The King and the Pagoda သာလွန်မင်းနဲ့ ကောင်းမှုတော်စေတီတော်

မြန်မာနိုင်ငံသမိုင်းမင်းဆက်တွေမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ကနေ့ ပြန်ကြည့်တဲ့အခါ ဘယ်ဘုရင်တွေက ဘယ်လိုပါလဲ။ နေပြည်တော်ကိုတော့ မရောက်ဖူးပါ၊ ဘုရင်ရုပ်တွေထုထားတာက အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝမှာ ရာဇဝင်သင်ရတုန်းကတော့ သာလွန်မင်းကိုသဘောကျခဲ့တယ်။ သာလွန်မင်းဟာ ညောင်ရမ်းမင်းဆက် စတုတ္ထမြောက်မင်းဖြစ်တယ်။ ၉၅၉ မှာ ပဲခူး ဟံသာဝတီနေပြည်တော်ကို တောင်ငူမင်းနဲ့ ရခိုင်မင်းတို့က လုပ်ကြံလို့ ပျက်စီးသွားတယ်။ ဆင်ဖြူရှင်မင်းရဲ့သားတော် ညောင်ရမ်းမြို့စား မင်းရဲနန္ဒမိတ်က အင်းဝကို တည်တယ်။ နောက်မှာ သားတော်အနောက်ဖက်လွန်မင်းနန်းတက်တယ်။ သူ့ကိုသားတော် မင်းရဲဒိဗ္ဗကလုပ်ကြံတယ်။ သူ့ညီတော် သတိုးဓမ္မရာဇာနဲ့ မင်းရဲကျော်စွာတို့က ရှမ်းပြည်ကပုန်ကန်မှုကို သွားတိုက်နေချိန်မှာဖြစ်တယ်။ သူတို့ ပြန်လာတော့ မင်းရဲဒိဗ္ဗ ရခိုင်ဖက်ထွက်ပြေးတယ်။ ဒါပေမဲ့မလွတ်ပဲ ရေနှစ်သတ်ခံရတယ်။

သတိုးဓမ္မရာဇာက သာလွန်မင်းအဖြစ်အုပ်စိုးတယ်။ ဟံသာဝတီကိုတိုက်ယူတယ်။ ရခိုင်ကို ချစ်ကြည်ရေးကမ်းလှမ်းတယ်။ ဇင်းမယ်ကို အောင်နိုင်တယ်။ ကျိုင်းတုန်စော်ဘွားနဲ့ ချစ်ကြည်ရေးလုပ်တယ်။ မိုင်းခွင်စော်ဘွားက အညံ့မခံလို့ သိမ်းယူတယ်။ မော်လမြိုင်မွန်တွေကိုလည်းနှိမ်နင်းတယ်။ ပဲခူးကအရင်ကလို သင်္ဘောဆိပ်မဟုတ်တော့လို့ အင်းဝကို ပြောင်းပြီးနန်းစံတယ်။

ထူခြားတာက ရာဇာဘိသေကမခံသေးပဲ ပြည်ထဲရေးကိုအရင် လေးနှစ်ကြာအောင်ရှင်းတယ်။ ဗညားကျန်းထောကို ဝန်ကြီးချုပ် ခန့်တယ်။ စီးပွါးရေးပြန်လည်ထူထောင်မှု လုပ်တယ်။ ဖမ်းဆီးလာခဲ့တဲ့ သုံ့လူ (စွယ်စုံကျမ်းသတ်ပုံ) သုံ့ပန်း (ယခုခေတ်သတ်ပုံ) တွေကို ကျောက်ဆည်နယ်မှာနေရာချပြီး စိုက်ပျိုးရေးလုပ်စေတယ်။ အလောင်းမင်းတရား လက်ထက်ကတည်းက စစ်မက်တွေတိုက်နေခဲ့ရလို့ နည်းပါးလာတဲ့လူဦးရေ ပြန်လည် တိုးတက်လာအောင် အိမ်ထောင်မရှိသူတွေကို လက်ထပ်စေတယ်။ သန်ကောင် (စွယ်စုံကျမ်းသတ်ပုံ) သန်းကောင် (ယခုခေတ်သတ်ပုံ) စာရင်းကောက်တယ်။ အခွန်အတုတ်စစ်တမ်းယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။ လမ်းပေါ်မှာ ထမင်းရည်ငှဲ့တဲ့ မိန်းမတယောက်ကို ကြိမ်ဒဏ် ၁ဝ ချက်ရိုက်စေပြီး အသပြာ ၃ဝ ပြန်ပေးသနားတယ်။ သူ့သမီးတော်တပါး ခါသားပိတ်အင်္ကျီဝတ်ထားပြီး နန်းတော်တိုင်မှီနေလို့ သမီးတော်ကို သုံးရက်ကြာစကားမပြောပဲ နေတယ်။

ကောင်းမှုတော်စေတီတော်ကို ရာဇမဏိစူဠာစေတီလို့ ခေါ်တယ်။ ၁၆၃၆ ခုနှစ် တော်သလင်းလဆန်း (၁ဝ) ရက်နေ့မှာ သာလွန်မင်းကနေ တည်ထားကိုးကွယ်ခဲ့တယ်။ ဥာဏ်တော် (၁ဝ၁) တောင်နဲ့ လုံးပတ် (၅ဝ၂) တောင်၊ ၂ မိုက်၊ ၄ သစ် ရှိတယ်။ အုတ်ချပ်ရေပေါင်း ၁ဝ,၁၂၆,၅၅၂ သုံးထားတယ်။ ကျောက်မီးတိုင် (ဂဝ၂) တိုင်ကိုးကွယ်ထားတယ်။ မြန်မာ၊ မွန်နဲ့ ယွန်း (ရှမ်း) အက္ခရာတွေနဲ့ ဇာတ်နိပတ်တော်တွေရေးဆွဲထားတယ်။ ၁ဝဝ၈ ခုနှစ်မှာပြီးစီးပေမဲ့ အိမ်ရှေ့မင်းတွေ နတ်ရွာစံတော့ နန်းတွင်းပုန်ကန်မှုဖြစ်နေလို့ ထီးတော်မတင်လိုက်ရပါ။ သာလွန်မင်း သက်တော် (၇၆) မှာ ရုတ်တရက် နတ်ရွာစံလို့ သားတော်ပင်းတလဲမင်းကနေ ထီးတော်တင်ပါတယ်။ သာလွန်မင်းလက်ထက်မှာ တော်ဖီလာဆရာတော် ပေါ်ပေါက်တယ်။

ကောင်းမှုတော်စေတီတော်ရဲ့ မြန်မာ့ဗိသုကာလက်ရာဟာ စံထားလောက်ပါတယ်။ လုံးဝန်းတဲ့ပုံသဏ္ဌာန်ရှိတဲ့ ဗိသုကာလက်ရာတွေကို ဆန်းစစ်ကြည့်ပါ။ ကျွန်တော် သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီယား၊ တရုပ်နဲ့ ထိုင်းနိုင်ငံတွေက စေတီပုထိုးအမျိုးမျိုးကို တွေ့ခဲ့ပါတယ်။ ကောင်းမှုတော်ကို မမီကြပါ။ တာ့ခ်ျမဟာက အာရတ်နဲ့ အစ္စလမ်ဘာသာရဲ့ အနှစ်သာရသာဖြစ်တယ်။ တခြားစေတီပုထိုးတွေမှာ ဟင်ဒူအနုပညာ လွှမ်းမိုးမှုပါတယ်။

စစ်အစိုးရခေတ်မှာ ကောင်းမှုတော်ဟာ ထုံးသင်္ကန်းတော်ကနေ ရွှေပိန်းချဖြစ်လာတယ်။ ရွှေကလည်း အတုပါ။ သာလွန်မင်းထက် သာလွန်ကဲတဲ့ဘုရင်တွေကို ထုလုပ်စံထားတယ်။ တခြားဖီလာဆရာတော်တွေသာ ကြီးစိုးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး