Mujahideen မူဂျာဟစ်ဒင်
မူဂျာဟစ်ဆိုတာ ဂျီဟဒ်လုပ်သူလို့ဆိုလိုတယ်။ အာဖကန်နစ္စတန်မှာ ဆိုဗီယက်တပ်တွေဝင်သိမ်းစဉ်က ဆန့်ကျင်ခဲ့သူတွေ သုံးရာကနေ လူသိများလာတယ်။ မူဂျာဟစ်ဒင်ဆိုတာ အများကိန်း။ ကြိုးပမ်းဆောင်ရွက်သူများ ဒါမှမဟုတ် အလာရှင် အလိုတော်ကျလုပ်တဲ့ မွတ်ဆလင်လို့ အဓိပ္ပါယ်ရပါတယ်။ (ဂျီးဟဒ်) ကလည်း ကြိုးပမ်းလုပ်ဆောင်ခြင်း။
၁၉၆ဝ ကနေစတဲ့ ခေတ်ပေါ် (ဂျီးဟဒ်ဒဇင်မ်) ထဲမှာ သူပုန်ထခြင်း၊ ပျောက်ကျားစစ်၊ အကြမ်းဖက်အဖွဲ့ စတဲ့နည်းတွေကို အသုံးပြုကြတယ်။ အာဖကန်နစ္စတန်၊ ဘော့စနီးယား-ဟက်ဇာဂိုဘီးနား၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ အီရန်၊ အီရတ်၊ ကော့ကေးဆပ်မြောက်ပိုင်း၊ ကိုဆိုဗို၊ နိုက်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမာလီ နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရှိနေတယ်။
မြန်မာနိုင်ငံနဲ့ မူဂျာဟစ်ဒင်
၁၉၄၆-၁၉၄၉ တုံးက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ (မူဂျာဟစ်ဒင်) တွေ အရေအတွက်တစုံတရာအထိ ရှိခဲ့တယ်။ (မားရ် ကစ်ရှမ်) က ဦးဆောင်ခဲ့တဲ့အဖွဲ့ကို (မူဂျာဟစ်) လို့ခေါ်တယ်။ အဖွဲ့ဝင်တွေဟာ အဓိကအားဖြင့် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒက်ရှ်) နိုင်ငံသားတွေဖြစ်တယ်။ ၁၉၅ဝ မှာ မြန်မာစစ်တပ်က နှိမ်နင်းနိုင်ခဲ့တယ်။ (မားရ် ကက်ဆင်) ဟာ ဘင်္ဂလားဒက်ရှ်ဖက်က (ကော့်ဆက် ဘဇား) မှာ အသတ်ခံရပြီး နောက်လိုက်တွေလဲ လက်နက်ချခဲ့ရတယ်။ သူတို့မျိုးဆက်တွေကိုမေးတဲ့အခါ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောလာကြတာ မကြာသေးပါ။
၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းခင်အထိ သူတို့ဟာ အတော်တက်ကြွနိုင်ခဲ့သေးတယ်။ ဗခကနေဝင်းက အနှစ် ၂ဝ ကျော်ကြာအောင် နှိမ်နင်းခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးက နာမည်ထွက်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြောင့် သူတို့ အများစုဟာ ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးပြီး ဒုက္ခသည်တွေဖြစ်လာကြတော့တယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းမှာ ဆက်ပြီး ရှိနေသေးပါတယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ် (မူဂျာဟစ်ဒင်) တွေနဲ့ ပိုနီးစပ်တာသာမကဘဲ မလေးရှား၊ ပါကစ္စတန်က အလားတူအဖွဲ့တွေနဲ့ ကွန်ယက်ဖွဲ့ထားကြတယ်။ ရံပုံငွေတွေကောက်ပြီး မြန်မာပြည် ပြင်ပမှာ စစ်သင်တန်းတွေ တက်နေကြတယ်။
သူတို့ရဲ့ အစဆုံးလှုပ်ရှားမှုက (၁၉၄၇-၁၉၆၁) ဖြစ်တယ်။ ရိုဟင်ဂျာတွေနေခဲ့တဲ့ မေယုဒေသကို အရှေ့ပါကစ္စတန် (ဘင်္ဂလားဒက်ရှ်) ထဲရောက်သွားတယ်။ ၁၉၇ဝ-၇၁ အရှေ့ပါကစ္စတန်ကနေ (ဘင်္ဂလားဒက်ရှ်) လွတ်လပ်ရေးစစ်ပွဲ အတွင်းမှာ တက်ကြွခဲ့ကြတယ်။ ၂ဝ၁ဝ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းတွေဖြစ်တော့ သတင်းတွေအရ ရခိုင်ထဲမှာ လွတ်လပ်ရေး ဒါမှမဟုတ် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလာကြတယ်။ ရိုဟင်ဂျာအမည်ကို အရင်ရအောင် လုပ်ယူထားတယ်။
၂၈-၅-၂ဝ၁၂ နေ့က ကျောက်ဖြူ အဖြစ်အပျက်ကနေဆက်ပြီး နှစ်ဘက်လုံးမှာ အသေအပျောက်၊ ပျက်စီးမှုတွေနဲ့ ဖမ်းဆီးခံရတာတွေရှိလာတယ်။ ၂ဝ၁၂ မေလထဲမှာ ၂ နေရာ၊ ဇွန်လထဲမှာ ၃ နေရာနဲ့ အောက်တိုဘာမှာ ၃ နေရာမှာ ဆက်ဖြစ်တယ်။ (၉၆၉) လှုပ်ရှားမှုဆိုတာဖြစ်လာတယ်။ ဒုကသည်စခန်းမှာလူတွေများများလာစေပြီး နိုင်ငံတကာက လာလာကြည့်ပြီး အပြစ်တင်တာခံနေရတယ်။ မလေးရှားမှာအလုပ်သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရတယ်။ ခါးသီးတဲ့ အပြန်အလှန် ပြစ်တင်-ဝေဖန်-ဆဲဆိုမှုတွေအထိ ဖြစ်လာစေတယ်။ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာပါလာပြီး၊ ဘာသာရေးပါ ရုပ်ဆိုးသွားစေတယ်။ ၇-၇-၂ဝ၁၃ နေ့က ဗုဒ္ဓဂယာမှာဗုံးခွဲတာနဲ့ ဆက်စပ်မလားလို့ စုံးစမ်းစစ်ဆေးသူတွေက စဉ်းစားရတော့တယ်။
တိုင်းပြည်ဘက်ကနေကြည့်ရင် မကောင်းကျိုးဆက်တွေ တသီချည်းဖြစ်လာတယ်။ စစ်အစိုးရခေတ်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြစ်တင်တာထက် နိုင်ငံတကာက အခုအရေးမှာ အဆများစွာပိုတဲ့ ပြစ်တင်မှုတွေသာကာ ဝင်ရောက်စွက်ဖက်မှုအထိ ဦးတည်လာခဲ့တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ တချို့ပါတီတွေနဲ့ အဖွဲ့တွေက သူတို့အကျိုးအမြတ်အတွက် အသုံးချခဲ့ကြတယ်။
အခုအစိုးရလက်ထက်မှာ ဖြေရှင်းနည်းမှန်နဲ့လုပ်ဆောင်လာတယ်။ ပြည်ကအသံတွေ ပါးစပြုချိန်မှာတော့ ၉-၁ဝ-၂ဝ၁၆ နေ့ကစပြီး ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။ ၁၄-၁ဝ-၂ဝ၁၆ နေ့မှာ သမတရုံးကကြေငြာချက်မထွက်ခင်အထိ အမြတ်ထုတ်သူတွေကထုတ်ကြတယ်။ အစိုးရကတော့ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့ လက်ချက်ဖြစ်တယ်၊ ဟာဗစ်တူဟာရ်က ဦးဆောင်တယ်လို့ ထုတ်ပြန်တယ်။
အစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဘာသာရေးနဲ့ လူမျိုးရေးမဟုတ် အကြမ်းဖက်မှုလို့ဆိုပါတယ်။ လိုအပ်ချက်ရှိလို့ အဲလို ဖွင့်ဆိုတာဖြစ်ပါမယ်။ မလိုလားအပ်တာတွေနဲ့တော့ ကိုယ့်အဖွဲ့အကျိုးတခုတည်းအတွက် အမြတ်မထုတ်ကြပါနဲ့။
ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၆

Comments
Post a Comment