Tamarind Tree Epic Tales မန်ကျည်းပင်ကြီးက ရေးဖွဲတဲ့ကဗျာ
မန်ကျည်းပင်ကြီးဟာ ရင့်ထော်နေပေမဲ့ ရင့်ရော်နေတာတော့ မဟုတ်။ တုတ်ခိုင်သန်မာလှတဲ့ပင်စည်မှာ အခေါက်တွေက အပြိုင်းပြိုင်း ထနေကြတယ်။
မန်ကျည်းအရိပ်မှာက မှေးမှိတ်နားခိုစရာ။ ကွပ်ပျစ်ခင်မြာတော့ ယိုင်နဲ့နေရှာပြီ။ ကျောပြင်တွေ ဘယ်လောက်များများ ချထားပြီးပြီ မသိ။ ညီညာပြောင်ချောနေပြီဖြစ်တဲ့ ကြမ်းပြင်သားပေါ်မှာ စကားတွေဖောင်ဖွဲခဲ့ကြမည်။ ကြမ်းကျွံလို့ နုတ်ရ၊ စကားကျွံလို့ နုတ်မရသူတွေလည်း ရှိကောင်းရှိခဲ့မည်။
တံတိုင်းအတွင်းမှာ သာသနာရောင်ဝါ။ လမ်းတဘက်က ဇရပ်ဟာ ဥပုသ်သည်တွေအတွက်လား၊ သံသရာခရီးသွားတွေ အတွက်လား၊ စာသင်အံကြလေလား။
အမောပြေ ရေသောက်ကြလိမ့်မည်။ ရေချမ်းဒကာ စကားနားထောင်အားပုံမရ။ နှုတ်မဟပဲတော့ စကားတွေ ပြောခဲ့ပါသည်။
မန်ကျည်းပင်အိုကြီး ပြောဟောတာ အိပစ်ကဗျာ။ ရှည်လျားပါသည်။ ခေတ်လူတွေကတော့ အဟောင်းတွေကို စိတ်မဝင်စားကြတော့ပါ။ ဆောရီး မန်ကျည်း။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂၀၁၈
၁၆-၁၂-၂၀၁၉

Comments
Post a Comment