သူတလူ ငါတမင်း

သူတလူ ငါတမင်းရေးတာ တတွေကို စသတ်ထားတာတွေ့လို့ အတော်ကို မျက်စိနောက်တာနဲ့ မောင်းထောင်း ဦးကျော်လှ ရေးသားခဲ့တဲ့ နောက်ပိတ်ဆုံးတိုက်ပွဲ သံချိုကဗျာ လိုက်ရှာတယ်။

သက္ကရာဇ် တွက်စစ်ကာ နောင်ကိုမျှော်တော့၊ တထောင်ကျော်နှစ်ရာဝင်၍၊ ကမ္ဘာတွင် ရှစ်ဆယ်နှစ်ပါဘဲ၊ သည်နှစ်လို မကြုံဘူး၊ ထူးတဲ့အချိန်သည်အခါ။

မြန်မာပြည်နယ်အတွင်းမှာလ၊ အသင်းတွေ တခါစုပြီမို့၊ ကိန်းယခုကြုံလာပြန်၊ ပုန်ကန်မှာတကယ်မဝေး၊ နယ်ထံက ရွံ့လောက်တဲ့၊ မပြတ်ရန် သတ္တံနှင့် မွှန်းပါလိမ့်၊ နယ်အဝှန်းဗလောင်ဆူ၍၊ သူတလူ ငါတမင်းသာပ၊ မာန်ကင်းကာ အသင်းသားတွေနှင့်၊ ဘုရားမှာ ညီလာခံကြတော့၊ အီတာလျံ ဂျာမန်မျိုးငဲ့ပြင်၊ မုဆိုးကျော် စနေဆက်ကယ်ဘို့၊ ဗျိုင်းဖြူ ဝိုင်းကူ၍ နှက်မှာကြောင့်၊ ပွဲကြွက်ကြွက်ညာ။

ခေတ်သမယမှာတော့၊ ဖြစ်ရပုံမှန်မပြောချင်ဘု၊ ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့၊ စရုံးကာ ပမာထပ်သော်ကြောင့်၊ မိုးရပ်နေ ဗြဟ္မာနတ်ကယ်တို့၊ သည်ကပ်ကိုဘယ်လိုလုပ်ရပါ့၊ ခေါင်းကုတ်လို့ မှိုင်ကာနေ၊ ကံခေတဲ့ခေတ်ဟောင်း၊ ကမ္ဘာပြောင်းတောင်မှ၊ ထုံးဟောင်းမကြေချင်လို့၊ ဖြစ်ချင်လျှင်ဘာမဝေးဘု၊ ရွှေတိဂုံဟံသာကျေးမှာလ၊ လောဟိတံ ချောင်းရေပြေးပါလိမ့်၊ တိတ်တဘောင် နိမိတ်ရှေးရယ်က၊ ကြွေးကြော်၍လာ ဖြစ်ပါမည်မလွဲ။

သို့ကတဲ့သာပ၊ စိတ်စွဲကာပဉ္စသီနှင့်၊ အဋ္ဌင်္ဂီသီလထူးတို့ကို၊ ဆည်းပူးကာကိုယ်၌မြဲသူတို့၊ ကပ်ထဲမှာချမ်းသာရပါလိမ့်၊ ရွာမောင်းထောင်ဆရာလှရယ်က၊ စနစ်စုံဖြစ်ပုံပြလိုက်တော့၊ ပါပဆိုလူတကွဲငယ်တို့၊ မကြာခင်ပါဝင်မည့်ပွဲပါဘဲ၊ ရှေးလင်္ကာစာဆိုနှင့်မလွဲပေဘု၊ ကြယ်သောကြာ စနေနှင့် တွဲသော်ကြောင့်၊ ထုတဝေရီရီပ၊ ရန်စီစီမှန်မလွဲပေဘု၊ နှိုးဆော်ခါ မိုးပေါ်က ကြဲပါလိမ့်မကွယ်၊ နောက်ပိတ်ဆုံးပွဲ။

ခုခေတ်မှာ သူ (တစ်) လူ ငါ (တစ်) မင်း၊ (တစ်) ထောင်ကျော်၊ (တစ်) ခါစုပြီမို့၊ တိတ် (တစ်) ဘောင်၊ လူ (တစ်) ကွဲငယ်တို့၊ ထု (တစ်) ဝေရီရီပလို့ ရေးနေကြတယ်။ မြန်မာစာသတ်ပုံမှန်တွေ ကံခေတဲ့ခေတ်ဟောင်းမှာ ကျန်ရစ်ခဲ့လေပြီတကား။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး