နေကောင်းကြပါစေ









ကျွန်တော့်ဦးလေး ဆရာတော်ကတော့ မပြန်ခင် မှာလိုက်တယ်။ ကျန်းမာရေးက အဓိက၊ နိုင်ငံရေးတွေ၊ လူမှုရေးတွေက နေကောင်းမှလုပ်နိုင်တာ ကျန်းမာအောင်နေတဲ့။

ဖေ့စ်ဘွတ်မှာ နိုင်ငံရေး ရေးတိုင်း တရားပြသူတွေက အများသား။ ကျွန်တော့်ကိုတော့ တရားမပြကြစေလိုပါ။ ရေးတဲ့ တရားတွေက သတ်ပုံကမှား။ အဓိပ္ပါယ်ကတလွဲ။ ကျွန်တော်က တရားသာမသိတာ စာလုံးတွေတော့ သိတယ်။ နေကောင်းအောင်သာ နေကြစေလိုပါတယ်။

ပုံ = ပုလဲကကြိုဆိုသူတွေနဲ့အတူ

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉

အပြောင်းအလဲ

ပြည်ပနိုင်ငံရေးက နှစ် ၂ဝ ကျော်ကြာခဲ့ပါတယ်။ ထွက်ကာစ တက်ကြွကြတယ်။ အားကောင်းမောင်းသန်တွေ ပြောဆို လုပ်ကိုင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာတယ်။ အချက်အလက်ကိုသာအခြေပြုပြီး ဆွေးဆွေးတာ ဗျူဟာချတာတွေ လုပ်လာတယ်။

အစ အလယ် အဆုံးကာလတိုင်းမှာ ဝေဘန်တာတွေ အမျိုးမျိုးခံခဲ့ရတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးမှာ အဖြူနဲ့ အမည်းသာသိကြသတဲ့။ ကျွန်တော်တော့ အခုထိ အဖြူနဲ့ အမည်းလို့သာ မှတ်ယူနေသေးတယ်။

နောက်ပိုင်းရောက်တော့ တွေ့ဆုံဆွေးနွေးရေးစကားတွေ ကျယ်လောင်လာတယ်။ စစ်အစိုးရကလည်း သူတို့အခြေအနေကို နည်းနည်းပါးပါး ရိပ်စားမိလာပုံရတယ်။ ပြည်ပအင်အားစုတွေကနေ တွေ့ဆုံဆွေးနွေးရေးကို ပိုပြီးဇောင်းပေးလာတယ်။ ဝေဘန်တာ ခံရပြန်ရော။

တွေ့ဆုံဆွေးနွေးရေးဖြစ်စေချင်သူတွေက စစ်အုပ်စု နားမခံသာမျိုးတွေ မပြောအပ်ပါတဲ့။ စကားသံ လေသံ ပြောင်းသွားသူတွေက ပြန်တွင်းကို အရင်ဆုံးရောက်ကြပြီးသကာလ နေရာတွေ ရာထူးတွေ အထောက်အပံ့တွေ ရကုန်ကြတယ်။

ကျွန်တော်တို့အပြောင်းအလဲက ၂ဝ၁၂ ကျမှသာစတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ပေးလိုက်တယ်။ လူကတော့ မနေ့ တနေ့ကမှသာ ပြည်တွင်းသွားပါတယ်။ ထောက်ခံမှုတွေ ချစ်ခင်မှုတွေ နွေးထွေးမှုတွေ ရခဲ့တယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉

အတိတ်ကို အမှန်တကယ်ထားခဲ့နိုင်သူ ဘယ်သူရှိသလဲ

အတိတ်ကို မေ့ထားခိုင်း ထားပစ်ခိုင်းတာတွေ ဖတ်ရတယ်။

စစ်ထောက်ချုပ်ပြုတ်ကလည်း အတိတ်ကိုပြန်မလှန်နဲ့တဲ့။

ကျွန်တော့်မှာတော့ အဖြစ်အပျက်ဟောင်း အစစ်အမှန်တွေကို လိုက်လံတူးဖေါ်နေရတာ မကုန်နိုင် မစုံနိုင်သေးပါ။

ဘုတလင် တွင်းတောင်နားမှာ ရှေးဟောင်းကြေးခေတ်လက်ရာတွေတွေ့သတဲ့။ ရှေးဟောင်းသုတေသနဆရာလုပ်နေတဲ့ ညီတော်မောင်တယောက်ကို ရန်ကုန်မှာ တွေ့ခဲ့တယ်။

ဘယ်သူတွေကတရားပြပြ တူးဖေါ်ရပါဦးမယ်။ ကျွန်ုပ်သည်ကား ပုထုဇဉ်စစ်စစ် နိုင်ငံရေးလုပ်ခဲ့သူသာဖြစ်တော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉

Jetlag ဂျက်လက်

ဂျက်လက် ခေါ်တဲ့ လေယာဉ်အကြာကြီးစီး ခရီးသွားရသူတိုင်းဟာ အိပ်ချိန်မတူတာ ခံစားကြရတယ်။ ကျွန်တော် စောစောနိုးနေတယ်။ ခရီးစဉ်အတွင်းမှာ မနက်လင်းတာနဲ့ဖြစ်ဖြစ် ညမအိပ်ခင်ဖြစ်ဖြစ် မေးကြတယ်။

ရန်ကုန်မှာ ဖေဖေ နက်ဖြန် ဘာအပွိုင့်မင့်တွေရှိလဲ။
မန္တလေးမှာ အကိုလေး နက်ဖြန် ဘယ်ကိုသွားချင်လဲ။
မုံရွာမှာ အကိုလေး နက်ဖြန် ဘယ်သူတွေက လာတွေ့ကြမယ်။
ပုလဲမှာ ဆရာ နက်ဖြန် ဘာအစီအစဉ်လုပ်ပေးရမလဲ။

အင်ဒီယာနာပုလစ်မှာ ကနေ့ ငါ ဘာလုပ်စရာရှိသလဲ။ ကိုယ်ဖါသာလုပ်နိုင်တာပြော။ ကျန်းမာရေးမေးခွန်းတွေ ဖြေရမယ်။ စာဖတ်ချိန် ရမလား မသိ။

ဘုတလင်တည်းအိမ်ရောက်တော့လည်း သတ်ပုံမှန်နဲ့ရေးတဲ့ခေတ်က စာအုပ်ရှာတယ်။ နည်းနည်းတွေ့တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉

တပြေတရွာထွက်ခွါသွားတဲ့ ရွာသား

ဇာတိရွာပြန်အလာ အမျိုးတွေက ဝမ်းသာကြတယ်။ ကျွန်တော်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ မင်းရွာမှာ မွေးပါတယ်။ ငါးနှစ်သားကတည်းက မုံရွာကိုပြောင်းရတာ။ အခုလိုနွေကျောင်းပိတ်တိုင်း ရွာကိုအလည်ပြန်တယ်။ ပုလဲမြို့နယ်ဆရာဝန်ဖြစ်မှ ရွာနဲ့ပိုပြီးနီးစပ်လာတယ်။ အချိန်အားရတိုင်း မင်းရွာသွားတယ်။

ရွေးကောက်ပွဲမှာ ကျွန်တော့်ပါတီကိုမဲပေးကြတယ်။ မဲနိုင်တဲ့သူတွေ တိုင်းပြည်ကထွက်ပြေးကြရတယ်။ ၂၈ နှစ်အကြာ ရွာကို ပဌမဆုံးပြန်လာတော့ အမျိုးတွေနဲ့ တရွာလုံးက ဝမ်းသာကြတယ်။ ရွာထွက်သီးနှံတွေ စားစရာတွေနဲ့ ဧည့်ခံတယ်။ အုန်းရည်သောက်တယ်။ ဒေလီနဲ့ အမေရိကန်ပြည်က ကုန်တိုက်ကြီးတွေက အုန်းရည်တွေထက် အဆတရာ ပိုကောင်းတယ်။

ရွာသေးသေးလေးမှာ နိုင်ငံရေးအလိမ်မခံသူတွေနေကြတယ်။ မြန်မာပြည်က ရိုးသားဖြူစင်တဲ့ ကျေးရွာတိုင်းက အဲလိုပဲ၊ နိုင်ငံရေးမှာ မညံ့ကြပါဆိုတဲ့သတင်းစကား အပြန်လက်ဆောင် ပါးလိုက်ကြတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉
Photos from တိမ် ပန်းချီ

ပြည်တော်ပြန်ခရီးမှာ

အိမ်ရှင်တွေ သတ်သတ်မှတ်မှတ်ရှိတယ်။ ရန်ကုန်မှာ သမီး။ မန္တလေးမှာ ဒေါက်တာမောင်ဝင်းနဲ့ ဒေါ်ခင်စော။ မုံရွာမှာ ညီအရင်းနဲ့ နှမအငယ်ဆုံး။ ပုလဲမှာ ဒေါက်တာထွန်းလှိုင်နဲ့ မရီရီမြင့်။

အရံအိမ်ရှင်လို့ပြောရမှာတွေကလည်း မြို့တိုင်း ရွာတိုင်းမှာ ရှိသေးတာ။ ဘုတလင်၊ ညောင်ကန်၊ မင်းရွာ၊ မင်းတိုင်ပင်။ နာမည်တွေ ရှည်မှာစိုးလို့ မရေးတော့ပါ။ ဆောရီး။ ခေါင်းထဲမှာ အကုန်ရှိတယ်။ ဖေ့စ်ဘွတ်ဒိုင်ယာရီမှာ ပုံတွေနဲ့ရှိတယ်။

သူတို့အားလုံးဟာ တကယ်ကို ဧည့်ဝတ်ကျေပွန်ကြသူတွေ။ ကျေးဇူး။ နိုင်ပြေးတဦးအတွက် ၂၈ နှစ်ရဲ့ အနှစ်တွေ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
၂၁-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ