ဒေါက်တာထူး၏ ဘဝအပြောင်းအလဲ မှတ်တမ်း


ဆရာဝန်တယောက်၊ တောသို့ရောက်
လူစိတ်ပေါက်ခဲ့တယ်။


မြို့မှာနေစဉ်၊ လူ မမြင်မိ
လူမြင်ပါလဲ၊ လူပုံထဲက
ငွေခဲငွေကြေး၊ တဖွေးဖွေးကို
ရွေး၍ကွက်၍ မြင်ခဲ့တယ်။
ငွေမှတပါး၊ ကြွားကြွားသိုက်မြိုက်
တိုက်လဲမြင့်ရဲ့။
တိုက်မှတပါး
အခြားအခြား၊ အထက်တန်းစားတို့
ကစားစရာ၊ ကြွားစရာ အစ
တန်ဆာပလာ မြင်ပါရဲ့။


ဆရာသမား၊ မျက်လုံးများ၌
လူသားပျောက်၍ နေခဲ့တယ်။
ဆရာသမား၊ ခြေဖ၀ါး၌
မြေသားမထိ ရှိခဲ့တယ်။
ဆရာသမား၊ သူ့နှုတ်ဖျားက
ငွေစကားသာ ဆိုတတ်တယ်။
အရာရာမှာ၊
အသပြာ အမြင်၊ သွေးထဲဝင်လျက်
လူ မမြင်ဘဲရှိခဲ့တယ်။


အခန့်ကြုံ၍
တောဆေးရုံသို့ ပြောင်းရတယ်။
ထိုအခါမှ၊ လူ့ဘ၀ရဲ့
အလှမျိုးစုံ၊ အသွေးစုံကို
အာရုံ ခံစားရပါတယ်။
အသပြာစု၊ မရှိမှုကြောင့်
လူ့ဘဝမြတ်၊ ရသဓာတ်ကို
တပ်မက်သော်လဲ၊ စိတ်ဆင်းရဲစွာ
ခွဲခွာစွန့်ကြရရှာတယ်။
ဆေးဖိုးဝါးခ၊ မရှိကြ၍
ဘဝတခု၊ လု၍ အပြိုင်
ယူနိုင်ပါလျက်၊ လူ့အသက်ကို
တက် တခေါက်ခေါက်၊ မျက်ရည် ပေါက်နှင့်
ဒူးထောက်လက်လွှတ် လိုက်ရတယ်။
အစားအစာ၊ မ၀ပါ၍
ရောဂါဘယ ထွေခဲ့တယ်။
အဟာရ မလောက်၊ ပေါက်လိုက်အနာ
လာလိုက် ဆေးရုံ၊ တပုံတပင်
ဝင်ချည် ထွက်ချည်၊ ကလေးချီလျက်
တန်းစီနေကြရရှာတယ်။
ဆေးရုံတက်ရင်၊ ဝမ်းရေးခက်မည်
သို့ဖြစ်သည်ကြောင့်
ကပ်မှီရောဂါ၊ မျိုချကာလျှင်
တောင်ယာကိုသွား၊ တောကိုသွားရင်း
လျက်ဆားနှင့်သာ ပြီးရတယ်။
ဘဝရုပ်ပုံ၊ အလုံးစုံကို
ဆေးရုံဝတွင်၊ နေ့တိုင်းမြင်တော့
ငါ သင်ခဲ့ရာ၊ ဆေးပညာကို
အသပြာအတွက်၊ လက်နက်ပမာ
သုံးခဲ့တာကို အားနာ ရှက်ကြောက်လာမိတယ်။
မွန်မြတ်လှစွာ၊ ဆေးပညာကို
စေတနာ ကောင်း၊ အလုပ်ကောင်းနဲ့
ငါ ကောင်းကိုပယ်၊ သုံးတော့မယ်ဟု
ရည်ရွယ်ချက်တွေ ပြောင်းလာတယ်။


သူ့ဘဝကို
လုံးဝပြောင်းလဲလိုက်ပြီးနောက်
လူနာ ရှိရာ၊ သူရောက်လာတယ်။
လူနာရဲ့အိမ်၊ အချိန်မရွေး
မှန်အိမ်ကလေးနဲ့
အပြေးအလွှားလိုက်ခဲ့တယ်။
မုဆိုးမရဲ့၊ တဲဝမှာလဲ
သူပါဘဲ။
လယ်သမားရဲ့၊ ဖျားနာရာလဲ
သူပါဘဲ။
ကလေးသူငယ်၊ ကစားရွယ်တွေ
အလယ်မှာလဲ၊ သူပါဘဲ။
အဖိုးအဖွား၊ သက်ကျား ရွယ်အို
နေစွယ်ခိုတို့၊ သားလိုပြုစု
ယုယတာလဲ၊ သူပါဘဲ။
ဂရုစိုက်မှု၊ ကြင်နာမှုကြောင့်
သာဓု မြိန်မြိန် ခေါ်ကြတယ်။
ပြည်သူရဲ့သား၊ အများရဲ့ရဲဘော်
တော်လှန်သော ဆရာဝန်၊ လူရည်ချွန်ဟု
အမွန်အမြတ် ချစ်ကြတယ်၊
တောသို့လာမှ
အသပြာစိတ်ပျောက်၊ လူစိတ်ပေါက်၍
အဆိပ်အတောက် ပြယ်ခဲ့တယ်။


သူနှင့်အတူ၊ ယူကေကပြန်
ဆရာဝန်မိတ်ဆွေ၊ ရွှေမြို့နေတို့က
ဝေဖန်မှတ်ချက်ချသည်မှာ
ဆရာဝန်စုန်းပြူး၊ ဒေါက်တာထူးဟာ
ရူးရူးနောက်နောက်၊ စိတ်တွေဖေါက်ပြီး
လူစိတ်ပျောက်ကာ၊ ကြာပါပကော
ကြာပကော တဲ့
ပြောရင်းစုတ်သတ်ကြဆိုဘဲ။

တင်မိုး
၁၄၊ ၉၊ ၁၉၆၉
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ

မြန်မာပြည်မှာ ဆရာတင်မိုးကဗျာထဲကဆရာဝန်တွေ ပေါများပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး