Banyan tree and Castor plant Kings ညောင်ပင်နဲ့ ကြက်ဆူပင်

ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံတဲ့သတင်းကိုတင်တော့ တချို့ကကိုယ်ဘုရင်မှမဟုတ်တာလို့ လုပ်ကြတယ်။ ဘယ်သတင်းမဆို သင်ခန်းစာယူစရာရှိပါတယ်။ ဟစ်တလာဖြစ်ဖြစ်၊ ဘင်လာဒင်ဖြစ်ဖြစ်၊ ဆဒမ်ဟူစိန်ဖြစ်ဖြစ့့်

ထိုင်းဘုရင်ကို ထိုင်းနိုင်ငံသားတွေကချစ်ကြတယ်။ ကျွန်တော်လည်း မြန်မာပြည်ကဘုရင်တွေစာရင်းကို ပြန်လှန်ပြီး၊ သာလွန်မင်းအကြောင်းလေး ရေးပါတယ်။ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ကိုပဲ ကိုယ့်ဘုရင်တွေလို့ ထင်တတ်ကြတယ်။ ကျန်စစ်သား၊ တပင်ရွှေထီး၊ မင်းရဲကျော်စွာနဲ့ မဟာဗန္ဓုလတို့ကိုလည်း ထည့်တတ်ကြပါတယ်။ စလေငခွေး၊ တရုပ်ပြေးမင်းနဲ့ ကုလားကျမင်းတို့လည်း ကိုယ့်ဘုရင်တွေပါပဲ။

ရခိုင်ဒေသကို မင်းကြီးစွာစော်ကဲလက်ထက်အထိ အင်းဝမင်းတွေကအုပ်ချုပ်ခဲ့ပါတယ်။ ၇၄၂ မှာ ရခိုင်စား စောမွန်ကြီး ကွယ်လွန်တဲ့အခါ စောမည်းကို ရခိုင်ကိုစေလွှတ်လိုက်တယ်။ ကြောင်ကဲ့သို့ကျင့်လေ၊ ညောင်ကဲ့သို့ကျင့်လေဆိုတဲ့ အဆုံးအမတခုပေးလိုက်ပါတယ်။ ပညာမရှိတဲ့စောမည်းဟာ ရခိုင်ရောက်တာနဲ့ ရှိသမျှကြောင်တွေကို သတ်စား၊ ပေါက်သမျှညောင်ပင်တွေကို ဆင်စာကျွေးတယ်။ ရခိုင်သားတွေကပုန်ကန်ကြတော့ စောမည်း ထွက်ပြေးရတယ်။

ကြောင်တို့မည်သည်မှာ လက်သည်းကို လိုမှသာထုတ်တယ်။ ဘုန်းလက်ရုံးအာဏာကိုလည်း အခါအားလျော်စွာသာ သုံးရတယ်။ ညောင်တို့မည်သည် အရိပ်လာခိုသူ ဘယ်သူမဆို ငြူစူခြင်းမရှိ အေးမြတဲ့အရိပ်အာဝါသပေးတယ်။ မင်းပညာရှိအဆုံးအမကို ပညာမဲ့သူကိုပေးတာဟာ နေယျဒေါသသင့်တယ်လို့ ဆိုပါတယ်။ လွတ်မြောက်လိုရင် ပညာမဲ့မင်းတက်နေချိန်မှာ အခွင့်သာတယ်ဆိုတဲ့သင်္ခန်းစာ ရခဲ့ကြပါတယ်မဟုတ်ပါလား။

ဘုရင်၊ သမတ၊ ဝန်ကြီးချုပ်၊ အာဏာသိမ်းကောင်စီဥက္ကဋ္ဌ၊ စသူတွေဟာ နိုင်ငံတိုင်းရဲ့သမိုင်းမှာ ထင်ရှားသူတွေဖြစ်ပါတယ်။ သူတို့သမိုင်းသူတို့ရေးသွားကြတယ်။ ကျွန်တော်တို့ဆီမှာ ကြက်ဆူပင်မင်းမူတဲ့ခေတ်က အတော်ကြာခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး