Boiled farm pea ပဲပြုတ်ခဲ့ရခြင်း

လွန်ခဲ့တဲ့ ၂၉ နှစ်တိတိက ဒီရက်မှာ ကျွန်တော်တို့အဖွဲ့ဟာ ချင်းတောင်တန်းကြီးပေါ်မှာပါ။ ခြေလျင်ခရီးနှင်ပြီး တိုင်းပြည်ကြီးက ထွက်လာကြတာ လမ်းတဝက်သာ ရောက်ကြသေးတယ်။ ယာတောထဲက တဲကလေးတခုမှာ တညတာ အိပ်ဖို့နားကြတယ်။ တဲလေးက သပ်သပ်ယပ်ယပ်ပါ။ စနစ်တကျသိုမှီးထားတဲ့ ပဲအမျိုးမျိုးထည့်ထားတဲ့အိုး ၃-၄ လုံး တွေ့တယ်။ အနားမှာလူမရှိ ပိုင်ရှင်လည်း ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ပါးစပ်ကအသံထွက်ခွင့်တောင်းပြီး ပဲတမျိုးကို ပြုတ်ပါတယ်။ ရာသီဥတုကစိုထိုင်းနေတော့ မီးဖိုစရာ ထင်းရှာရတာခက်တယ်။

ပဲပြုတ်ထားရင်း ယူလာတဲ့ နေရှင်နယ် ဓါတ်ခဲရေဒီယိုလေးကိုဖွင့်နားထောင်ကြတယ်။ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောမှာဖွဲ့လိုက်ပြီလို့ ကြားကြရလို့ ဝမ်းသာအားရဖြစ်ကြတာ အမောတွေပါ ပြေသွားကြရတယ်။

ညဥ့်နက်လို့ ဆာလာတဲ့အထိ ချင်းပဲက မကျက်သေးပါ။ မစောင့်နိုင်ကြတော့လို့ ရှိတာနဲ့ညစာစားကြတယ်။ စားပြီးလည်း ပဲကမနပ်သေး။ တရေးအိပ်ကြမယ်။ ယာတဲမှာအမိုးရှိပေမယ့် အောက်ခံမြေကြီးက စိုထိုင်းနေတယ်။ စစ်မိုးကာအခင်းစက တတည်းသာပါလို့ နှစ်ယောက်စာမျှရတယ်။ ကျန်တဲ့လူတွေက မိုးရွာရင်ဆောင်းရတဲ့ ပလပ်စတစ်စခင်းပြီး အိပ်ကြရတယ်။ ပဲအိုးကိုတော့ မီးထိုးထားဆဲပါ။

အနာဂတ်ကိုမျှော်ဘို့ရာ ဓူဝံကြယ်ကို မမြင်ရပါ။ ဆောင်းအိပ်မက်တွေကတော့ တခုပြီးတခုလာ။ မနက်ဝေလီဝေလင်းမှာ ရှေ့ခရီးဆက်ကြရတော့မယ့်အချိန်ထိ ပဲပြုတ်အိုးက မနပ်သေးပါ။ နေရစ်ပေတော့

ခုချိန်မှာတော့ ပဲပြုတ်နပ်လောက်ပြီ။ ခက်တဲ့ပဲကိုပြုတ်ရတာ ၂၅ နှစ်ကြာသွားပါတယ်။ ယာတဲပိုင်ရှင်အား ဘုရားသခင် ကောင်းချီးပေးပါစေ။

ခုချိန်မှာ အဖွဲ့ထဲကလူတွေကတနေရာ၊ အယူအဆတွေက တဘာသာဖြစ်သွားရပေမယ့် အခက်အခဲတွေနဲ့အတူ အေးအတူပူအမျှ တခရီးတည်းသွားခဲ့ကြသူတွေဖြစ်လို့ သတိရပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၉
ဓါတ်ပုံ = ၁၉-၁၂-၁၉၉ဝ နေ့က ပုလဲမြို့နယ် NLD အဖွဲ့ဝင်များ ချင်းတောင်တန်းတနေရာမှာ နေ့လယ်စာစားကြစဉ်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး