Wednesday, October 19, 2016

Household medicines အိမ်သုံးဆေးများ

မင်္ဂလာပါ ဆရာရှင့် ဆေးရုံ ဆေးခန်းဝေးတဲ့နေရာ၊ ရာသီဥတုအေးတဲ့နေရာဘက်ကို တနှစ်  နှစ်နှစ် ကလေးနဲ့ ခရီးထွက်တဲ့အခါ အရေးပေါ် ဖျားနာ အအေးမိ၊ ဝမ်းပျက်ဝမ်းလျှော၊ ထိခိုက်ရှနာစသည်တို့အတွက် ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုဆေးဝါးမျိုး ယူသွားသင့်သလဲဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ရှင့်။ မကြာခင် ခရီးသွားရတော့မှာမို့ ဆရာ့ဆီက အကြောင်းပြန်စာလေးများလာခဲ့ရင် သိပ်ကို ကျေးဇူးတင် ဝမ်းသာမိမှာပါရှင်။ ဆရာကျန်းမာပါစေ။

အသက်-ကျား-မ မသိပါ။

ကလေး ကျား၊ တနှစ်ရှစ်လ။

အိမ်သုံးဆေးများ
၁။ ဝမ်းပိတ်ဆေး Loperamide (Imodium 2 mg)
Loperamide ကို Imodium, Imodium A-D, Anti-Diarrheal, Imotil, Diamode, Kao-Paverin, Kaopectate 1-D, Diarrhea စတဲ့နာမည်တွေနဲ့ရောင်းတယ်။ အများဆုံးသုံးပြီး ဈေးလဲအတော်ချိုတဲ့ Lomotil ဆေးဟာ ဝမ်းသွားတဲ့ အကြိမ် အရေအတွက်ကို လျှော့မှာမဟုတ်ပေမဲ့ သွားတဲ့အားကို နည်းစေတယ်။
- လူကြီး = ၂ တောင့် (4mg) စသောက်ပြီး ၁ တောင့် (2 mg) ကို ဝမ်းတခါသွားတိုင်းသောက်ပါ။ တနေ့မှာ ၈ တောင့်ထက်မပိုစေရ။
- ကလေး ၂-၅ နှစ် = 1 mg တနေ့ ၃ ကြိမ်၊
- ကလေး ၆-၈ နှစ် = 2 mg တနေ့ ၂ ကြိမ်၊
- ကလေး ၈-၁၂ နှစ် = 2 mg တနေ့ ၃ ကြိမ်၊
- ကလေး ၂ နှစ်အောက် = မတိုက်သင့်။

၂။ ဗက်တီးရီးယား ဝမ်းကိုက်ရောဂါ
• Ceftriaxone 250 mg ကနေ 2 gm အထိ၊ တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ ကလေးတွေဆိုရင် 50-100 mg/kg တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ (သို့)
• Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက်။ (သို့)
• Trimethoprim-sulfamethoxazole (Bactrim, Septrin) လူကြီး တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ-၁၄ ရက်။ ကလေး ၂ လအထက် 40 mg per kg of sulfamethoxazole and 8 mg per kg of body of trimethoprim ကို ၁၂ နာရီခြား၊ ၃-၅ ရက်။

၃။ (အမီးဘား) ဝမ်းကိုက်ရောဂါ
• Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။

၎။ အနာ-အဖျား-အရောင်ကျဆေးတွေ
(၁) Paracetamol (acetaminophen) (ပါရာစီတမော)
325 MG ၂ ပြား၊ ၄-၆ နာရီခြား၊ တနေ့ (၂၄ နာရီ) အတွင်း ၁ဝ ပြားထက်မပိုရ။
500 MG ၂ ပြား၊ ၆ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။
650 MG ၂ ပြား၊ ၈ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။

Paracetamol Syrup (ပါရာစီတမော) အရည်
(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ကလေးဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။ ၂ အောက်ကလေး မပေးရ၊ တနေ့မှာ ၂ ခါထက်ပိုမပေးရ၊ တခါနဲ့တခါ ၄ နာရီထက် မနီးရ၊

• ၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊ တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊ ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည်
• ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊
• ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊
• ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊ တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊ ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊ ၆ နှစ်အောက်ကလေး မပေးရ၊

(၂) Diclofenac (ဒိုင်ကလိုဖင်းနစ်) ဆေးဟာ ရောင်တာ၊ ဖျားတာနဲ့ နာတာကိုသက်သာစေမယ်။ Osteoarthritis အရိုး-အဆစ်နာအတွက် Diclofenac 35-50 mg တနေ့ ၂-၃ ကြိမ်။ (သို့) 75 mg တနေ့ ၂ ကြိမ်။ 100 mg တနေ့ ၁ ကြိမ်။

Ankylosing Spondylitis အဆစ်ခိုင်နာခြင်းအတွက် Diclofenac 25 mg တနေ့ ၄ ကြိမ်။

Dysmenorrhea ရာသီလာစဉ်နာခြင်းအတွက် Diclofenac 50 mg တနေ့ ၃ ကြိမ်။

Rheumatoid Arthritis ရူမတွိုက်အဆစ်နာခြင်းအတွက် Diclofenac 50 mg တနေ့ ၃-၄ ကြိမ်။

မိုင်ဂရင်းခေါင်းကိုက်ခြင်းအတွက် Diclofenac 50 mg တနေ့ ၁ ကြိမ်။

ရိုးရိုးနာခြင်းအတွက် Diclofenac 25 mg တနေ့ ၄ ကြိမ်။ Diclofenac 50 mg တနေ့ ၃ ကြိမ်။

(၃) Ibuprofen အိုင်ဘီယူပရိုဖင်
Dysmenorrhea ရာသီလာစဉ်နာခြင်း 200 to 400 mg ကို ၄-၆ နာရီခြား။
Osteoarthritis အရို-အဆစ်နာခြင်း 400 to 800 mg ကို ၄-၆ နာရီခြား။
Rheumatoid Arthritis ရူမက်တစ်အဆစ်နာခြင်း 400 to 800 mg ကို ၄-၆ နာရီခြား။
ကလေး ၆ လမှ ၁၂ နှစ်အထိ 30 to 40 mg/kg/day ကို ၄-၆ နာရီခြား။
ရိုးရိုးနာခြင်း 200 to 400 mg ကို ၄-၆ နာရီခြား။
ကလေး ၆ လမှ ၁၂ နှစ်အထိ 4 to 10 mg/kg ကို ၄-၆ နာရီခြား။
ဖျားခြင်း 200 to 400 mg ကို ၄-၆ နာရီခြား။
ကလေး ၆ လမှ ၁၂ နှစ်အထိ 5 mg/kg/dose ကို ၄-၆ နာရီခြား။

အနာသက်သာဆေးတွေကြောင့် အစာအိမ်နာဖြစ်တာကို ပျောက်စေဘို့၊ ကာကွယ်ဘို့နဲ့ ပြန်မပေါ်အောင် Cimetidine (Tagamet, Parenteral) 300 mg ထိုးဆေး၊ စားဆေး၊ တနေ့ ၂ ကြိမ်၊ 400 mg စားဆေး အိပ်ယာဝင်။ Ranitidine 150 mg စားဆေး အိပ်ယာဝင်။ Omeprazole 40 mg တနေ့ ၁ ကြိမ် အစာမစားမီ၊ ၄-၈ ပါတ်။ Pantoprazole 40 mg တနေ့ ၁ ကြိမ် ၄-၈ ပါတ်။

၅။ ပိုးသန့်ဆေးတွေ
အဆင့် (၁) Dettol (ဒက်တောလ်) က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံး Antiseptic ဖြစ်တယ်။ ဒီထဲမှာ Chloroxylenol ဆိုတာပါတယ်။ အဆင့် (၁) အစား သုံးနိုင်တယ်။

အဆင့် (၂) Alcohol အရက်၊ Ethanol အရက်ပြန်၊ Isopropanol (70% Ethanol) ကို ဆေးရုံ-ဆေးခန်းသုံး Surgical alcohol လို့ ခေါ်တယ်။ ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို ပိုးသန့် ပေးတယ်။ အနာထဲ သွားမထည့်ရပါ။ သက်မဲ့ မျက်နှာပြင်တွေအတွက် မသုံးရပါ။ HIV, Hepatitis B, Hepatitis C ပိုးတွေအတွက် ပိုပြင်းတဲ့ (80% Ethanol + 5% Isopropanol) ကို သုံးရတယ်။ Fungal မှို၊ Bacterial spores အခွံပါ (ဗက်တီးရီးယား) နဲ့ Hepatitis A အသည်းရောင် (အေ) ပိုးတွေအတွက် အရက်ပြန်က အသုံးမကျပါ။

အဆင့် (၃) အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။ ဆေးရုံ-ဆေးခန်းတွေမှာတော့ Iodine ကို Alcohol နဲ့ရောပြီး၊ 2% ကို သုံးရတယ်။ ဒိထက် ပြင်းရင် လောင်စေတတ်တယ်။ အရက်ပြန်လိုဘဲ အနာထဲ မထည့်ရဘူး။ အနာဘေးက အရေပြားကိုသာ သန့်ပေးဘို့ သုံးရတယ်။ Tincture of Iodine (2-7% Sodium iodide or Potassium iodide) ခေါ်တာက (အိုင်အိုဒင်း) ကို Ethanol နဲ့ ရောထားတာ ဖြစ်တယ်။ Tincture of benzoin ဆိုတာက (အိုင်အိုဒင်း) မပါဘူး။ အနာသေးသေးတွေကို ထည့်တဲ့ဆေး။ နောက်ပြီး (တိပ်)၊ (ပလာစတာ) တွေ ပိုကပ်စေအောင်လည်း သုံးနိုင်တယ်။ Povidine ဟာ ရေနဲ့ စပ်ထားတဲ့ Iodine 10% ဖြစ်ပြီး ပိုကောင်းတယ်။ ပြည်တည်နာတခုကို ဘယ်လောက် သေးသေး (အိုင်အိုဒင်း) မရှိရင်၊ မခွဲပါနဲ့။ ဒီဆေးဗူးလေးကနေ မွေးကာစကလေးတွေ ချက်ကို ဆေးထည့်နိုင်လို့ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။

၆။ Antihistamines အင်တီဟစ်တမင်း (အလာဂျီ + အအေးမိ) အတွက်ဆေး
ပဌမမျိုးဆက်ဆေးတွေက Brompheniramine, Chlorpheniramine, Dimenhydrinate, Diphenhydramine, Doxylamine, Hydroxyzine, and Pheniramine တွေဖြစ်တယ်။ Doxylamine နဲ့ Dimenhydrinate တွေကို အအန်ပျောက်ဆေး၊ ကားမူးပျောက်ဆေးအဖြစ် သုံးတယ်။

ဒုတိယမျိုးဆက်ဆေးတွေကတော့ Cetirizine, Desloratadine, Fexofenadine, and Loratadine တွေဖြစ်တယ်။ သုတေသနတွေလုပ်တယ်။ Cetirizine နဲ့ Fexofenadine တွေကို ကိုယ်ဝန်တွေသုံးတော့ မလိုလားအပ်တာတွေ မဖြစ်တာတွေ့ရတယ်။ Loratadine နဲ့ Desloratadine တွေကိုလေ့လာတော့ အများအားဖြင့် စိတ်ချရတာတွေ့တယ်။ သုတေသနတခုမှာဘဲ Hypospadias ဆိုတဲ့ ယောက်ျားလေးတွေမှာ မွေးရာပါ ဆီးထွက်ပေါက် နေရာမမှန်တာ  နည်းနည်း ပိုများတာတွေ့ရတယ်။

Cetirizine ဆေးကို (အလာဂျီ) အတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေထဲမှာပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လဲသုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။
လူကြီး ညအိပ်ကာနီး ၁ ပြား။
၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် တနေ့ ၂ ကြိမ်။
၂ နှစ်မှာ ၅ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် 5 mg/day အထိတိုးနိုင်။
၆ နှစ်အထက် = 5 to 10 mg တနေ့ ၁ ကြိမ်။

၇။ လေနာအတွက်ဆေးတွေ
အက်စစ်ဓါတ်ပျယ်ဆေးတွေအများကြီးရှိတယ်။ Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။

အက်စစ်အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

အစာအိမ်အထွက်နေရာအနာဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိမ်၊ ၁ လခွဲ သောက်ပါ။ ရင်ပူတာနဲ့ အစာမကျေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြို သောက်ပါ။

အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက်တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparoscopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဘို့ ကောင်းတယ်။

ရင်ပူလောင်ခြင်း၊ အစာမကျဖြစ်ခြင်းနဲ့ ရင်ပူလောင်ခြင်းအတွက် Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်။ အဲတာကအမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...