးကို နိုင်ငံရေးသမားက ရေးတယ်။ ခုခေတ်မှာ ဘုန်ကြီးဆိုးက နိုင်ငံရေး သွေးထိုးတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
ဆေးရုံတက်ခြင်း
ကျွန်တော် ခုနစ်တန်းဖြေပြီးတော့ ဝါးလုံးထောက်ခုန်တာ တော်လို့ ဘယ်ဘက်လက် ကျိုးမလိုဖြစ်လို့ မုံရွာဆေးရုံမှာ ကျောက်ပတ်တီးစည်းရတယ်။ ကုလားဆရာဝန်ကြီးကို ပိုက်ဆံ ၁၆ ကျပ် ဆေးရုံရုံးခန်းမှာပဲ ပေးရတယ်။
ဆေးရုံတက်ဖူးတာတော့ ပြည်ပမှာ။ ခရီးသွားရင်း ဆီးကျောက်လိုလို ဗိုက်အတင်းနာလို့ အိန္ဒိယနိုင်ငံ၊ ဂဝါဟာတီဆေးရုံမှာ တခါ။ တရက်မကြာ။ ခရီးသွားရင်း ဒိန်းမတ်နိုင်ငံမှာ တခါ။ အိုပီဒီမှာသာ။
နယူးဒေလီမှာကျတော့ ၃-၄ ခါ။ ဘယ်ဘက်ခြေသလုံး အရိုးတချောင်းကျိုးလို့ သတ္ထုချောင်းထည့်ရတာနဲ့ ပြန်ထုတ်ရတာ။ ကားအက်ဆီးဒင့်ကြောင့် နံရိုးစစ်ဖို့ တခါ။ ညာဘက်လက်ကောက်ဝတ်ကျိုးလို့ ခွဲခန်းထဲမှာ ကျောက်ပတ်တီး စည်းရတယ်။
ယူအက်စ်ရောက်ပြန်တော့ မျက်စိရေတိမ်အတွက် မေ့ဆေးနဲ့ ဘယ် ညာ ၂ ခါ၊ လေဆာနဲ့ ၁ ခါ။ ခွဲပြီးအိမ်ပြန်လို့ရတယ်။ အူမကြီးကင်ဆာ စစ်တာလည်း မေ့ဆေးနဲ့၊ ဆေးရုံတော့ မတက်ရပါ။
၂၂-၅-၂ဝ၁၈ ရက်နေ့က မန္တလေးဆေးရုံကြီး ခေါင်မိုးပေါ်တက်ခဲ့တယ်။
ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
Photo by Dr. Maung Win
ပြောစကား
မန္တလေးက အသိဆရာဝန်အမျိုးသမီးတယောက်က ရေးပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း မန္တလေး အမျိုးသမီးအဖွဲ့မှ ကြီးမှူး၍ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းကို ၂၇-၆-၂ဝ၁၆ မှ စက်တင်ဘာလကုန်အထိ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ် တဲ့။
ကျွန်တော်က မေးလိုက်တယ်။ ဗမာစကားပြောသင်တန်းရှိရင်လည်း ပြောပါဦး။ ဖြေပါတယ်။ အဟုတ်ပြောနေတာ။ ကွန်ပလိန့်တွေမှာ အထူးကုဆရာဝန်တွေမှာ စကားပြောချိန်မရှိကြလို့တဲ့။
လူနာတွေနဲ့စကားပြောရတာ လွယ်တာတော့မဟုတ်ပါ။ ကျွန်တော် ပြည်ပမှာ ပိုက်ဆံမယူပဲဆေးခန်းဖွင့်တော့ လူနာတွေ အများစုက ချင်းပြည်နယ်ကလာသူတွေ။ သူတို့နဲ့ဆို ဗမာစကားကို ချပြောမှရတယ်။ မျိုးပွါးလမ်းရောဂါ စကားလုံး ရှာမရတာက များတယ်။ လက်ဟန်ခြေဟန်နဲ့လည်း မဖြစ်။ အညစ်အကြေးကျ တစ်တစ်ခွခွပြောမှ။ ပြီးရင် ကိုယ့်ပါးစပ်ကို တစ်ရှူးနဲ့ သုတ်ရတယ်။
ယူအက်စ်အေမှာလည်း ချင်းပြည်နယ်ကလာသူက အလွန်များတယ်။ နေရာဌာနတွေမှာ စကားပြန်အလုပ်တွေ ရနေတာကလည်း သူတို့ပဲ။ သူတို့ထဲက တချို့ပြောတဲ့ဗမာစကားကို ဗမာတွေ၊ ကချင်တွေ၊ မွန်တွေ၊ ရခိုင်တွေ၊ ကရင်တွေက သိပ်နားမလည်ကြပါ။ ချင်းပြည်နယ်ကကျောင်းသူက မေးတယ်။ ဆရာ မြက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲတဲ့။ Grass ခေါ်တယ်၊ Lawn ဆိုတာမြက်ခင်းလို့ဖြေလိုက်တယ်။ သူ့အရေပြားမှာ အလာဂျီဖြစ်လို့ ဆေးရုံသွားတာ စကားပြန်လုပ်တဲ့သူက မြက်ကိုမပြောတတ်ဘူးတဲ့။ အလာဂျီကြောင့်ဆိုရင် Weed ပေါင်းပင်လို့လည်း ခေါ်တယ်။ ဒီမှာက Poison Ivy ဆိုတဲ့အပင်က အလာဂျီသိပ်ဖြစ်တယ်။
ပြည်ပနိုင်ငံရေးမှာ ဗမာစကားကို လူမျိုးကြီးဆိုပြီး လက်မခံချင်ကြ။ အရင်တုန်းက အင်္ဂလိပ်လိုပြောသူ ဘိုရူးတဲ့။ အခုတော့ တရားဟောလည်း ဘိုလိုပါမှ။ ကျွန်တော်လည်း ကူးစက်ခံရတယ်။ ဒီဗွီဘီ ဒီဘိတ် (အဲတာကိုက အင်္ဂလိပ်လို) မှာ ဘိုလို နှစ်လုံးသုံးလုံး သုံးမိသေးတယ်။ ဆောရီး။ ဝမ်းနည်းပါတယ်လို့ တခါမှ မရေးဖူးပါ။
အရင်အစိုးရလက်ထက်က သမတရုံးဝဘ်ဆိုက်မှာ အမည်မည်းစာရင်းကို ဘလက်လစ် လို့ အင်္ဂလိပ်လိုသာရေးထားတယ်။ တချို့က အဲတာကို နာမည်ပျက်လို့ ဘာသာပြန်တော့ မောင်မည်း နှစ်ခါနာရော။
ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
တောင်းပန်ခြင်း
မနှစ်ကအလည်ပြန်ခရီးမှာ ချိန်းဆိုထားတာတချို့ မလုပ်နိုင်ခဲ့ပါ။ အညာဒေသမှာကြာလို့ အပြန်ရန်ကုန်မှာ ရက်အတော်ကို နည်းသွားတယ်။
ဆဲဗင်းဒေး-တီဗွီ အင်တာဗျူးနဲ့ တူတယောက်အလုပ်လုပ်နေတဲ့ မီဒီယာအတွက် ဗီဒီယို အင်တာဗျူးကိုလည်း မလုပ်နိုင်ခဲ့ပါ။ ဆောရီး။
ရန်ကုန်မှာ ဆေးကျောင်းကတည်းက အလွန်ခင်တဲ့သူငယ်ချင်း ဆရာဝန်လင်မယားတို့ ထမင်းကျွေးမှာလည်း သွားမစားနိုင်လိုက်ပါ။ ဆောရီး။
မန္တလေးမှာလည်း ရက်နည်းသွားလို့ တွေ့စရာ စားစရာတချို့နဲ့လွဲခဲ့သေးတယ်။
မုံရွာမှာ အလွန့်အလွန်ရင်းတဲ့ညီတယောက်ကို မျက်နှာချင်းဆိုင် နှုတ်မဆက်ခဲ့ရတာလည်း အတော်စိတ်မကောင်းပါ။ (မနေ့က သူကဖုန်းဆက်သေးတယ်။)
အပြန်ခရီးစဉ်မှာ နေပြည်တော်ကို တခေါက်ဝင်ပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့မယ်လို့ စီစဉ်ထားခဲ့တာ မသွားနိုင်လိုက်ပါ။ ဆောရီး။ ရန်ကုန် ပါတီရုံးချုပ်ကိုလည်း အပြန်မဝင်ဖြစ်တော့။
အားလုံးကို တောင်းပန်လိုက်ပါတယ်။ နေကောင်းကြပါစေ။
ဒေါက်တာတင်ဆွေ
၂၂-၆-၂ဝ၁၈
၂၂-၆-၂ဝ၁၉
Comments
Post a Comment