Ignorant than you think ထင်တာထက် တုံးတယ်

ဆရာရှင့် ပုံကိုကြည့်ပြီး ဆရာရဲ့အတွေးတွေ သိချင်လာတယ်ရှင့်။ တွေးကြည့်မိတာလေးက လူတွေ ဦးနှောက်ကို အသုံးမပြုဘဲ၊ မြေမြူပ်ထားကြတယ်လို့ ထင်မိပါတယ်ရှင့်။

မတွေ့လောက်မယ့်နေရာ၊ မရှိတာကို ရှာနေကြတာလည်းဖြစ်နိုင်တယ်။ ဘာထရန်ရပ်စ်ဆဲလ်ပြောတာတခုက လောကကြီးမှာ ဒုက္ခဖြစ်နေတာက ဘာမှန်းမသိသူ စတူးပစ်တွေက သူတို့ဟာ သူတို့တော့ အပိုင်တွက်ထား ဖေါ့ဆို့လုံအောင်ပိတ်ထားသလိုယူဆကြတယ်။ ပညာဉာဏ်ရှိသူတွေက သံသယထားတတ်ကြတယ်။

လေ့လာမှုကောင်းကောင်းပြုထာတဲ့ စိတ်ပညာရှင် ကော်နဲလ်ရဲ့ သုတေသနရလဒ်သာမှန်ရင် ဘာထရန်ရပ်စ်ဆဲလ် ပြောတာ တဝက်သာမှန်နေသေးတယ်။ စတူးပစ်တွေဟာ သူတို့အစွမ်းကို ဒီရေလွှမ်းသလိုထင်မှတ်ကြတယ်။ ပညာရှိတွေလည်း တခြားအစွန်းတဖက်က အဲလိုပဲ။ ပညာတွေတတ်လေလေ မသိလေလေဖြစ်လာတယ်။ မသိတာကို မသိခြင်းနဲ့ သိတယ်လို့မှတ်ယူခြင်းတွေဟာ လူသားတွေရဲ့ ဖြစ်တတ်တဲ့သဘာဝပဲ။

ဒန်းနင်းက ကျွန်တော်တို့အားလုံးဟာ ယုံကြည်မှုအပြည့်ရှိကြတဲ့ လူတုံးတွေပဲတဲ့။ ဂျင်မီ ကင်မဲလ်ရဲ့ မုသားသက်သေ သတင်းအစီအစဉ်ထဲမှာ လူတွေကို လမ်းပေါ်ကမမှန်သတင်းတွေပေးတဲ့အခါ ကြားရသူတွေက အစစ်ပဲမှတ်ယူကြတာကို ပြသတယ်။ အဲတာဟာ သမုဒ္ဒရာရေပြင်ပေါ်ကမြင်ရတဲ့ ရေခဲတုံးထိပ်ဖျာလေးသာ ရှိသေးတယ်။
လေ့လာမှုတခုမှာ မေးခွန်းတွေမေးတယ်။ တမင်ထွင်ထားတဲ့သတင်းကို မေးလိုက်ရင် ၉ဝ% က အနည်းဆုံး တစိတ်တပိုင်းတော့ ဟုတ်တယ်၊ တွေ့ဘူးပါတယ်လို့ဖြေကြတယ်။ လူကြီးမင်းကောဗျာ့

ဗဟုသုတဗလာဖြစ်နေချိန်မှာ မှတ်မိခြင်းကို ထွန်းလှန်တယ်။ ကျွန်တော်တို့ဟာ ကိုယ်သိတာထက် ပိုသိတယ်ပဲ ထင်နေကြတယ်။ တကယ်မသေချာပဲလည်း အဟုတ်မှတ်ယူလိုက်ကြတယ်။ အတ္တမာနကနေ ကိုယ့်ကိုယ်ကို တော်တယ်လို့ စမတ်ကျတယ်လို့ သေချာစေအောင် အဲလိုလုပ်လိုက်တာဖြစ်တယ်။

စဉ်းစားဉာဏ်၊ နည်းပညာအသိ၊ ကျွမ်းကျင်မှု မသိသူတွေဟာ သဒ္ဒါ၊ လောဂျစ်၊ လက်နက်အကြောင်း၊ ငွေကြေးအကြောင်း စတာတွေကို သူတို့အရှိထက်ကဲလွန်ပြီး သိသလိုလုပ်တတ်ကြတယ်။ အဲလို မသိကိုအသိလုပ်တာ အန္တရာယ်ကြီးတယ်။
မသိနားမလည်ခြင်းဟာ သတင်းအချက်အလက် မရတာ၊ မစုံတာ၊ ဗဟုသုတမကုံလုံတာ၊ ပညာအားနည်းတာလို့ ယူဆကြတယ်။ အဲတာက တော်သေးတယ်။ အဲလိုယူဆသူတွေက ပညာရေးကို ဖြေဆေးလို့ တွက်ဆပါလိမ့်မယ်။ ဒါပေမယ့် ပညာရေးဆိုတာ အသေအချာသင်ပေးထားလည်း မှန်းဆသိတဲ့ယုံကြည်မှုကိုသာ ရစေတယ်။ ဥပမာ ကားမောင်းပညာသင်ခိုင်းမယ်။ မတော်တဆဖြစ်မှု နည်းမလာစေပဲ တိုးလာစေတယ်။ ဘာလို့လဲ။

သင်တန်းတက်ထားသူက ငါတော့ ကားမောင်းပညာကို တတ်ထားပြီးသူဖြစ်တယ်လို့ မှတ်ယူမယ်။ အောင်လက်မှတ် ရတာနဲ့ ကားမောင်းပညာအိတ်စပတ်ကြီးလို့ မှတ်ယူလိုက်တော့တယ်။ တိုက်ကုန်ရော။ သင့်ကိုယ်သင် သင့် မကောင်းဆိုးဝါးမှုရဲ့ရှေ့နေလို စဉ်းစားကြည့်ပါ။ ကိုယ်ချလိုက်တဲ့ တလွဲပါသွားတဲ့ကောက်ချက်ကို ကိုယ်ဘယ်လောက် သဘောကျနေပါသလည်း။ ကိုယ်လည်း တခါတလေ မှားတတ်တယ်လို့ ပြောကြည့်ပါ။ အရာရာဟာ ထင်ထားသလို ဖြစ်မလာပါလားလို့ တွေးကြည့်ပါ။ အဲဒီလေ့ကျင့်ခန်းကနေ တိုးတက်မှုတွေ ရရလာပါလိမ့်မယ်။ အဲဒီနည်းကို ချားလ်စ် လော့ဒ်က ဆန့်ကျင်ဖက်ကို စဉ်းစားပေးခြင်းလို့ခေါ်တယ်။

အဲလို လုံခြုံအောင်ကာကွယ်ရေးတွေလုပ်ထားတဲ့အထဲက အမှားတွေကို တွေ့ပါအုန်းမယ်။ မှားတတ်တာကိုအနိုင်ယူမယ့် ကစားပွဲမှာ ကိုယ်ကအသာစီးရလာပြီဆိုရင် ကောင်းတယ်။ တချို့မှာ ဆုံးဖြတ်ချက်အတွက် သံသယတွေဖြစ်လာရင် လေဖြတ်သလို မလှုတ်နိုင်မရွေ့နိုင်ဖြစ်ကြတယ်။ ရတာနဲ့ တင်းတိမ်ထားပါအုန်း။

လူသားတွေရဲ့မူလဘူတ ဘယ်ကဆိုတာအကို အဖြေရှာသလိုပါပဲ။ ဘယ်သူမှာ ကံသေကမ္မမပြောနိုင်ပါ။ နည်းနည်းလေးသာသိသူရော အများကြီသိထားသူကပါ အင်း ဒီပြဿနာကြီးကို သိပ္ပံနည်းနဲ့ ရှာလို့ရမှာမဟုတ်ဘူးလို့ မှတ်ကြတာချည်းပဲ။

ဆိုကရေးတီးရဲ့ အသိဉာဏ်အယူအဆအရ အေသင်သား အတွေးအခေါ်ပညာရှင်တွေက သူတို့အသိဉာဏ်အရ သိတာဆိုလို့ ဘာမှမသိပါတကားတဲ့။ ကနေ့ဖြစ်နေတာတွေကတော့ ငါဟာ အတော် သိသူပါတကားတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅
၂၈-၁၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ