Date Of Birth လိမ်တာမကြိုက်မှသာ ဖြစ်လာမယ်

စောစောက ပို့စ်တခု တွေ့လိုက်တယ်။ ကျေးဇူး။ ကျောင်းမှာ အင်္ဂလိပ်စာ စာစီစာကုံးရေးခိုင်းသတဲ့။ ကျောင်းသားတိုင်းက ကျွန်တော့်အဖေသည် ဦးဘဖြစ်သည်လို့ ရေးကြသတဲ့။ ဆရာမသင်ပေးထားတဲ့ စာစီစာကုံးအတိုင်း လိုက်ရေးကြတာတဲ့။
ကျောင်းသားတယောက်တော့ ခွေးနီဖြစ်၏လို့ လူအမည်ကို မြန်မာလိုရေးပါသတဲ့။ ခွေးနီကို အင်္ဂလိပ်လို မပေါင်းတတ်လို့။

ယူအင်အိတ်ခ်ျစီအာ ဆိုတာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဖြစ်တယ်။ မလေးရှား၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံတွေကနေ အမေရိက၊ သြစတေးလျ စတဲ့နိုင်ငံတွေကို ဆက်သွားချင်သူတိုင်း အဲဒီရုံးကို သိကြရတယ်။ အဲဒီရုံးမှာ ကိုယ်ရေးအချက်အလက်တွေ ပေးကြရတယ်။ အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ် စသည် အတိအကျ။

ကျွန်တော့်ကို နေမကောင်းလို့မေးသူ ၇၀% လောက်က အသက်မပြောကြပါ။ အသက်အရေးမကြီးလို့ ထင်တာလည်း ဖြစ်နိုင်တယ်။ ကိုယ့်အသက်မသိတာလည်း ဖြစ်နိုင်တယ်။ မွေးသက္ကရာဇ်ဆို ဝေးရော။ ယူအင်ရုံးမှာ မပြောမဖြစ်။ ပြောထားတဲ့အချက်အလက် လွဲရင် ဇာတ်လမ်းဆုံးပြီ။ အမေရိက မရောက်နိုင်တော့။

ပွဲစားတွေရှိတယ်။ မှတ်ထားရလွယ်တဲ့နည်း ပေးကြတယ်။ ခုနှစ်သာ ကွာမယ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှာ မွေးကြတယ်။ ယူအင်အိတ်ခ်ျစီအာ အပါအဝင် အင်ဂျီအိုတွေကလည်း လိမ်တာကြိုက်တယ်။ ပိပိရိရိဆို အမှတ်ပြည့်ပေးတယ်။

စာစီစာကုံးရေးတဲ့ကျောင်းသားတွေကလည်း ပိရိတယ်။ ဆရာမသင်ထားတဲ့အတိုင်း ဦးဘသားတွေ ဦးဘသမီးတွေချည်းပဲ။

မြန်မာနိုင်ငံပညာရေးဟာ ယူအင်အိတ်ခ်ျစီအာ မဟုတ်ပါ။ လိမ်တာ မကြိုက်သင့်ပါ။

ကိုယ့်အမေအဖေအမည်ကို စာလုံးမှန်ပေါင်းတတ်တဲ့ ပညာရေး၊ ကိုယ့်အသက်ကို တန်ဖိုးထားတဲ့ ကျန်းမာရေး၊ ဖြစ်လာစေချင်တယ်။ လိမ်တာမကြိုက်မှသာ ဖြစ်လာမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး