ဒီဇင်္ဘာ ၂၁ ရက်နေ့
၁၉၉၀ ခုနှစ် ဒီဇင်္ဘာ ၂၁ ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ အိန္ဒိယနိုင်ငံကို စတင်ရောက်ရှိခဲ့ကြပါတယ်။ နယ်စပ်က ချင်သုပွေမြစ်ကိုဖြတ်ကျော်ပြီး အနောက်ဘက်ကမ်းကို တက်ကြတယ်။ လမ်းပြလုပ်သူကို အနီးဆုံးနယ်စပ် ရဲစခန်းကို သွားပြီးသတင်းပို့စေပါတယ်။ ကျွန်တော်ကမြင်းနဲ့။ နောက်မြင်းတကောင်ပေါ်မှာ ဝန်စည်စလှယ်တွေ။
မကြာခင် အိန္ဒိယမီဇိုးရဲအရာရှိတဦး သူ့ဂျစ်ကားလေးနဲ့ ရောက်လာတယ်။ သူ့စခန်းရှိတဲ့ ရွာလေးမှာ နေ့လယ်စာ ကျွေးတယ်။ ကြက်သားဟင်းနဲ့။ နောက် ဂျစ်ကားတစီးဆင့်ခေါ်ပြီး ကျွန်တော်တို့ကို စိုင်ဟား ခ်ါတဲ့မြို့ကို ပို့တယ်။
တာဝန်ခံရဲအရာရှိက မေးတယ်။ ပတ်စ်ပို့မပါ၊ ဗီဇာမပါ၊ နယ်စပ်ကို တရားမဝင် ဖြတ်ဝင်လာသူတွေ။ သူ့အထက်ကို အကြောင်းကြားတယ်။
အဲဒီရဲစခန်းမှာ ၃ ည အိပ်ကြရတယ်။ ညမှာ လော့ကပ်ရူးမ် ခေါ်အချုပ်ခန်းထဲမှာ အိပ်ကြရပြီး နေ့ခင်းတော့ ရဲစခန်းဝင်းထဲမှာ ကြိုက်သလို နေနိုင်ကြတယ်။ ကျားခန်းနဲ့ မ,ခန်း ဘယ်အခန်းကြိုက်သလဲတဲ့။ အနံ့အသက် သက်သာလောက်မလားဆိုပြီး မ,ခန်းကို ရွေးလိုက်ကြတယ်။ ကန်တော့ပါ ရှူနံ့ကတော့ မသက်သာ။
လူက ၇ ယောက်၊ အလျားလိုက်မဆန့်လို့ ကန့်လန့်ဖြတ်အိပ်ကြရတယ်။ ၆ ပေလောက်သာရှိလို့ ခြေထောက်တွေကို နံရံပေါ်ထောင်ထားကြရတယ်။ ခရစ်စမတ်ကာလ အေးလွန်းလို့ ကွေးချင်တာ ကွေးရင်မဆန့်ပါ။
မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောက လုံခြုံးရေးအရာရှိတွေ ရောက်လာကြတယ်။ နေ့တိုင်း စစ်ဆေးတယ်။ ကျွန်တော်က ဒိုင်ခံဖြေရတယ်။ ၃ ရက်ပြီးတော့ တနင်္ဂနွေနေ့ကြီးမှာ ကျွန်တော့်ကို တရားသူကြီးအိမ် ပို့ပေးတယ်။ အမိန့်ချမှတ်တယ်။ အင်္ဂလိပ်လို ရေးထားတယ်။ မြန်မာပြည်မှာ နိုင်ငံရေးရာသီဥတု မကောင်းသေးသမျှ ဤလူများအား အတင်းအဓမ္မ ပြန်မပို့ရ။
အခု မြန်မာပြည်မှာ နိုင်ငံရေးရာသီဥတု ကောင်းနေပြီလား။
(၂)
ကျွန်တော် ၁၉၉၁ ဒီဇင်္ဘာ ၂၁ ရက်နေ့မှာ နယူးဒေလီကို ရောက်ပါတယ်။ တနှစ်တိတိနေထိုင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောကနေ ကာလကတားအထိ လေယာဉ်နဲ့သွားရတယ်။ အလွန်ခင်တဲ့ အိန္ဒိယစစ်ထောက်လှမ်းရေး ဗိုလ်မှူးတဦးနဲ့အတူသွားတာပါ။ မြန်မာပြည်က စစ်ထောက်လှမ်းရေးကတော့ နောက်ကနေ ဂျီသရီးနဲ့လိုက်ဖမ်းခဲ့တာပါ။
ကာလကတ္တားမှာ စစ်ဌာနချုပ် တည်းခိုရိပ်သာမှာ တည်းကြတယ်။ အဲဒီစစ်ဌာနချုပ်ဟာ အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒက်ရှ်နိုင်ငံ ဖြစ်လာအောင် အိန္ဒိယက စစ်ရေးအကူအညီပေးရာမှာ အဓိကကျတယ်။
နောက်နေ့မှာ ဒေလီကိုသွားမဲ့ အမြန်ရထားနဲ့လိုက်ပါတယ်။ ကျွန်တော့်အတွက် အိပ်စင်နေရာနံပါတ် ကြိုတင်ရမထားပါ။ ရထားလက်မှတ်စစ်ကို စစ်ထောက်လှမ်းရေးဗိုလ်မှူးက ကျော်မရပါ။ အဲဒီကာလတွေ မြန်မာပြည်မှာ စစ်ထောက်လှမ်းရေး ရိုးရိုးတပ်သားကို ဘယ်အရပ်သားအရာရှိမဆို ကြောက်ကြရတယ်။ ရိုးရိုးလူတွေတော့ မပြောနဲ့။
နယူးဒေလီဘူတာရုံမှာ လူကြီးနှစ်ဦးနဲ့ ကျောင်းသားအဖွဲ့ခေါင်းဆောင်တဦးတို့က လာကြိုကြတယ်။ ဦးမောသီရိ ခေါ် စီ၊ ပီ၊ ပရာဘားကားနဲ့ ဝန်ကြီးချုပ်ဟောင်းဦးနုသမီး ဒေါ်သန်းသန်းနုရဲ့ ခင်ပွန်း ဦးအောင်ငြိမ်း။ ကျောင်းသားခေါင်းဆောင် ကိုမြတ်သူ။ ဦးမောသီရိနဲ့ ဇနီးတို့ နယူးဒေလီမှာ ကွယ်လွန်သွားကြပြီ။ ဦးအောင်ငြိမ်းလည်း ရန်ကုန်မှာ ဆုံးသွားတာ မကြာလှသေးပါ။ ကိုမြတ်သူက သြစတေးလျကို ရောက်သွားတယ်။
ကျွန်တော် နယူးဒေလီမှာ ၂၀၁၄ ခုနှစ် စက်တင်္ဘာ ၁၈ ရက် စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့အထိ နေထိုင်ခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉
ကျန်သူအားလုံး ဟားခါကထွက်ကတည်းက ခြေလျှင်။ ၅ ညနဲ့ ၆ ရက်တိတိ။

Comments
Post a Comment