Monday, October 31, 2016

Japan model ဂျပန်နမူနာ

လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာကို ဒေါ်စုခရီးစဉ်နဲ့တိုက်ဆိုင်လို့ ပြန်တင်ပါရစေ။

နာဂါဆာကီဒေးကို ဘယ်တောမှ မမေ့ပါ။ ကျွန်တော်မမွေးခင် ၃ နှစ်တိတိ၊ ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနုမြူဗုံးချခံရတယ်။ လူပေါင်း ၃၈,ဝဝဝ ကနေ ၄ဝ,ဝဝဝ သေဆုံးရတယ်။ ၆-၈-၁၉၄၅ ဟီရိုရှီးမားမှာ လူ ၉ဝ,ဝဝဝ ကနေ ၁၄၆,ဝဝဝ သေဆုံးခဲ့ပြီးဖြစ်တယ်။ မြင်မြင်သမျှ ပြားချပ်ကုန်ပြီ။ အဲဒီနောက်မှာ ဂျပန်တွေ ဘာလုပ်ခဲ့ကြသလဲ။

ကမ္ဘာမှာ ချမ်းသာနေတဲ့နိုင်ငံတွေ ဘယ်လိုကနေဘယ်လို ချမ်းသာလာကြသလဲက စိတ်ဝင်စားဘို့ အလွန်ကောင်းတယ်။ အဲဒီမေးခွန်းကို ခပ်သောသောနဲ့ ဖြေခဲ့ဘူးတယ်။ အဲလိုချမ်းသာတဲ့နိုင်ငံကလူတွေဟာ အရင်က ပင်လယ်ဓါးပြတွေ ဖြစ်ခဲ့ကြတယ်လို့။ ဒီစာမှာရေးချင်တာကတော့ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ မရှုမလှ အရှုံးကြီးရှုံးခဲ့ရာကနေ ကနေ့မှာ ဘာလို့ချမ်းသာလာသလဲ။

ဂျပန်လူမျိုးတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာရှိတာကိုစားပြီး ဗိုက်ဖြည့်ကြတယ်၊ အလုပ်လုပ်စရာမရှိချိန်မှာ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်၊ ဒီကြားထဲကနေ ကမ္ဘာမှာ လူတိုင်းက လေးစား အားကျရတဲ့အဆင့်ကို မရရအောင် လုပ်ဆောင်ပြနိုင်ကြတယ်။ (မေဂျီ) ပြုပြင်ပြောင်းလဲရေးခေတ်တုံးကလို သန္နိဋ္ဌာန်နဲ့ စည်းကမ်းကိုပြန်ပြီးစွဲကိုင်လိုက်ကြတယ်။ ၁၉၄၆ ကနေ ၁၉၈၉ အထိသာ ကြာလိုက်ပါတယ်။ ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ မထင်မှတ်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့အတူ ထိုက်တန်တဲ့ဂုဏ်သိက္ခာကို စုစုစည်းစည်းနဲ့ အရယူနိုင်လိုက်ကြပါတယ်။ အနာဂတ်အတွက် ကြီးမားတဲ့မျှော်လင့်ချက်ကို ရစေလိုက်ပါတယ်။

ကျွန်တော်တို့တတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာကိုစားပြီး ဗိုက်ဖြည့်ကြရတဲ့ ဂျပန်တွေဘဝနဲ့တော့ တူနေပါပြီ။ ဒီကနေတက်ဘို့ရာ ကျွန်တော်တို့တတွေမှာ ဂျပန်တွေနဲ့ ဘာတွေများတူလို့၊ ဘာတွေမတူနေပါသလဲ။ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်။ ကြွက်တွင်း ရေလောင်းလို့ မပြည့်နိုင်သလို အရက်သောက်ကြတယ်။ (မေဂျီ) လိုပဲ ကနောင်မင်းသားလည်းကြိုးစားဘူးတာရှိတယ်။ သန္နိဋ္ဌာန်ဆိုတာ (မဆလ) ခေတ်က ကျောင်းတိုင်းမှာ အဆိုခိုင်းတဲ့ ကျွန်ုပ်တို့၏ယုံကြည်ချက်မျိုး မဟုတ်ပါ။ စစ်အစိုးရလက်ထက်ကတည်းက နေရာတိုင်းမှာထိပ်ကပါနေတဲ့ ဒို့တာဝန်အရေးများ မဟုတ်ပါ။ စည်းကမ်းဆိုတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကိုပြောတာ မဟုတ်ပါ။ စစ်တပ်တိုင်းမှာ စည်းကမ်းရှိတယ်။ အရပ်စည်းကမ်းနဲ့ ထပ်တူမကျပါ။

ဂျပန်တွေက (၁၉၄၆ - ၁၉၈၉) ၄၃ နှစ်နဲ့ကမ္ဘာ့ထိပ်အထိ တက်နိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ (၁၉၆၂ -၁၉၈၇) ၂၅ နှစ်နဲ့ ကမ္ဘာ့အောက်အထိ ဆင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ LDC ဘဝကနေတက်လမ်း မမြင်ရသေးပါ။ ဂျပန် ဒိုင်းယက်ထဲမှာ ယူနီဖေါင်းဝတ်တွေ မထိုင်ပါ။ ဂျပန်နိုင်ငံရေးမှာ ယူနီဖေါင်းချွတ်တွေက ဦးစီးမထားပါ။ နောက်ဆုံးဖြစ်လာတဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး (တိုမိုမီ အင်နာဒါ) က အရပ်သူဖြစ်တယ်။

ကျွန်တော်တို့ငယ်ငယ်က ဂျပန်ပစ္စည်းကို ဘယ်သူကမှ မသုံးချင်ကြပါ။ ကနေ့တော့

ဂျပန်တွေဆီကယူစရာ စည်းကမ်းရှိမှု၊ သန့်ရှင်းမှု၊ အချိန်အသုံးချမှုနဲ့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့စိတ်။ စစ်တပ်နဲ့ အရပ်ဘက်ဆက်ဆံရေး။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄

November Morning နိုဝင်္ဘာ နံနက်ခင်း

ဟိုလွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ နိုဝင်္ဘာလ (၁) ရက်နေ့ မနက်ခင်း၊ စက်ဘီးတစီးနဲ့ ကျောက်မီးသွေးမိုးခိုးနံ့ကိုရှူရင်း မန္တလေး ဘူတာကြီးအရှေ့ဖက်ဆက်နင်း၊ အရက်ပျံနဲ့ လိုက်ဇောနံ့သင်းနေတဲ့ မန္တလေးဆေးရုံကြီးရှေ့ကဖြတ်ရင် ဖေါ်မလင်နံ့ရှိရာ ဆေးတက္ကသိုလ်မှာ ဖရက်ရှာခေါ် ကျောင်းသားသစ်လေးတယောက်ဟာ အားသစ်အင်သစ် အပြည့်နဲ့ပေါ့ဗျာ။

နောင် (၇) နှစ်မှာ ဆရာဝန်ဖြစ်ဘို့တခုတည်းသာ သိသေး။ နောင်ရေး မတွေးမိ။ နှစ်အစိတ်ရှိရင် နိုင်ငံရေးထဲ ဝင်ရမယ်လို့က စိုးစဉ်းမျှ စိတ်ကူးထဲမှာမရှိ။ နောင် (၂၆) နှစ်တိတိမှာ ကိုယ့်မွေးရာတိုင်းပြည်ကြီးကို ကျောခိုင်းပြီး ထွက်ရလမ်း မှန်းမထားမိ။ အခုရှိတဲ့နေရာဆိုတာလည်း အိပ်မက်ထဲမှာ နတ္ထိ။

နိုဝင်္ဘာလဆန်းဆိုတာ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်တွေ အများကြီးရှိ။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆

HIV Update

သတင်း = မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် HIV ရောဂါကူးစက်သူ လူငယ်တွေ မနှစ်ကထက် ပိုမိုများပြား

၂ဝ၁၅ ကမ္ဘာ့ HIV ကိန်းဂဏန်း
• HIV ဟာ ကမ္ဘာ့ပြဿနာကြီးဖြစ်တယ်။
• လူဦးရေအားလုံးရဲ့ ဝ့၈% မှာ HIV ရှိနေတယ်။
• ဆာဟာရအောက်ပိုင်းဒေသမှာ ၂၅့၅ သန်းရှိတယ်။
• ၂ဝ၁၅ တုန်းက ၃၆့၇ သန်းဟာ HIV နဲ့နေထိုင်နေကြရတယ်။
• ကလေးပေါင်း ၁့၈ သန်းပါဝင်တယ်။
• AIDS နဲ့ဆက်စပ်ပြီး ၁့၁ သန်း သေဆုံးခဲ့ကြရတယ်။
• ကပ်ရောဂါစတကည်းက လူပေါင်း ၇၈ သန်းကူးစက်ခံရပြီးပြီ။ ၃၅ သန်း သေဆုံးခဲ့ရပြီးပြီ။
• ၂ဝ၁၅ မှာ လူနာသစ် ၂့၁ သန်းတိုးလာခဲ့တယ်။ ကလေးပေါင်း တသိန်းခွဲပါတယ်။
• ၂ဝ၁ဝ နောက်ပိုင်း လူကြီးတွေကူးစက်မှု ၆% နှေးတော့ရှိပါတယ်။ ဆေးကုသမှုလည်း တိုးလာတယ်။
• လူပေါင်း ၁၇ သန်းထဲက ၁၅့၈ သန်းက ART ဆေးသောက်နေကြတယ်။ အဲတာဟာ လူကြီး ၄၆% နဲ့ ကလေး ၄၉% သာဖြစ်တယ်။ ပိုးရှိနေတဲ့ကိုယ်ဝန်ဆောင် ၇၇% က ART ဆေးရနေကြတယ်။
• ၂ဝဝ၅ တုန်းက သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး အခုတော့ ၄၅% ကျဆင်းလာတယ်။
• US$ 19 billion ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်။ ၅၇% ကို ကိုယ့်တိုင်းပြည်ကနေသာ စိုက်ထုတ်သုံးစွဲတယ်။
• ခန့်မှန်းချေ ၄ဝ% လောက် HIV ရှိနေမှန်းမသိကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၆

Snowflakes ဆောင်းဦးပေါက်

လွန်ခဲ့တဲ့ ၂ နှစ်တိတိက ဒီလိုညမှာ နှင်းပွင့်ဖတ်တွေ ကျခဲ့တယ်။

• လေလည်းရောရာ၊ မိုးမပါဘဲ၊
• သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊
• မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
• ဧကန် ဟေမန်လာချေပြီ၏တည်း။

ဒီနှစ်တော့ စောစောက ဖလန်နယ်ရှပ်အင်္ကျီလက်ခေါက်ဝတ်ပြီး လမ်းလျှောက်လို့ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၄

Tortoise upside down လိပ်

(မနှစ်က ဒီနေ့မှာ ရေးတဲ့စာ)

အီတလီလူမျိုးဆရာဝန်တဦးကို ယူကေနိုင်ငံမှာ အင်္ဂလိပ်စာစစ်ဆေးမှုလုပ်တော့ကျလို့ လိုင်စင်သိမ်းခံရတယ်။ (ဒေါက်တာ အယ်လက်ဆန်ဒရို တက်ပါး) ဟာ ယူကေမှာ ၂ဝ၁၄ တုံးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အဲလို လိုင်စင်သိမ်းခံရတဲ့ ပဌမဆုံးအီးယူကဆရာဝန်ပါ။ စာမေးပွဲတွေစစ်ပြီးမှ အဲလိုဆုံးဖြတ်လိုက်တာပါ။ သူကအီတလီကတည်းက အင်္ဂလိပ်စာ သင်တန်းတွေ ယူလာခဲ့ပါတယ်။ ပိုလန်ဆရာဝန် ဒေါက်တာ (တောမတ်ဇ် ဖရီဇွဲလ်ဝဇ်) လည်း ယူကေမှာ (၉) နှစ် လာဆေးကုဘို့ လိုင်စင်ရထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း အင်္ဂလိပစာစာမေးပွဲ ၃ ကြိမ်ကျထားပြီဖြစ်ပါတယ်။ ဥပဒေအရ (၁၂) လအတွင်းမှာ အင်္ဂလိပ်စာစာမေးပွဲအောင်ရပါမယ်။

ကျွန်တော့်မှတ်ချက်
ပြောဆိုတဲ့စကားဆိုတာ အလွန်အရေးကြီးပါတယ်။ အင်္ဂလိပ်လူနာပြောတာကို ဆရာဝန်ကနားမလည်ရင် အသက်ကိုပါ စေသေနိုင်တယ်။ မြန်မာစကားလည်း အတူတူပဲ။ မြန်မာစကားကို မြန်မာလို မှန်မှန်ကန်ကန်မပြောနိုင်တဲ့ အရာထမ်း အမှုထမ်းတွေရှိတော့ လုပ်ငန်းခွင်မှာခက်ခဲရတယ်။ အဲတာကိုနားလည်မှုပေးတာတော့ လက်တွေ့ကျပါသေးတယ်။ စကားနဲ့ ဆက်သွယ်ရေးလုပ်တဲ့ ဗမာမီဒီယာမှာ မပီကလာပြောတာကိုတော့ မသင့်လို့ထင်ပါတယ်။

ပြည်ပထွက်နေရ လုပ်ရသူတွေ (၄) သန်းလောက်ရှိတယ်။ ဘာသာစကားအခက်အခဲတွေ ရှိကြတယ်။ ဒီကြားထဲ အင်္ဂလိပ်စာကို တိုင်းတပါးဆိုတဲ့တံဆိပ်ကပ်တဲ့သူက ကပ်နေသေးတယ်။ ကနေ့ခေတ်ဟာ ကိုယ့်ဟာမှမှန်တာ လုပ်နေရမယ့်ခေတ် မဟုတ်ပါ။ အဲ့ ကိုယ့်စာနဲ့စကားကတော့ နံပတ်တစ်ဖြစ်တယ်။

မြန်မာစာ မြန်မာစကားလို မှန်ကန်ပီသ၊ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လို ပြောဆိုရေးသားတတ်ရပါမယ်။ မြန်ဂလိပ် ဆိုတာ ခေါင်းမဖော်ရဲတဲ့လိပ်နဲ့တူတယ်။ လိပ်ဆိုတာ ရေထဲမှာရော ကုန်းပေါ်မှာပါ သွားလာနေထိုင်သလို ကျွန်တော်တို့လည်း အတူတူပဲမဟုတ်ပါလား။ မြန်မာလိုရော အင်္ဂလိပ်လိုပါ ကပျက်ကချော်ဆိုရင်တော့ လိပ်ကြီး ပက်လက်လှန်ထားသလို။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Language Law ဘာသာစာပေစောင့်ဥပဒေ

(မနှစ်က ဒီနေ့မှာ ရေးတဲ့စာ)

မိခင်စကားမဟုတ်တဲ့ အင်္ဂလိပ်စာအကြောင်းလေး ရေးပါရစေ။ ပြည်ပထွက်နေရတွေ သန်းဂဏန်းမနည်းပါ။ ဘာသာစကား အခက်အခဲတွေရှိကြတယ်။ အိန္ဒိယမှာနေရတုံးက မေးလာတဲ့သူရှိတိုင်း အကြံပေးရပါတယ်။ ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူဘို့၊ အိန္ဒိယ-အင်္ဂလိပ်နဲ့ မြန်မာ-အင်္ဂလိပ်တွေကိုမယူပါနဲ့လို့။

ယူအက်စ်အေရောက်ပြန်တော့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ မြန်မာဘာသာပြန်ဆရာလုပ်ရတာမို့ အကြံပေးစရာတွေ ပိုရှိလာတယ်။ ကျွန်တော်တို့တတွေမှာ အင်္ဂလိပ်လိုစစ်စစ်တတ်ဘို့မှာ ဘာတွေက အတားအဆီးဖြစ်နေသလည်း။

ကျွန်တော်က အင်္ဂလိပ်စာတော်သူမဟုတ်ပါ။ ပညာရေးဘာသာရပ်ကို လေ့လာထားသူလည်းမဟုတ်ပါ။ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်နည်းနဲ့ နမူနာယူစရာအင်္ဂလိပ်လိုရေးတာတွေမှာ လိုနေတယ်ထင်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကတည်းသုံးနေတဲ့ Ka = က၊ Kha = ခ၊ Kya ကြ-ကျ စတဲ့ သင်ရိုးကို ပြင်ဆင်ဆန်းသစ်တာ မတွေ့သေးပါ။ ကျွန်တော်နာမည် နှစ်လုံးစလုံးလည်း အင်္ဂလိပ်စကားပြောသူတွေက မှန်အောင်မထွက်ပါ။ သူတို့ မမှားဘူးထင်ပါတယ်။

Myanmar ကို သူများတွေက မှန်အောင်မထွက်နိုင်ကြပါ။ My နဲ့ စတဲ့စာလုံးမို့ (မိုင်) သံနဲ့ (မိုင်ယန်မာ) လို့ဘဲ ထွက်တယ်။ Kyi ကိုလည်း မှန်အောင်မထွက်တတ်ကြပါ။ အိန္ဒိယ-အင်္ဂလိပ်မှာ R သံကို ပီပီသသထွက်ကြတယ်။ Doctor ဆိုရင် (ဒေါက်တားရ်) လို့ ထွက်ကြတယ်။ အိန္ဒိယနေတဲ့ ရွှေမြန်မာတွေအတော်များများလည်း အင်္ဂလိပ်စကားထဲမှာ မဆလာနံ့ ပါနေတယ်။

ကွန်တော်တို့က ငပိသံ။ နောက်တော့ ငြိမ်ဝပ်စာလုံးပေါင်းနဲ့ ပိပြားသံ။ လက်ရှိ (မြန်ဂလိပ်) ဆိုတာ လိပ်နဲ့တူတယ်။ သူများဆီသွားရင် မဖေါ်ရဲဖြစ်တတ်တယ်။ ကျွန်တော်တို့ကျောင်းသားတွေ အသံထွက်မမှန်သေးတာကို မကဲ့ရဲ့ကြပါ။ ပြည်တွင်းမှာ အရင်က အင်္ဂလိပ်အသံထွက်မှန်ရင် ဗိုလ်ရူးလို့ကဲ့ရဲ့ကြတယ်။ ဗိုလ်တွေအုပ်ချုပ်စဉ်ကပါ။

မြန်မာစာ မြန်မာစကားလို ပီသမှန်ကန်ပါစေ။ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လိုမှန်အောင် ပြောဆိုရေးသားဘို့ ကြိုပမ်းသင့်ပါတယ်။ ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Sunday, October 30, 2016

Dos and Don’ts for Common Colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ

ဆရာရှင့် ကျွန်မ အသက် ၃၇ နှစ်ပါ။ မိန်းကလေဖြစ်ပြီး ရာသီပုံမှန်လာပါတယ်။ အိမ်ထောင်မရှိပါ။ အအေးမိ နှာစေးခြင်းအတွက် Amoxicillin 500 mg သောက်တာ တနေ့ သုံးကြိမ်နှုန်းနဲ့ ၂ ကဒ်ရှိပါပြီ။ ချောင်းမဆိုးပါ။ ရာသီဥတုမမှန်တာကြောင့် အခုချိန်ထိမပျောက်ပါ။ ဒီဆေးဆက်သောက်သင့် မသင့်နဲ့ ဒီဆေးများများသုံးခြင်းအားဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။ ကျွန်မ ငယ်ငယ်တည်းက အအေးမိလွယ်ပါတယ်ဆရာ။

၁၉-၁၁-၂ဝ၁၁ နေ့က ဗိုင်းရပ်စ်တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေးသောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးလိုက်ပါတယ်။ ၁၈-၁၁-၂ဝ၁၃ နေ့က နှာရည်ယိုနေတာအတွက် ပဋိဇီဝဆေးမသောက်သင့်ကြောင်း အင်္ဂလန်လူထုကျန်းမာရေးနဲ့ တော်ဝင်ကောလိပ်ကနေ သတိပေးလိုက်ပါတယ်။

နှာစေးအအေးမိတာ၊ အများစုလည်ချောင်းနာတာ၊ လေပြွန်ရက်တိုရောင်တာ၊ ဆိုင်းနပ်စ်အများစု၊ နားကိုက်တာ အများစုတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်သက်ရောက်မှုတွေ ရစေမယ်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။ အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။ အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် ပဋိဇီဝဆေးတွေက အတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

ဗီတာမင် (စီ) နဲ့ (ဒီ) များများသောက်ရင် ပိုကောင်းမယ်လို့ထင်မှတ်ထားကြတယ်။ အမှန်က ၃% ထက် ပိုမကောင်းပါ။ ပိုပြီးထိရောက်တာက ဇင့် (သွပ်) ဓါတ်ဖြစ်တယ်။ Zinc lozenges ငုံဆေးဝယ်လို့ရတယ်။ အရက်ပိုသောက်ရင် အအေးမိတာပိုကောင်းမယ်လို့ယူဆထားတယ်။ မဟုတ်ပါ။

ပျားရည်တဇွန်း ညအိပ်ခါနီးသောက်ပါ။ ချောင်းဆိုးပျောက်ဆေးထက် ပိုထိရောက်တယ်။ တခြား ဟာဗယ်ဆေးတွေ (ချင်းရည်-ချင်းပြုတ်ရည်) တွေက သုတေသနအရမထူးပါ။

ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အကိုက်အခဲ-အဖျား-အရောင်ကျဆေး (Paracetamol/Ibuprofen) ဖြစ်ဖြစ် အအေးမိဆေး (Cold tablet/Sneeza/Coricidin) ဖြစ်ဖြစ်သာ သောက်ပါ။ Hand Sanitizers ခေါ်တဲ့ လက်ဆေး ဆေးရည်သုံးပါ။ ပိုးမွှားတွေ သန့်ရှင်းပေးတယ်။ ဆရာဝန်တွေလဲ လူနာစမ်းသပ်ပြီးတိုင်း သုံးကြတယ်။ ကောင်းပါတယ်။ (တစ်ရှူး) သုံးရင်လဲ စနစ်တကျစွန့်ပစ်ရတယ်။

ဓါတ်ပုံထဲပါအအေးမိနေသူ ချောင်းဆိုးနေပုံဟာ သူများတိုင်းပြည်တွေမှာ လုပ်တဲ့အကျင့်ဖြစ်တယ်။ တတောင်ဆစ်ထဲမှာ ပါးစပ်ထားရင်းသာ ချောင်းဆိုးကြတယ်။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးကြပါ။ လူတွေ့ရင် လက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့ ယဉ်ကျေးမှုအရ လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြတယ်။ လက်ဆွဲနှုတ်ဆက်တာမလုပ်သူတွေလည်း လက်ကို ကလေးထိန်းတာ၊ စားသောက်စရာတွေစားတာ၊ ချက်ပြုတ်တာ၊ ကိုယ့်မျက်နှာစတဲ့နေရာတွေကို ကိုင်တွယ်တာတွေ လုပ်ရလို့ ဒီနည်းကို အတုခိုးသင့်ကြပါတယ်။

နွေးနွေးထွေးထွေးနေပါ။ တိုက်ရိုက်ရတဲ့နေရာင်ခြည်ကောင်းတယ်။ ရေသောက် မနည်းစေနဲ့။ ရေနွေး၊ ရေနွေးကြမ်း ကောင်းတယ်။

http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
Dos and don’ts for common colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ
https://www.facebook.com/profile.php?id=100010441749295
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html

ဒေါက်တာတင့်ဆွေ

ပဲတီချဉ် စားချင်သလား

ဟက်ပီး ဘိန်းမုံ့ အိမ်မှာတင်လုပ်အောက်မှာ ချင် နဲ့ ခြင် လွဲရေးတာလေးတွေတွေ့လို့

ချင်
ချင်ခြင်းဖြစ်သည်။ ချင်ချင်မြည်သံ။ ချင်ရဲမပြေ။ ကချင်လူမျိုး။ မချင်မရဲ။ တံခါးအချင်။ စားသောက်ချင်သည်။ ပြောချင်ဆိုချင်။ မသိစေချင်။ လုပ်စေချင်သည်။ ဖြစ်ချင်တိုင်းဖြစ်နေသည်။

ခြင်
ခြင်ကတဆင့်ကူးစက်သည်။ ခြင်ထောင်နဲ့အိပ်ပါ။ ခြင်္သေ့။ ရိုးတွင်းခြင်ဆီ။ အိမ်မိုးအခြင်။ ရှေ့နောက်ဆင်ခြင်ပါ။ အိပ်ချင်နေသည်။ စပါးခြင်တွယ်သည်။

ချဉ်
ချဉ်ပေါင်ရွက်။ ငချဉ် (ငါးချဉ်)။ ခါချဉ်ကောင်။ ကျောက်ချဉ်။ ချဉ်ရည်ဟင်း။ စိတ်ချဉ်ပေါက်နေသည်။ ညောင်ချဉ်ပင်၊ ဒိန်ချဉ်၊ ပဲတီချဉ်၊ ပန်းချဉ်ပေါင်၊ မျှစ်ချဉ်၊ လေချဉ်တက်။ လက်လုပ်ချဉ်။ ဒီကောင်ကို ချဉ်နေတာကြာပြီ။

ဒေါက်တာတင့်ဆွေ
Photo from TTSweet

The Three Musketeers သရီး မာစကက်တီးယား

ဆေးကျောင်းတက်ဖက် သူငယ်ချင်းတယောက်ကနေ ဖေါင်ကြီးသင်တန်းကို အတူတက်ကြတဲ့ဆရာဝန်ဖြစ်စ သုံးယောက်ပုံကိုတင်ပြီး Three Musketeers လို့ရေးတယ်။ ကျွန်တော်လည်း လူသုံးယောက်တွေ့ရင် သရီး မာစက်တီးယားဖြစ်ဖြစ်။ သုံးယောက်ပေါင်းလောင်းကျော်ဖြစ်ဖြစ် ပြောမိတယ်။

သရီး မာစကက်တီးယားခေါ် သေနတ်သမားသုံးယောက်ဝတ္ထုကို မြန်မာဘာသာပြန်တာ ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ ရုပ်ရှင်လည်းကြည့်ရတယ်။ သုံးယောက်ပေါင်းလောင်းကျော်ကလည်း မြန်မာရုပ်ရှင်ပဲ။

သရီး မာစကက်တီးယားထဲက ဇာတ်လိုက်နာမည်တွေက အဆန်းတွေ။ ပြင်သစ်နာမည်တွေမို့ပါ။ စိတ်ထဲမှာ စွဲနေတာတခုပဲ ကျန်တယ်။ ဒါးတညံ့။ တခြားသူငယ်ချင်းကနေ ထပ်ဖြည့်ပေးလို့ ပေါသိုး နဲ့ အားသိုး တို့ကိုအမှတ်ရတော့တယ်။

Athos အားသိုး၊ Porthos ပေါသိုးနဲ့ Aramis အာရာမီတို့က သေနတ်သမားသုံးယောက်။ D'Artagnan ဓါးတညံ့ ကတော့ တောကနေ ပဲရစ်မြို့ကြီးတက်လာသူ။ ဝတ္ထုကို နာမည်ကြီးစာရေးဆရာ Alexandre Dumas အလက်ဇန်းဒါး ဒူးမားက ၁၇ ရာစုဇာတ်လမ်းရေးတာပါ။

ဖေါင်ကြီးသင်တန်းမှာ အကောင်းဆုံးသင်တန်းသားကို ငွေဓါးဆုပေးတယ်။ ကျွန်တော်တို့ ၂ဝ ရာစုထဲက ဆရာဝန်တွေကတော့ ဓါးတညံ့တွေချည်းပဲ။ အဲ့ ခွဲစိတ်ဓါးတော့ လက်ကချမထားချင်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆
ဓါတ်ပုံ = ၁၉၇၅ ဇေယျ ၂ဝ က မျိုးဝင်း၊ ကြံအောင်နဲ့ ဇော်မင်း။ ၁၉၇၄ ဇေယျ ၁၉ က သက်တင်၊ တင့်ဆွေနဲ့ ကံလှိုင်။

Griseofulvin မိုးတောင်က၊ ပွေးပေါင်က၊ ဆေးအတု တရုပ်ပြည်က

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (FDA) အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ ကြပ်မတ်လျက်ရှိပါသည်။

၂။ ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဗူးပေါ်တွင် ဖော်ပြချက်အရ Chengdu Ernei Pharmaceutica Co., Ltd, Sichuan, China ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့် အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေ ခံစားရမည်ဖြစ်ပါသည်။ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁၆

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း

(အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။)

ဆရာရှင့် ကျမဆရာရဲ့ အသက်မှာ ၅၉ ဖြစ်ပြီး မုံရွာမှာ နေထိုင်ပါသည်။ ငယ်ငယ်က ဆေးလိပ် ကွမ်း စွဲခဲ့ပေမယ့် ယခု အားလုံး ဖြတ်နိုင်ခဲ့ပါပြီ။ အိမ်ထောင်ရှိပါသည်။ အနည်းငယ်မောသဖြင့် ဆေးစစ်ခဲ့ရာ အသည်းအဆီဖုံးနေတယ်လို့ သိခဲ့ရပါသည်။ ယခု ဗိုက်အခြေအနေမှာ သာမန်ထက် ပိုပူလာခဲ့ပါသည်။ ထို့ကြောင့် အသည်းအဆီဖုန်းသည့်ရောဂါ အတွက် ဆောင်ရန် ရှောင်ရန်များအား ရှင်းလင်းဖြေကြား ပေးစေချင်ပါသည်။

အသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလိုဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။

(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။

ဘာလို့ဖြစ်ရသလဲ
အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့ မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။

Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။

အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ခေါ်တယ်။ အရက်မဟုတ်တာကို Non-alcoholic fatty liver disease ခေါ်တယ်။ အရက်ကနေဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။

လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေခြာမယ်။

• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။
• ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။
• ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
• အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။

အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေ အသည်းရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။

ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။

• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• Ursodeoxycholic acid ဆေးကအကျိုးများစေနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• အသီးတွေနဲ့ အသီအရွက်တွေကိုနေ့တိုင်းစားပါ။
• နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနည်းနည်းသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်ဆင်နဲ့ ကြက်သားတွေကတော်သေးတယ်။
• (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
• ရေများများသောက်ပါ။

ဗိုက်ဖေါင်းတာဟာ ဖျင်းခေါ် ဗိုက်ထဲမှာ အရည်ပိုတွေအောင်းတာဖြစ်တယ်။ လိုအပ်ရင်ဖေါက်ထုတ်ရတယ်။ ဆေးတွေလိုမယ်။ ဗီတာမင် ဘီ-၁ နဲ့ တခြားဗီတာမင်တွေလိုနိုင်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆား လိုနိုင်တယ်။ ဆီးသွားစေတဲ့ဆေးလိုနိုင်တယ်။ အနာသက်သာဆေး လိုနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Maternal mortality မိခင်များ မီးတွင်းသေဆုံးခြင်း

၃ဝ-၁ဝ-၂ဝ၁၆ နေ့ထုတ် 7Day Daily မှာ ဒေသတွင်းနိုင်ငံများတွင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း မြန်မာနိုင်ငံက နီပေါနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်လို့ ရေးသားထားတယ်။

ကမ္ဘာမှာ အမျိုးသမီးပေါင်း (၈၃ဝ) ယောက်ဟာ ကလေးဖွားခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအခြေအနေတခုခုနဲ့ဆက်စပ်ပြီး နေ့စဉ် သေဆုံးနေရတယ်လို့ ၂ဝ၁၅ နိုဝင်္ဘာလမှာ WHO ထုတ်ပြန်ချက်ကဆိုပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အမျိုးသမီး စုစုပေါင်း ၃ သိန်း ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆာဟာရတောင်ပိုင်းဒေသက အဆိုးဆုံးဖြစ်တယ်။ အာရှနဲ့ မြောက်ပိုင်း အာဖရိကမှာလည်း ဆိုးတယ်။

Maternal mortality ratio (MMR) မီးတွင်းသေဆုံးနှုန်းကို ကလေးအရှင်မွေး တသိန်းမှာ သေဆုံးသူ ဘယ်နှစ်ယောက် ရှိသလဲလို့တွက်ယူပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းမှာ မြန်မာနိုင်ငံက တတိယလိုက်ပါတယ်။
နီပေါ = ၂၅၈
တီမောလက်စ် = ၂၁၅
မြန်မာနိုင်ငံ = ၁၇၈
ပါကစ္စတန် = ၁၇၈
ဘင်္ဂလားဒက်ရှ် = ၁၇၆
အိန္ဒိယ = ၁၇၄
ကမ္ဘောဒီးယား = ၁၆၁
ဘူတန် = ၁၄၈
အင်ဒိုနီးရှား = ၁၂၆
ဖလစ်ပိုင် = ၁၁၄
မြောက်ကိုရီးယား = ၈၂
မောလ်ဒိဖ် = ၆၈
ဗီယက်နမ် = ၅၄
မလေးရှား = ၄ဝ
သီရိလင်္ကာ = ၃ဝ
တရုပ် = ၂၇
ထိုင်း = ၂ဝ
တောင်ကိုရီးယား = ၁၁
စင်္ကာပူ = ၁ဝ

ကောင်းတဲ့နိုင်ငံတွေကတော့ -
ကနေဒါ = ၇
ၾသစေတးလ် = ၆
ဂျပန် = ၅
ဖင်လန် = ၃
ဂရိ = ၃
အိုက်စလန် = ၃
ပိုလန် = ၃

အဆိုးဆုံးနိုင်ငံတွေကတော့ -
ဂမ္ဘီယာ = ၇ဝ၆
ဘာရြန္ဒီ = ၇၁၂
လိုက်ဘေးရီးယား =၇၂၅
ဆိုမာလီ = ၇၃၂
တောင်ဆူဒန် = ၇၈၉
နိုက်ဂျီးရီးယား =၈၁၄
ဗဟိုအာဖရိ = ၈၈၂
ချတ် = ၈၅၆
ဆာရာလီယွန်း = ၁၃၆ဝ

အဲလိုအမျိုးသမီးတွေ ဘာကြောင့်သေဆုံးရသလဲ။ တချို့သေဆုံးရစေတဲ့အကြောင်းရင်းတွေဟာ ကြိုတင်ကာကွယ်လို့ ရနိုင်တာတွေ ဖြစ်ပါတယ်။
၁။ ကလေးမွေးပြီး သွေးအလွန်ဆင်းခြင်း
၂။ ကလေးမွေးပြီး ကူးစက်ရောဂါပိုးဝင်ခြင်း
၃။ ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
၎။ မွေးဖွားရခက်ခဲခြင်း
၅။ စိတ်မချရတဲ့နည်းနဲ့ ကိုယ်ဝန်ဖျက်ချင်း

မီးတွင်းမိခင်သေဆုံးမှု များနေစေတဲ့ အခြေခံအကြောင်းတွေကတော့ -
၁။ ဆင်းရဲမှု
၂။ ကျန်းမာရေးဌာနနဲ့ဝေးကွာခြင်း
၃။ ကျန်းမာရေးအသိနည်းခြင်း
၎။ ဝန်ဆောင်မှုမပြည့်စုံခြင်း
၅။ မှားယွင်းတဲ့ရိုးရာအလေ့အထများ

မြန်မာပြည်က မိခင်လောင်းတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆

Sweeping broom တံမြက်စည်းလှည်းနည်း

(မနှစ်က ဒီနေ့မှာ Sweep vote အမှိုက်သိမ်းရေး မဲပေးပါခေါင်းစဉ်နဲ့ ရေးခဲ့တဲ့စာ)

မုံရွာမှာပွဲအပြီး အမှိုက်ကောက်ကြတာကို သဘောကျလို့ အမှိုက်သိမ်းခွင့်တော်လှန်ရေးဆိုပြီး စာလေး နှစ်ကြောင်း သုံးကြောင်း ရေးလိုက်တယ်။ ကျွန်တော်တို့တတွေ တကယ်ကို အနှစ်နှစ်ဆယ်လောက်ကြာအောင် ကိုယ့်အမှိုက်ကိုယ် ကောက်ခွင့်ရလာအောင် ကြိုးစားခဲ့ရတယ်။

တံမြက်စည်းလှည်းတဲ့ပညာကို ငယ်လေးကတည်းက ပညာယူခဲ့ရပါတယ်။ အဖေကသင်ပေးတယ်။ ဦးကြီးဦးလေးတွေက သင်ပေးတယ်။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကိုပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။

အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည်ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်တံမြက်လှည်းစရာတွေကို ငယ်တုံးကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။
တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ခြူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။

အမှိုက်ကို ဘယ်နေရာမှစုထားမလည်း။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းရ ဆိုတဲ့ဥပဒေသက မြန်မာစကားပုံထဲမှာတောင်ပါသေးတာ။

မြန်မာပြည်မှာ အမှိုက်လှည်းတာ ကိုယ့်အိမ်ရှေ့လမ်းကိုယ်တာဝန်ယူတဲ့ခေတ်ရှိခဲ့တယ်။ လမ်းထဲက စေတနာထားသူ တယောက်က တလမ်းလုံး နိစ္စဓူဝလှည်းရှင်းတာမျိုးလည်းရှိတတ်တယ်။ အလိုက်သိတဲ့ အိမ်နီးခြင်းတွေက လှည်းပုံထားပြီးသား အမှိုက်ကို လာကြုံးပေးကြတယ်။ အဲတာလည်း ပညာပါသေးတယ်။ မြေကြီးတွေ ကျန်နေစေရမယ်။ မဟုတ်ရင် လမ်းခွက်ဝင်ပြီး မိုးရွာရင်ရေဝပ်မယ်။ လက်ခတ်လို့ခေါ်တဲ့ သစ်သားပြား နှစ်ချပ်ကို တဖက်ကအဖြောင့် တဖက်ကိုခုံးခုံးလေးလုပ်ထားတာနဲ့ အမှိုက်ကြုံးရတယ်။ အိမ်မှာကိုယ့်ဖါသာလုပ်ရတာ ကျွန်တော်က သိပ်မပိုင်ပါ။

အဲဒီ စေတနာ့ဝန်ထမ်းယဉ်ကျေးမှုက အိန္ဒိယရောက်တော့ ပြဿနာတက်ပါရော။ သူတို့ဆီမှာ အမှိုက်လှည်းတာကို အိမ်စေတွေ၊ ဇာတ်နိမ့်သူတွေကသာလုပ်တော့ ဗမာတယောက် စေတနာပေါက်လို့ အိမ်ရှေ့မှာ အမှိုက်လှည်းတာကို ဆိုရှယ်ဝပ်လို့ မသတ်မှတ်ပါ။ တော်ကြာဘေးအိမ်တွေက သူတို့အိမ်ရှေ့မှာပါ လာလှည်းလို့ခိုင်းမယ်ဆိုပြီး အရင်ရောက်နှင့်သူတွေကသတိပေးမှ တံမြက်လှည်းအမှိုက်သိမ်းအတတ်ကို ရှင်ခန်းဖြတ်လိုက်ရတော့တယ်။

မြန်မာပြည်ထဲမှာ ယဉ်ကျေးမှုတွေ၊ တန်ဘိုးထားမှုတွေ ယိုယွင်းကျဆင်းလာနေတာ မမြင်ရလို့ မျက်စေ့အောက်လို့ မပြောနိုင်ပေမယ့် အတတ်သိနေရတယ်။ အဲလိုအစဉ်အလာကောင်းခဲ့တဲ့ လူမှုဝန်ထမ်းယဉ်ကျေးမှုကို အသိရှိသူတွေက အညစ်အပေခံ၊ အထင်သေးတဲ့မျက်လုံးတွေနဲ့ ပါးစပ်ပေါက်တွေကို ရင်ဆိုင်ပြီးလုပ်နေကြတာ မကြာလှသေးပါ။ ပျက်ခဲ့တာက ရာစုနှစ်တဝက်လောက်ရှိခဲ့ပြီ။

မှတ်ချက် = အရင်က တံမျက်စည်းလို့ရေးတာလည်း တွေ့ဘူးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆

Saturday, October 29, 2016

Each and every one ကိုယ်စီကိုယ်ငှ

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးသဝဏ်လွှာလေးချိုးကြီးတင်စဉ်က ကြငှန်းသတ်ပုံမှားတာ သတိမထားလိုက်မိလို့ ပြန်ပြင်ရပါတယ်။ တချို့က အမှုမဲ့အမှတ်မဲ့ (ဟထို) ကို အလွယ်ရေးမိတတ်ကြတယ်။ (ဟထိုး) ဟာ ဗျည်းစာလုံးတွေရဲ့ အလယ်ကနေ အောက်ကိုဆွဲရမယ်။ အဆုံးကနေဆက်ပြီး အောက်ကိုမဆွဲရပါ။ င ကို အဆုံးကနေအောက်ဆွဲလိုက်ရင် ဌ ဖြစ်သွားမယ်။ ငှ လို့ရေးမှသာ မှန်တယ်။

ငှ = ဝေငှသည်။ လောက်ငှသည်။ ကိုယ်စီကိုယ်ငှ။ ကြငှန်း (အထွတ်အမြတ်)။ သုံးလူ့ကြငှန်း။

ဌ = ပဌမ (ပထမ)။ ဌပနာသည်။ ဌပနာတိုက်။ ဥက္ကဌ (ဥက္ကဋ္ဌ)။

(ပါ) ဌပန = ထားခြင်း။ ယခုရေး = ဌာပနာတိုက်။
ပဌမ = ပါဠိ။
ပထမ = သင်္သကကြိုက် (သင်္သသကရိုက်၊ ဆန်းစ်ကရစ်)

ဌာ = ဌာပနာတိုက်။ ကျန်းမာရေးဌာန။ ရာထူးဌာနန္တရ။ နေရာဌာန။

ဋ္ဌ = ဆဋ္ဌမ။ အဋ္ဌမ။ ဒိဋ္ဌမျက်မြင်။ ကုဋ္ဌနူနာ။ အဋ္ဌကထာ။ ပြဋ္ဌာန်း။ ဥက္ကဌ (ဥက္ကဋ္ဌ)။ အဋ္ဌာရသပညာ။

ဥာတိမိတ်ဆွေတွေ ကိုယ်စီကိုယ်ငှ အမျှရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Each and every one ကိုယ်စီကိုယ်ငှ

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးသဝဏ်လွှာလေးချိုးကြီးတင်စဉ်က ကြငှန်းသတ်ပုံမှားတာ သတိမထားလိုက်မိလို့ ပြန်ပြင်ရပါတယ်။ တချို့က အမှုမဲ့အမှတ်မဲ့ (ဟထို) ကို အလွယ်ရေးမိတတ်ကြတယ်။ (ဟထိုး) ဟာ ဗျည်းစာလုံးတွေရဲ့ အလယ်ကနေ အောက်ကိုဆွဲရမယ်။ အဆုံးကနေဆက်ပြီး အောက်ကိုမဆွဲရပါ။ င ကို အဆုံးကနေအောက်ဆွဲလိုက်ရင် ဌ ဖြစ်သွားမယ်။ ငှ လို့ရေးမှသာ မှန်တယ်။

ငှ = ဝေငှသည်။ လောက်ငှသည်။ ကိုယ်စီကိုယ်ငှ။ ကြငှန်း (အထွတ်အမြတ်)။ သုံးလူ့ကြငှန်း။ 

ဌ = ပဌမ (ပထမ)။ ဌပနာသည်။ ဌပနာတိုက်။ ဥက္ကဌ (ဥက္ကဋ္ဌ)။

ဌာ = ဌာပနာတိုက်။ ကျန်းမာရေးဌာန။ ရာထူးဌာနန္တရ။ နေရာဌာန။ 

ဋ္ဌ = ဆဋ္ဌမ။ အဋ္ဌမ။ ဒိဋ္ဌမျက်မြင်။ ကုဋ္ဌနူနာ။ အဋ္ဌကထာ။ ပြဋ္ဌာန်း။ ဥက္ကဌ (ဥက္ကဋ္ဌ)။ အဋ္ဌာရသပညာ။ 

ဥာတိမိတ်ဆွေတွေ ကိုယ်စီကိုယ်ငှ အမျှရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Prenatal Diagnosis of Microcephaly ကိုယ်ဝန်မှာ ကလေးဦးခေါင်းအရွယ် စစ်ဆေးခြင်း

မင်္ဂလာပါဆရာ။ သမီးက အသက် ၃၅ နှစ်၊ ကိုယ်ဝန်ဆောင်တစ်ဦးပါ။ ဇီကာပိုးရှိတဲ့ခြင် ကိုက်ခံရရင် တချို့က ရောဂါလက္ခဏာပြတယ်၊ တချို့ကမပြဘူးလို့ သိထားပါတယ်။ သမီးသိချင်တာက ဇီကာဖြစ်ပင်မယ့် ရောဂါလက္ခဏာမပြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် Ultrasound ရိုက်ခြင်းဖြင့် ဇီကာဖြစ်နေကြောင်း သိနိုင်ပါလားဆရာ။ ဘာဖြစ်လို့လဲဆိုတော့ Ultrasound ရိုက်တဲ့အခါ ကလေးဦးခေါင်းပိုင်း အတိုင်းအတာ  (HC) ကိုကြည့်ခြင်းဖြင့် ကလေးဟာ ဦးခေါင်းသေးနေလား ပုံမှန်လား သိရခြင်းဖြင့် ဇီကာဖြစ်မဖြစ် ခန့်မှန်းနိုင်သလားလို့ပါ။ တကယ်လို့ ကိုယ်ဝန် ၈လ/၉ လမှာ Ultrasound ရိုက်တဲ့အထိ HC ပုံမှန်ဆိုရင် ဇီကာမဖြစ်ဘူးလို့ ယူဆလို့ရနိုင်ပါသလားဆရာ။

ကိုယ်ဝန်ဆောင်တိုင်းမှာ အာလ်ထွာဆောင်းရိုက်တယ်။ အများအားဖြင့် ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂ဝ ပတ်မှာစရိုက်ပါတယ်။ အထဲကကလေးမှာ Microcephaly ဦးခေါင်းအရွယ်အစား သေးနေတာနဲ့ Intracranial calcifications ဦးခေါင်းတွင်း ကယ်လ်စီယန်ဖြစ်စဉ်ကိုတော့ ၃ လနဲ့ ၆ လကြားမှသာသိမယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် ကလေးဦးနှောက်သေးတာ ဖြစ်နိုင်တယ်။ ခေါင်းသေးတာသာမက တခြားဦးနှောက်ရောဂါလည်းဖြစ်တတ်တယ်။ ကလေးအထဲမှာ ဆုံးတာလည်း ဖြစ်နိုင်တယ်။

အာလ်ထွာဆောင်းအဖြေ ဘယ်လောက်တိကျသလဲ မပြောနိုင်သေးပါ။ ကိုယ်ဝန်ဆောင်က ဝလွန်းတာ၊ စက်က ဟောင်းတာ၊ နည်းပညာ စတာတွေအပေါ်မူတည်မယ်။ လေ့လာမှုတခုအရ ဇီကာကြောင့် မဟုတ်ပဲခေါင်းသေးတာမှာ ၅၇% သာမှန်ခဲ့တယ်။

ဗီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက်က ပိုပြီးအန္တရာယ်ရှိတယ်လို့ မပြောနိုင်သေးပါ။ သတိပိုထားဘို့တော့ အကြံပြုထားပါတယ်။ ကိုယ်ဝန်မှာ ဇီကာပိုးကူးစက်ခံရတိုင်းလည်း အဲလိုကလေးမွေးမယ်လို့ မဟုတ်ပါ။ ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်းမှာ ၁% ကနေ ၁၃% သာ ခေါင်းသေးတဲ့ကလေးမွေးတာ တွေ့ရတယ်။ ဘရာဇီးမှာ ၂၉% တွေ့တယ်။

အာလ်ထွာဆောင်းအပြင် Real-time reverse transcription polymerase chain reaction (rRT-PCR) စစ်ဆေးနည်း၊ Immunoglobulin M (IgM) စစ်ဆေးနည်းနဲ့ Plaque reduction neutralization (PRNT) tests စစ်ဆေးနည်းတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ တိကျမှန်ကမှုကို သုတေသနအဆင့်မှာသာရှိတယ်။

Zika virus ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် ဒီရောဂါလက္ခဏာတွေဖြစ်နိုင်တယ်။
- Fever ကိုယ်ပူမယ်။
- Rash အရေပြား အနကွက်ထွက်မယ်။ (အလာဂျီလို မဟုတ်ပါ)
- Joint pain အဆစ်တွေနာမယ်။
- Conjunctivitis မျက်စိနာမယ်။
- Muscle pain ကြွက်သားတွေနာမယ်။
- Headache ခေါင်းကိုက်မယ်။
- Pain behind the eyes မျက်စိနောက်နေရာနာမယ်။
- Vomiting အန်မယ်။

ဇီကာကာကွယ်ဆေးလည်း မပေါ်သေးပါ။ ခြင်မကိုက်အောင် သတိထားပါ။ ခြင်နှိမ်နင်းရေးလုပ်ပါ။ ကူးစက်မှုဖြစ်နေချိန်မှာ ကိုယ်ဝန်မဆောင်ပါနဲ့။ ကိုယ်ဝန်ရှိနေရင် သတိရှိပါ။ လိုတာထက် ပိုမကြောက်ပါနဲ့။ ကျန်းမာရေးအသိပညာပေးသူတွေ မှန်ကန်တိကျပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Urinary Incontinence in Women အမျိုးသမီး ဆီးမထိန်းနိုင်ခြင်း

၁။ ကျွန်မ အသက် ၃၅နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ သမီး ၂ ယောက်မွေးထားပါတယ်။ ကျွန်မ အခု ကိုယ်တွေယားပြီး အပိန့်အကွက်ကြီးများထွက်ပါတယ်။ ဓာတ်မတည့်မှုလဲအမြဲလိုဖြစ်တတ်ပြီး နေပူထဲသွားလျှင် အနီကွက်တွေလဲ ထွက်တတ်ပါတယ်။ အဲလိုဖြစ်ပြီးလျှင်ဆီးလဲမထိန်းတော့ပါဘူးဆရာ။

၁။ ဆရာရှင့် ကျွန်မကခွဲထားတာ ၁ နှစ်ကျော်ပါပြီ။ အရည်အိတ်ကြောင့်ဖြစ်ပါတယ်။ မျိုးဥလက်နှစ်ဘက်စလုံးပါ။ မခွဲခင်ကလည်း ဆီးမထိန်းနိုင်ပါရှင့်။ ခွဲပြီးတော့လည်း မထိန်းနိုင်ပါ။ ဆီးပိုးကြောင့်ဆိုပြီး ပိုးသတ်ဆေးတွေလည်း တပတ်ကျော်သောက်ရပါတယ်။ ဒါလည်းမထူးပါ။ ခရီးသွားရင် ပိုဆိုးပါတယ်။ ကားကို နာရီဝက်လောက်ဆို ရပ်ပြီး နေရာရှာရပါတယ်။ အဲဒီအတွက် လေ့ကျင်ခန်းနဲ့ဆေးဝါးလေးများ ညွှန်ကြားပေးပါရှင်။ အသက်က ၄၉ ပါဆရာ။

၂။ ဆရာရှင့် ခုတစ်ခါ ကျမရဲ့အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။

ကလေးတွေ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် အမျိုးသမီးတွေကြီးလာရင်အဲလိုဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွေးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင်တော့ ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

ဆီးမထိန်းနိုင်တာ (၆) မျိုးရှိတယ်။
၁။ Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။

၂။ Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။

၃။ Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။

၎။ Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။

၅။ Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။

၆။ Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြောထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• Bladder leakage pads, Bladder control pads ခေါ်တဲ့ တခါသုံးအတွင်းခံကို သုံးပါ။
• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊ အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်း နေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။
• သားအိမ်ကျရောဂါရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ်ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Oxybutynin ဆေးသုံးတာထိရောက်တယ်။ မျက်စိရေတိမ် ထိန်းမရသူ။ အစာလမ်းပိတ်နေသူ၊ အစာနဲ့လေ အထက်ဆန်သူတွေ ဆရာဝန်ညွှန်မှသာ သုံးသင့်တယ်။ ချွေးထွက်နည်းတတ်တယ်။ အာခေါင်ခြောက်။ ခေါင်းမူး။ မျက်စိဝါးတတ်တယ်။ Oxybutynin 5 mg ကို တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်တယ်။

Dr. တင့်ဆွေ

Friday, October 28, 2016

My Parents အမေ-အဖေ့ ဓါတ်ပုံ

(မနှစ်က ဒီနေ့မှာ တင်ခဲ့တဲ့စာ)

ကျွန်တော့်အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ သူပုန်တွေနဲ့ အမျိုးတော်တဲ့ အဖေနဲ့အိမ်ထောင်ကျပြီး၊ သားသမီးတွေ တယောက်ပြီး တယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေး ကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော် ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေ နှမတွေက အနစ်နာခံပေးကြရတယ်။

မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါခဲ့လို့ပြောရင် မှန်တယ်။ အမေဆုံးပြီး နှစ်ပါတ်ကြာမှသာ ညီကမုံရွာထောင်ကလွတ်တယ်တဲ့။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်း တင်ထားတာကို ဖတ်ရတယ်။ ကျွန်တော်ကတော့ အမေဆုံးတဲ့သတင်းရော ညီထောင်ကထွက်တဲ့သတင်းပါ လေးလကြာမှသာ သိခွင့်ရခဲ့တယ်။

သားဆရာဝန်ဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ အဖေဆုံးတဲ့ရက်မှာတော့ နေ့ချင်းဆိုသလို သိခွင့်ရတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်လျက်ပါ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော့ အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီးနောက် (၂၄) နှစ် ကြာမှသာရတယ်။

ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းလွတ်ပါစေ။ မြန်မာပြည်သူတွေ မင်းဆိုးဘေးက ဝေးကြပါစေ။ သီတင်းကျွတ်မှာ မိဘကျေးဇူးဆပ်နိုင်သူတွေ များပြားပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Zika Writings ဇီကာစာများ

ဇီကာဗိုင်းရပ်စ်စာ (၃) ပုဒ်ဆက်တင်ထားပါတယ်။ မေးလာကြတယ်။ တချို့က စာမဖတ်ပဲ မေးကြတယ်။ တချို့ကို စာတင်ထားမှန်းမသိလို့ မေးကြတယ်။

1. 11 Plants that repel mosquitoes ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များ http://doctortintswe.blogspot.com/2016/02/11-plants-that-repel-mosquitoes.html
2. Active Zika found in saliva and urine ဇီကာဗိုင်းစ်အရှင် တံတွေးနှင့်ဆီးထဲမှာတွေ့ရှိ http://doctortintswe.blogspot.com/2016/02/active-zika-found-in-saliva-and-urine.html
3. Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်http://doctortintswe.blogspot.com/…/australia-to-step-up-zi…
4. Chikungunya ဆင်ဖြူတော် တုပ်ကွေး http://doctortintswe.blogspot.com/2014/10/chikungunya.html
5. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက် http://doctortintswe.blogspot.com/2016/02/china-confirms-first-case-of-zika-virus.html
6. DHF သွေးလွန်-သွေးစုပ် ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2015/10/dhf.html
7. Honduras Declares Emergency to Fight Zika Virus http://doctortintswe.blogspot.com/2016/02/honduras-declares-emergency-to-fight.html
8. Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးသုတ်ပေးနည်း http://doctortintswe.blogspot.com/2016/10/insecticide-treated-bed-nets.html
9. Malaria in pregnancy ကိုယ်ဝန်နဲ့ ငှက်ဖျား http://doctortintswe.blogspot.com/2014/11/malaria-in-pregnancy.html
10. Malaria ငှက်ဖျားရောဂါ http://doctortintswe.blogspot.com/2014/12/malaria.html
11. Microcephaly ဇီကာနဲ့ ခေါင်းသေးသေးနဲ့ကလေး http://doctortintswe.blogspot.com/2016/10/microcephaly.html
12. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
13. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
14. Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း http://doctortintswe.blogspot.com/2016/05/mosquito-question.html
15. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
16. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2016/01/mosquitoes.html
17. Singapore reports first imported Zika case စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိ http://www.channelnewsasia.com/news/singapore/singapore-reports-first/2782808.html
18. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/2016/02/who-declares-global-emergency.html
19. Why Is It Called The Zika Virus? ဘာလို့ ဇီကာ ခေါ်သလည်း http://doctortintswe.blogspot.com/2016/02/why-is-it-called-zika-virus.html
20. Zika and Pregnancy ဇီကာနဲ့ ကိုယ်ဝန် http://doctortintswe.blogspot.com/2016/09/zika-and-pregnancy.html
21. Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီ http://doctortintswe.blogspot.com/2016/04/zika-causes-birth-defects.html
22. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက် http://doctortintswe.blogspot.com/2016/02/zika-has-been-sexually-transmitted.html
23. Zika virus control ဇီကာဗိုင်းရပ်စ် ထိန်းချုပ်ရေး http://doctortintswe.blogspot.com/2016/02/zika-virus-control.html
24. Zika virus pregnancy case confirmed in Spain http://doctortintswe.blogspot.com/2016/02/zika-virus-pregnancy-case-confirmed-in.html
25. Zika virus triggers pregnancy delay calls (ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး http://doctortintswe.blogspot.com/2016/01/zika-virus-triggers-pregnancy-delay.html
26. Zika virus triggers pregnancy delay calls http://doctortintswe.blogspot.com/2016/01/zika-virus-triggers-pregnancy-delay.html
27. Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီ http://doctortintswe.blogspot.com/2016/01/zika-virus.html
28. Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန) http://doctortintswe.blogspot.com/2016/02/zika.html

ဖေ့စ်ဘွတ်မှာ နောက်ဆုံးတင်ထားတဲ့ (၃) ပုဒ်က မြန်မာပြည်အတွက် အရေးအကြီးဆုံးပါ။ စာတွေထဲမှာ မပါတာမျိုး မသိပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

လောကသာရပျို့ (၁၅)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုန်လည်း၊ တစုံတခု၊ တတ်အေင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဘို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊     ၊ အိုသော် သူမရယ်စေမင်း။

မှတ်ချက် = တစ်စုံတစ်ခု မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Male contraceptive injection shows promise

ယောက်ျားတားဆေး ထိုးဆေးစမ်းသပ်မှု အလားအလာကောင်း

(ကန်တော့ပါ)

၂၈-၁ဝ-၂ဝ၁၆ နေ့သထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဟော်မုနုးတမျိုးသုံးပါတယ်။ ထိရောက်ပြီး စိတ်ချရတယ်လို့ သိလာပါတယ်။ ယောက်ျားတားဆေး ထိုးဆေးစမ်းသပ်မှုလုပ်နေတာ အနှစ် (၂ဝ) ကြာပါပြီ။
အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း စမ်းသပ်ခံဘို့ သဘောတူကြတဲ့ အတွဲပေါင်း ၂၇ဝ ထဲက ယောက်ျားတွေကို စမ်းသပ်တာမှာ ၉၅% အောင်မြင်တာတွေ့ရတယ်။ ဘေးထွက်သက်ရောက်မှုတွေထဲမှာ ဝက်ခြံထွက်တာနဲ့ စိတ်မူပြောင်းတာ ကြွက်သားနာတာပါတယ်။

ကျန်းမာတဲ့ယောက်ျားတိုင်မှာ ၁ မီလီလီတာထဲမှာ သုက်ပိုးအရေအတွက် ၁၅ သန်းပါနေတယ်။ စမ်းသပ်ခံသူတွေကို Progesterone ပရိုဂျက်စတီရုန်းနဲ့ Testosterone တက်စတိုစတီရုန်းနဲ့တူတဲ့ဟော်မုန်း ၂ မျိုးတွဲ ထိုးဆေးထိုးပေးခဲ့တယ်။ သူတို့သုက်ရည်ကို စစ်ဆေးနေတာမှာ သုက်ပိုးအရေအတွက် တသန်းအောက်ထိ ကျသွားတာတွေ့ရတယ်။ ထိုးဆေးရပ်တဲ့နောက်မှာ (၈) ယောက် တနှစ်အကုန်မှာ သုက်ပိုးအရေအတွက် အရင်လောက်ထိပြန်တက်လာတယ်။

ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO ရဲ့ Semen Analysis သုက်ရည်စစ်ဆေးခြင်း သတ်မှတ်ချက် -
သုက်ရည် တခါထုတ်တာဟာ အနည်းဆုံး ၂ စီစီ ထုထည်ရှိရတယ်၊
သုက်ရည် ၁ စီစီထဲမှာ Spermatozoa သုက်ပိုးကောင်ရေ သန်း ၂ဝ ပါရတယ်၊
တခါထုတ်တာမှာ အနည်းဆုံး သုက်ပိုး သန်း ၄ဝ ရှိရမယ်၊
သုက်ပိုး ၇၅% ရှင်နေတာ ပုံမှန်ဖြစ်ရတယ်၊
သုက်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
သုက်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
သုက်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

အမေရိကန် National Infertility Association အသင်းမှာ Semen Analysis သုက်ရည်စစ်ဆေးခြင်း သတ်မှတ်ချက် -
Total Volume စုစုပေါင်းထုထည် 2 5 milliliters
Sperm Count စုစုပေါင်းသုက်ပိုးအရေအတွက် 40 million to 300 million (အနည်းဆုံး 20 million ရှိရင် မျိုးပွါးနိုင်)
Motility and Velocity လှုပ်ရှားနိုင်စွမ်း 50% အနည်းဆုံးရှိရမယ်။ လှုပ်ရှားမှုအရည်အသွေး အနည်းဆုံး 2 ရှိရတယ်။)
Morphology ပုံသဏ္ဌာန် အနည်းဆုံး 30% ပုံမှန်ရှိရမယ်။
Liquefaction အရည်ပျော်ခြင်း 20 minutes မှာဖြစ်ရမယ်။
Seminal Fructose ဖရပ်တို့စ်သကြားဓါတ် နဲ့ Cultures ပိုးမွေးတာ လိုသူတွေကို လုပ်ရတယ်။

၁၇-၈-၂ဝ၁၂ နေ့ကလည်း JQ1 ခေါ်တဲ့ ယောက်ျားတားဆေး စားဆေးစမ်းသပ်မှုသတင်းပေါ်ထွက်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆


လောကသာရပျို့မှာ တ ကို တစ်လို့မရေးပါ

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှိမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍။ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံ၌။ သင်အံကျက်လေ့။ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊     ၊ ဆည်းပူးသိမြင် ကြွယ်စေမင်း။

မှတ်ချက် - တစ်ချောင်းချောင်းလျှင် မဟုတ်။ တစ်နေ့တစ်ပါး မဟုတ်။

ညဥ့်မှောင်မသိ ကြက်မျက်စိခေတ် ကုန်ဆုံးပါစေသည်း။ အိုသော်သူ အရယ်မခံကြရစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၆-၁-၂ဝ၁၆
၁၆-၁-၂ဝ၁၈

လောကသာရပျို့ (၁၈)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၈။ စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု။ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး။ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။     ။ သူ့ထက်လွန်ကုန် ကြိုးစေမင်း။

မူကွဲ
ရွေ့ရွေ့ဆည်းလော့၊
ကြီးစွာလျက်လျှင်၊
စဉ်ဆက်ကျများ၊
ပျား၏နည်းထုံး၊
ဖို့သည့်ခြင်းရာ၊
လူလိမ်မာတို့၊
ကြံစည်နက်ကိ၊ု
သူ့ထက်လွန်ကဲ ကြိုးစေမင်း။

သတ်ပုံ
လိမ်မာကို အရင်က လိမ္မာလို့ရေးခဲ့ကြတယ်။
ကြွက်သေတခုကိုတော့ ကြွက်သေတစ်ခုလို့ ပေါ်လစီသတ်ပုံအရ ရေးနေကြပါတယ်။
သေဋ္ဌေးကို သဋ္ဌေးလို့လည်း ရှေးကရေးကြပါတယ်။ သေဌေးနဲ့ သဌေးတော့ မဟုတ်ပါ။ အခုခေတ်ထုတ် အဘိဓာန်တွေမှာ သူဌေးလို့ရေးထားကြတယ်။ နောက်ပိုင်းမှာတော့ ခရိုနီလို့ပြောင်းခေါ်ကပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Microcephaly ဇီကာနဲ့ ခေါင်းသေးသေးနဲ့ကလေး

မြန်မာပြည်မှာ ဇီကာဗိုင်းရပ်စ်သတင်းထွက်လာတဲ့နောက်မှာ အစိုးရိမ်ကြီးမှုတွေထွက်ပေါ်လာပါတယ်။ မေးကြတယ်။ နောက်ဆုံးမေးခွန်းနှစ်ခုကို ပြန်ဖြေပါရစေ။

၁။ Khin Su Su Zaw မြန်မာပြည်မှာလဲ ဇီကာ virus ကူးစက်ခံရသူ ရှိနေတယ်လို့ တဆင့်စကားနဲ့ ကြားမိပါတယ်။ ကောလဟာလလား သတင်းအမှန်လား မသိသေးပေမယ့် စိတ်ပူပါတယ်။

Tint Swe ကောလာဟလ (သတ်ပုံပြင်ထားတယ်) မဟုတ်တော့ပါ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မြန်မာပြည်ကို လာလည်တဲ့နိုင်ငံခြားသူတဦးမှာသာ တွေ့သေးတယ်။

၂။ Chit Hlaing ဆရာ ကိုယ်ဝန်ဆောင်မိခင်တယောက်ကို ဇီကာဗိုင်းရပ်စ်ကူးလို့ မွေးလာတဲ့ကလေးက ခေါင်းသေးကိုယ်ကြီးနဲ့မွေးလာတယ်ထားလိုက်ပါတော့။ အဲဒီအမျိုးသမီးကပဲ နောက်ထပ်ကိုယ်ဝန်ရှိပြီး ကလေးထပ်မွေးရင်ကော အရင်ကလေးလိုခေါင်းသေးကိုယ်ကြီး ဖြစ်အုံးမှာလားဆရာ။

Tint Swe နောက်ထပ်ကိုယ်ဝန်မှာ အဲလိုကလေးမွေးတယ်လို့ ကနေ့အထိမတွေ့သေးပါ။ ဦးခေါင်းသေးတာသာဖြစ်နိုင်ပြီး ကိုယ်က ပုံမှန်သာဖြစ်တယ်။

ဒီစာကို ကိုယ်ဝန်ဆောင်နေသူတွေ မဖတ်စေချင်ပါ။ ဖခင်လောင်းတွေ၊ ဆွေးမျိုးသားချင်းတွေအနေနဲ့လည်း အစိုးရိမ်ကြီးတာကိုလည်း အတိုင်းအတာထားစေချင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပြီးမွေးလာတဲ့ ဦးခေါင်းသေးသေးနဲ့ကလေးကို Microcephaly မိုက်ခရိုက်ဖလီလို့ ခေါ်ပါတယ်။ ခေါင်းအရွယ်အစား မတူတာတွေရှိပါတယ်။ ဆိုးတာလည်းပါတယ်။ အဲလိုကလေးတွေမှာ ဖြစ်လာနိုင်တာတွေ အမျိုးမျိုးရှိတယ်။ တက်မယ်။ ဖွံဖြိုးမှုတွေ နောက်ကျမယ်။ ခေါင်းထောင်နိုင်တာ်။ ထိုင်နိုင်တာ။ လမ်းလျှောက်တာ။ စကားပြောတာ။ သင်ကြားလေ့လာမှုနည်းတာ။ ကိုယ်ကိုထိန်းထားမနိုင်ခြင်း။ အစာကျွေးခြင်း၊ မျိုချခြင်း။ နားမကြားခြင်း။ မျက်စိမမြင်ခြင်း။ အဲလိုဖြစ်တာတွေက တသက်လုံးအထိဖြစ်နိုင်တယ်။

ဘာလို့ဖြစ်ရသလည်း မပြောနိုင်သေးပါ။ မျိုးဗီဇကြောင့်လား ထင်ရတယ်။ Rubella ဂျာမန်ဝက်သက်၊ Toxoplasmosis နဲ့ Cytomegalovirus ဗိုင်းရပ်စ်တွေကနေဖြစ်မလား သံသယရှိတယ်။ ဆိုးဝါးတဲ့အာဟာရချို့တဲ့မှုကိုလည်း စဉ်းစားတယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ အဆိပ်သင့်ခြင်း။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်း။ ဇီကာဟာ နောက်ဆုံးမှာသာ တွေ့ရပါမယ်။

အမေရိကားမှာ အဲလိုကလေးမွေးနှုန်းဟာ ကလေးတသောင်းမှာ ၂ ယောက်ကနေ ၁၂ ယောက်အထိရှိတယ်။ တချို့လေ့လာမှုအရ မွေးလားပေါင်း နှစ်သောင်းမှာ တယောက်သာခေါင်းသေးကလေးပါတယ်။

၂ဝ၁၅ ကတည်းကဖြစ်တဲ့ ဘရာဇီးလ်မှာ ပဏာမလေ့လာမှုလုပ်တော့ ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၂၉% မှာသာ ဗိုင်းရပ်စ် ကူးစက်ခံရတာတွေ့တယ်။  ပြင်သစ်ပိုင် ပိုလီနီးရှန်းမှာ ၁% သာကူးစက်ခံရတယ်။ ဘရာဇီးလ်မှာပဲ ကိုယ်ဝန်ဆောင် (၈၈) ယောက်ကို အာလ်ထွာဆောင်းနဲ့စစ်တော့ (၁၂ ယောက်) ၂၉% မှာ မူမှန်တာတွေ့တယ်။ အဲတာအားလုံးကို မိုက်ကရိုကက်ဖလီလို့ မပြောနိုင်ပါ။ (၄ ယောက်) ၅% မှာသာ ဦးခေါင်းသေးကလေးဖြစ်တယ်။

ဇီကာကူးစက်ရာ နိုင်ငံပေါင်း ၅၈ ခုမှာ ၁၃ နေရာမှာ Guillain-Barré syndrome ခေါ် တခြားဦးနှောက်ချို့ယွင်းမှုပါ တခြားနေရာတွေထက် မြင့်နေတာတွေ့ရတယ်။ လူနာပေါင်း ၅ဝ၃ ယောက်ထဲက (၁ဝ) ယောက်ဟာ လိင်ကတဆင့် ကူးစက်ခဲ့တယ်။

ကူးစက်နိုင်တဲ့ ခြင်ကိုတိတိကျကျပြောရရင် Alphavirus နဲ့ Aedes mosquitoes ခြင်တွေဖြစ်တယ်။ ဒီခြင်အမျိုးအစားကနေ
၁။ Zika virus ဗီကာဗိုင်းရပ်စ်၊
၂။ Dengue virus သွေးလွန်တုပ်ကွေးနဲ့
၃။ Chikungunya virus (ချီကန် ဂွန် ညာ) ရောဂါတွေကူးစက်တယ်။ အဲတာကို ဂျပန်တုပ်ကွေး၊ မျောက်တုပ်ကွေး၊ ဆင် (ဆင်ဖြူတော်) တုပ်ကွေး လို့ခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Hydroxychloroquine ဟိုက်ဒရောက်ဆီကွီနိုလင်း

ကျွန်မအသက် ၃၉ နှစ်ပါ။ SLE ဖြစ်နေမှန်းသိတာ ၇နှစ်ရှိပါပြီ။ အခု zyQ တနေ့တလုံးသောက်ယုံနဲ့ ရောဂါကို ထိန်းထားနိုင်ပါပြီ။ ကျွန်မဘယ်လိုအစားမျိုးရှောင်ရမလဲ သိချင်ပါတယ်ရှင့်။ မုန်လာဥနီဖျော်ရည်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့ ၃ ရက်လောက်သောက်လိုက်တာ ခန္ဓာကိုယ်ထဲကမုန်လာဥနီဓာတ်မကုန်မချင်း အဖျား ၉၉ဒီဂရီ  ၅ ရက်လောက်ဖျားသွားပါတယ်ဆရာ။ တကယ်ပဲ မုန်လာဥနီနဲ့မတည့်တာလား၊ နောက်ထပ် ဘာတွေနဲ့ရော မတည့်ဘူးလဲသိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာရှင့်။ အခုလည်း စတော်ဘယ်ရီတော်ဖီ စားမိလို့လားမသိဘူး အဖျားနဲနဲတက်သလိုကြီးခံစားနေရပြန်ပြီဆရာ။ နည်းနည်းလေးမှအပင်ပန်းမခံနိုင်သလို အတိမ်းအစောင်းလည်း မခံနိုင်ဘူးဖြစ်နေပါတယ်ဆရာ။ ကျေးဇူးပြုပြီး ရှောင်ရန်ဆောင်ရန်လေးများကို ဖြေကြားပေးပါရှင့်။

မေးခွန်းထဲပါတဲ့ zyQ ဆိုတာ Hydroxychloroquine ဆေးဖြစ်တယ်။ အတိုကောက်တွေနဲ့ ကျွန်တော် ရန်ဖြစ်လေ့ရှိတယ်။ သုံးကြတာ နေရာမတူရင် မတူပါ။ HCQ လို့တချို့နေရာမှာခေါ်တယ်။ ခဏခဏရေးရတယ်။ ARV ဆိုတာ ခွေးရူး ကာကွယ်ဆေး၊ အခု HIV ဆေးတဲ့။ IUD ဆိုတာ အရင်က ကလေးဗိုက်ထဲသေတာ။ အခု သားအိမ်ထဲထည့်တဲ့ပစ္စည်းတဲ့။

ဟိုက်ဒရောက်ဆီကွီနိုလင်းဆေးကို rheumatoid arthritis လေးဖက်နာအဆင်ရောဂါနဲ့ lupus လူးပတ်စ်ရောဂါမှာ အသုံးများတယ်။ connective tissue disorders တွယ်ဆက်တစ်ရှူးရောဂါတွေမှာလည်း သုံးပါသေးတယ်။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ မျက်စိကိုသာ ကြည့်နေရမယ်။ ကိုယ်ဝန်နဲ့ ကလေးငယ်ရှိရင်လည်း ဆေးအလေးချိန်လျှော့ပေးမယ်။

ဒီဆေးကို disease-modifying anti-rheumatic drug (DMARD) ရေဂါကိုမွမ်းမံပြောင်းလဲစေတဲ့ဆေးလို့ သတ်မှတ်ထားတယ်။ ရောင်နေတာတွေကျစေမယ်။ နောက်ဆက်ဖြစ်လာမှာတွေကို တားပေးမယ်။ နာတာရှည် ဒုက္ခိတဖြစ်မှာ နည်းစေမယ်။

ဒီဆေးကို အရင်တုန်းကတော့ ငှက်ဖျားအတွက်သုံးခဲ့တာပါ။ juvenile idiopathic arthritis ကလေးအဆစ်နာရောဂါနဲ့ autoimmune diseases ရောဂါပြီးစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတွေမှာလည်း သုံးပါသေးတယ်။

လူကြီးတွေကို Hydroxychloroquine တနေ့မှာ 200 mg ကနေ 400 mg အထိပေးတယ်။ လိုရင်တော့ တိုးပေးတယ်။

ဘေးထွက်သက်ရောက်မှု မများပါ။ ဝမ်းပျက်မယ်။ အရေပြား အနီပြင်ထွက်မယ်။ ဆံပင်ပါးမယ်။ ကြွက်သားအားနည်းမယ်။ G6PD ရှိရင် အဲတာတွေပိုဖြစ်နိုင်တယ်။

Lupus လူးပတ်စ်ရောဂါရှိသူတွေအတွက် ဒီဆေးကနေ ရေရှည်ဆိုးလာနိုင်တာတွေကို တားနိုင်ကြောင်း ကနေဒါ ဆေးသုနေသတခု ထွက်ထားတာရှိတယ်။

မေးတဲ့သူ အစားအသောက်တွေ တည့်-မတည့် ကျွန်တော်ကနေတော့ မပြောနိုင်ပါ။

SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html ကို ဖတ်လိုက ဖတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးစိမ်နည်း

ခြင်မကပ်နိုင်အောင် ဆေးသုတ်ပေးထားတဲ့ခြင်ထောင်ကို Insecticide-treated bed nets (ITNs) လို့ခေါ်ပါတယ်။ ခြင်းကတဆင့်ကူးစက်တဲ့ရောဂါတွေကာကွယ်ရေးနည်းတွေထဲက နည်းတခုဖြစ်တယ်။ ဒီနည်းသုံးလို့ အဲလိုရောဂါတွေ ထူပြောတဲ့ အာဖရိကမှာ ၅ နှစ်အောက်ကလေးသေဆုံးတာ ၂ဝ% လျှော့ကျလာပါတယ်။ ဆေးက ခြင်သာမကာ တခြား အင်းဆက်ပိုးမွှားတွေကနေပါ ကာကွယ်မှုပေးမယ်။

ခြင်ထောင်အရွယ်အစားက အမျိုးမျိုးရှိလို့ ဆေးသုံးနည်းကိုလိုက်နာရပါမယ်။ ခြင်ထောင်လုပ်ထားတဲ့အစကလည်း အမျိုးမျိုး polyester, polyethylene, polypropylene စသဖြင့်ရှိတယ်။

Pyrethroid insecticides ဆေးကိုသာ အသိအမှတ်ပြုထားသေးတယ်။ နေရောင်ခံတယ်။ လျှော်ဖွပ်ခံတယ်။ ဆေးမပျယ်ဘဲ တာရှည်နေတယ်။ ဆေးနည်းနည်းကျန်သေးတာတောင် ခြင်းကိုသေစေမယ်။ အရင်က ၆ လကနေ ၁၂ လအထိခံတယ်။ ဆေးစိမ်ပြီး အရိပ်ထဲမှာ ခြောက်စေသင့်တယ်။

သုံးစွဲတာကြာလာတော့ ဆေးယဉ်လာတာကို စိုးရိမ်ချက်ထားပါတယ်။ အဲတာကြောင့် Piperonyl butoxide (PBO) ဆေးကိုပါ Pyrethroid insecticide ဆေးနဲ့တွဲသုံးလာရတယ်။ ပိုထိရောက်သလားကတော့ လေ့လာမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ WHO ကတော့ ဆေး ၂ မျိုးရောဘို့ မပြောသေးပါ။

Long-Lasting Insecticide-treated Nets (LLINs) တာရှည်ခံခြင်ထောင်သုံးခြင်ဆေးပေါ်လာပြီ။ ဆေးတခါ စိမ်ပေးထားရင် ၃ နှစ်အထိခံတယ်။ အကြိမ်ကြိမ်လျှော်လို့လည်းရတယ်။ WHO Pesticide Evaluation Scheme (WHOPES) ကနေ ၁၅ မျိုးအသိအမှတ်ပြုပေးထားတယ်။ အမေရိကန် CDC ကတော့ စစ်ဆေးတုန်းရှိပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Virgin အဓိပ္ပါယ်

ကျွန်မ တခုလောက်မေးချင်ပါတယ်ဆရာ။ ကျွန်မကလေးတော့ မရသေးပါဘူးရှင့်။ ကျွန်မ virgin serum သုံးချင်တာ၊ ကလေးယူနေတဲ့သူဆိုတော့ သုံးရတာအဆင်ပြေနိုင်မလားရှင့်။ ကျွန်မ မနေ့က healthy shop ကထုတ်တဲ့ virgin serum ဝယ်လာပြီးမသုံးရသေးပါဘူးရှင့်။သူတို့ကတော့side effect မရှိဘူးပြောပါတယှ်င့်။ သုံးသင့်မသုံးသင့် ဆရာ့ကို အရင်တိုင်ပင်တာပါရှင့်။ ပြောပြပေးပါဦးဆရာ။ ကျွန်မဝယ်လာတဲ့ virgin serum ဗူးခွံလေး တချက်လောက် ကြည့်ပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

1. Drunk Elephant Virgin Marula Luxury Facial Oil 1 oz $72.00 from 4 stores
2. Bee Friendly SK Organic Face and Eye Serum $44.99 from 5+ stores
3. Virgin Plum Seed Face Oil / Oil Face Serum / Moisturizer $16.00 from Etsy - BeigeDuskGreys
4. Anti Aging Facial Serum - Retinol + Ferulic Acid + Virgin Coconut Oil $18.58 from 5+ stores
5. Oxalis Apothecary - Facial Serum | Daily Glow $40.00 from Decovo
6. Organic Doctor Virgin Olive Oil Eye Serum - 15 ml. Liquid $9.49 from Vitamin World
7. Handmade Bio Organic Virgin Anti-aging Face Serum Moisturizer $35.00 from eBay
8. Placenta Serum (imported From Zealand) In Pure Organic Virgin Coconut $33.26 from eBay
9. Perricone MD Chia Omega-3 Serum Duo Auto-Delivery $89.00 from QVC.com
10. Mistine Virgin Coconut Hand & Finger Whitening Serum $4.85 from eBay
11. Beppin Body☆miccosmo Japan-virgin White Serum 30g $14.63 from eBay - jaipfe
12. Earth Tu Face Face Serum $62.00 from Spring
13. Miccosmo Beppin Body Virgin White Serum 30g $17.00 from eBay - lovely-love-chan0509
14. Mistine Virgin Organic Natural100% Coconut Hand&finger Whitening Serum $7.99 from eBay
15. 20g Mistine Serum Virgin Coconut Nourishing Hand Finger Whitening $9.00 from eBay
16. evanhealy Neem Immortelle Purifying Infusion 1oz $29.99 from Pharmaca
17. Earth Tu Face Eye/Repair Serum $56.00 from Spring
18. Mistine Virgin Coconut Hand & Finger Whitening Serum Oil $4.85 from eBay
19. Cocokind Facial Repair Serum, Organic - 1 fl oz $8.26 from 5+ stores
20. Mistine Virgin Coconut Hand Finger Serum Natural Whitening Softens $4.89 from eBay

အဲဒီဆေးဆိုတဲ့ ရောင်းကုန်အားလုံးဟာ ကြော်ငြာဆေးတွေသာဖြစ်ပါတယ်။ Virgin ဆိုတာ အပျိုစစ်၊ လူပျိုစစ်လို့ အဓိပ္ပါယ်ရသလို ပစ္စည်းအစစ်လို့လည်းသုံးကြတယ်။ လေကြောင်းကုမ္ပဏီတခုလည်းရှိတယ်။ Virgin ဆံပင်ဆေး၊ Virgin အရေပြားဆေး၊ Virgin နုပျိုဆေး၊ Virgin ဘာဆေး၊ Virgin ညာဆေး အများကြီးရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း

၁။ ဆရာရှင့် မင်္ဂလာပါ။ ကျွန်မအသက် ၃၇ နှစ်၊ သားဦးကိုယ်ဝန်လွယ်ထားပါတယ်။ (၄)လကျော်ပါပြီ။ လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး (ကန်တော့ပါဆရာ) စအိုဝ အပြင်ဘက်မှာ အဖုသေးသေးလေးရှိခဲ့ရာက အခု တဖြည်းဖြည်း ကြီးလာတာ လက်သန်းထိပ်လောက်ဖြစ်လာပြီး အိမ်သာသွားရင် မခံရပ်နိုင်အောင် နာနေပါတယ်။ သွေးလဲ နည်းနည်းထွက်ပါတယ်။ အဲဒါ လိပ်ခေါင်းလားဆရာ။ ရုံးမှာလဲ နာလို့ကြာကြာမထိုင်နိုင်ပါဘူး။ သောက်ဆေး၊ လိမ်းဆေးရှိရင် ညွှန်ကြားပေးပါဆရာ။

၂။ ဆရာရှင့် ကျွန်မကအသက် (၂၈) ရှိပါပြီ။ အခုကိုယ်ဝန်နဲ့ပါဆရာ။ နောက်လထဲမှာမွေးမှာပါရှင့်။ အခုကျွန်မ မနေ့ကစပြီး လိပ်ခေါင်းရောဂါ ခံစားနေရပါတယ်ဆရာ။ အဝမှာအသားစထွက်နေသလိုနဲ့ အရမ်းနာနေလို့ပါရှင့်။ အဲ့ဒါ ဘာဆေး သောက်ပြီး ဘာဆေးလိမ်းရမလဲဆိုတာ ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါအုံးရှင့်။

လိပ်ခေါင်းက လူအတော်များများမှာရှိတယ်။ ခွဲတိုင်းလဲ မကောင်းတတ်ပါ။ ကိုယ်ဝန်ဆောင်ရင် ပိုဆိုးလာတတ်တယ်။ ရိုးရိုးလမ်းကနေ မီးဖွါးနေတုံးမှာ ပိုရောင်လာသေးတယ်။ မစိုးရိမ်ပါနဲ့။ နာတာနဲ့ သွေးခြည်ဥလို ဖြစ်ရင်တော့ အထဲမှာ သွေးခဲပိတ်နေလို့။ တချို့ကို ချက်ချင်းခွဲရတယ်။ ခွဲတာနဲ့ နာတာသက်သာတယ်။ လိပ်ခေါင်းအကြောင်း စာ ၁ ပုဒ်ပို့မယ်။ ရေနွေးသုံးတာ၊ ရေနွေးထဲထိုင်တာကို သုံးပါ။ ဝမ်းပျော့အောင်လုပ်ပါ။ MOM ကို အကြာကြီးမသောက်ပါနဲ့။

အရင်ဆုံး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။ ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။ Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။ Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။ အတွင်းခံကို (ကော်တွန်) ကိုသာ ဝတ်ဆင်ပါ။ ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ ရေအိမ်သုံးစက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။ ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။ စအိုအဝကို မကုပ်မိပါစေနဲ့။

ဖိုင်ဘာများ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။ Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။ တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဝမ်းသွားရင် မညှစ်ပါနဲ့။

ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ
• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊
• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။
- Rubber band ligation သားရေကွင်းစွပ်နည်း၊
- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။
- Sclerotherapy ထိုးဆေးနည်း၊
- Laser therapy လေဆာနည်း၊
- Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။

အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်းဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်းပျောက်ပါတယ်။


ကိုယ်ဝန်ဆောင်ကျန်းမာရေးဝဘ်ဆိုက်တခုရဲ့ အကြံးပေးချက်များ

၁။ Fiber Diet ဖိုင်ဘာပါအစားအသောက်စားသုံးပါ။

၂။ Kegel Exercises ကီဂယ်လ်လေ့ကျင့်ခန်းလုပ်ပါ။

၃။ Sleep Pattern အိပ်က်ခြင်းစနစ်ကျပါစေ။ (တဖက်ဖက် စောင်းအိပ်ပါ။)

၎။ Take Short Breaks ခဏတဖြုတ်နားပေးပါ။ အလုပ်လုပ်နေရူဖြစ်ရင်လည်း မကြာမကြာ အနေအထိုင်ပုံစံပြောင်းပါ။

၅။ Ease Bowel Pressure ဝမ်းသွားချိန်မှာ မညှစ်ရအောင်လုပ်ပါ။

၆။ Clean Hygiene တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။

၇။ A Warm Bath ရေနွေးနဲ့ ရေချိုးပါ။

၈။ Topical Treatments လိပ်ခေါင်းနေရာသုံးဆေး (ရေခဲတင်၊ တရားဝင်ခွင့်ပြုထားတဲ့လိမ်းဆေး-အနာသက်သာဆေး)။

၉။ Pillow Comfort ထိုင်ရင် နူးညံ့တဲ့ အခုခအခံပေါ်မှာထိုင်ပါ။

၁ဝ။ Mineral Oil ပါရာဖင်ဆီ တဇွန်းညမှာသောက်ပါ။

Sitz bath ရေနွေးထိုင်နည်း
ရေခပ်နွေးနွေးထဲမှာ တင်ပါးမြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကား ကနေလာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ သက်သာတာ အမှန်ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။ လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ သားအိမ် နာခြင်း၊ အစာလမ်းရောင်ရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နဲ့ ဗဂျိုင်းနာ;ရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။ နာတာရော ရောင်တာကိုပါ သက်သာစေမယ်။

ရေချိုးစည်ဖြစ်ဖြစ်၊ ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ ရေအိမ်သာ အထက်မှာထားပြီး ထိုင်နိုင်တယ်။ ရေထဲကို ဆား၊ မုန့်လုပ်ဆော်ဒါ၊ ဗနီဂါတွေလဲ ရောနိုင်တယ်။ ဘာမှမရောလဲ ရပါတယ်။ ရေကန်ထဲမှာ ရေအမြင့် ၃-၄ လက္မရှိအောင်ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ အဲဒီထဲမှာ တင်ပါး နစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။

တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။ အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။ အမျိုးသမီးတွေမှာ အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆားဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ်ထည့်ပြီးထိုင်တာ ပိုကောင်းစေတယ်။ သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နည်းနည်းမြန်နိုင်တယ်။ ပြီးရင် ခြည်တဘက်နဲ့ ခြောက်အောင်သုတ်ပါ။ တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Dr. တင့်ဆွေ

Thursday, October 27, 2016

Notification အသိပေးအပ်ပါကြောင်း

ကျွန်တော့်ပုံတွေနဲ့ ဖေ့စ်ဘွတ်တခုရှိကြောင်း အခုပဲ မေးတဲ့သူရှိလို့ သိလာရပါတယ်။ မေးတဲ့သူကို အများကြီး ကျေးဇူးတင်ပါတယ်။

Pf Soesan ဆရာ ဒီအကောင့်က ဆရာ့ဟာ မဟုတ်ဘူးထင်တယ် ကြည့်ကြည့်ပါဦး
https://www.facebook.com/profile.php?id=100009116928900

ပေးတဲ့လင့်ကိုဖွင့်တော့ ထူးဆန်းအံ့သြစရာတွေနဲ့ စိတ်မချမ်းသာစရာ အော့နှလုံးနာစရာတွေ တွေ့ပါတော့တယ်။ ပရိုဖိုင်းလ်ပုံမှာ ကျွန်တော်နဲ့ မြေးတယောက်ပုံတင်ထားတယ်။ ကျွန်တော့်ပုံကို အရင်ဆုံးသုံးခဲ့တာက Lim Song Ping updated his profile picture. February 20 · နေ့ကဖြစ်နေတယ်။

ပို့စ်တွေအများစုမှာ ကျွန်တော့်ပုံတွေပါတယ်။ အဆိုးဆုံးက ညစ်ညမ်းဗီဒီယိုကလစ်တွေပါနေတယ်။

သူ့ About မှာ သေချာတော့ရေးထားတာတွေ့တယ်။
ABOUT LIM
https://www.facebook.com/profile.php?id=100009116928900&pnref=story
Lim Song Ping
No workplaces to show
No schools to show
Lives in Kuala Lumpur, Malaysia
From Ipoh, Perak
2 family members
Johanes Eduardus
Maman Kece
OTHER NAMES
Lim
Nickname
FAMILY MEMBERS
Johanes Eduardus
Brother
Maman Kece
Family member
CURRENT CITY AND HOMETOWN
Kuala Lumpur, Malaysia
Current city
Ipoh, Perak
Hometown

ကျွန်တော်ပုံတွေ သံးထာတာတွေက သိရသလောက် -
၁။ Lim Song Ping updated his profile picture. October 23 at 11:49am · Image may contain: 1 person , sunglasses, outdoor and closeup

၂။ Lim Song Ping updated his profile picture. October 7 at 11:56pm ·

၃။ Lim Song Ping updated his cover photo. August 23 ·

၎။ Lim Song Ping feeling lonely at Ipoh city. In Malaysia. May 15 · Ipoh, Malaysia ·

၅။ Lim Song Ping updated his profile picture. March 25 ·

၆။ Lim Song Ping updated his profile picture. March 1 ·

အဲတာကို ဘယ်လိုရှင်းရမလဲ မသိသေးပါ။ အဲဒီဖေ့စ်ဘွတ်နဲ့ ကျွန်တော် မသက်ဆိုင်ပါကြောင်း အသိပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆
ည (မနက်) ၁ နာရီ ၄၇ မိနစ်

Rich and Poor Nations ဆင်းရဲ ချမ်းသာ ဘာကြောင့်ပါလဲ

By ဒီဗွီဘီ 27 October 2016

ဆရာ့ နိုင်ငံ ဘာကြောင့် ဆင်းရဲသလဲ ရေးပေးပါဦး။ ဆရာ့အတွေးအခေါ် အယူအဆတွေကို အမြဲအားပေးနေပါတယ်။

မေးခွန်းက အတော်ဆီလျော်တယ်။ ဘာကြောင့် ဆင်းရဲကြသလဲ မမေးဘူး။ မေးနေစရာ မလိုတဲ့ တိုင်းပြည်မှာ နေရသူနဲ့ တူတယ်။

၂ဝဝ၈ တုန်းက ကမ္ဘာမှာ စီးပွားရေးအကျပ်ရိုက်ခဲ့တယ်။ ၅-၁၁-၂ဝ၁၄ နေ့မှာ Credit Suisse ကနေ Global Wealth Inequality ကမ္ဘာ့ချမ်းသာကြွယ်ဝမှု မညီမျှခြင်းစစ်တမ်းတခု ထုတ်ထားတယ်။ စစ်တမ်းမှာ တိုင်းပြည်တွေကို အတန်းအစား ၄ မျိုး ခွဲထားတယ်။

အနီရောင် = ဒေါ်လာ တသိန်းအထက်၊ လိမ္မော်ရောင် = ဒေါ်လာ ၂၅ဝဝဝ ကနေ ၁ဝဝဝဝ အထိ၊ အဝါရောင် = ဒေါ်လာ ၅ဝဝဝ ကနေ ၂၅ဝဝဝ အထိနဲ့ ကျနော်တို့ရဲ့ အပြာနုရောင် = ဒေါ်လာ ၅ဝဝဝ အောက်။

ဆွစ်ဇာလန် = $581,000၊ သြစတေးလျ = $431,000၊ နော်ဝေ = $359,000၊ ယူအက်စ်အေ = $348,000၊ ဆွီဒင် = $333,000၊ ပြင်သစ် = $317,000၊ ယူကေ = $293,000။

တိုင်းပြည်တွေ ဘာကြောင့် ချမ်းသာနေကြသလဲကို ၂၁-၅-၂ဝ၁၅ နေ့ထုတ် Fobes မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးကို ကိုးကားပါမယ်။ အခုထိ နာမည်ကျော်တဲ့ စီးပွားရေးပညာရှင် (အဒမ် စမစ်) က An Inquiry into the Nature and Causes of the Wealth of Nations စာအုပ်ကို ရေးခဲ့ပါတယ်။ သူ ပြောခဲ့တာ နှစ်ပေါင်း ၂၄ဝ ရှိလည်း မှန်နေတုန်းပါ။

အခြေခံအကျဆုံး သုံးချက်က Capital အရင်း၊ Labor လုပ်အားနဲ့ Efficiency ထိရောက်စွမ်းရည်။ အရင်းထဲမှာ စက်ယန္တရားတွေ၊ အဆောက်အအုံတွေနဲ့ မြေ စတာတွေ ပါဝင်တယ်။ Labor လုပ်အားဆိုတာ တိုင်းပြည်ထဲက ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လူသားရင်းမြစ် ဖြစ်ပါတယ်။ အဲဒီနိုင်ငံဟာ အရင်းကို ဘယ်လောက်အထိ လုပ်အားအဖြစ် ထိရောက်အောင် ပြောင်းပေးနိုင်စွမ်း ရှိသလဲ။

GDP per person တဦးချင်း ထုတ်လုပ်နိုင်စွမ်းဆိုတာ အဲလို ပြောင်းပေးတာရဲ့ ထိရောက်နိုင်စွမ်းအပေါ်မှာ မူတည်တယ်။ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ရင်းမြစ်တွေကို နေရာလွဲထားကြလို့ ဖြစ်တယ်။ မြန်မာနိုင်ငံသား သန်းပေါင်း ဘယ်လောက် သူများနိုင်ငံတွေမှာ ရောက်နေကြပါသလဲ။ ပြည်တော်ပြန် အလားအလာကရော့ ။

ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အစိုးရကနေ လုပ်အားကို လက်ဝါးကြီးအုပ်ထားတယ်။ ငွေကြေးကို ထိန်းချုပ်ထားတယ်။ မြေအသုံးချမှုကို သူတို့လက်ထဲမှာ ထားတယ်။ အဲဒီလို အဆီအငေါ်မတည့် လုပ်ထားပြီးသားကို ပြင်ရတာ မျိုးဆက်နဲ့ အချိန်ယူရတယ်။ အာဏာရှင်တွေ ဘယ်လောက်ဆိုးသလဲ ဆိုတာကို နိုင်ငံရေးအကျဉ်းသားနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ထောက်ပြနေခဲ့ကြရတယ်။ ခုတော့ ကြာလေ ကြာလေ ဆိုးတာတွေ ပေါ်ပေါ်လာနေတယ်။ အဆိုးတွေ အများကြီး အများကြီးရှိသေးတယ်။ ရင်နာတယ်။ အသည်းနာတယ်။ ဦးနှောက်နာတယ်။

(အရင်း အချိုး ထုတ်လုပ်မှု) ဟာ (၁) ဝန်းကျင်မှာ ရှိတာက ယူအက်စ်အေရော ဆင်းရဲတဲ့တိုင်းတွေမှာရော မကွာလှပါ။ တကျပ် ပိုသုံးရင် တကျပ်နဲ့ညီတာ ထွက်စေမယ်။

လုပ်အားမှာတော့ ပညာတတ်ခြင်းနဲ့ ကျွမ်းကျင်မှုတွေက သိသိသာသာကွာပြီ။ ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောရရင် ဆင်းရဲနေတဲ့ တိုင်းပြည်တွေမှာ အတန်းပညာ ၄-၅ တန်းသာ ရှိပြီး ချမ်းသာတဲ့နိုင်ငံတွေမှာ ၁၃ တန်းထိ ရှိနေတယ်။ အတန်းပညာအပြင် ပညာအရည်အသွေးကိုလည်း ထည့်တွက်ရပါမယ်။ ဒါလည်းပဲ ပညာရေးရဲ့သက်ရောက်မှုက အသင့်အတင့်သာ ရှိတယ်။ အမေရိကမှာ အလုပ်သမား တဦးချင်း GDP per worker ဟာ မက်ဆီကို ထက် ၃ ဆမြင့်တယ်။ အဲဒီလို ကွာခြားမှုရဲ့ ၄ဝ% ဟာ ပညာရေးကြောင့် ဖြစ်တယ်။

ကွာခြားမှုရဲ့ ၆ဝ% ဟာ ထိရောက်မှုကြောင့် ဖြစ်တယ်။ အင်စတီကျူးရှင်းတွေ မတူကြလို့ ဖြစ်ရတယ်။ မြန်မာနိုင်ငံမှာ အင်စတီကျူးရှင်း ဝေါဟာရ ပြန်ပေါ်ခါစ ရှိသေးတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က ရှိခဲ့ပါတယ်။ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းခံရပြီးနောက်မှာတော့ အင်စတီကျူးရှင်းသစ်တွေကို အာဏာပိုင်သူက တည်ဆောက်တယ်။ အကျိုးရလဒ်ကတော့ ၁၉၈၇ မှာ LDC ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်သွားတယ်။

ကနေ့ တကမ္ဘာလုံးလိုလိုမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေကြတယ်။ ငွေရင်းက အဓိကကျတယ်။ များလေလေ အမြတ်ပိုရလေလေ။ ကနေ့ ချမ်းသာနေတဲ့ တိုင်းပြည်တွေဟာ အရင်ကတည်းက ချမ်းသာနေကြတယ်။ အရင်းတွေ ဘယ်ကနေ ဘယ်တုန်းကတည်းက ရထားကြတာလဲတော့ နောက်မှာသာ ရေးပါမယ်။

ရှိတဲ့တိုင်းပြည်တွေမှာ ရှိတဲ့အရင်းကနေ အလိုလို တိုးပွားနေတယ်။ ဘဏ်မှာ ငွေအပ်ထားရင် အတိုးတက်နေသလို။ လက်တွေ့မှာ စုဘူးထဲထားသလို အသေမထားကြဘူး။ တိုးပွားအောင် လုပ်နေတယ်။ အဲဒီတော့ အရင်းက တကယ့်အရှိထက် ပိုများလာစေတော့တယ်။ အသေးစိတ်တွေ အများကြီး ရှိပါသေးတယ်။ ရေးနေရင် ပျင်းစရာကောင်းသွားမယ်။

စိတ်ကူးတဆုံးအထိ ကြည့်၊ ကွန်မြူနစ်စီးပွားရေးသီအိုရီလို ဖြစ်လာမှာ မဟုတ်ပါ။ မျက်စိတဆုံးကြည့် ဒီစီးပွားရေးစနစ်ကြီးကို ဘယ်နည်းနဲ့မှ အပျက်ခံကြမှာ မဟုတ်ပါ။ ယှဉ်ပြိုင်တာ လယ်ဗယ်တူပြီလို့ပြောတဲ့ ကမ္ဘာကြီးလည်း မပြားပါ။ ချမ်းသာသူနေသူတွေက ပိုချမ်းသာအောင်သာ လုံးပန်းနေနိုင်ကြလို့ ဆင်းရဲတဲ့သူတွေပဲ ဆက်ပြားနေပါတယ်။

သူရဲကောင်းလုပ်ပြီး ဆိုရှယ်လစ် အော်လည်း ခဏသာခံမယ်။ မချမ်းသာသေးတဲ့ တိုင်းပြည်တွေကလည်း အဲဒီချမ်းသာနည်း ဖော်မြူလာအတိုင်း လိုက်ကြပါမယ်။

ဆိုရှယ်ဒီမိုကရက်လို့ လုပ်တာက ဆင်းရဲသူတွေ နည်းနည်းခံသာတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလိုလုပ်ပါလို့ ပြောတာတော့ မဟုတ်ပါ။ အဲက ချမ်းသာပြီးမှ လုပ်ကြတာ။

အမြင်မှန်ရလို့ ပြည်တွင်း ပြန်ဝင်လာကြပြီ လုပ်နည်းနဲ့ မောင်မောင်ခေါ်လို့ ဗျာမထူး ဆိုတာတွေကတော့ ၁၉၈၈ ဖော်မြူလာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ကလည်း ခေါ်ခဲ့တယ်။ ဒေါ်စု ကလည်း ဖိတ်ထားတယ်။ ခုထိတော့

ကျွန်တော်တို့ အင်စတီကျူးရှင်းကောင်းတွေ ထူထောင်ရမယ်။ လူတွေကို အရည်အသွေး မြှင့်တင်ပေးကြရမယ်။ လူတွေကို လူနဲ့ တူတန်အောင် အသုံးချရပါမယ်။

ကျနော်က စီးပွားရေးပညာရှင် မဟုတ်ပါ။ ဘာမဆို ဆရာဝန်လို တွေးပြီး နိုင်ငံရေးလိုသာ ကြည့်တတ်တယ်။ မပြည့်စုံပါ။

ဒေါက်တာတင့်ဆွေ

Cheers ခြီးကြူး နဲ့ ချီးကျူး


ချီးကျူးသည်နှင့် ခြီးကျူးသည် ဘယ်ဟာကမှန်ပါသလဲ။

သတ်ပုံစာအုပ်ဟောင်းတွေမှာ

ချီး = ဝှဲချီးသည်။ ချီး (မစင်)။

ခြီး = ခြီးမြှင့်သည်။ ခြီးမြှောက်သည်။ ကောင်းခြီးပေးသည်။ အံ့ခြီးဘွယ်ရာ။ ခြီးမွမ်းသည်။ ခြီးကြူးသည်။

နောက်ထုတ်စာအုပ်တွေမှာတော့ ချီးကျူးလို့ဖြစ်လာပါတယ်။

ခြည်း = ရုတ်ခြည်း၊

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။

ဦးဖိုးလတ်​ ​ရေးထားတဲ့ မြန်​မာအဘိဓာန်​ ဋီကာ ကျမ်းမှာ​တော့ ဒီလို ​ရေးထား​တယ်


ဒေါက်တာတင့်ဆွေ

ကြေ ကျေ ကြော် ကျော်

ကျေညာလား ကြေညာလားဆရာ

ကြေ = မုန့်မုန့်ညက်ညက်ကြေ၊ အစာကြေ၊ ကြေပြုန်း၊ ကြေမွ၊ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ၊ စိစိညက်ညက်ကြေ၊ တွန့်ကြေ၊ ထောင်းထောင်းကြေ၊ ဖွတ်ဖွတ်ကြေ၊ မွမွကြေ၊ အတွင်းကြေကြေ၊ ကြေကွဲဝမ်းနည်း၊ အညာအကြေ၊

ကျေ = ကြွေးကျေ၊ ကျေရာကြေကြောင်း၊ တာဝန်ကျေ၊ ကျေချမ်း၊ ကျေညက်၊ ကျေနပ်၊ ကျေညာသည်၊ ကျေပျောက်၊ ကျေပွန် (ကျေပြွန်)၊ ကျေလည်၊ ကျေအေး၊ ကျိန်းကျေ၊ ကျမ်းကျေ၊ စာကျေ၊ စိတ်ကျေ၊ စိတ်မကျေပွဲ၊ တာဝန်ကျေ၊ ဒဏ်ကျေဆေး၊ နောကျေ၊ ပဲတင်းပဲကျေ၊ ပျက်ကျေ၊ မင်းတိုင်းကျေ၊ လောကွတ်ကျေ၊ ဝတ်ကျေတမ်းကျေ၊ သေကျေ၊ အခဲမကျေ၊ အသုံးလုံးကျေ၊ အောက်သက်ကျေ။

ကြော် = ကြော်ငြာစာ၊ ကြွေးကြော်သည်၊ မုံ့ဆီကြော်၊ ကြော်လှော်၊

ကျော် = ကျော်စော၊ ကျူးကျော်၊ ခုန်ကျော်၊ ကျော်ဇေယျ၊ ကျော်ထင်နော်ရထာ၊ တကျော်ကျော်ခေါ်၊

ဒေါက်တာတင့်ဆွေ

Thanks ကျေးဇူး

မင်္ဂလာပါဆရာ ကျွန်တော့အမေက ထမင်းစားပြီး ဗိုက်တင်းတယ်လို့ပြောတယ်။ နဲနဲစားလဲတင်းတယ်လို့ပြောတယ်။ ခြက်ရဲ့အောက်ပိုင်းလည်းတင်းတယ်လို့ပြောတယ်။ အစာအိမ်လည်းနာတယ်လို့ပြောတယ်။ အာထာစောင်းရိုက်တော့ အသည်းမှာအဆီဖုံးတယ်လို့ပြောတယ်။ အစားအသောက်နဲ့ဘယ်လိုဆက်လုပ်စင်ချင်ရပါသလဲဆရာ။ ကျေးဆူးပြုပြီး ဖြေပေးပါဆရာ။ ECG ဆွဲကြည့်တော့ နလုံးသွေးကြောကျဉ်းလည်းရှိတယ်လို့ပြောတယ်ဆရာ။

ဖြစ်တဲ့သူ အသက် မသိပါ။ ရေးတဲ့သူ သတ်ပုံတွေ အတော်လွဲမှားတောတော့ သိတယ်။
ခြက် = ချက်
အာထာစောင်း = အာထွာဆောင်း
စင်ချင် = ဆင်ခြင်
ကျေးဆူးပြုပြီး = ကျေးဇူးပြုပြီး

ကျေး = ကျေးရွာ၊ ကျေးလက်တောရွာ၊ ကျေးဇူးတရား၊ ကျေးကျွန်၊ ကျေးငှက်၊ ယဉ်ကျေးသိမ်မွေ့၊ ကျေးသား။

ကြေး = ငွေကြေးဥစ္စာ၊ ငါးအကြေးခွံ၊ ကြေးနီ၊ ကြေးဝါ၊ ကြေးစည်၊ မှန်ကြေးမုံ၊ အညစ်အကြေး၊ ကြေးညှော်၊ ကြေးစားမ၊ ကြေးရတတ်။

ဆူး = ဆူးစူးသည်၊ ဆူးပုပ်ပင်၊ ကျောက်ဆူး၊ ဆူးခြုံ။

ဇူး = ကျေးဇူး၊

ဒေါက်တာတင့်ဆွေ

Cefaclor ဆေး

ဆရာရှင့် သမီးညီမက ၁ဝ လပိုင်းမွေးမှာပါ။ ဆရာဝန်ကဒီဆေးရှာခိုင်းပါတယ်ရှင့်။ ရှားတယ်လို့လည်း ပြောလိုက်ပါတယ်တဲ့ဆရာ။ အဲ့ဆေး ဘယ်မှာရှာလို့ရနိုင်မလဲရှင့်။ ရွှင်လန်းချမ်းမြေ့ပါစေရှင်။

Cefaclor ဆေးဟာ Cephalosporin antibiotics ဆေးအုပ်စုဝင်ဆေးဖြစ်တယ်။ ဗက်တီးရီးယားသေဆေးဖြစ်တယ်။ နူမိုးနီးယား၊ အသက်ရှူလမ်းရောင်တာ၊ အရေပြား။ နား၊ လည်ချောင်း။ အာသီးနဲ့ ဆီးလမ်းပိုးဝင်တာတွေမှာသုံးတယ်။

တနေ့ ၂-၃ ကြိမ်ပေးတယ်။ ၇-၁ဝ ရက်ကြာပေးတယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ ဝမ်းပျက်။ ပျို့၊ အန်၊ ဗိုက်အောင့်၊ ခေါင်းကိုက်တာတွေဖြစ်နိုင်တယ်။

ဒီဆေးရှာမရရင် အစားထိုးသုံးနိုင်တဲ့တခြားဆေးတွေလည်းရှိပါတယ်။

ဒေါက်တာတင့်ဆွေ

Abundant များစွာ

- တောင်ယမားနဲ့ မြောက်ယမားကြားမှာ၊
- နှစ်ပေါင်းများစွာ၊ စနစ်ပေါင်းများစွာ၊

- ခြေရာပေါင်းများစွာ၊ ဘီးရာပေါင်းများစွာ၊
- လူးလာခေါက်ပေါင်းများစွာ၊ လူနာအယောက်ပေါင်းများစွာ၊

- အသည်းပေါင်များစွာ၊ မဲပေါင်းများစွာ၊
- အဝေးမိုင်ပေါင်းများစွာ၊ အတွေးတိုင်ပေါင်းများစွာ၊

- ယမားများစွာ မြစ်များစွာ၊ နှစ်များစွာ၊
- စနစ် တခုတည်းသာ၊ နှစ်များစွာ။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၆
ပုံ = စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ယမားကမ်းဘေးက မင်းရွာ

မောင်တောစခန်းစီးနင်းသူတွေ ပါကစ္စတန်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်

VOA ကိုဇော်ဝင်းလှိုင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Aqa Mul Mujahideen အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့အစည်း ဖြစ်သလို ထိထိမိမိ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

Aqa Mul Mujahideen အဖွဲ့ဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာတွေမှာလည်း အထောက်အထားတွေနဲ့တကွ ရေးသား ဖော်ပြထားကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ကင်းစခန်းတွေကို အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ လူသိနည်း ရိုဟင်ဂျာ အကြမ်းဖက်အုပ်စု Aqa Mul Mujahideen အဖွဲ့ဟာ Hafiz Saeed ခေါင်းဆောင်တဲ့ ပါကစ္စတန် အခြေစိုက် Lashkar-e-Taiba အဖွဲ့နဲ့ သာမက Jammu နဲ့ Kashmir နယ်က (JeM) လို့ခေါ်တဲ့ Jaish-e-Mohammed အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတာကို ရိုဟင်ဂျာအကြမ်းဖက်သမားတွေ Jammu နဲ့ Kashmir က ပါကစ္စတန် လိုလားတဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိ - ဆိုတဲ့ ခေါင်းစဉ်နဲ့ အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
Aqa Mul Mujahideen အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ပါကစ္စတန်မှာ သင်တန်းတက်ပြီးတဲ့နောက် ရခိုင်ဘက်က ရိုဟင်ဂျာလူငယ်တွေကို ခေါ်ယူ လေ့ကျင့်ပေးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

အရင်က လူသိမများတဲ့ ဒီ Aqa Mul Mujahideen အဖွဲ့က အခုလို မြန်မာ နယ်ခြားစောင့် ကင်းစခန်းတွေကို တိုက်ခိုက်တာဟာ အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ခဲ့တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ကျနော် အိန္ဒိယမှာ နေခဲ့တဲ့ ကာလအတွင်းမှာ အိန္ဒိယလုံခြုံရေးအေဂျင်စီလို့ခေါ်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကျနော် အဆက်စပ်ရှိတော့ကာ သူတို့လည်း သတင်းကို တော်တော်ကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်ကြီးကိုသိတဲ့ အေဂျင်စီတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ကျနော် ဆွေးနွေးချင်တာက ဒီသတင်းဟာ တော်တော်လေး အားကိုးရတဲ့ သတင်းတခု ဖြစ်တယ်လို့ ပြောလိုပါတယ်။ အဲဒီမှာ ကျနော်တို့ ရိုဟင်ဂျာအုပ်စုလို့ခေါ်တဲ့ Aqa Mul Mujahideen ကို အိန္ဒိယကတောင် သိပ်မသိသေးတဲ့ အနေအထား၊ အခုမှ သူတို့ သိလာရတယ်ပေါ့။ ပါကစ္စတန်ကို အမှီပြုတဲ့ အားကိုးပြုတဲ့ အဖွဲ့အစည်းတွေပေါ့နော် (JeM) တို့၊ (LeT) တို့ ဆိုတဲ့အဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေနဲ့ အသစ်ဖြစ်လာတဲ့ Aqa Mul Mujahideen ရခိုင်ဒေသက ရိုဟင်ဂျာအဖွဲ့က အဆက်စပ်ရှိတဲ့အပြင် အဲဒီအဖွဲ့ထဲက ခေါင်းဆောင်တယောက်ဆိုရင် (LeT) အဖွဲ့က ခေါင်းဆောင်တယောက်နဲ့ စင်ပေါ်တောင် အတူ စကားပြောတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေလည်း ရှိတယ်။ ဆိုတော့ကာ ကျနော်တို့ ပြောရရင် ဒီအကြမ်းဖက်မှုဟာ မသေးဘူး အန္တရာယ်ကြီးတယ်၊ ထိထိမိမိနဲ့ ကျကျနန ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။

မောင်တောတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူဟာ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်သင်တန်း တက်ခဲ့သူဖြစ်ကြောင်း စုံစမ်း သိရှိရတယ်လို့ မြန်မာ နိုင်ငံတော်သမ္မတရုံးကလည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယ သတင်းမီဒီယာတွေက မေးမြန်းတာမှာ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တခြား နိုင်ငံတွေက အကြမ်းဖက် အဖွဲ့အစည်းတွေထံက ငွေကြေး အထောက်အပံ့တွေ ရရှိနေတယ်လို့ သတင်းရထားကြောင်း၊ ဒါပေမဲ့ အဲဒီအချက်ကို အတည်ပြုလို့ မရနိုင်သေးကြောင်း ဖြေကြားခဲ့ပါတယ်။

ဒေသတွင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေအတွင်းမှာ မူဆလင် အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိပေမဲ့ အောက်တိုဘာလက ၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့ အိန္ဒိယလို အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အတွေ့အကြုံရှိပြီးသား နိုင်ငံတွေနဲ့ ဒီကိစ္စကို ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

အဲတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အထောက်အကူယူဖို့ကတော့ ဒီကနေ့ အသင့်ဆုံးဟာ အိန္ဒိယနိုင်ငံလို့ ကျနော် ယူဆပါတယ်။ ဒုတိယတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်ပါတယ်။ ပါကစ္စတန်ကနေ မြန်မာပြည်ကို လာရင် အိန္ဒိယကို ဖြတ်ရပါတယ်။ ဒါကြောင့် အရင် ကျနော် ရှိစဉ်ကတည်းက ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာနာမည်နဲ့ ဝင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲတော့ ဗုဒ္ဓဂါယာမှာ ဗုံးခွဲမှုနောက်ပိုင်းမှာ အိန္ဒိယက ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံနဲ့ ရခိုင် မြောက်ပိုင်းဒေသကို အာရုံစိုက်လာကြတယ်။ အဲတော့ အဲဒီဒုက္ခသည် UNHCR ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးဆီက လက်မှတ်ရတဲ့လူတွေကိုယ်၌က ကျနော်တို့ အများစုနေတဲ့ ဒေလီမှာမဟုတ်ဘဲနဲ့ အိန္ဒိယတောင်ပိုင်းက Hydra Bard လိုမျိုး မူဆလင်လူဦးရေ အများစုနေတဲ့ ဒေသမှာ သွားနေကြတယ်၊ ခိုအောင်းကြတယ်ဆိုတဲ့ အဆက်စပ်တွေပါ အိန္ဒိယက အထောက်အထားတွေ တွေ့လာတယ်။

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက် အုပ်စုတွေကို တပ်မတော်က လိုက်လံ ရှာဖွေတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း အဲဒီပြောဆိုမှုတွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မောင်တော အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတချို့ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ရမိထားပြီး ဖြစ်ပေမဲ့ သူတို့ထံက စစ်ဆေးသိရတဲ့အချက်အလက်တွေကို တရားဝင်သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ် http://burmese.voanews.com/pp/3568002/ppt0.html

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၆

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ