လူကြီးမင်းရဲ့သားကို မသိပါ

ဆရာ သားကိုစာပြန်ပါနော်

လူကြီးမင်းရဲ့သားကို မသိပါ။ ဆောရီး။ အဲလိုရေးတာတွေ ခဏခဏလာတယ်။ တင်ပြထားတာ အခါတရာကျော်ပြီ။

အမျိုးမတော်သူကို အမျိုးစပ်ခေါ်တာတွေ အတော်အဆင်မပြေပါ။ ကိုယ့်ကိုယ်ကိုလည်း သားလို့ သမီး လို့ပြောကြတာ တကယ်ကို နားလည်ရခက်တယ်။ မေးတဲ့သူလား၊ သူ့သားလား၊ သူ့သမီးလား မသိပါ။

သမီးရဲ့ သမီးဆိုရင် မြေးမလေးလား မသိပါ။ သမီးကောင်လေးဆိုရင် သားမက်လား မသိပါ။ သားကောင်မလေးဆိုရင် ချွေးမလား မသိပါ။

နာမည်အဖျားဆွတ်ခေါ်တာလည်း နားလည်ရခက်တယ်။ ကိုယ်နဲ့ရင်းနှီးသူနည်းနည်းကသာ သိတာမျိုး။ ကျွန်တော်က ဘယ်သိမလဲ။

လူလူချင်းဆက်ဆံရေးဆိုတာ ပြောသူနဲ့ နားထောင်သူ၊ စာရေးသူနဲ့ စာဖတ်ရသူအလိုက် ရွေးတတ်မှသာ ယဉ်ကျေးတယ်။

ဆရာဝန်ကို ပြောဆိုဆက်ဆံတာ အပိုမပါရ။ လိုတာလည်း မသင့်။ အမျိုးစပ် မခေါ်သင့်။ အတည်အတည့် ရိုးရိုးသာ သင့်မှန်တယ်။

ကျန်းမာရေးမေးချင်လို့ ဆရာဝန်မှန်းသိနေသူကို Hello နဲ့ Hi လုပ်တာ မလေးစားရကျတယ်။ လက်အုပ်ချီ ကန်တော့တဲ့ပုံ မလိုအပ်ပါ။

နှိမ်ခေါ်တာ မြှောက်ပင့်ခေါ်တာကို လူတိုင်းသိတယ်။ ရိုင်းတာ ယဉ်ကျေးတာ သိတယ်။ စာမတတ်တာ စကားမတတ်တာ လူသိတယ်။ လေ့လာသင်ယူရင် ယဉ်ကျေးတဲ့လူဖြစ်လာမယ်။ လူသားတွေဟာ ရိုင်းစိုင်းရာကနေ ယဉ်ကျေးလာတာ။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး