Tuesday, December 31, 2019

HIV အကြောင်း

Human Immunodeficiency Virus ဗိုင်းရပ်စ်ပိုးကို အတိုကောက်ခေါ်တာ။ ယူအက်စ်အေမှာ အကြမ်းအားဖြင်း လူ ၇ ယောက်မှာ ၁ ယောက်က ပိုးရှိနေတာကို မသိကြ။ မြန်မာပြည်မှာ မသိပါ။

ဒီပိုးကူးစက်ခံရရင် ကိုယ်ထဲက CD4 cells ခေါ် သွေးဖြူဥတွေကို တိုက်ခိုက်မယ်။ T cells လို့လည်းခေါ်တယ်။ အဲတာတွေက ရောဂါတခုခုဝင်လာတိုင်း ခုခံတိုက်ဖျက်ပေးနေတာ။ အဲတာနည်းလာလေလေ ရောဂါကို ခံနိုင်ရည် နည်းလေလေ။ ကြာလာတော့ AIDS ရောဂါဖြစ်လာနိုင်တယ်။ acquired immunodeficiency syndrome ကို အတိုကောက်ခေါ်တာ။

အဆင့် ၃ ဆင့်ရှိတယ်။ ရက်တို၊ နာတာရှည်နဲ့ AIDS ရောဂါ။

၁။ Acute HIV infection ရက်တို
ပိုးဝင်ခံရပြီးနောက် ၂ ပတ်ကနေ ၄ ပတ်။ ပိုးကိုခုခံတိုက်ထုတ်တဲ့ အင်တီဘော်ဒီတွေထွက်လာမယ်။ အဲတာကိုစစ်တာနဲ့ ပိုးကူးစက်ခံထားတာကို သိမယ်။ HIV-antibody test လို့ခေါ်တယ်။ သူကနေ တခြားလူတွေကို ကူးစက်နိုင်နေပြီ။

၂။ Chronic HIV infection နာတာရှည်အဆင့်
CD4 cell အရေအတွက် နည်းနည်းလာမယ်။ ရောဂါခံစာရမှာတော့ မဟုတ်သေးပါ။ ဆယ်နှစ်လည်းကြာနိုင်တယ်။ ဒိထက်မကလည်းကြာနိုင်တယ်။ ဆေးသောက်နေရင်တော့ ဆယ်စုနှစ်တွေကြာထိနေနိုင်တယ်။

၃။ AIDS ရောဂါ
ခုခံအားနည်းနေပြီ။ ရောဂါပိုးတွေကို ခံနိုင်ရည် နည်းနေပြီ။ T cells တွေအများကြီး ဖျက်ဆီးခံထားရပြီ။ opportunistic infections ခေါ် အခွင့်ကောင်းယူပြီး ဝင်လာမဲ့ ကူးစက်ရောဂါတွေ ခံစားရတော့မယ်။

ဘယ်လိုကူးစက်သလဲ
လိင်မှုကနေ ကူးစက်တယ်။ ကျားမလိင်အင်္ဂါအရည်တွေထဲမှာ ပိုးပါနေတယ်။ ဆေးထိုးအပ်ကနေလည်း ကူးစက်တယ်။ ထိစပ်မှုရှိပေမဲ့ ပါနေတဲ့ပိုးအရေအတွက် နည်းရင် မကူးစက်ပါ။ ပိုးပါနေတဲ့ အရည်နဲ့ သွေးက ကိုယ့်သွေးထဲဝင်မှသာ ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေးကို ကူးစက်နိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်။

ကူးစက်ခံရခြင်းလက္ခဏာများ
တုပ်ကွေးမိတာနဲ့ အတော်တူတယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ အရေပြားအနီပြင်ထွက်မယ်။ ညချွေးထွက်မယ်။ ကြွက်သားတွေနာမယ်။ လည်ချောင်းနာမယ်။ အားနည်းနေမယ်။ တက်စေ့တွေရောင်မယ်။ ပါးစပ်မှာ အနာပေါက်မယ်။

ဒုတိယအဆင့်မှာ ပိုးတွေကပွါးများလာမယ်။ တတိယအဆင့်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အာရုံကြောပိုင်း လက္ခဏာခံစားရမယ်။ ကိုယ်အလေးချိန်ကျမယ်။ ညချွေးအလွန်ထွက်မယ်။ ဖျားလိုက်ပျောက်လိုက်နေမယ်။ မောပန်းနေမယ်။ ချိုင်း၊ ပေါင်ခြံနဲ့ လည်ပင်းမှာ တက်စေ့တွေ ကြီးနေမယ်။ ဝမ်းပျက်မယ်။ ပါးစပ်၊ စအို၊ လိင်အင်္ဂါနား အနာတွေပေါက်မယ်။ နူမိုးနီးယား ဝင်မယ်။ အရေပြား၊ ပါးစပ်၊ တင်ပါး၊ မျက်နှာမှာ နီညိုရောင်အကွက်တွေပေါ်လာမယ်။ စိတ်ကျမယ်။ မှတ်ဉာဏ်နည်းမယ်။ အာရုံကြော ချို့ယွင်းမယ်။

HIV antigen test အင်တီဂျင်စမ်းနည်းကို ပိုးကူးစက်ခံရပြီး ၃ ပတ်မှာစမ်းလို့ရမယ်။ တချို့ဓါတ်ခွဲခန်းတွေမှာသာ စစ်လို့ရတယ်။ antibody test အင်တီဘော်ဒီစမ်းနည်းကို အများဆုံးသုံးရတယ်။ ၁၂ ပတ်ကြမှသာ စမ်းတွေ့နိုင်တယ်။ စမ်းသပ်မှုလုပ်သူ ၁၀၀၀ မှာ ၄ ယောက်က ပိုးမကူးစက်ပဲ ကူးစက်တယ်လို့ အဖြေထွက်နိုင်တယ်။ သေချာအောင် နောက် လအနည်းငယ်မှာ ထပ်စစ်ပါ။

Opportunistic infections and diseases အခွင့်ကောင်းယူ ကူးစက်ရောဂါတွေ
1.    Tuberculosis (TB) တီဘီ။
2.    Cytomegalovirus ရေယုံဗိုင်းရပ်ကနေ မျက်စိ၊ အဆုတ်၊ အစာလမ်း၊ စတာတွေကိုရောဂါရစေမယ်။
3.    Candidiasis မှိုပိးကနေ ပါးစပ်၊ လျှာ၊ အစာမျိုပြွန်၊ ဗဂျိုင်းနာကို ရောဂါရစေမယ်။
4.    Cryptococcal meningitis ဦးနှောက်ဖုံးလွာရောင်ခြင်း။ ခေါင်းကိုက်၊ ဖျား၊ မျက်စိကြည့်မကောင်း၊ လည်ပင်းတင်းနေ။ လူအမူအယာပြောင်း။
5.    Toxoplasmosis ကြောင်တွေမှာရောဂါရစေတဲ့ပိုး။ သီးနှောက်ရောက်ရင် တက်မယ်။
6.    Cryptosporidiosis အကောင်တွေမှာဖြစ်တဲ့ ကပ်ပါးကောင်။ နာတာရှည်ဝမ်းပျက်မယ်။
7.    Cancers ကင်တာ သူများထက်ပိုဖြစ်တယ်။
8.    Kaposi sarcoma နဲ့ Lymphoma လင်ဖိုးမား ခေါ် တက်စေ့ကင်ဆာ။
9.    Other complications တခြားရောဂါတွေ။ Wasting syndrome ပိန်ချုံးကျလာမယ်။
10.    Neurological complications အာရုံကြောသက်ရောက်မှုတွေ။ စိတ်မကြည်လင်၊ သတိမေ့၊ လမ်းကောင်းကောင်းမလျှောက်နိုင်၊

အရေးပေါ်ကာကွယ်မှု
post-exposure prophylaxis (PEP) drugs ခေါ်ဆေးကို ၇၂ နာရီအတွင်းသောက်သင့်တယ်။ (PrEP) လို့လည်း ခေါ်တယ်။ လိင်မှုကနေကူးစက်မှာကို ၉၉% နဲ့ ဆေးထိုးအပ်ကနေကူးမှာကို ၇၄% ကာကွယ်မယ်။

ကုသနည်း
ပိုးကူးစက်ခံရခြင်းဟာ သေဒဏ်ကျတာ မဟုတ်ပါ။ antiretroviral therapy (ART) ခေါ် ဆေး သောက်နေသူတွေဟာ AIDS ဖြစ်တဲ့အထိ မရောက်သလောက်လို့ ပြောနိုင်တယ်။ ပိုးရှာမတွေ့တဲ့အထိ သက်သာလာနိုင်တယ်။ သူများကိုလည်း ကူးစက်ချင်မှသာ ကူးစက်တော့ပါမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၁၉

ဆုတောင်း မမှားကြစေချင်

နှစ်သစ်ကူး ဆွမ်းလောင်းပွဲ

နှစ်သစ်ကူး ဆုတောင်းစကားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုပုံတွေပို့နေကြတယ်။ တယောက်လာဒါ။ နောက်တယောက်လာဒါ။

တောရွာတွေက ဘုရားပွဲ ဆွမ်းလောင်းပွဲတွေမှာ မုံ့ဆီကြော်နဲ့ ပဲခွေလောင်းကြသလိုပဲ။ ဘုန်းကြီးကျောင်း ကျက်သရေခန်းမှာ အဲတာတွေ ပုံနေတာပဲ။

တောမုံ့ဆီကြော်နဲ့ ပဲခွေတွေကတော့ ကိုယ်တိုင်လက်နဲ့ ကြော်ကြတာ။ အခုဆုတောင်းတာတွေက အင်တာနက်လမ်းပေါ်က ကောက်လာတာတွေ။ သတ်ပုံတွေကမှားသေး။ မှားလို့မှားမှန်းမသိတာ အတော်ဆိုးတယ်။

နှစ်သစ်ဆိုပြီး ဆုတောင်းစာတွေ များလွန်းတယ်။ မှားလွန်းတယ်။

၁။ စိတ်မှာ ညစ်မဲကင်းပါစေ တဲ့။
မဲ = မဲပေးသည်။ မည်း = နက်သော။

၂။ ဤပို့စ် မြင်သူ့အပေါင်း သူတော်ကောင်း
ကြွေးမြေခသိပ် ကင်းပါစေ တဲ့။
မြင်သူအပေါင်းလို့ ရေးရတယ်။ မြင်သူ့ဆိုတာ မြင်သူ၏။
ကြွေးမြေခပ်သိမ်းလို့ ရေးရတယ်။ မြေခဆိုတာ ကြွေကျတာ။ သိပ်ဆိုတာ ကလေးသိပ်တာ။
နေ့ဆင်နေတိုင်း တိုးပါစေ။ မှားတယ်။ နေ့စဉ်နေ့တိုင်းလို့ ရေးရတယ်။

ကျွန်တော့် ဆုတောင်းကတော့ နေ့တိုင်း အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ မလုပ်သင့်။

ကောက်ရိုးပုံထဲ ဆေးထိုးအပ်ကျပျောက်ခြင်း

နှစ်သစ်ကူးနေ့မှာ နေမကောင်းလို့မေးတာတွေလိုက်ရှာရတာ ကောက်ရိုးပုံထဲ အပ်ကျပျောက်သလိုပဲ။

နေမကောင်းသူတွေ များတာ ကောင်းပါတယ်။ နေမကောင်းသူတွေကိုလည်း အားနာကြစေချင်တယ်။ ရာသီရောက်မှ ဆုတောင်းတာ တယ်တော့ မစွန်လှပါ။ ဝတ်ကျေတန်းကျေ တာဝန်အရ လုပ်ကြတာနဲ့ အတူတူပဲ။

ဆုတောင်းစာ ဒုက္ခ

အင်တာနက်လမ်းမကြီးပေါ်က ကောက်ယူလာတာတွေ အများကြီးရတယ်။ စာရေးပျင်းသူတွေက အရုပ်တွေ။ ဘိုလိုရေးတာမှာတော့ ကူးချထားလို့ အမှားမတွေ့။ ဗမာလိုကူးချတာတချို့မှာ သတ်ပုံတွေ မှား။ စိတ်တိုင်းကြတဲ့။ စိတ်တိုင်းကျလို့ ရေးရတယ်။

ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
ကြုံရာကျဘန်း မပြောရ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သူငယ်နာကျဗဟုံး
သဘောကျ
အံဝင်ခွင်ကျ
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အကျွေးကျအောင်မသုံးပါနှင့်
ငွေကြေးအကုန်အကျများတယ်
ကြေးငွေကုန်ကျ
အောက်ကျနောက် မဖြစ်ပါစေနှင့်

ကြ
ကံကြမ္မာ
ကျီကြ
စိုးရိမ်ကြောင့်ကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြပို့ရွာ
ကြစေ့ပင်
ကြသောင်းဝါး
လာကြလေ
သွားကြမယ်

· စားနေကျ ထမင်းဆိုင်မှာ စားခဲ့တယ်။
· စားနေကျ မုန့်တီဆိုင် ကောင်းတယ်။
· ပုံမှန် စားနေကျ အတိုင်းစားပါ။
• ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား လာနေပြီ။
• ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊
• ကြုံရာကျဘန်းပြောတတ်သူနဲ့ တွဲမလုပ်ချင်ပါ။
• မတင်မကျ မလုပ်ပါနဲ့၊
• စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။
• ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်။
• မြန်မာစာကျတယ်ဆိုတာ ရှားတယ်။ သတ်ပုံမမှန်သူတွေကတော့ အလွန်များတယ်။
• ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
• မြန်မာစာအနာဂတ်အတွက် ကြောင့်ကြမိပါတယ်။

ကျွန်တော့် ဆုတောင်းကတော့ နေ့တိုင်း အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ မလုပ်သင့်။

မေတ္တာစာ

နှစ်သစ်ကူးမှာလာတဲ့ ဂူဂယ်လမ်းပေါ်ကကောက်ယူလာတဲ့ပုံတွေတော့ ရေးပြီးပြီ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်နဲ့ ဝက်သားဟင်းဆွမ်းဟင်းလည်း ရေးပြီးပြီ။

နောက်ထပ် ခပ်ဆန်းဆန်း နှစ်ခုလာတယ်။ အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။

နောက်တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။ မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ ရဟန်းတော်တွေ စာဆိုတွေကနေ ဘုရင်ကို ဆက်သွင်းကြတယ်။ နောက်တော့ မေတ္တာရပ်ခံစာသဘောပါ ရေးကြတယ်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာ၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး အစရှိသူတွေရေးခဲ့တာတွေက မြန်မာစာပေသမိုင်းတင်ရစ်တယ်။ နောက်တခါ ချစ်ခင်ကြသူတွေအတွက် ရေးလာကြတယ်။

ကျွန်တော်တို့ငယ်ငယ်က ရည်းစားစာကိုလည်း မေတ္တာစာလို့ ယဉ်ယဉ်ကျေးကျေးခေါ်ကြတယ်။
 ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၁၉

မြန်မာစာ နှစ်တထောင်ကျော်ပြီ

ကွန်မင့်တခုရတယ်။ အမှန်ပြောရရင် ကျမတို့ မြန်မာစာ အဓိပ္ပယ် အတော်ရူပ်တယ်လို့ ပြောရမလား သို့မဟုတ် အဓိပ္ပယ် ကြွယ်ဝတယ်လို့ ပြောရမလား မြန်မာစာကို မြန်မာတယောက် လေ့လာနေရင်း မတတ်တာ ခေါင်းရူပ်လာပါတယ် တဲ့။

ကွန်မင့်အတွက် ကျေးဇူး။

မြန်မာစာဟာ နှစ်တထောင်ကျော်ပြီ။ တိတိကျကျပြောရရင် အေဒီ ၁၁-၁၂ ကစတယ်။ ရာဇကုမာရ်ကျောက်စာက ၁၁၁၃ ခုနှစ်ကဖြစ်တယ်။ ရခိုင်၊ ပျူ၊ မွန်စာ အထောက်အထားတွေက ဒိထက်စောသေးတယ်။

သက်တမ်းရှည်တဲ့စာဆိုတာ ကြွယ်ဝတယ်။ လေးနက်တယ်။ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်စည်ပင်လာပါတယ်။

မြန်မာစာကို သူငယ်တန်းကတည်းက စံနစ်တကျသင်ရင် ဆယ်တန်းကျောင်းသားတယောက်ဟာ စာရေးဆရာ ကဗျာဆရာ ဖြစ်နိုင်ပြီ။ ပါရမီပါသူတွေကတော့ ဒိထက်စောပြီး စာကောင်းကောင်းရေးတတ်ကြပြီ။

စံနစ်တကျဆိုတာ အဆန်းတော့ မဟုတ်ပါ။ ခုခေတ်အတွက်တော့ ဆန်းနေမယ်။ ငါးတန်းကတည်းက အလယ်တန်းသဒ္ဒါ၊ အလယ်တန်းကဗျာတွေ သင်ကြရပြီ။ ၈ တန်းကစတဲ့ အထက်တန်းမှာ သဒ္ဒါ၊ စကားပြေနဲ့ ကဗျာသင်ပေးတယ်။ စိတ်ကြိုက် မြန်မာစာယူရင် ဂန္ထဝင်စာပါတွေ သင်ယူကြရတယ်။

ပညာအပါအဝင် ဘာသာရပ်ပေါင်းစုံကို တန်ဖိုးမထားတဲ့ စစ်အစိုးရတက်ကတည်းက မြန်မာစာအပါအဝင် အရာရာ နိမ့်ကျသွားခဲ့ပါတော့တယ်။ အဲတော့ လေးနက်ကြွယ်ဝတဲ့ မြန်မာစာကို ရံဖန်ရံခါတွေ့ရသူတွေအတွက် မြန်မာစာက ခက်ခဲနေတော့တယ်။ မခက်သင့်တာ ခက်တာ။

သတ်ပုံကို မှားနေလို့မဟုတ်ပဲ ပေါ်လစီအရပြောင်းခိုင်းခြင်းက မြန်မာစာပျက်စီးယိုယွင်းလာရခြင်း အကြောင်းခံတချက် ဖြစ်ပါတယ်။ ၁၉၈၀ နောက်မှာ အဲတာတွေကိုသာ ဖတ်ကြရ၊ သင်ကြရတော့တယ်။ စစ်အစိုးရ အာဏာကျဆင်းလာတဲ့ အခုလိုကာလမှာ အရင်ကတန်ဖိုးရှိလှတဲ့ စာကောင်းတွေကို ယှဉ်ဖတ်ရသူတွေအတွက် မြန်မာစာ ခက်လှချည်လားလို့ ထင်လာကြမယ်။ ရင်နာစရာကောင်းပါလားလို့ ဆင်ခြင်မိကြလိမ့်မယ်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကနေ စစ်အစိုးရမတက်မီထိ ထုတ်ဝေခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းစာမဟုတ်တဲ့ စာအုပ်တွေကို လေ့လာရင် လပိုင်းနှစ်ပိုင်းနဲ့ မြန်မာစာကောင်းကောင်းတတ်လာနိုင်ပါတယ်။ ခေတ်ပေါ် စာအုပ်သစ်တွေ ပြန်ထုတ်စာအုပ်တွေကို ရှောင်ပါလေ။ ကူးစက်ရောဂါပိုးတွေ ပါနေတယ်။

လူကြီးကတော်၏ သဒ္ဒါ

မြန်မာစာအကြောင်း ဖြေတော့ ပြန်ရေးလာတယ်။

ငါးတန်းစတက်တော့ မြန်မာစာဘာသာရပ်မှာ သဒ္ဒါစာအုပ် အပြာရောင်ကို ဖတ်စာအုပ်နဲ့ အတူရခဲ့ပါတယ်။ အဲဒီစာအုပ်က အလယ်တန်း မြန်မာသဒ္ဒါ ၅တန်း ၆တန်း ၇တန်းအထိကိုင်ရတဲ့စာအုပ် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစာသင်တဲ့ ဘယ်ဆရာ ဆရာမမှ အဲဒီသဒ္ဒါ စာအုပ်ထဲကစာကို မသင်ခဲ့ပါ။ အဲဒီလိုနဲ့ စာအုပ်ဟာ အသစ်အတိုင်းကျန်ခဲ့ပါတယ် မှတ်မိခဲ့တာပါဆရာ။

ဆောရီး။ အဲလိုအဖြစ်အပျက်တွေ များတယ်။ မနေ့က ဒေါ်မြမြအေးက သူငယ်စဉ်ကကျောင်းအတွေ့အကြုံတခု ပြောတယ်။ ဆရာမ ဒေါ့့် က ကျောင်းရောက်လာရင် စာမသင်ဘူးတဲ့။ သူ့အတန်းကမဟုတ်လို့ တော်သေးတဲ့။ စကားပဲ လည်ပြောနေတာ၊ လူကြီးကတော်တဲ့။

ဘယ်စာမဆို သဒ္ဒါဟာ အိမ်တိုင်လိုပဲ။ အခုခေတ်မှာ မြန်မာအိမ်အိုကြီး ယိုင်နဲ့နေတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၁၉

Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း


ရေးထားတာ ၃ နှစ်ကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။

မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမ္ဘာကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။

ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။

သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။

ရောဂါတွေနဲ့ ဆင်းရဲမှုဆက်စပ်နေတာကို သူကစိတ်ဝင်စားပြီး စာနာစိတ်တွေပေါက်ပွါးလာတယ်။ အဲဒီအတွက် ကနေဒါမှာ အခမဲ့ဆေးကုသနိုင်ရေးအတွက် ကျန်းမာရေးဌာနတွေ၊ အစိုးရတွေနဲ့ ရင်ဆိုင်အန်တုပါတယ်။ သူပဲရှုံးပါတယ်။ ၁၉၃၅ မှာ ဆိုဗီယက်ယူနီယန်ကို အလည်သွားပါတယ်။ ကနေဒါကွန်မြူနစ်ပါတီဝင်ဖြစ်လာပါတယ်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်မှာ သွားကူညီပါတယ်။ တရုပ်ပြည်ကို ၁၉၃၈ မှာသွားပါတယ်။ စစ်မျက်နှာအရေးပေါ် ခွဲစိတ်ခန်းလုပ်ပါတယ်။

နော်မန်ဗက်သွန်းကို ဂုဏ်ပြုပြီး ကနေဒါမှာရော တရုပ်ပြည်ကနေပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဒီဇိုင်းတူနဲ့ ထုတ်ဝေပေးပါတယ်။ ဘေဂျင်းမြို့မှာရှိတဲ့ ဝန်ပိုင်ခံတပ်ထဲမှာ သူ့ရုပ်တုထားရှိပါတယ်။

သူ့ရဲ့ဆေးပညာစည်းကမ်းက အင်မတန်သဘောကျစရာကောင်းတယ်။
• ဆေးပညာဆိုတာ ဈေးကြီးပစ္စည်းကုန်သွယ်ရေးတခု ဖြစ်တယ်။
• ပေါင်မုန့်ကို ကျောက်မြက်ရတနာလို ရောင်းဝယ်ကြတယ်။ အမြတ်အစွန်းရဘို့ပဲ။
• ဆေးပညာကနေ ကိုယ်ပိုင်အကျိုးစီးပွါးဖြစ်ရေးပဲ။ လောဘသမားတွေပဲ။
• လူချင်းတွေ့ရင် မင်းဘယ်လောက်ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်သလဲ မဟုတ်ကြဘူး။

ကျော်အောင်ရေးတဲ့စာအုပ်မှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးထားကို တင်ပြလိုက်ပါတယ်။ သတ်ပုံဖျက်ခံထားရတဲ့ မြန်မာပြည်မှာ နော်မန်ဗက်သွန်းစာအုပ်ကို ထပိထုတ်ကြတယ်။ ပြင်ထုတ်တွေက နော်မန်ဗက်သွန်းအတုတွေ။

A Footwear Doctor ဖိနပ်စီးတဲ့ဆရာဝန်

စောစောက နော်မန်ဗက်သွန်းအကြောင်းကို ခပ်တိုတိုရေးတယ်။ ကျွန်တော်ငယ်ငယ်က သူ့အကြောင်းစာတွေ ဖတ်ပြီး အားကျခဲ့ပါတယ်။ ဆေးကျောင်းမရောက်ခင်ကပါ။ ဒါပေမယ့် တကယ့်အဖြစ်ကတော့ အတော်ကြီးကို ကွာတယ်။

တရုပ်ပြည်မှာ ဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များလို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ ရိုးရိုးလူတွေကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။

ကျွန်တော်လည်း ဒေလီက ယမုန်နာဆေးခန်းလေးမှာ ဆေးပညာကို လူနာစောင့်ရင်း သင်ပေးခဲ့တယ်။ တချို့က ဆေးခန်းမှာ တရက်နှစ်ရက်သာကြာပြီး တချို့က ၄-၅ ခြောက်နှစ်ကြာတယ်။

နော်မန်ဗက်သွန်းက ဖက်ဆစ်ကိုဆန့်ကျင်သလို ကျွန်တော်က စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ သူက တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကို ဆေးကုပေးခဲ့တယ်။ ကျွန်တော်က အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း ရောက်တဲ့အခါတိုင်း ဆေးကုပေးပါတယ်။ အားလုံးက မြန်မာပြည်ကဒုက္ခသည်တွေ။ အိန္ဒိယမှာ ၁၂ နှစ်ကြာ ဆေးကုခဲ့တာ။ တောနယ်မှာ မဟုတ်ပါ။ နယူးဒေလီမှာ။ လူနာတွေကလည်း မြန်မာပြည်သားတွေ။

နော်မန်ဗက်သွန်နဲ့ တခြားစီ။ ကျွန်တော်က အမြဲဖိနပ်စီးထားသူ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၈
၃၁-၁၂-၂၀၁၉

မီ နှင့် မှီ

၁။ လိုက်မှီလို့ရေးရမလား လိုက်မီလို့ရေးရမလားခင်ဗျာ

၂။ မြန်မာစာအသုံးမှာ မီနဲ့မှီ အသုံးကို သိချင်လို့ပါဆရာ ဖြေပေးနိုင်မလားဗျ

၃။ ခါတော်မှီ နှင့် ခါတော်မီမှာ ဘယ်ဟာက စာလုံးပေါင်းအမှန်လဲခဗျား။

၎။ အပမီ၊ အပမှီ။ ဘယ်ဟာ အမှန်လဲဆရာ။

၅။ ဆရာရှင့် မီ/မှီ သုံးတာအရမ်းမှားနေလို့ ရှင်းပြပေးပါရှင့်။ မမီမကမ်း၊ လှတာလိုက်လို့မမီ၊ သူ့အလှမမီ၊ တိုင်မှီ။ မှီခိုဆိုတာ မှန်လားရှင့်။ ဘယ်ပန်းချီရေးလို့မမီ၊ မကြာမီတွေမှာ ဟထိုးလိုလားရှင့်။ လူတွေ အရမ်းရေးကြတာ လှတာလိုက်လို့မမှီဘူးလို့ ဒါလဲဟထိုးပါရင် မှန်လားရှင့်။

၆။ အချိန်မီ အချိန်မှီ ဘယ်ဟာအမှန်လဲ ဆရာ

၇။ အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်)

၈။ ခေတ်မှီ နေဆဲ တကွက် ကာတွန်း (မမှန်)

၉။ ကိုယ်ဉာဏ်မမှီ မသိတဲ့ အရာတွေကို စဉ်းစားပြီးမှ ပြောကြပါ။ (မမှန်)

၁၀။ ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်း (မမှန်)

၁၁။ အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်)

မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။ မတိုင်မီ၊ မကြာမီ၊ မလာမီ၊ မသွားမီ၊ မပြောမီ၊ အချိန်မစေ့မီ။

နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ မီအောင်လိုက်ပါ၊ မီအောင်ဆိုပါ။

မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။ တိုင်ကိုမှီနေသည်၊ မှီကပ်နေသည်၊ မှီတင်းနေထိုင်ကြသည်၊ မှီငြမ်းပြုသည်၊ မှီဝဲပါ၊ မှီအုံး၊ မှီခိုသူ။

လှတာ လိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။ ကြီးရင်မှီ၊ ငယ်ရင်ချီ။ မကြာမီ လာမည်။

မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။

ဘယ်ပန်းချီရေးလို့  မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0

ဆောင်းအမီ - စောင်းလှိုင်ဝင်းမောင် နှင့် အဖွဲ့ https://www.youtube.com/watch?v=bebmS0ScU8Y

ခေတ်မီမီ ကမ္ဘာကြီးရှုမြင် ခေတ်ရော ရှေးမီ သမားကျော်များပင်
ကိုအံ့ကြီး - လူချွှန်လူကောင်း https://www.youtube.com/watch?v=SSc8clgK3oE

ဒေါက်တာတင့်ဆွေ

Monday, December 30, 2019

အစားမတော် တလုတ်

စတုတ္ထနှစ် မြန်မာစကားပြေ (မြန်မာစာအဓိက)
ဝိဇာနှင့်သိပ္ပံတက္ကသိုလ် မြန်မာစာဌာန ရန်ကုန်

ခုခေတ် တစ်ကသိုလ်တွေမှာတော့ အစားမတော် တစ်လုတ် တဲ့။ သူတို့ရေးတဲ့စာတွေ ဖတ်တိုင်း တစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉
New Vision Knowledge Bank ကျေးဇူး။

ရှေးခေတ်ဂရိယဉ်ကျေးမှု

ဘီစီ ၆၀၀ လောက်တွင် ဆိုလွန်အမည်ရှိ ကဝိတပါးပေါ်ပေါက်လာ၍ နိုင်ငံပြုပြင်ရေးများကို ဆောင်ရွက်လေသည်။ ဆိုလွန်၏ ပြုပြင်ပြောင်းလဲရေးအရ မြေရှင်ကြီူးအဖွဲ့ကို ဖျက်သိမ်း၍ တိုင်းသူပြည်သားလူအများက ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်များပါဝင်သည့် အက်ကလီရှာခေါ် အဖွဲ့သစ်ကို ဖွဲ့စည်းလေသည်။ တရားသူကြီးများကိုလည်း ရွေးကောက်တင်မြှောက်သည်။ နောင်အခါတွင် အက်ကလီရှာအဖွဲ့ကို တနှစ်တကြိမ် တိုင်းသူပြည်သားတို့၏ မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သည်။

ပုံ - အီရန်ရေတပ်ပျက်စဉ်က

ပြည်တော်သာစာစဉ်၊ နိုင်ငံသမိုင်း ၅ စာအုပ်ကို ဒေါ်တင်ထွေး - ဘီအေ ဘီအယ် ရေးပြီး ဦးသိန်းဟန်နဲ့ ဗိုလ်အေးမောင်တို့က စာတည်းပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဘာသာပြန်စာပေအသင်းက ထုတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉
New Vision Knowledge Bank ကျေးဇူး။

သီချင်းတွေ ကဗျာတွေ ပျက်အောင်လုပ်တဲ့ခေတ်


ဦးကြင်ဥ ပဒေသာသီချင်းများ ကျွန်တော်တို့ခေတ်က ကျောင်းသုံးစာအုပ်ဖြစ်ပါတယ်။

မှိုင်းတမို့မို့ချီ
တဖော်ဝေးနယ်ချီ
တကိုယ်ဆွေးဖွယ်ချီ
သည်တခါ ငါဖေဂျီသနစ်ကိုချီ
သည်တခါ ဝနေစရာချီ
မှုန်တနွဲ့နွဲ့

ကဆုန်လဖွဲ့

သင်းမြေနံ့တကြိုင်။

စကားရွှေဝါနှင့်၊ ညောင်သီတာ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။

မြိုင်မြစ်စုံ ယမုံခပါတဲ့၊ ပြည်အမရမဏ္ဍိုင်၊ ခရိုင်နယ့်တဝိုင်း။

သို့ချိန်ဆီ၊ ရင့်ကျူးပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။

ခုခေတ်မှာ သတ်ပုံတွေပြောင်းထားကြတယ်။ သင်းမြေနံ့တစ်ကြိုင် တဲ့။ ခရိုင်နယ့်တစ်ဝိုင်း တဲ့။ သီချင်းတွေ ကဗျာတွေ ပျက်ရော။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

China jails gene-edited babies scientist for three years

တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

ဆေးပညာကျင့်ဝတ်ချိုးဖေါက်မှုနဲ့ တရုပ်တွဲဘက်ပါမောက္ခ He Jiankui ဟီဂျူအင်ကွီကို ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ဒေါက်တာဟီက မျိုးဗီဇပြုပြင်ထားတဲ့ကလေးအမြွာကို ဖန်တီးပြီး မွေးပေးခဲ့တယ်။ HIV ခံနိုင်ရည်ရှိစေအောင်လုပ်နည်းသစ် ဖြစ်ပါတယ်။ သန္ဓေသားကို မျိုးဗီဇပြုပြင်မှုလုပ်တယ်။ တားမြစ်ထားတာကို သုတေသနလုပ်လို့ ကမ္ဘာ့ တခြားနေရာတွေကပါ ပြစ်တင်တာခံရတယ်။

ဒေါက်တာဟီက ၂၀၁၈ ခုနှစ် နိုဝင်္ဘာလထဲမှာ လူလာ နဲ့ နာနာ အမြွာမွေးတာကို  အေပီသတင်းဌာနက ဗီဒီယိုမှတ်တမ်း တင်ခဲ့တယ်။

ဒေါက်တာဟီကို ငွေဒဏ် ယွန် ၃ သန်း (ဒေါ်လာ ၄ သိန်း ၃ သောင်း) ပါချမှတ်တယ်။ အလုပ်ပြုတ်တယ်။ သူနဲ့အတူ တခြား ၂ ယောက်ကိုပါ ဒိထက်နည်းတဲ့ ပြစ်ဒဏ်ချတယ်။ ရှန်ဇန်းတရားရုံးက သူတို့ဟာ နာမည်ကြီးအောင် အကျိုးအမြတ် ရအောင် ဆေးပညာကျင့်ဝတ်ကို ချိုးဖေါက်တာလို့ ဆိုပါတယ်။

ဆေးသုတေသနမှာ CCR5 ခေါ်မျိုးဗီဇကိုဦးတည်ပြောင်းလဲမှုလုပ်ပါတယ်။ သူ့ဆေးသုတေသနမှာပါလိုတဲ့ သဘောတူ စုံတွဲ ၇ တွဲရခဲ့တယ်။ ယောက်ျားတွေမှာ HIV ပိုးရှိနေကြပြီး ဇနီးတွေကို မကူးသေးပါ။ မျိုးဗီဇပြုပြင်ထားတဲ့ သန္ဓေသားကို IVF နည်းနဲ့ မွေးစေတယ်။ အဲဒီ gene-editing technology နည်းပညာကို CRISPR-Cas9 ကနေ CCR5 gene ပြောင်းနည်းလို့ ခေါ်ပါတယ်။

ဆင်ဟွာသတင်းဌာနအဆိုအရ အဲလိုကလေး ၃ ယောက်ရှိပြီလို့ဆိုပါတယ်။ ကလေးတွေကိုတော့ ဆေးပညာအရ စောင့်ကြည့်နေပါတယ်။ ပြောသလို ဟုတ် မဟုတ် မသိနိုင်သေးပါ။

ဆေးပညာမှာ သစ်ဆန်းတိုးတက်မှုတွေ အမြဲရှိနေတယ်။ ကျင့်ဝတ်အရ သုတေသနမလုပ်ရလို့ သတ်မှတ်ထားတာတွေ ရှိတယ်။

မြန်မာပြည်မှာ သုတေသနလုပ်ငန်းတွေ တိုးတက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Unicode ဖြေနေရတာ တကယ့်ကို အခါတရာကျော်ပြီ

ဆရာ့ blog က font တွေဖတ်မရလို့ပါ။ကျွန်တော် Unicode သုံးတာပါခင်ဗျ။ Convector နဲ့ပေါင်းရတာလားခင်ဗျ။ blog မှာပဲ ပြောင်းလို့ရပါလားခင်ဗျ။

မေးခွန်းကို ဖေါင့်ပြောင်းဖတ်ပါတယ်။ သိချင်သူက ဒုက္ခခံရတယ်။ ၂၀၁၉ ခု စက်တင်္ဘာလကတည်းက လာသမျှ ၈၀% ကို ဖေါင့်ပြောင်းဖတ်ပြီး ဖြေနေရတယ်။

ယူနီကုဒ်ပါလို့ လာပြောသူလည်း တရာကျော်ပြီ။ ပွဲစားတွေရော၊ ရှေ့နေတွေရော၊ လော်ဘီသမားတွေရော၊ သူတို့ နောက်လိုက်တွေရော။

ဖေါင့်နှစ်မျိုးလုံးဖတ်နည်း ပေးတာတွေလည်း မနည်းဘူး။ တယောက်တမျိုး။ ကျွန်တော်က မတတ်ပါ။ သိတဲ့သူကိုသာ မေးပါရန်။

ဆိုင်မှာရောင်းတဲ့ပစ္စည်းသာ ဝယ်ကြရတယ်။ ကိုယ်လိုချင်တာ အဲဒီဆိုင်မှာမရှိရင် တခြားဆိုင်ပြောင်းရှာရတယ်။

ယူနီကုဒ်သုံးသူ ၉၀% လောက်ရှိမယ်။ ဆရာဝန်တွေ အများကြီးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

အဘရောဂါ နှင့် ဘရောဂါ

မေးခွန်းတွေမှာ ဘလို၊ ဘလောက်လို့ရေးနေသူ သိပ်မနည်းလှပါ။ ယောက်ျားတွေရော အမျိုးသမီးတွေကပါ ရေးကြတယ်။

ဘလိုဆိုတာ အဘလို၊ ဘဘလို၊ ဘကြီးလို။ ဘလေးလို၊ ဘဒွေးလို။ ဘလောက်ဆိုတာ အဘလောက်၊ ဘဘလောက်၊ ဘကြီးလောက်၊ ဘလေးလောက်၊ ဘဒွေးလောက်။

မေးခွန်းအမျိုးအစား ၂ မျိုးရှိတယ်။
၁။ ဟုတ် မဟုတ်သာ ဖြေရန်လိုတဲ့ မေးခွန်းအမျိုးအစားနဲ့
၂။ အချက်အလက်ပါ ဖြေရန်လိုတဲ့ မေးခွန်းအမျိုးအစား။

ထမင်းစားပြီးပြီလားလို့ မေးရင် ပြီးပြီ၊ မပြီးသေးဘူးသာ ဖြေရန်လိုတယ်။

ဘာဟင်းနဲ့စားခဲ့လဲ မေးရင်တော့ စားခဲ့တဲ့ဟင်းတွေအမည် ပြောလိမ့်မယ်။ ဆက်မေးနိုင်တာတွေ ရှိတယ်။ ဘယ်အချိန်က စားခဲ့လဲ။ ဘယ်သူ ပါသေးလဲ။ ဘာလို့ ဆိုင်မှာသွားစားတာလဲ။ ဘယ်ဆိုင်မှာလဲ။ ဆိုင်က ဘယ်နေရာမှာ ရှိတာလဲ။ ဘယ်လောက် ကုန်ခဲ့သလဲ။ စောင့်ရတာ ဘယ်လောက်ကြာလဲ။

ဘယ်ဆိုင်၊ ဘယ်ဟင်း၊ ဘယ်နေရာ၊ ဘယ်သူနဲ့၊ ဘယ်လောက်၊ ဘာနဲ့၊ ဘာလို့၊ စတဲ့မေးခွန်းသုံးစကားလုံးတွေကို တည့်မှန်အောင် သုံးရတယ်။

ရောဂါအမည်က ဘာလဲ။ ဘာ့ကြောင့် ဖြစ်သလဲ။ ဘယ်လို ကုသရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ။ ဘယ်ဆေးရုံမှာ ကုသရမလဲ၊ ဘယ်လောက် ကုန်မှာလဲ။ ဘယ်လောက် ကြာမှာလဲ။ ဆေး ဘယ်နှစ်မျိုးလဲ။ တနေ့မှာ ဘယ်နှစ်ကြိမ် သောက်ရမှာလဲ။ တခါသောက် ဆေးဘယ်နှစ်ပြားလဲ။

အမျိုးမတော်သူတွေကို မြင်မြင်သမျှ အဘခေါ်ခိုင်းတဲ့ခေတ်ရဲ့ အဆက်ဖြစ်တယ်။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ်ကျဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Sunday, December 29, 2019

Night Sweats ညချွေးထွက်ခြင်း

စစ်ဆေးသင့်တဲ့ ရောဂါတွေစာရင်း
1.    Overactive Thyroid လည်ပင်းကြီးဟော်မုန်းများခြင်း၊
2.    Low Blood Sugar သွေးထဲသကြားဓါတ်နည်းခြင်း၊
3.    Sleep Apnea အအိပ်မမှန်ခြင်း၊
4.    Acid Reflux အက်စစ်ရည် အထက်ဆန်ခြင်း၊
5.    Lymphoma လင်ဖိုးမား ကင်ဆာ၊
6.    Medications ဆေးများ (acetaminophen ပါရာစီတမော၊ aspirin အက်စ်ပရင်၊ ibuprofen အိုင်ဘူပရိုဖင်၊ tricyclics or TCAs စိတ်မကျဆေး၊ bupropion and venlafaxine ဟော်မုန်းဖြည့်ဆေးများ၊ cortisone and prednisone ကော်တီဇုန်းဆေးများ)၊
7.    TB တီဘီ၊
8.    Anxiety စိုးရိမ်စိတ်ကဲခြင်း၊
9.    HIV အိတ်ခ်ျအိုင်ဗွီ၊
10.    Tumors ကင်ဆာတချို့ (Prostate ဆီးကျိတ်၊ kidney ကျောက်ကပ်၊ ovaries မျိုးဥအိမ်၊ testicles ကျားအစိ)၊
11.    Menopause သွေးဆုံးခြင်း၊
12.    Infection ပိုးဝင်ခြင်း (bacterial endocarditis နှလုံးရောင်ခြင်း osteomyelitis အရိုးထဲပိုးဝင်ခြင်း)၊
13.    Pheochromocytoma ရှားပါး အကျိတ်ရောဂါ (adrenal glands အဒရီနယ်ဂလင်း)။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

Marvelon တာဆေးအမေး

ကန်တော့။ ခဏခဏမေးလို့ ခဏခဏဖြေရတယ်။

မင်္ဂလာပါဆရာ အသက် ၃၇ အိမ်ထောင်ရှိပါတယ် Marvelon 28 သောက်တာ နံပါတ် ၁ ကစသောက်ရမှာ နံပါတ် ၇ က စသောက်လိုက်မိလို့ပါဆရာ ဆက်သောက်ရမှာလား ကဒ်အသစ်ပြောင်းသောက်ရမှာလား ဖြေကြားပေးပါရှင့်

တားဆေးကို ရာသီစလာတဲ့နေ့ကနေ တနေ့တလုံးသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ တရက်ဆေးသောက်ဘို့မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ နောက် ပုံမှန်သောက်ပါ။ ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်းတခုခု သုံးပါ။

ဆေးကို အလားဂျစ်ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိသွေးကြောရောဂါရှိသူ၊ နှလုံးအတက်ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်း ရှာမရသူတွေ ဒီဆေး မသောက်သင့်ပါ။ ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။ ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက် သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။

ဘေးထွက်ဆိုးကျိုးများ
ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်က မခိုင်းပဲကိုယ်လှုပ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

တာဆေးကို အခု ဒါမှမဟုတ် အရင်က ရင်သားကင်ဆာရှိနေရင်၊ ကိုယ်ဝန် ရှိနေရင်၊ အသည်း၊ သည်းခြေအိတ်ရောဂါ ရှိနေရင်၊ မျိုးဥအိမ်အကျိတ်ရှိဘူးရင်၊ မိုင်ဂရင်းရောဂါရှိရင် မသုံးသင့်ပါ။ အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်း ၂ မျိုးပါ အများသုံးတာဆေးနဲ့ မသင့်လှပါ။ သွေးခဲ့မှာ ပိုသတိထားရလို့။ နို့တိုက်မိခင်သောက်နိုင်တဲ့ တားဆေးကပိုသင့်မယ်။

မြန်မာပြည်မှာ Marvelon နဲ့ အိုကေ၊ လက်ညှိုကဒ်၊ မြားကပ်ဆိုတာကို အများဆုံးသုံးနေကြတယ်လို့ မေးခွန်းတွေအရ သိရတယ်။ ၂၈ လုံးပါတဲ့တားဆေးအမျိုးမျိုးရှိတယ်။ အများသုံးဖြစ်တယ်။ ဟော်မုန်း ၂ မျိုးပါတယ်။
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg)
• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)

ဟော်မုန်းတမျိုးတည်းပါတာကို ကလေးနို့တိုက်နေစဉ်သုံးနိုင်တယ်။ မြန်မာပြည်မှာ Exluton ဆေး သုံးကြတယ်လို့ မေးခွန်းတွေအရ သိရတယ်။

ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ ၁-၂-၃ တွေ၊ မြားတွေ (မျှား မဟုတ်)၊ တနင်္ဂနွေ တနင်္လာတွေ၊ လက်ညှိုးပုံတွေက ဆေးသောက်သူ မှတ်ရတာလွယ်စေအောင် လုပ်ပေးထားတာသာဖြစ်တယ်။ အရောင်တူရင် ဆေးတူတယ်။

Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

ယမ်းငွေ့အူအူ တလူလူနှင့်

၁။ ဒီစာလေးက ဆရာတယောက် တင်ထားတာတွေ့ရလို့ပါ ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား တက်ရောက်ဖူးမြော်လို့ တွေ့ရပါတယ် တချို့နေရာတွေမှာ ကျနော်တို့တွေ သုံးကြတာက စေတီတော်မြတ်ကြီးသို့ လို့ သုံးတာပိုတွေ့ရပါတယ် သုံးသင့်တဲ့ ဝါကျအမှန်အနေအထားကို ရှင်းပြပေးပါလားဆရာ

၂။ ဆရာ ကို ဝိဘတ် နှင့် အား ဝိဘတ်အကြောင်း ဆွေးနွေးပေးပါအုံး။ အတိုင်ပင်ပင်ခံပုဂ္ဂိုလ်အား ပန်ကြားအပ်ပါသည်။ မြတ်စွာဘုရားအား ကန်တော့ပါ၏ စတဲ့ဝါကျတွေကို တချို့က အလေးဂရုပြုကြောင်း ဖော်ပြရင် သုံးလို့ရတယ် ဆိုလို့ပါ။

(က) အား

ကြိယာအထောက်အပံ့
၁။ ဆောင်ရွက်ရန် အချိန် အခွင့်ရှိသည်ကိုပြသည်။ ငါ သွားအားသည်။

၂။ ငဲ့ညှာခြင်း ကင်းသည်ကိုပြသည်။ ပြုတော်မူအားရန်ကော့၊ မျက်ထားတော်သုန်။

၃။ လက်ခံပြဝိဘတ်
ဆရာသည် ကျောင်းသားများအား စာသင်ပေးသည်။

(ခ) ကို

ကံဝိဘတ်
သူ့ကို စာအုပ်ပေးလိုက်ပါ။ သို့၊ အား တို့လို အလားတူသုံးနိုင်တဲ့နေရာတွေရှိတယ်။

အား = လက်ခံပြဝိဘတ်

သူ့မှာတမ်း
သူတို့အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း။

ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ မိဖအားကို
ဘာများ မှာခဲ့လိုသနည်း။

မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။

ခရီးမတ်တပ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ (မင်းသုဝဏ်)

နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုးရှိတယ်။
၁။ ကတ္တားဝိဘတ် − သည်၊ က၊ မှာ။
၂။ ကံဝိဘတ် − ကို။
၃။ ထွက်ခွာရာပြဝိဘတ် − မှ၊ က။
၎။ ရှေးရှူရာပြဝိဘတ် − သို့။
၅။ ဆိုက်ရောက်ရာပြဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်။
၆။ အသုံးခံပြဝိဘတ် − ဖြင့်၊ နှင့်။
၇။ အကြောင်းပြဝိဘတ် − ကြောင့်၊ ဖြင့်။
၈။ လက်ခံပြဝိဘတ် − အား။
၉။ နေရာပြဝိဘတ် - ၌၊ မှာ၊ တွင်၊ ဝယ်၊ က။
၁၀။ အချိန်ပြဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က။
၁၁။ ပိုင်ဆိုင်ခြင်းပြဝိဘတ် − ၏။
၁၂။ လိုက်လျောပြဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ။
၁၃။ ယှည်တွဲပြဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ။
၁၄။ ခွဲထုတ်ရာပြဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ။
၁၅။ ရည်စူးချက်ပြဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်။
၁၆။ နေရာဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်။
၁၇။ အချိန်ဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး။

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
မှ = ထွက်ခွါရာပြဝိဘတ်

သပြေကုန်းရွာမှ ကြိုဆိုပါ၏လို့ရေးတာ မမှန်ပါ။ သပြေကုန်းရွာက ကြိုဆိုပါ၏ကသာ သဒ္ဒါအရမှန်ပါတယ်။ အင်္ဂလိပ်လို ရေးတာမှာလည်း Welcome to လို့သာရေးရမှာကို Welcome from လို့မှားတတ်ကြတယ်။

အမောင်ပြောက်ကျား၊ ယမ်းငွေ့အူအူ၊ တစ်လူလူနှင့် စာရေးသူများကို ဘာများ မှာခဲ့လိုသနည်း။
ခရီးမတ်တပ်၊ လမ်းခုလတ်တွင် သတ်ပုံမှန်အောင် ရေးပါလေ။

ဒေါက်တာတင့်ဆွေ

The Old Man and the Sea တံငါအို သို့မဟုတ် ဇရာ

ရေးထာတာ လေးနှစ်ကြာပြီ။ သူငယ်ချင်းက ကာရာအိုကေဆိုထားတာ တွေ့လို့။ သီချင်းစာတွေက ပေါ်လစီသတ်ပုံတွေ ဖြစ်လို့ မသုံးဆော့ပါ။ ဆောရီးသူယ်ချင်း။

ဇရာလို့ပြောသံကြားတိုင်း ဇရာသီချင်းကိုသာ သတိရတယ်။ ဘိုကလေးတင့်အောင်ရေးသားပြီး ကိုမင်းနောင်ဆိုတဲ့ တံငါအိုတယောက်အကြောင်း ရေးဖွဲ့ထားတဲ့ ဇရာသီချင်း။

အဏ္ဏဝါ ကမ်းခြေအနီးမှာ၊ ဇရာပို တံငါအိုကြီး ဘဝခရီးကိုတွေး တွေး ရင်လေးမိတာ၊ ငိုက်ဆွေးသလိုနွမ်း ပိုက်အဆွေးကို ထမ်းကာ၊ တလှမ်းခြင်းလှမ်းရင်း၊ ဝမ်းတွင်းမချိသမျှ အတိအကျပေါ်လာ။ အော် မြစ်ပြင်ရယ်ကျယ်ပါဘိလေး၊ ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိလေး။ သို့သော် သည်ပိုက်အဆွေးနဲ့ လိုက်ရေးမလွယ်ပါ။

နုပျိုသစ်လွင် ငယ်စဉ်ကိုမှန်း။ လွမ်း မျက်ရည်ဖြာ။ အင်အားသန်မာ လူလုံးကျစ်လစ်။ ပိုက်သစ်ကိုဆွဲကာ၊ လာလာလေ ရွှေငါးကြင်းတို့။ အိမ်အပြန်ငါးတန်ထမ်းလို့၊ မှန်းကာကြည့် လွမ်းပါဘိလေး။

ဇရာဖိစီး ခရီးမတွင်သောဘဝမှာ၊ ကျန်သေးသမျှ အားဆောင်ကြည့်ရှာ၊ ကံပေးမှ ငါးတကောင်မိမှာ။ အလို ကြည့်စမ်းပ စားစရာ ငါးသတ္တဝါ၊ ဟင် ပိုက်မှာတွယ်ငြိ မိတန်ကောင်းရဲ့တခါ၊ အသာအယာချော့ကာဆွဲ၊ အသက်ပင်မရှူရဲ လက်ထဲ လက်ထဲ လက်ထဲရောက်လု ခုအချိန်မှာ

လွတ်လေပြီ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။ တငါအို ဗျာပိုလှိုက်လှဲ မျက်ရည်ဝဲ။ အားခဲလို့မဖြေသာ၊ လူကဇရာ ပိုက်မှာဆွေး၊ ငိုကြွေးမည်တမ်း မြစ်ကမ်းဗွေအဏ္ဏဝါ။

The Old Man and the Sea စာအုပ်ကို အမေရိကန်စာရေဆရာ အားနက်စ်ဟယ်မင်ဝေးက ရေးပါတယ်။ ၁၉၅၁ ခုနှစ် ကျူးဘားမှာရေးတာ။ ၁၉၅၂ မှပဌမအကြိမ်ထုတ်တယ်။ အဲဒီစာအုပ်ရေးချိန်မှာ စာရေးဆရာလည်း အသက်ကြီးပြီ။ ၁၉၅၃ မှာ ပူလစ်ဇာဆုရတယ်။  ၁၉၅၄ မှာ နိုဗယ်ဆုရတယ်။ စာအုပ်ကို အကြိမ်ကြိမ်ပြန်ထုတ်တယ်။ စပယ်လင် မပြင်ပါ။ တရားစာတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ သီချင်းစာသားတွေကို ပြန်ထုတ်ရင် သတ်ပုံပြင်တာ ကမ္ဘာမှာ မြန်မာစာသာရှိတယ်။

လွတ်လေပြီ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

Common Cold in babies ကလေးတွေ အအေးမိရင်

မင်္ဂလာပါဆရာ သားက ၂နှစ် ၅လကျော်ပါပြီ နှာခေါင်းပိတ်တာ ၁လလောက်ရှိပါပြီ ဆေးခန်းလည်းပြပါတယ် နှာခေါင်း အစက်ချတာလည်းချပါတယ် နှာခေါင်းပိတ်တာ မသက်သာဘူးဆရာ

ညဘက်အိပ်ရင် အသက်ရှူရတာ ခက်ခဲနေတယ် ဆရာ နှလုံးခုန်တာလည်း မြန်နေသလိုပဲ အိပ်ရက်ပက်လက်မအိပ်နိုင်ဘူးဆရာ မှောက်ယက်ပဲအိပ်တယ် ဘေးစောင်းလည်း မသက်သာသလိုပဲဆရာ နားနှာခေါင်းဆရာဝန်နဲ့ပြသင့်ပါသလားဆရာ နှာခေါင်းအစက်ချဆေးရည်က အကြည်ဘူးလေး တခါဖွင့်ရင် ၂၄နာရီပဲခံတယ် သားလေးသက်သာပျောက်ကင်းအောင် ဘာလုပ်ပေးသင့်ပါသလဲ

Common Cold in children ကလေးတွေ အအေးမိရင် https://doctortintswe.blogspot.com/2018/11/common-cold-in-children.html
Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း http://doctortintswe.blogspot.com/2015/12/homemade-humidifier.html
Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/04/babys-cough.html
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် https://doctortintswe.blogspot.com/2016/12/humidifiers-for-babies.html

မှောက်ယက်မဟုတ်။ မှောက်လျက်လို့ ရေးရ။
လျှာဖြင့်လျက်
သွားလျက်
လာလျက်
လျက်ဆား

ထွန်ယက်
ကြက်ယက်
ရေယက်
ယက်ကန်ယက်ကန်
ယက်ကြောင်း
ရွှေယက်ပြား
ယက်မန်းရည်
ယက်သဲ့ (ငါးဖမ်းကိရိယာ)

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း

ရင်သားမှာ ကင်ဆာဖြစ်လို့ တဖက်လုံး၊ နှစ်ဘက်လုံး ဖြတ်ထုတ်လိုက်ရသူတွေကို အမြင် အရင်လိုဖြစ်စေဘို့နဲ့ အထိအတွေ့ ကောင်းစေဘို့ရာ ရင်သားအသစ် ခွဲစိတ်ထည့်ပေးနိုင်တယ်။ Implants ရင်သားအတုထည့်တာကို Mastectomy ရင်သား ခွဲထုတ်ပြီး ချက်ချင်းလဲ လုပ်နိုင်တယ်။ တချို့ကို နောက်မှ အေးအေးဆေးဆေး လုပ်နိုင်တယ်။ အခုနောက်ပိုင်းမှာ ဖြစ်နိုင်ရင် ချက်ချင်း လုပ်ကြတယ်။ လူတိုင်းက လုပ်ဘို့ သင့်ကြတာတော့ မဟုတ်ပါ။ လုပ်မယ်ဆိုရင် Plastic surgeon (ပလပ်စ်တစ်) ခွဲစိတ်ဆရာဝန်၊ Breast surgeon ရင်သား-ခွဲစိတ်ဆရာဝန်၊ Oncologist ကင်ဆာ အထူးကုဆရာဝန်၊ Radiation oncologist ဓါတ်ရောင်ခြည်-ဆရာဝန်တွေနဲ့ တိုင်ပင်ရမယ်။ လုပ်ပြီးရင် မွေးရာပါ လိုတော့ ကောင်းမှာ မဟုတ်ပေမဲ့ အများကြီး စိတ်သက်သာရာရစေမှာ အမှန်ပါ။ အမြင်ကောင်းလာစေမယ်။ ကျေနပ်မှု တိုးတက်လာစေမယ်။ လူတောတိုးနိုင်လာမယ်။

Breast implants ရင်သားအတုထဲမှာ Saline ဆားရည်၊ ဒါမှမဟုတ် Silicone (စီလီကွန်) သုံးတယ်။ ဆာရည်နဲ့ဟာဖြစ်ဖြစ် Silicone (စီလီကွန်) ဖြစ်ဖြစ် Shell အကာကတော့ (စီလီကွန်) အမာစားဘဲ ဖြစ်တယ်။ လိုအပ်ရင် ကိုယ့်ကိုယ်ခန္ဓာ တခြား နေရာကနေ ယူထားတဲ့ အရေပြား၊ အဆီ နဲ့ ကြွက်သားကိုယူပြီး တည်ဆောက်ရတယ်။ ဘယ်ဟာ အကောင်းဆုံးနည်း ဆိုတာကို ဆရာဝန်တိုင်းက လက်ခံထားတာတော့ မရှိပါ။ နည်းတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပါ။ ကိုယ့် ကိုယ်ခန္ဓာ တခြားနေရာက ယူစရာတွေလိုမယ်ဆိုရင် ဒါးရာ၊ ချုပ်ရိုး ပိုကြီးမယ်၊ အတုပစ္စည်း သန့်သန့်ဆိုရင် တမျိုး။ အတုနဲ့ ကိုယ့်အသားကို တွဲသုံးတာက ပိုပြီး ကိုယ်ပိုင်ထင်မယ်ပေါ့။

မိန်းကလေးတယောက်ရဲ့ ပုံပန်း၊ ခန္စာဗေဒအရ ရင်သားအတုကို လိုက်ဘက်ညီအောင် ရွေးရတယ်။ အဆင့်တွေက မနည်းလှပါ။ ဆေးရုံတက်ချိန်ယူရမယ်။ လိုအပ်ရင် နောက်ဆက်ပြရမယ်။ ဆေးလိပ်သောက်သူတွေတော့ မကောင်းပါ။ တဖက်ထဲ လုပ်ရရင် ကျန်သဘာဝတဖက်နဲ့ တူနိုင်သမျှတူအောင် လုပ်ဘို့ လိုမယ်။ ဒါ့ကြောင့် ရင်သား အရွယ်အစား မကြီးလှသူ၊ တွဲကျမနေသူတွေ လုပ်ပေးရတာ ပိုကောင်းတယ်။ အမှန်က ကြီးနေတာ သေးအောင်၊ သေးနေတာကို ကြီးအောင် လုပ်ပေးနိုင်ပါတယ်။

Implant procedure ရင်သားအတုထည့်ပေးနည်းမှာ အဆင့် ၂-၃ ဆင့်ရှိတယ်။ ပဌမဆုံး Tissue expander နေရာချဲ့ပေးတာကို အရင် ကြွက်သား နဲ့ အရေပြားကြားမှာ ထည့်ရတယ်။ အိတ်လိုနေရာလေး ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒီဟာလေးက ဆားရည် ရင်သားတုလိုပါဘဲ။ တလမ်းသွားအထိန်းလေးပါတယ်။ လိုတဲ့အခါ ဆားရည် ထပ်ထည့်ပေးနိုင်အောင်လို့ပါ။ ၄-၆ လလောက် ဆေးခန်းကိုလာပြီး လိုအပ်တဲ့ အရွယ်ရတဲ့အထိ ဆားရည်ကို ထည့်ထည့်ပေးရမယ်။ နောက်တဆင့်ကတော့ ထည့်ထားတာကို ပြန်ထုတ်ပြီး အမြဲထားမဲ့ ဆားရည်ဖြစ်ဖြစ် (စီလီကွန်) ဖြစ်ဖြစ် အတုကိုထည့်ပေးရတယ်။ တခါတလေ ဆားရည်သုံးတာမှာ အရင်ထည့်ထားတာ ကြာကြာထားရတတ်တယ်။

တချို့ကို Tissue expansion နေရာချဲ့ပေးတာကို မလုပ်ဘဲ အတုကို တခါထဲထည့်တာမျိုး တန်းလုပ်ပေးနိုင်တယ်။ သူ့မှာ ရင်သားခွဲထုတ်ပြီးနောက်မှာ ပကတိ အရေပြားနဲ့ ကြွက်သား အလုံအလောက် ကျန်နေသေးလို့ လုပ်နိုင်တာပါ။ လူတိုင်းကိုတော့ လုပ်မရပါ။

Saline နဲ့ Silicone implants ဘယ်ဟာပိုကောင်းသလဲ
- Saline implants တွေက ပိုမာတယ်။ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ Breast augmentation ရင်သား ပိုထွားအောင်အတွက် လုပ်နိုင်တယ်။ Breast reconstruction ရင်သား သစ်အတုထည့်တာဆိုရင် ဘယ်အသက်ဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။
- Silicone တွေက အပြော့-အမာမှာ သဘာဝရင်သားနဲ့ ပိုတူတယ်။ အသက် ၂၂ နှစ်အထက် Breast augmentation ရင်သား ပိုထွားအောင်အတွက် လုပ်နိုင်တယ်။ Breast reconstruction ရင်သားသစ် အတုထည့်တာ ဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။

ဘယ်အန္တရာယ်တွေ သတိထားရမလဲ -
• ရင်သားနေရာ နာနေမယ်၊
• သွေးယိုမယ်၊
• ပိုးဝင်နိုင်တယ်၊
• အမာရွတ်ရှိနေမယ်၊
• အနာမကျက်နိုင်တာ၊
• အထိအတွေ့ ခံစားမှု မတူတော့တာဖြစ်မယ်၊
• ထည့်ထားတာက အရေပြား အပြင်ထွက်လာတာ၊
• အမာရွတ်က အထဲကအတုကို ဖိနေတာ။
• ထည့်ထားတာက ယိုစိမ့်၊ ပေါက်ပြဲသွားတာ၊ ချပ်ပြားသွားတာ၊
• နောက်ထပ် ခွဲစိတ်ရနိုင်တယ်။

Implant ruptures ထည့်ထားတာက ယိုစိမ့်၊ ပေါက်ပြဲ၊ ချပ်ပြားသွားသွားရင် ဘာလုပ်ရမလဲ -
• Saline စုပ်ပြဲတာဖြစ်ရင် ပြန်ဖေါင်းစေအောင် လုပ်ပေးနိုင်တယ်။ အိတ်ထဲကဆားရည်ကို ကိုယ်ခန္ဓာကနေ စုပ်ယူလိမ့်မယ်။ လိုအပ်ရင် ပြန်ထုတ်ပြီး အသစ်တခု ထပ်ထည့်နိုင်တယ်။
• Silicone ပေါက်နေတာကို သတိမထားမိဘဲ နေတတ်တယ်။ ရေရှည်ဆိုးကျိုး ဆိုးတာတွေ မရှိပါ။ ကင်ဆာ မဖြစ်စေပါ။ နာနေနိုင်တယ်။ အရွယ်အစား ပုံပန်း ပြောင်းသွားမယ်။ ခွဲစိတ်မှုတခု လိုပါမယ်။
• Silicone ထည့်ထားသူတွေကို ၃ နှစ်နောက်ပိုင်းမှာ MRI scans ကို ၂ နှစ်တခါ ရိုက်သင့်တယ်။ အနေအထားသိအောင်လို့။
• Breast implants ထည့်ထားသူတွေကို Radiation therapy ဓါတ်ကင်ရင် သတိကြီးရမယ်။ အရောင် ပြောင်းနိုင်တယ်။ (တစ်ရှူး) တွေ ကျုံ့နိုင်တယ်။

Natural grafts/tissue flap surgery သဘာဝ ကိုယ်ပိုင် (တစ်ရှူး) အစားထိုးနည်း
ကိုယ်ပိုင်အသားဖြစ်လို့ သဘာဝဆန်တယ်။ ဒါပေမဲ့ လုပ်ရတာ ကရိကထ များတယ်။ အချိန်ယူရမယ်။ အသားယူတဲ့ နေရာမှာ အမာရွတ် ကျန်နေရစ်မယ်။ အယူခံတဲ့နေရာမှာ အားနည်းသွားမယ်။ ဗိုက်၊ နောက်ကျော နဲ့ တင်က အသားတွေ ယူရတယ်။ Skin-sparing mastectomy ရင်သားကို ထုတ်ပြစ်ရတဲ့အခါ အရေပြားကို ချန်နိုင်သလောက် ချန်တဲ့ ခွဲစိတ်နည်း လုပ်ရင် ချက်ချင်း ရင်သားအတု ထည့်လို့ရတယ်။ ကင်ဆာထပ်ဖြစ်မှာနဲ့ ချိန်ဆရမယ်။

Reconstructive surgery ရင်သားအတုတပ် ခွဲစိတ်နည်း
(၁) Pedicle flap surgery ကိုယ့်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်တဲ့နည်း၊
(၂) Free flap surgery ကိုယ့်ခန္ဓာက အသားစကို အပြီးဖြတ်တောက်ယူနည်းမှာ Microsurgical techniques အနုစိတ် ခွဲစိတ်နည်းကိုပါ သုံးရမယ်။ ပိုကြာမယ်။

- Abdomen (TRAM flap) နည်းမှာ Transverse rectus abdominal muscle ကိုယူတယ်။ Pedicle flap surgery ကိုယ်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်နည်းဖြစ်ဖြစ် Free flap surgery ကိုယ်ခန္ဓာက အသားစကို အပြီးဖြတ်တောက်ယူနည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

- Abdomen (DIEP flap) နည်းမှာ Deep inferior epigastric perforator ကိုယူတယ်။ နည်းသစ်ဖြစ်တယ်။ ကြွက်သားကို တတ်နိုင်မျှ နည်းနည်းသာ ယူတယ်။ အဆီနဲ့ အရေပြားယူမယ်။ Pedicle flap surgery ကိုယ့်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်တာကို သုံးတဲ့နည်းကိုသာ သုံးရတယ်။

- ဒီနည်းကို ဆန်းသစ်ထားတာတော့ Superficial inferior epigastric artery (SIEA) flap ဆိုတာကို ယူတယ်။ ယူတာတူပေမဲ့ အတွင်းမှာရှိနေတဲ့ သွေးလွှတ်ကြောကို အားထားတယ်။ လူတိုင်းကိုတော့ လုပ်ရပြန်ဘူး။

- Back နောက်ကျော ဒါမှမဟုတ် Latissimus dorsi flap နည်း၊ နောက်ကျော အထက်နားက ကြွက်သား၊ အဆီ နဲ့ အရေပြားကို ယူတယ်။ ယူတဲ့ဟာကို ရင်ပတ်ဆီအထိ မြောင်းသွယ်သလို လုပ်ပေးရတယ်။ ရင်သား အရွယ်အစား သိပ်မကြီးတာမျိုးအတွက် လုပ်နိုင်တယ်။ ရင်သားအတုထည့်စရာ အိတ်အနေနဲ့လဲ ဒီနည်းလုပ်နိုင်တယ်။

- Buttocks တင်ပါး ဒါမှမဟုတ် Gluteal flap နည်း၊ ဗိုက်နဲ့ နောက်ကျောမှာ ယူစရာ အသားဆိုင် နည်းပါးသူတွေအတွက် လုပ်နိုင်တယ်။

Nipple-areola reconstruction နို့သီးထိပ်ဝိုင်းနဲ့ ထိပ်ဖျား
နို့သီးထိပ်ဖျား လုပ်ပေးတာကို Permanent implant ဒုတိယ ခွဲစိတ်မှုလုပ်ချိန်မှာ တခါထဲလုပ်ပေးတယ်။ တချို့က ၂ လ အနည်းဆုံး ခြာပြီးမှ လုပ်တယ်။ သဘာဝနဲ့ တူနိုင်သမျှတူစေဘို့ပါ။ အတုတပ်လိုက်တဲ့ ရင်သားရဲ့ အရေပြားကနေ အနာ ကောင်းကောင်းကျက်ချိန်မှာ လုပ်ပေးနိုင်တယ်။ ရင်သားအရောင်ရင့်အဝိုင်းကို ပေါင်ခြံကအရေပြားကိုယူပြီး အရောင် ရင့်လာအောင် ထိုးကွင်းထိုးတည်းနဲ့ လုပ်ရတယ်။ Nipple-sparing mastectomy ရင်သားကို ထုတ်ရတုံးမှာ ချန်ထားလို့ ဖြစ်နိုင်ရင် နို့သီးနေရာကို ချန်ခဲ့နိုင်တယ်။ လူတိုင်းကိုတော့ မရဘူး။ လိုအပ်ရင် အဲလိုလုပ်ထားတာကို နို့သီးထိပ်နေရာကို ကင်တာမဖြစ်အောင် ဓါတ်ကင်တာပါ လုပ်ပေးရမယ်။

Acellular dermis technique နည်းဆိုတာလဲ ရှိတယ်။ ရင်သားခွဲထုတ်တုံးမှာ အရေပြားအောက်မယ် ပုခက်လို အရာလေး တခုထည့်ပေးထားတယ်။ ပြီးရင် Expander ဖြစ်ဖြစ် Implant ဖြစ်ဖြစ် ထည့်ပေးနိုင်အောင်လို့။ နောင် ဆေးခန်းပြန်လာရတဲ့ အကြိမ်နည်းစေတယ်။ ရင်သားကြီးကြီးကိုလဲ လုပ်ပေးနိုင်တယ်။ ဒါးရာလဲ နည်းတယ်။ Expander ကနေ Final implant ကိုလဲတာလဲ အချိန်တိုတိုနဲ့ ရတယ်။ လူတိုင်းကိုတော့ လုပ်ပေးလို့ မရပါ။ နောက်ပေါ်နည်းကို Gummy bear implant ခေါ်တယ်။ စမ်းနေဆဲဖြစ်လို့ စာရင်းသွင်းထားသူတွေကိုသာ လုပ်ပေးတယ်။

ဘယ်လိုကြိုးစာထားတာဖြစ်ဖြစ် သဘာဝ မိမွေးတိုင်းတော့ မကောင်းနိုင်ပါ။ စိတ်ထိခိုက်မှု အနည်းနဲ့ အများခံစားရမှာကို ကုဘို့လိုရင် ကုရမယ်။ ခွဲစိတ်ပြီးနောက် နာတတ်တာများလို့ လက်ကို ခေါင်းပေါ်မှာ မြှောက်နေကြဘို့ အကြံပေးတယ်။ ရာသက်ပန်မခံတာ သတိထားဘို့ လိုပါမယ်။ ၂ဝ-၂၅ နှစ်ခံမယ်လို့ ခန့်မှန်းချက်ရှိတယ်။

• လှချင်လို့လုပ်တာတွေက အများဆုံးပါ။
• ၁၉၆၂ မှာ ပဌမဆုံး ရင်သားအတုထည့်တဲ့ အမျိုးသမီးဟာ အမေရိကားကဖြစ်တယ်။ သူ့နောက် တကမ္ဘာလုံးမှာ ၅ သန်းကနေ ၁ဝ သန်းအထိရှိနေပြီ။
• ၁၉၉၂ ခုနှစ်မှာ အမေရိကန် FDA ကနေ (စီလီကွန်) တွေကို သူ့နိုင်ငံထဲမှာ မရောင်းတော့ဘို့ လုပ်လိုက်တယ်။ ၂ဝဝ၆ ရောက်တော့ Allergan and Johnson & Johnson's Mentor ကနေ ထုတ်တာတွေကို ပြန်ပြီး ခွင့်ပြုလိုက်တယ်။ အမျိုးသမီး ၄ဝဝဝဝ ကို ၁ဝ နှစ်ကြာ ဆက်လေ့လာစောင့်ကြည်မှု လုပ်ရမယ်ဆိုတဲ့ အာမခံချက်နဲ့ ခွင့်ပြုတာဖြစ်တယ်။
• ဗြိတိန်မှာ (ပလပ်စတစ်) ခွဲစိတ်ကုသမှုထဲမှာ အများဆုံးလုပ်ရတဲ့ ခွဲစိတ်နည်းဖြစ်တယ်။
• (ဘရာဇီးလ်) မှာလဲ အတော်ကြီး ပေါ်ပြူလာဖြစ်တယ်။ တနှစ်မှာ အမျိုးသမီးပေါင်း ၂ သိန်းကနေ ၃ သိန်း လုပ်ပေးနေရတယ်။
• တခါလုပ်ရင် ဒေါ်လာ ၅ဝဝဝ ကနေ ၈ဝဝဝ ကုန်တယ်။ နောက်ပြန်ခွဲရတာက ပိုကုန်တယ်။
• အလှအပကို တန်ဘိုးထားလှတဲ့ (ဗယ်နီဇွဲလား) မှာ မိဘတွေက သမီးချောလေးတွေကို လက်ဆောင်အနေနဲ့ လုပ်ပေးသတဲ့။ အဲဒီမိန်းကလေးတွေ တသက်မှာ အနည်းဆုံး ၂ ခါတော့ ဒါးရာပါနေတာ အဝတ်ချွတ်ရင် မြင်ရလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

ဗါ နှင့် ဘာ

ကွန်မင့်တခုက ဘာလတွေ များတယ်ဆရာ တဲ့။ ဗာလလို့ ရေးရတယ်။

ဗါ
ဗါဂျာဆွဲသည်
ဗါဂျာမှုတ်သည်
ဗါရာဏသီပြည်
ဗါလည်ခုံ
ဗါလလူမိုက်
ဗါလီကွေး (စစ်အင်္ကျီ)
ဗါလီစေ့
ဗါလီမျောက်
ဗါဝရီမော်ကွန်း
ဗါဟိရအလုပ်
ဗါဟုလက်ရုံး
ရှင်ဗါကူ

ဘာ
သြဘာစာ
ဘာဂအဘို့
ဘာဂိနေယျ = နှမ၏သား = တူ
ဘာဂျာ
ဘာဏုရာဇာရာနေမင်း
ဘာလီရည်
ဘာလုပ်
ဘာလုပ်သနည်း
ဘာဝနာပွါးသည်
ဘာဝရုပ်
ဘာသာဘာဝ
ဘာသာလဝါ
ဘာသာလဝါ = ကြင်နာစွာဖြင့် နှုတ်ဆက်ပြောဆိုခြင်း
ဘာသာရေး
ဘာသိဘာသာ
ဘာသန္တရ
ဘာပြော၊
မဟာဘာရတတိုင်း
သဘာပတိ
သဘာဝကျသည်
ဣတ္ထိဘာဝ

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

Saturday, December 28, 2019

ဝိဘတ်

၁။ ဒီစာလေးက ဆရာတယောက်တင်ထားတာတွေ့ရလို့ပါ ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား တက်ရောက်ဖူးမြော်လို့ တွေ့ရပါတယ် တချို့နေရာတွေမှာ ကျနော်တို့တွေ သုံးကြတာက စေတီတော်မြတ်ကြီးသို့ လို့ သုံးတာပိုတွေ့ရပါတယ် သုံးသင့်တဲ့ ဝါကျအမှန်အနေအထားကိုရှင်းပြပေးပါလားဆရာ

၂။ ဆရာ ကို ဝိဘတ် နှင့် အား ဝိဘတ်အကြောင်း ဆွေးနွေးပေးပါအုံး။ အတိုင်ပင်ပင်ခံပုဂ္ဂိုလ်အား ပန်ကြားအပ်ပါသည်။ မြတ်စွာဘုရားအား ကန်တော့ပါ၏ စတဲ့ဝါကျတွေကို တချို့က အလေးဂရုပြုကြောင်း ဖော်ပြရင် သုံးလို့ရတယ် ဆိုလို့ပါ။

(က) အား

ကြိယာအထောက်အပံ့

၁။ ဆောင်ရွက်ရန် အချိန် အခွင့်ရှိသည်ကိုပြသည်။ ငါ သွားအားသည်။

၂။ ငဲ့ညှာခြင်း ကင်းသည်ကိုပြသည်။
ပြုတော်မူအားရန်ကော့၊ မျက်ထားတော်သုန်။

၃။ လက်ခံပြဝိဘတ်
ဆရာသည် ကျောင်းသားများအား စာသင်ပေးသည်။

(ခ) ကို

ကံဝိဘတ်
သူ့ကို စာအုပ်ပေးလိုက်ပါ။

သို့၊ အား တို့လို အလားတူသုံးနိုင်တဲ့နေရာတွေရှိတယ်။

မြန်မာသဒ္ဒါမှာ နာမ်ဝိဘတ်နဲ့ ကြိယာဝိဘတ်ရှိတယ်။

နာမ်ဝိဘတ် ၁၆ မျိုးရှိတယ်။
• သည်၊ က၊ မှာ = ကတ္တားဝိဘတ်
• ကို = ကံဝိဘတ်
• မှ၊ က = ထွက်ခွါရာပြဝိဘတ်
• သို့ = ရှေ့ရှုရာပြဝိဘတ်
• သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင် = ဆိုက်ရောက်ရာပြဝိဘတ်
• ဖြင့်၊ နှင့် = အသုံးခံပြဝိဘတ်
• ကြောင့်၊ ဖြင့် = အကြောင်းပြဝိဘတ်
• အား = လက်ခံပြဝိဘတ်
• ၌၊ မှာ၊ တွင်၊ ဝယ်၊ က = အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
• ၏ = ပိုင်ဆိုင်ခြင်းပြဝိဘတ်
• အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ၊ နှင့်အညီ၊ နှင့်အမျှ = လိုက်လျောပြဝိဘတ်
• နှင့်၊ နှင့်တကွ၊ နှင့်အတူ = ယှဉ်တွဲပြဝိဘတ်
• တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ = ခွဲထုတ်ရာပြဝိဘတ်
• ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက် = ရည်စူးချက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင် = နေရာဆက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး = အချိန်ဆက်ပြဝိဘတ်

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
မှ =  ထွက်ခွါရာပြဝိဘတ်

သပြေကုန်းရွာက ကြိုဆိုပါ၏ကသာ သဒ္ဒါအရမှန်ပါတယ်။ မှားလေ့ရှိတာဟာ က ကို စကားအသုံးလို့သာ ထင်မှတ်လို့ ဖြစ်ပါမယ်။ အင်္ဂလိပ်လိုရေးတာမှာလည်း Welcome to လို့သာရေးရမှာကို Welcome from လို့မှားတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ

မည်သူက ပိုအရေးကြီးသနည်း

ဉာဏ်ရည်အမြင့်ဆုံးပုဂ္ဂိုလ်များအောက်မှာ မေးပါတယ်။ မင်းကွန်းဆရာတော်ဘုရားက ဥာဏ်အကောင်းဆုံး လူသားတွေထဲမှာ မပါဘူးလားဆရာ တဲ့။

ပို့စ်ပါ သုတေသနကို မြန်မာပြည်မှာ လုပ်တာ မဟုတ်ပါ။

ဆဋ္ဌသံဂါယနာကို ၁၉၅၆ ခုနှစ်၊ သာသနာနှစ် ၂၅၀၀ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ ထေရ၀ါဒဗုဒ္ဓဘာသာငါးနိုင်ငံမှ သံဃာတော်ပေါင်း ၂၅၀၀ ကျော်ဖြင့် ညောင်ရမ်း ဆရာတော် ရေ၀တထေရ်၊ မဟာစည်ဆရာတော် သောဘဏထေရ်၊ မင်းကွန်း ဓမ္မနာဒဆရာတော် ၀ိစိတ္တသာရာ ဘိဝံသထေရ်တို့ အကြီးအကဲပြုကာ ဝန်ကြီးချုပ်ဦးနုအမှူးပြုသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ ချီးမြှောက် ထောက်ပံ့မှုဖြင့် တင်တော်မူခဲ့ကြပါတယ်။

အခုခေတ်ပညာရှင်တွေ သုတေသနလုပ်သူတွေကတော့ မင်းကွန်းဆရာတော်ကြီး မြန်မာစာသတ်ပုံမှားခဲ့တယ်လို့ ပြောနေကြမယ်။ တနေ့က တင်ထားတယ်။ ဆရာတော်ကြီးလက်ရေးမှာ ဆွမ်းဆန်တော် သုံးတင်းဝင်တအိတ်လို့ ရေးခဲ့တယ်။ တကို စမသတ်လို့ မှားသတဲ့။ အဲလိုလူတွေက ဆရာတော်ကို အမှတ်ပေးကြမယ်မထင်။

မြန်မာပြည်မှာ ဆန်းစစ်သုတေသနပြုသူတွေရဲ့ အရည်အချင်းက အပြုခံပုဂ္ဂိုလ်တွေထက် အရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၉

U.S. Presidents Ranked By IQ အမေရိကန်သမတ (၂၄) ဦးတို့ရဲ့ IQ ဆန်းစစ်ချက်

ခေါင်းစဉ်ဖတ်ပြီး တမျိုးတော့ မထင်ပါနဲ့။ ဆန်းစစ်ချက်ရှိတာကိုသာ ကိုးကားရတယ်။ သူတို့ သမတတွေအမည် ကြာဖူးသူ အတော်ကို နည်းမယ်။ သိစရာလည်း သိပ်လိုတာမဟုတ်။ ကျွန်တော်လည်း တချို့ကိုသာသိတယ်။

လူတွေရဲ့ ဉာဏ်ရည်တိုင်းတာနည်း IQ ကို ၁၉ဝ၅ ကတည်းကစသုံးခဲ့ပါတယ်။ ပြင်သစ်စိတ်ပညာရှင် Alfred Binet ကနေ တီထွင်လိုက်တာ။ ၂ဝဝ၆ ခုနှစ်မှာ ပါမောက္ခ Dean Simonton ကနေ အမေရိကန် သမတတွေရဲ့ IQ တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့ပါတယ်။ သမတတွေရေးသားတဲ့စာအုပ်တွေ၊ မိန့်ခွန်းတွေ၊ သမိုင်းမှာ အရေးပါမှုတွေကို အခြေခံပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။

1. Ulysses S. Grant = Estimated IQ: 120 အနည်းဆုံးသမတ
2. James Monroe = Estimated IQ: 124.13
3. Warren G. Harding = Estimated IQ was a mere 124.3
4. George W. Bush = Estimated IQ of 124.88 ဘွတ်ရှ် (ဂျူနီယာ)
5. Andrew Johnson = Estimated IQ of around 125.65
6. Zachary Taylor = Estimated IQ of 125.65
7. James Buchanan = Estimated IQ of 125.93
8. Andrew Jackson = Estimated IQ: 126.25
9. William Howard Taft = Estimated IQ: 126.9
10. Gerald Ford = Estimated IQ: 127.08
11. Calvin Coolidge = Estimated IQ of 127.1
12. Harry Truman = Estimated IQ of 127.55 ထရူးမင်း
13. Lyndon B. Johnson = Estimated IQ: 127.83 ဂျွန်ဆန်
14. Herbert Hoover = Estimated IQ is 129.78
15. Ronald Reagan = Estimated IQ is 130 ရီဂင်
16. George H.W. Bush = Estimated IQ is 130.1 ဘွတ်ရှ် (စီနီယာ)
17. William McKinley = Estimated IQ: 130.2
18. James K. Polk = Estimated IQ was 130.2
19. Grover Cleveland = Estimated IQ 130.9
20. Richard Nixon = Estimated IQ of 131 နစ်ဆန်
21. Dwight D. Eisenhower = Estimated IQ of 131.9 အိုက်စင်ဟောင်းဝါ
22. Benjamin Harrison = Estimated IQ of 130
23. George Washington = Estimated IQ of 132.5 ဂျော့ ဝါရှင်တန်
24. Martin Van Buren = Estimated IQ of 133.4 အများဆုံးသမတ (ပုံ)

ဆန်းစစ်ချက်အရ ယေဘုယျပြောရရင် သမတတွေက စမတ်ဖြစ်ကြတယ်။ အိမ်ဖြူတော်မှာထိုင်ရတာ ကျိုးကြောင်း ဆီလျှော်ကြတယ်။ IQ အမြင့်ဆုံး Martin Van Buren မာတင်ဗန်ဘူရင် ဟာ ဒတ်ခ်ျလူမျိုးဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ရှစ်ယောက်မြောက်သမတ (၁၈၃၇-၁၈၄၁) ဖြစ်တယ်။

မြန်မာပြည်က သမတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဥက္ကဌကြီးတွေ၊ ဘုရင်တွေကို လေ့လာဆန်းစစ်မှုလုပ်ရင် အမှားများလွန်းမယ် ထင်တယ်။ ဘုရင်ဆိုတာ အဖေ့သားဖြစ်လို့နဲ့ အဖေကိုသတ်လို့က များတယ်။ ဖဆပလခေတ်မှာ သမတ ဆိုတာ ခွဲတမ်းနဲ့။ သမတတွေအမည်ကို သိသူလည်း မများလောက်ပါ။ ဆန်းစစ်သူတွေရဲ့ ဘက်လိုက်မှုက မသေး။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

Birth Control Pills Brand Names တားဆေးအမည်များ

(ကန်တော့)

အသက် ၂၆ မ အိမ်ထောင်ရှိ ရာသီမှန် marvelon 28 သောက်နေကျပါ ဆိုင်တွေမှာဆေးပြတ်နေတာ ဝယ်မရလို့ပါ ဘာသောက်ရမှန်းမသိလို့ပါရှင့် ဘေးထွက်ဆိုးကျိုး များတာတွေသောက်မိမှာကြောက်လို့ပါရှင့်

Common combination pill ခေါ် ဟော်မုန်း ၂ မျိုးပါ အများသုံးတာဆေးအမည်များ
Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
Apri
Aranelle
Aviane
Azurette
Beyaz
Caziant
Desogen
Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
Enpresse
Estrostep Fe
Gianvi
Kariva
Lessina
Levlite
Levora
Lo Ovral
Loestrin
Low-Ogestrel
Lybrel
Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg)
Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg)
Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)
Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
Mircette
Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
Natazia
Nordette
Ocella
Ortho Tri-Cyclen
Ortho-Novum
Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
Previfem
Reclipsen
Safyral
Seasonale
Seasonique
TriNessa
Velivet
Yasmin
Yaz

Progestin-Only ခေါ် ဟော်မုန်းတမျိုးတည်းပါ နို့တိုက်မိခင်တွေနဲ့ အသက် ၃၅ နှစ်ကျော်သူတွေအတွက် ကိုယ်ဝန်တားဆေးအမည်များ

Aizea (desogestrel)
Alesse
Alesse-28
Apri
Aranelle
Aviane
Azurette
Beyaz
Brevicon
Camila
Caziant
Cerazette (desogestrel)
Cerelle (desogestrel)
Demulen
Desogen
Enpresse
Errin
Estrostep 21
Estrostep Fe
Exluton
Genora
Gianvi
Heather
Jencycla
Jenest 28
Jolivette
Kariva
Lessina
Levlen 21
Levlite
Levlite 28
Levora
Lo Estrin
Lo Ovral
Loestrin
Lo-Ovral 28
Low-Ogestrel
Low-Ogestrel 28
Lybrel
Microgestin
Microgestin FE
Micronor (norethindrone)
Micronor (norethisterone)
Mircette
Modicon
Nacrez (desogestrel)
Natazia
Necon
Nora-BE
Nordette
Norethindrone
Norgeston (levonorgestrel)
Noriday (norethisterone)
Norinyl
Nor-QD
Nor-QD (norethindrone)
Ocella
Ogestrel
Ortho Tri-Cyclen
Orthoa Micronor
Ortho-Cept
Ortho-Cyclen
Ortho-Novum
Ovcon 35
Ovcon 50
Ovral 28
Ovrette
Previfem
Reclipsen
Safyral
Seasonale
Seasonique
Tri-Levlen 21
Tri-Levlen 28
TriNessa
Tri-Norinyl 28
Triphasil 28
Trivora 28
Velivet
Yasmin
Yaz
Zelleta (desogestrel)
Zovia

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

ပါတော်မူနေ့

မင်္ဂလာပါဆရာ ကျွန်တော် မရှင်းတာလေးရှိလို့ တခုလောက်မေးပါရစေဗျ အရှင်နှစ်ပါးပါတော်မူတဲ့နေ့နဲ့ သူ့ကျွန်ဘဝ ရောက်တဲ့နေ့ မတူဘူးလားဗျ အရှင်နှစ်ပါးက ၁၈၈၅ နိုဝင်ဘာ ၂၉မှာ ပါတော်မူတယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်ဗျ Online ပေါ်မှာ ဒီဇင်ဘာ ၃၁က သူ့ကျွန်ဘဝရောက်တဲ့နေ့လို့ တင်ထားတာတွေ့လို့ မရှင်းလို့ပါဗျ

ဝီကီပီးဒီးယား
၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟု ခေါ်ဆိုသည်။

မဇ္ဈိမ
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်္ဂလိပ်နယ်ချဲ့အစိုးရက သီပေါမင်း၊ စုဖုရားလတ်နဲ့ နန်းတွင်း ဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်လို့ ပါတော်မူနေ့ ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

RFA
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က အင်္ဂလိပ်နယ်ချဲ့အစိုးရက သီပေါမင်း ၊ စုဖုရားလတ်နဲ့ နန်းတွင်းဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

7_Day
နိုဝင်ဘာ ၂၈ ရက်သည် ပါတော်မူနေ့မဟုတ်ကြောင်းနှင့် အနွယ်တော်များသည် ပါတော်မူနေ့ကို မြန်မာလ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်ကိုသာ သတ်မှတ်ထားခဲ့ကြောင်း မင်းတုန်းမင်းကြီး၏ သား တော် ပျဉ်းမနား မင်းသားကြီး၏ မြစ်တော်စပ်သူ ဒေါ်ထိပ်တင်နှင်းက ပြောသည်။

စွယ်စုံကျမ်း
၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့တွင် မြန်မာသီပေါမင်းတရားသည် ဗြိတိသျှစစ်ဗိုလ် ဂျင်နရယ်ပရင်ဒါဂတ်အား ထီးကြငှန်းနှင့် နိုင်ငံကိုပါ အပ်ရလေတော့သည်။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းနှင့်တကွ တမြို့လုံးကိုသိမ်း၍ မင်းမိဖုရား သားတော် သမီးတော်များအား အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ရှေးဦးစွာ ခေါ်ဆောင်သွားလေသည်။ ထို့နောက် ဘုံဘိုင်ပြည်နယ် ရတနာဂီရိမြို့တွင် ထားသည်။

အဲတာကြောင့် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့လို့သတ်မှတ်တာက ပိုပြီးသင့်မှန်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

Advertisement and Doc ကြော်ငြာနဲ့ရန်ဖြစ်နေတဲ့ ဆရာဝန်

၁။ ဦးနှောက်အာရုံကြောနှင့် မျက်စိအားဆေး

အဲလိုဟာတွေ အများကြီး။ ပုံနဲ့ပို့စ်ရေးရတာ အားနာရတယ်။

၂။ ဆရာ ဖြစ်နိုင်လားဆရာ ဘေးထွက်ဆိုးကျိုးရှိလား အဒေါ်တစ်ယောက် အာ့လိုဖြစ်နေလို့ပါ

ဒါတွေဟာ တကယ်ပဲရေကီဖာသောက်လို့ လိမ်းလို့သက်သာသွားတဲ့ ဆိုရီရေးစစ် (Psoriasis ) ရောဂါတွေလား၊ အံဩစရာနော်၊ လုံးဝ မပျောက်နိုင်တဲ့ အော်တိုအင်မြူး (Autoimmune ) ရောဂါအမျိုးအစားထဲကရောဂါတွေလေ။

မေးတဲ့သူက တယော က်တည်း။ အဲလိုကြော်ငြာတွေကို အတော်သဘောကျပုံရတယ်။ ဆိုရီရေးစစ်ပျောက်တဲ့ဆေးတွေ့သူ ဆေးပညာနိုဗယ်လ်ဆု ရမယ်။ ဒီလိုမေးခွန်းမျိုးတွေ ခဏခဏလာတယ်။ ဖြေရတိုင်းအားနာရတယ်။ မျက်နှာပျက်စရာကောင်းတယ်။

1.    Ad and Doc ကြော်ငြာနဲ့ရန်ဖြစ်နေတဲ့ ဆရာဝန် http://doctortintswe.blogspot.com/2015/06/ad-and-doc.html
2.    Advertisement ကြော်ငြာ ကြော်ငြာ ကြော်ငြာ http://doctortintswe.blogspot.com/2015/05/advertisement.html
3.    A-Ra collagen ထိုင်းကလာတဲ့ ကြော်ငြာဆေး http://doctortintswe.blogspot.com/2015/03/skin-whitening-injection.html
4.    Bee pollen ပန်းဝတ်မှုံ အာဟာရ https://doctortintswe.blogspot.com/2014/11/bee-pollen.html
5.    Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး https://doctortintswe.blogspot.com/2015/05/high-up-calcium-usa.html
6.    Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား http://doctortintswe.blogspot.com/2015/04/commercial-medicine.html
7.    Commercial products ကြော်ငြာဆေးတွေ http://doctortintswe.blogspot.com/2015/04/commercial-products.html
8.    Commercial treatments ကြော်ငြာဆေး ထပ်မေးလာ http://doctortintswe.blogspot.com/2015/03/commercial-treatments_15.html
9.    Commercial ကြော်ငြာပါရစေ http://doctortintswe.blogspot.com/2015/02/commercial.html
10.    FillyMor ဖြေရတာမောတဲ့ဆေး http://doctortintswe.blogspot.com/2015/06/fillymor.html
11.    Flaxseed နှမ်းနက် https://doctortintswe.blogspot.com/2017/08/flaxseed.html
12.    For Sale Medicine ရောင်းကုန် https://doctortintswe.blogspot.com/2018/01/for-sale-medicine.html
13.    Gluta ဂလူတာဆေး ခဏခဏမေး https://doctortintswe.blogspot.com/2015/08/skin-whitening-medicine.html
14.    Herbs vs. Drugs တကယ့်ဆေးနဲ့ ကြော်ငြာဆေး http://doctortintswe.blogspot.com/2015/04/herbs-vs-drugs.html
15.    High Up-Calcium USA အရပ်ရှည်ဆေး http://doctortintswe.blogspot.com/2015/05/high-up-calcium-usa.html
16.    Kefir ရောင်းကုန် https://doctortintswe.blogspot.com/2019/08/kefir.html
17.    Medicated Stick ကျဉ်းဆေးဆိုတာ https://doctortintswe.blogspot.com/2016/10/medicated-stick.html
18.    Medicine Ad ကြော်ငြာဆေးနောက်တမျိုး http://doctortintswe.blogspot.com/2015/03/medicine-ad_15.html
19.    Medicine advertisement ကြော်ငြာဆေးအမေးကနေ သက်တမ်းတိုစေတယ် http://doctortintswe.blogspot.com/2015/08/medicine-advertisement.html
20.    Medicines for Money ကြော်ငြာနဲ့ရန်ဖြစ်နေရတဲ့ ဆရာဝန် https://doctortintswe.blogspot.com/2017/06/medicines-for-money.html
21.    Medicines for profit ကြော်ငြာဆေးနောက်တမျိုး http://doctortintswe.blogspot.com/2015/03/medicines-for-profit_15.html
22.    MLM ကရောင်းတဲ့ဆေးတွေဆိုတာ ဘာလည်းရှင့် https://doctortintswe.blogspot.com/2016/03/mlm.html
23.    Multi-level-marketing မာလ်တီလယ်ဗယ် တံလျှပ် https://doctortintswe.blogspot.com/2017/02/multi-level-marketing.html
24.    Perfect Beauty အဆီကျ အသားဖြူ သွေးသားသန့် အရွယ်တင် နုပျို  https://doctortintswe.blogspot.com/2017/08/perfect-beauty.html
25.    Self-styled medicines ကြော်ငြာဆေး ဘေးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/03/self-styled-medicines.html
26.    Skin Whitening Injection အသားဖြူဆေး http://doctortintswe.blogspot.com/2015/03/skin-whitening-injection.html
27.    Unapproved medicines ကြော်ငြာဆေးတွေ http://doctortintswe.blogspot.com/2015/03/unapproved-medicines.html
28.    Vimax and Breast ကျားဆေး-မဆေး ကြော်ငြာပြီးရောင်းတဲ့ဆေး http://doctortintswe.blogspot.com/2014/12/vimax-and-breast.html
29.    Virginity medicine Ad အပျိုစစ်နဲ့ ဆေးအစစ် http://doctortintswe.blogspot.com/2015/04/virginity-medicine-ad.html

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

စဉ်းစားကာနေရဦးမယ်


တွေ့ပါဦးမယ် နဲ့ တွေ့ပါအုန်းမယ် မှာ ဘယ်အသုံးအနှုန်းက အမှန်လည်း ဆရာခင်ဗျာ

ဦး နဲ့ အုန်း လို့ ရေးတာက စံကိုက်သတ်ပုံ။

အုံး - အုန်း - ဦး https://doctortintswe.blogspot.com/2016/10/blog-post_75.html

မြန်မာစာကတော့ တွေ့တဲ့အတိုင်းပဲ။ စဉ်းစားကြပါဦး။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

အငယ်ဆုံးသား မွေးနေ့

ကျွန်တော် ၁၉၉၀ ခုနှစ်အကုန် တိုင်းပြည်ကနေ ထွက်ပြေးရစဉ်က ရာဇာတင့်ဆွေက မောင်ဗမာစက်ဘီလေးနဲ့ ကျောင်းတက်နေချိန်။

သူဆယ်တန်းအောင်ပြီးတော့ ၁၉၉၅ ခုနှစ်ဆန်း အိန္ဒိယမှာ မိသားစုပြန်ဆုံကြတယ်။

သိပ်မကြာခင် သူက စကောလားရှစ်ရတာနဲ့ ယူအက်စ်အေ ရောက်သွားတယ်။ ၂ဝဝ၆ မှ သူ့ဆီအလည်ရောက်ပါတယ်။ သူတက်နေတဲ့ ဘလူမင်တန် ယူနီဗာစီတီကိုလည်း ရောက်ခဲ့တယ်။

၂ဝ၁၄ စက်တင်ဘာလကျမှ မိသားစုအားလုံး တခါပြန်ဆုံကြတာ သူနေထိုင်တဲ့ အင်ဒီယာနာပုလစ်မြို့မှာ။

ပုံထဲကသားအဖ ၁၃ နှစ်ပိုပြီး အသက်ကြီးလာကြပြီ။ လူတိုင်းရဲ့ မိသားစုတိုင်းမှာ အဲလိုပဲ အပြောင်းအလဲတွေ ကိုယ်စီ ရှိကြတယ်။

Photo taken in 2006 Math Hall, Bloomington, Indiana

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၉

Friday, December 27, 2019

Review သမင်လည်ပြန်ကြည့်ခြင်း

တနှစ်ကုန်တိုင်း ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး သုံးသပ်ကြတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ကြတယ်။ တိုင်းပြည်ကို သုံးသပ်တယ်။

နှစ်ဆန်းရက်ဟာ လွတ်လပ်ရေး နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေတယ်။

လွန်လပ်ရေးက ကျွန်တော့်ထက် ၈ လသာကြီးတယ်။ ဖဆပလ ခေတ်ကို အစအဆုံးမီတယ်။ ငယ်သေးတော့ သိတာ နည်းတယ်။ မှတ်မိတာလည်း နည်းတယ်။ မေ့မရတာတွေ မမေ့ပါ။ ဇာတိမင်းရွာမှာ သူပုန်တွေ ဓါးပြတွေပေါတယ်။ ပြည်တော်သာကျောင်းလေးတကျောင်းရတယ်။ ရွာက အရင်ကထက်တော့ တိုးတက်လာပါတယ်။ အေးချမ်းပါတယ်။

အနီ နဲ့ အဝါ နောက်ဆုံးရွေးကောက်ပွဲမှာ ပြိုင်ကြတော့ မုံရွာမှာ။ ဖဆပလ နှစ်ခြမ်းကွဲတော့ ၅ တန်း။ တော်လှန်ရေးကောင်စီက အာဏာသိမ်းတော့ ၈ တန်း။ မဆလ ၂၆ နှစ် အစအဆုံးမိတယ်။ ၁၉၈၈ အရေးအခင်းကြီးနေ့ဟာ အစိုးရခန့်ဆရာဝန် လုပ်သက် ၁၅ နှစ်ရဲ့ နောက်ဆုံးနေ့။ နဝတ ကနေ နအဖ မဖြစ်ခင် ပြည်ပရောက်သွားရတယ်။

လွတ်လပ်ရေး ၇၁ နှစ်ပြည့်ချိန် သမင်အိုကြီး မြင်နိုင်လောက် ကြည့်တယ်။

ရွာကို ကားနဲ့သွားလို့ရပြီ။ တောသူတွေ ဆိုင်ကယ်စီးနေကြတယ်။ မင်းရွာမှာ အရင်မူလတန်းကျောင်းပဲ ဆက်ရှိနေတယ်။ မုံရွာအထက်တန်းကျောင်းကလည်း အဆောက်အဦဟောင်းပဲ ဆက်ရှိနေတယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းထားတာ။

ဖဆပလ မရှိတော့။ အရပ်သားတွေက အစိုးရ လုပ်နိုင်လာတယ်။ နဝတ နဲ့ နအဖ အမည်တွေတော့ မရှိတော့။ အမည်ပြောင်းထားတယ်။

အရင်က ကျောင်းသားတွေ မုံ့ဖိုးက ၅ ပြား ၁၀ ပြားဆိုရတယ်။ အခု ကျောင်းသားတွေဘဝ အတော်ကို တိုးတက်နေပြီ။

အရင်က ရှားရှားပါးပါး ပညာတော်သင်တွေသာ သွားနိုင်တဲ့ နိုင်ငံခြားမှာ လူ ၃ သန်းကျော်ရောက်နေကြပြီ။ အတော်ကို တိုးတက်လာတယ်။

ရေနံဆီမီးခွက်လေးတွေလည်း ပျောက်ကုန်ကြပြီ။ သစ်တောတွေကတော့ ဘဝတပါး ပြောင်းကုန်ကြတယ်။

ပြည်ပမှာနေရသူက မတိုးတက်ပါ။ ခုခေတ်ရေးနေတဲ့ မြန်မာစာသတ်ပုံတွေကို မဖတ်တတ်တော့။

ရွာမှာ သူပုန်မရှိတော့ပါ။ တိုင်းပြည်တဝှမ်းမှာ သူပုန်လို့ မခေါ်ရတဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေအတွက် ၁၅ ဆလောက် ဖြစ်လာတယ်။ တိုးတက်လာတယ်။

လွတ်လပ်ရေးကျောက်တိုင်ကြီး မယိုင်မလဲ တည်မြဲနေတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

Ignorant than you think ထင်တာထက် တုံးတယ်

ဆရာရှင့် ပုံကိုကြည့်ပြီး ဆရာရဲ့အတွေးတွေ သိချင်လာတယ်ရှင့်။ တွေးကြည့်မိတာလေးက လူတွေ ဦးနှောက်ကို အသုံးမပြုဘဲ၊ မြေမြူပ်ထားကြတယ်လို့ ထင်မိပါတယ်ရှင့်။

မတွေ့လောက်မယ့်နေရာ၊ မရှိတာကို ရှာနေကြတာလည်းဖြစ်နိုင်တယ်။ ဘာထရန်ရပ်စ်ဆဲလ်ပြောတာတခုက လောကကြီးမှာ ဒုက္ခဖြစ်နေတာက ဘာမှန်းမသိသူ စတူးပစ်တွေက သူတို့ဟာ သူတို့တော့ အပိုင်တွက်ထား ဖေါ့ဆို့လုံအောင်ပိတ်ထားသလိုယူဆကြတယ်။ ပညာဉာဏ်ရှိသူတွေက သံသယထားတတ်ကြတယ်။

လေ့လာမှုကောင်းကောင်းပြုထာတဲ့ စိတ်ပညာရှင် ကော်နဲလ်ရဲ့ သုတေသနရလဒ်သာမှန်ရင် ဘာထရန်ရပ်စ်ဆဲလ် ပြောတာ တဝက်သာမှန်နေသေးတယ်။ စတူးပစ်တွေဟာ သူတို့အစွမ်းကို ဒီရေလွှမ်းသလိုထင်မှတ်ကြတယ်။ ပညာရှိတွေလည်း တခြားအစွန်းတဖက်က အဲလိုပဲ။ ပညာတွေတတ်လေလေ မသိလေလေဖြစ်လာတယ်။ မသိတာကို မသိခြင်းနဲ့ သိတယ်လို့မှတ်ယူခြင်းတွေဟာ လူသားတွေရဲ့ ဖြစ်တတ်တဲ့သဘာဝပဲ။

ဒန်းနင်းက ကျွန်တော်တို့အားလုံးဟာ ယုံကြည်မှုအပြည့်ရှိကြတဲ့ လူတုံးတွေပဲတဲ့။ ဂျင်မီ ကင်မဲလ်ရဲ့ မုသားသက်သေ သတင်းအစီအစဉ်ထဲမှာ လူတွေကို လမ်းပေါ်ကမမှန်သတင်းတွေပေးတဲ့အခါ ကြားရသူတွေက အစစ်ပဲမှတ်ယူကြတာကို ပြသတယ်။ အဲတာဟာ သမုဒ္ဒရာရေပြင်ပေါ်ကမြင်ရတဲ့ ရေခဲတုံးထိပ်ဖျာလေးသာ ရှိသေးတယ်။
လေ့လာမှုတခုမှာ မေးခွန်းတွေမေးတယ်။ တမင်ထွင်ထားတဲ့သတင်းကို မေးလိုက်ရင် ၉ဝ% က အနည်းဆုံး တစိတ်တပိုင်းတော့ ဟုတ်တယ်၊ တွေ့ဘူးပါတယ်လို့ဖြေကြတယ်။ လူကြီးမင်းကောဗျာ့

ဗဟုသုတဗလာဖြစ်နေချိန်မှာ မှတ်မိခြင်းကို ထွန်းလှန်တယ်။ ကျွန်တော်တို့ဟာ ကိုယ်သိတာထက် ပိုသိတယ်ပဲ ထင်နေကြတယ်။ တကယ်မသေချာပဲလည်း အဟုတ်မှတ်ယူလိုက်ကြတယ်။ အတ္တမာနကနေ ကိုယ့်ကိုယ်ကို တော်တယ်လို့ စမတ်ကျတယ်လို့ သေချာစေအောင် အဲလိုလုပ်လိုက်တာဖြစ်တယ်။

စဉ်းစားဉာဏ်၊ နည်းပညာအသိ၊ ကျွမ်းကျင်မှု မသိသူတွေဟာ သဒ္ဒါ၊ လောဂျစ်၊ လက်နက်အကြောင်း၊ ငွေကြေးအကြောင်း စတာတွေကို သူတို့အရှိထက်ကဲလွန်ပြီး သိသလိုလုပ်တတ်ကြတယ်။ အဲလို မသိကိုအသိလုပ်တာ အန္တရာယ်ကြီးတယ်။
မသိနားမလည်ခြင်းဟာ သတင်းအချက်အလက် မရတာ၊ မစုံတာ၊ ဗဟုသုတမကုံလုံတာ၊ ပညာအားနည်းတာလို့ ယူဆကြတယ်။ အဲတာက တော်သေးတယ်။ အဲလိုယူဆသူတွေက ပညာရေးကို ဖြေဆေးလို့ တွက်ဆပါလိမ့်မယ်။ ဒါပေမယ့် ပညာရေးဆိုတာ အသေအချာသင်ပေးထားလည်း မှန်းဆသိတဲ့ယုံကြည်မှုကိုသာ ရစေတယ်။ ဥပမာ ကားမောင်းပညာသင်ခိုင်းမယ်။ မတော်တဆဖြစ်မှု နည်းမလာစေပဲ တိုးလာစေတယ်။ ဘာလို့လဲ။

သင်တန်းတက်ထားသူက ငါတော့ ကားမောင်းပညာကို တတ်ထားပြီးသူဖြစ်တယ်လို့ မှတ်ယူမယ်။ အောင်လက်မှတ် ရတာနဲ့ ကားမောင်းပညာအိတ်စပတ်ကြီးလို့ မှတ်ယူလိုက်တော့တယ်။ တိုက်ကုန်ရော။ သင့်ကိုယ်သင် သင့် မကောင်းဆိုးဝါးမှုရဲ့ရှေ့နေလို စဉ်းစားကြည့်ပါ။ ကိုယ်ချလိုက်တဲ့ တလွဲပါသွားတဲ့ကောက်ချက်ကို ကိုယ်ဘယ်လောက် သဘောကျနေပါသလည်း။ ကိုယ်လည်း တခါတလေ မှားတတ်တယ်လို့ ပြောကြည့်ပါ။ အရာရာဟာ ထင်ထားသလို ဖြစ်မလာပါလားလို့ တွေးကြည့်ပါ။ အဲဒီလေ့ကျင့်ခန်းကနေ တိုးတက်မှုတွေ ရရလာပါလိမ့်မယ်။ အဲဒီနည်းကို ချားလ်စ် လော့ဒ်က ဆန့်ကျင်ဖက်ကို စဉ်းစားပေးခြင်းလို့ခေါ်တယ်။

အဲလို လုံခြုံအောင်ကာကွယ်ရေးတွေလုပ်ထားတဲ့အထဲက အမှားတွေကို တွေ့ပါအုန်းမယ်။ မှားတတ်တာကိုအနိုင်ယူမယ့် ကစားပွဲမှာ ကိုယ်ကအသာစီးရလာပြီဆိုရင် ကောင်းတယ်။ တချို့မှာ ဆုံးဖြတ်ချက်အတွက် သံသယတွေဖြစ်လာရင် လေဖြတ်သလို မလှုတ်နိုင်မရွေ့နိုင်ဖြစ်ကြတယ်။ ရတာနဲ့ တင်းတိမ်ထားပါအုန်း။

လူသားတွေရဲ့မူလဘူတ ဘယ်ကဆိုတာအကို အဖြေရှာသလိုပါပဲ။ ဘယ်သူမှာ ကံသေကမ္မမပြောနိုင်ပါ။ နည်းနည်းလေးသာသိသူရော အများကြီသိထားသူကပါ အင်း ဒီပြဿနာကြီးကို သိပ္ပံနည်းနဲ့ ရှာလို့ရမှာမဟုတ်ဘူးလို့ မှတ်ကြတာချည်းပဲ။

ဆိုကရေးတီးရဲ့ အသိဉာဏ်အယူအဆအရ အေသင်သား အတွေးအခေါ်ပညာရှင်တွေက သူတို့အသိဉာဏ်အရ သိတာဆိုလို့ ဘာမှမသိပါတကားတဲ့။ ကနေ့ဖြစ်နေတာတွေကတော့ ငါဟာ အတော် သိသူပါတကားတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅
၂၈-၁၂-၂ဝ၁၉

မန်လည်ဆရာတော်



မန်လည်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော အစိန္တေယျကြီးကျမ်းကို ၁၃၂၆ (၁၉၆၄) မှာ ထုတ်ပါတယ်။

တခုစီချ၍
တသက်လုံးအောက်မေ့
တပါးစီထုတ်၍
တပုဒ်တပုဒ်၌
ရတနာမကို တို့နှင့်တကွ
စကြဝဠာ တတိုက်၌

မန်လည်ဆရာတော်ဟာ  (၁၂၀၃-၁၂၈၁)  ဝန်းသိုမြို့နယ် မန်လည်ဇာတိဖြစ်တယ်။ မဃဒေဝလင်္ကာသစ်ကလည်း ထင်ရှားတယ်။

(၅) ထိုနောက်၎င်း၊ စောလောင်းရာဇာ၊ ကြီးပညာနှင့်၊ မဟာမဃ၊ ဒေဝဘုန်းယှိ၊ သန္ဓေသိဖြင့်၊ ဇာတိပညာဉ်၊ မြဲယှဉ် စောင့်လျက်၊ ဥက္ခောင်းထက်နှိက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှ မြင်ခြင်း၊ တင်အချင်းဟု၊ ကြံရင်းအဲးခိုး၊ ဉာဏ်ဆော်နှိုး၍၊ မိုးကြိုးပမာ၊ မိန့်တော်မှာသည်၊ ရာဇ မန္တန၊ ခဏ်းလှတသွယ်၊ နာသာဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယောက်ျားက၊ လျှောက်ကြားထင်စွာ၊ ကပ္ပကာ ရောစန၊ ဟူထ တခဏ်း၊ မြပန်း ကေသာ၊ သျှောင် စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော် ကြားနှိုက်၊ ကြောင် ကျားမဟူ၊ တချောင်းဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တက်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နှတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍၊ ဘုန်းသန် မင်းကျော်၊ ထိုဆံတော်ကို၊ ရူမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော်ထင်တိုင်း၊ ဆင်ခြင်ကြံဆ၊ ခြင်းရာပြသား၊ အတ္တ စိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ယှိတုံလျှင်းလျက်၊ သေမင်း ယူမည်၊ တိုးတည် ထံနီး၊ ရောက်လာပြီးသို့၊ နန်းထီးစည်းစိမ်၊ မင်းရိပ်ငြိမ်ကို၊ နှောင်အိမ်လောင်တိုက်၊ မှတ်ပိုက်ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန်ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန်းပြီး တဖြာ၊ ဥဒါန်းသာ၍၊ လွန်စွာဝမ်းနူး၊ မြွက်ဆို ကျူးသား၊ ရွှင်မြူးကြည်လှ၊ ဥဒါန ဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်းခြယ်၍၊ နာဘွယ်ပိုင်းသန်း၊ သံဝေခဏ်းဟု၊ မည်မှန်းနာမ၊ ဒုတိယဖြင့်၊ ကျမ်းလှတအုပ်၊ ခဏ်းကြီးချုပ်သည်။ ။ပိုက်ထုပ်မှတ်လေ ရွှေအိုးတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

လွတ်လပ်ရေးကြေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ်၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင်အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသောမြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည်နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါ ပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အဝါ ညှိုးလျော်နွမ်းလျ မထွန်းမပဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘဝသို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူနေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင်လွင့်စင်ကွယ်ပျောက်၍ နေဝါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ်တလနှင့် တရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သောဘဝထူး ဘဝမြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြလမ်းစ ရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော လုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ဝဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိ တို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူတခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့်ပြည့်စုံသော အချုပ်အချာတည်းဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကိုအလိုမရှိ။ မြစ်ချောင်းသီတာသမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသား အပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ရာ မြန်မာနိုင်ငံတော်တဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်း မဟုတ်။ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သောနိုင်ငံမဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ငါတို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသောမဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့်ငါတို့ နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်မည်။ ဤ ငါတို့ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

မူရင်းစာသားများဖြစ်ပါတယ်။ (တ) တွေကို (တစ်)၊ လို့မရေးတာတွေကို သတိပြုကြစေလိုပါတယ်။
တကမ္ဘာလုံး တယောက်မကျန်
တကမ္ဘာလုံးကို
တစိတ်တဝမ်းတည်းဟူသော
တညီတညွတ် တစုတရုံး
တပါးသူတို့၏
တမျိုးဘာသာ တစိတ်တဒေသ၏
တဖြာဖြာတဝင်းဝင်း
တသွေးတသား တမိဘ
မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်း မဟုတ်။
မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။
မည်သူတဦးတယောက် တဖွဲ့တသင်းက
မြန်မာနိုင်ငံတော်တဝှမ်းကို
မြူတခြမ်းမျှ
ခြောက်ဆယ့်တနှစ်တလနှင့် တရက်သော

မြန်မာစာ လွတ်လပ်ရေးရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၆
၂၇-၁၂-၂၀၁၉

Sunlight and Vitamin D နေရာင်နှင့် ဗီတာမင်ဒီ

Mirror ကနေအလင်းပြန်လာတဲ့ Sunlight B မှာ vitamin D ပါလား သိချင်ပါတယ်။

နေရောင်ကနေ ဗီတာမင်ဒီ ရစေတယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာက နေရောင်ကိုသုံးပြီး ဗီတာမင်ဒီအဖြစ် ပြုလုပ်ပေးတာဖြစ်ပါတယ်။ အလင်းရောင်ရတဲ့ အိမ်ခန်းထဲ ကားထဲ ထိုင်နေလို့တော့ ဗီတာမင်ဒီ မရစေနိုင်ပါ။

နေရောင်ထဲမှာပါတဲ့ UV ခေါ် ခရမ်းလွန်ရောင်ခြည် လုံလောက်အောင်ရမှာသာ ဖြစ်နိုင်တယ်။ အဲလိုဖြစ်အောင် အသဲနဲ့ ကျောက်ကပ်တွေက ကယ်လ်စီယမ်ဓါတ်ဆားကို အသုံးပြုပြီး လုပ်ပေးတာ။

နေရောင်ထဲမှာ Ultraviolet A (UVA) ခေါ် အေအမျိုးအစားနဲ့ Ultraviolet B (UVB) ဘီအမျိုးအစားလို့ ၂ မျိုးပါတယ်။ အေအမျိုးအစားက အရေပြားလွှာထဲကို အထဲနက်အောင်ဝင်ရောက်ပြီး အသက်ဖြစ်သင့်တာထက်ပိုရင့်သလိုဖြစ်စေတယ်။ ဘီအမျိုးအစားက နေလောင်တာဖြစ်စေတယ်။ ဒါပေမဲ့ ဘီအမျိုးအစားကသာ ဗီတာမင်ဒီအဖြစ်ပြောင်းစေနိုင်တယ်။

အိမ်ထဲ ကားထဲ ရုံးထဲ ကျောင်းထဲနေတာနဲ့ UVB လုံလောက်အောင် မရနိုင်။ တချို့မှန်တွေက UVB rays ကို မဝင်စေအောင် လုပ်ထားသေးတယ်။ အဲတော့ UVA radiation ပိုရစေတာ မကောင်းပါ။

ဗီတာမင်ဒီလိုအပ်သူတွေ အစားအသောက်ကနေရစေရမယ်။ အစဉ်အလာသုံးငါးကြီးဆီကနေရမယ်။ နွားနို့၊ ငါးနဲ့ ကြက်ဥအဝါပိုင်း တွေကနေ ရမယ်။

Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
Vitamin D ဗီတာမင်ဒီ အကြောင်း https://doctortintswe.blogspot.com/2019/01/vitamin-d.html
Vitamin D ဗီတာမင်ဒီ မေးခွန်း https://doctortintswe.blogspot.com/2018/09/vitamin-d.html
Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး https://doctortintswe.blogspot.com/2017/07/vitamin-d-and-flu.html
D3 and Super K နာမည်ကြီးနေတဲ့ဆေးတဲ့ https://doctortintswe.blogspot.com/2018/10/d3-and-super-k.html

လူတယောက်ဟာ တိုက်ရိုက်နေရောင်နဲ့ တနေ့မှာ ၁၀ မိနစ်ထိတွေ့ရတာနဲ့ တနေ့တာဗီတာမင်ဒီ လုံလောက်အောင် ရတယ်။ အေးတဲ့အရပ်မှာ နေထိုင်ရသူတွေက နေရောင်နဲ့ထိတွေ့ဘို့ အချိန်ပိုလိုကြတယ်။ အားတော့နာတယ် နာမည်ကြီးဆိုတိုင်း သြသဓဆေးလို့တော့ မထင်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Atman အတ္တမကင်းသော

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်ဆိုပြီး ပြည်ပနိုင်ငံရေးလုပ်ခဲ့ရစဉ်က အမှတ်တရပုံလေးတွေ တင်ပါတယ်။ ကွန်မင့်တခုရတယ်။ Minmin Htun Tun အတ္တမပါတဲ့ ...