Eggplant and bean ပဲသီး၊ ခရမ်းသီး
ဒီမှာက ပဲသီး၊ ခရမ်းသီး ဈေးတော့ကြီးတယ်။ လူကြီးတွေကြိုက်တာဝယ်လာပြီး ဘယ်ဈေးပေးခဲ့ရသလဲမေးရင် လျှော့ပြောလေ့ရှိကြတယ်။
ခရမ်းသီးဆိုရင် ကျွန်တော် မမေ့နိုင်တာလေးတွေရှိတယ်။ ပုလဲကခရမ်းသီး အများကြီးထွက်တယ်။ ပုလဲကိုပြောင်းလာတဲ့ အရာရှိတယောက်ကို ဘယ်သူကလက်ထောက်ချသလဲမသိ။ ခရမ်းသီးရှားတယ်ဆိုလို့ သယ်လာခဲ့တယ်။
ပြည်ပမှာလည်း ခရမ်းသီးအကြောင်း သတိရတာတွေရှိတယ်။ ကျွန်တော် မဏိပူနယ်စပ်သွားရင် ကျောင်းသားအဖွဲ့က တာဝန်ခံတယောက်က အမြဲချက်ကျွေးပါတယ်။ သူကတော့ ခရမ်းသီးကို စားတာမဟုတ်ဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ အတူပြည်ပကိုထွက်ပြေးဖက် အမတ်ဦးသန်းစိန်က မရှိရှိတာလေးနဲ့ ခရမ်းသီးချက်တာ ကောင်းတယ်။
မုံရွာဆိုရင် ကျွန်းခရမ်းသီးကောင်းတယ်။ ဘုတလင်ဆိုရင် စည်ပါခရမ်းသီး ကောင်းတယ်။ ပုလဲခရမ်းသီးက အများအားဖြင့် ခရမ်းရောင်။ ကျွန်တော်က အစိမ်းနုရောင်ကိုပိုကြိုက်တယ်။ ဦးကျော်ခင် + ဒေါ်ဌေးမေတို့က သူတို့အခင်းကနေ အစိမ်းနုရောင်ခရမ်းသီး ခပ်နုနုလေးတွေခူးပြီး အမြဲလာပို့ကြတယ်။ ကျွန်တော့်ဇာတိ မင်းရွာကတော့ ခရမ်းသီး စိမ်းစိမ်းလေးတွေကို ခံတောင်းနဲ့သယ်လာကြတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆

Comments
Post a Comment