Country doctor တောဆရာဝန် ပြန်ဖြစ်ချင်
ကျွန်တော် တောနယ်မှာ တာဝန်ကျတော့ လူနာတွေက ကြက်အရှင်တွေ၊ ကြက်ဥတွေယူ လာပေးကြတယ်။ ကြက်အရှင်ဆိုရင် ဘုန်းကြီးကျောင်းသွားလွှတ်ရတယ်။ ကျွန်တော့်အဖြစ်ကို သိလာကြတော့ နွားနို့၊ ထောပတ်၊ ထန်းလျက်သာ ယူလာပေးကြတယ်။
နွားနို့ရေချိုး၊ ထောပတ်မီးလှုံ၊ ထန်းလျက်တောင်လိုပုံဖြစ်ရော။
တောဆရာဝန် ပြန်ဖြစ်ချင်တယ်။
ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆
၂၆-၆-၂ဝ၁၈
Once upon a time ရှေးစကားတော့ မဟုတ်ပါ
မျက်စိအောက်မှာတင် ဖြစ်ခဲ့၊ တည်ရှိခဲ့တာ။ သိပ်ငယ်ရွယ်သူတွေအတွက် ရေးချင်တာလည်း မဟုတ်ပါ။ ရှေ့နောက် စဉ်းစားဝေဖန်နိုင်စွမ်းရှိတဲ့အရွယ်တွေနဲ့ သူများကို ဆိုဆုံးမနေကြသူတွေကို ရည်ရွယ်တာပါ။ တောအရပ်တွေမှာရော မြို့ကြီးမြို့ငယ်တွေမှာပါ တသားတည်းလိုလို ဖြစ်တည်ရှိနေခဲ့တဲ့အကြောင်းအရာ။
ကျွန်တော်ဆရာဝန်ဖြစ်တော့ ၁၉၇၂ ခုနှစ်။ အလုပ်ရတော့ နောက်တနှစ်။ အဓိဋ္ဌာန်ထားတာတော့ မရှိပါ။ ဆရာဝန် ဖြစ်ကတည်းက ရဟန်းတော်တွေနဲ့ သီလရှင်တွေဆီက ဆေးကုရတဲ့အခကြေးငွေ မယူပါ။ ဖြူစင်တဲ့ ချွေးနည်းစာက ရသမျှတော့ ယူချင်တာပေါ့။ ဒါပေမဲ့ တွန့်တိုမှုမရှိ၊ ဆုံးဖြတ်ချက်ကိုပြင်ဘို့လည်း တခါမှ စိတ်ကူးထဲမပေါ်။ အစိုးရ ဆရာဝန်လုပ်သက် (၁၅) နှစ်တိတိတာ သာသနာ့တာဝန် ထမ်းဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေကို အခမဲ့သာ ဆေးကုပေးနိုင်ခဲ့ပါတယ်။
အဲဒီခေတ်ကာလမှာ သင်္ကန်းရောင်မြင်တာနဲ့ ဘယ်ကျောင်းတိုက်ကလည်း၊ ဘယ်ကိုယ်တော်လည်း၊ စူးစမ်းနေစရာမလို။ လူတွေက ရိုသေသမှု အပြည့်ရှိကြတယ်။ သီလရှင်ကျောင်းတွေမှာ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းတယ်။ ညနေ ဆေးခန်း ပိတ်တာနဲ့ စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေကို ကားနဲ့၊ မြင်းလှည်းနဲ့သွားပြီး ဆေးကုပေးရတာ စိတ်ငြိမ်းချမ်းတယ်။
အဲဒီခေတ်နဲ့ ကနေ့ခေတ် မတူတော့ဘူးလား။ မသိပါ။
ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၇
၂၆-၆-၂ဝ၁၉

Comments
Post a Comment