Sunday, April 30, 2017

Japan sends biggest warship to protect US supply vessel

အမေရိကန်ထောက်ပို့သင်္ဘောကို အကာကွယ်ပေးရန် ဂျပန်ကနေ အကြီးဆုံးသင်္ဘောတစီးလွှတ်လိုက်

လွန်ခဲ့တဲ့ (၁၃) မိနစ်ကသတင်းဖြစ်ပါတယ်။ ဂျပန်ကနေ ၂၄၉ မီတာရှည်တဲ့ ဟယ်လီကော့်ပတာ ကိုးစီးတင် စစ်သင်္ဘော အီဇူမိုကို လွှတ်လိုက်တာ ဖြစ်တယ်။

မြောက်ကိုရီးယားက နောက်ထပ်နယူကလီးယားစမ်းသပ်မှုလုပ်မှာကို ယူအက်စ်က မလိုလားပါ။ ဒေသတွင်းမှာ တင်းမာမှုဖြစ်နေတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှု မအောင်မြင်ခဲ့ပါ။

ဂျပန်ကအဲလို ပဌမဆုံးအကြိမ် စစ်ရေးလှုပ်ရှားမှုဟာ ၂ဝ၁၅ မှာ အတည်ပြုလိုက်တဲ့ အငြင်းပွါးစရာ ဥပဒေအရ လုပ်တာဖြစ်တယ်။ စစ်ရေးမဟာမိတ်ကို တိုက်ခိုက်ခံရရင် စစ်ကူပေးနိုင်တယ်လို့ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဟာ မိမိကိုယ်မိမိ စုပေါင်းကာကွယ်ရေးသာထားရှိဘို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတယ်။

တောင်ကိုရီးယားကမ်းခြေကိုလွှတ်ထားတဲ့ အမေရိကန်စစ်သင်္ဘောအုပ်စုမှာ ကာလ် ဗင်ဆန် လေယာဉ်တင် သင်္ဘောလည်း ပါတယ်။ မကြာသေးခင်ကလည်း ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့သေးပါတယ်။ ပြင်သစ် ကမ်းတက် တိုက်ပွဲဝင်သင်္ဘောလည်း ဂျပန်အနောက်တောင်ကမ်းစပ်မှာ ရောက်နေတယ်။ အဲတာက ယူအက်စ် + ဗြိတိသျှ + ဂျန်တို့ ရေကြောင်းစစ်ရေးလေ့ကျင့်မှုလို့ဆိုပါတယ်။ တရုပ်က ပြီးခဲ့တဲ့အပတ်မှာ သူ့ရဲ့ ဒုတိယအကြီးဆုံး လေယာဉ်တင်သင်္ဘော ရေချတယ်။ တောင်ကိုရီးယားနဲ့ ယူအက်စ်တို့လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ပြီးပြီ။

ဒေါ်နယ်ထရမ့်က ကနေ့ပြောပါတယ်။ မြောက်ကိုရီးယား နယူကလီယာစမ်းရင် ကျွန်တော်က ပျော်နေမှာ မဟုတ်ပါတဲ့။

ဒေါက်တာတင့်ဆွေ
၁-၅-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၂၁ မိနစ်။

Jaundice လူကြီးအသားဝါ

ဘာသာရေးနဲ့ နည်းနည်းလောက်ဆိုင်တာလေးရေးတာနဲ့ သံဃာ့ဂိုဏ်းအကြောင်း ကွန်မင့်မှာရေးလာလေ့ရှိတယ်။ ဟိုဖက်ကရေးလိုက် ဒီဖက်ကရေးလိုက်။ တခါတခါ တားယူရတယ်။

ကျွန်တော်က ဂဏန်းသုံးလုံးခေတ်မှာလည်း တည့်တည့်မရေးခဲ့ပါ။ အက္ခရာသုံးလုံးကိုလည်း တခါမှမရေးပါ။ ဘုန်းတော်ကြီးဆိုရင် အနေအထိုင် အပြောအဆိုကအစ ဆင်ခြင်စရာတွေကို မိဘဆရာသမားတွေက သင်ပေးထားတာကို အခုထိလိုက်နာပါတယ်။

ကိုးကွယ်ဆည်းကပ်သူတွေက ကံနှစ်ပါး စောင့်ထိန်းနိုင်ကြပြီး၊ ကိုးကွယ်ခံဖက်ကလည်း ကံသုံးပါးလုံး စောင့်ထိန်းနိုင်ကြရင် သာသနာ ရောင်ဝါထွန်းမြဲ ထွန်းနေပါမယ်။

ကလေးငယ်လေးတွေ ဂျွန်းဒစ် ခေါ် အသားဝါဖြစ်ရင် မီးကင်ပေးရတယ်။ လူကြီးတွေ အသည်းကျွမ်းတာတော့ အသည်း လဲပေးရတတ်တယ်။

ဒေါက်တာတင့်ဆွေ

Water poisoning ရေအဆိပ်သင့်ခြင်း

Water poisoning ရေအဆိပ်သင့်ခြင်း

ဆရာ water poisoning ဆိုတာ တကယ်ရှိပါသလား။ ရှိခဲ့ရင် ရှင်းပြပေးပါခင်ဗျာ။

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက်လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။

အမှတ်တမဲ့တော့ ရေတွေတအားသောက်တယ်ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက်ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေက များသွားချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆားအချိုးအဆ ကဲမယ်-နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ Intracranial pressure ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။

Water intoxication ရေအဆိပ်သင့်ခြင်း လက္ခဏာတွေ -
• Headache ခေါင်းကိုက်မယ်၊
• Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
• Changes in behavior အမူအယာပြောင်းမယ်၊
• Confusion စိတ်ရှုတ်ထွေးလာမယ်၊
• Irritability ဂနာမငြိမ်ဖြစ်လာမယ်၊
• Drowsiness အိပ်ချင်လာမယ်။

ဆက်ပြီးတော့
• Difficulty breathing during exertion ကြိုးစားမှုရှိချိန်မှာ အသက်ရှူလို့ခက်လာမယ်၊
• Muscle weakness ကြွက်သားတွေ အားနည်းလာမယ်၊ Twitching အလိုလိုလှုတ်မယ်၊ Cramping နာမယ်၊
• Nausea ပျို့မယ်၊ Vomiting အန်မယ်၊
• Thirst ရေငတ်လာမယ်၊
• Sensory information နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။

ဆက်ဆိုးလာမယ်ဆိုရင်
• Papillary သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
• Vital signs အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ Bradycardia နှလုံးခုန်နှေးမယ်၊ Widened pulse pressure သွေးဖိအားပြောင်းလာမယ်။ အထက်သွေးဖိအားနဲ့ အောက်သွေးဖိအား ကွာဟလာမယ်။
• Cerebral edema ဦးနှောက်ရောင်လာမယ်။ Brain stem ဦးနှောက်အခြေနေရာကိုဖိအား သက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ Central nervous system dysfunction ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
• Seizures တက်မယ်၊ Coma သတိလစ်မယ်၊ Death သေမယ်။

ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။
• ကလေးငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• Marathon runners မာရသွန်အပြေးသမား အဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L အောက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• Overexertion ခွန်အား အသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအားသောက်ရင် ဖြစ်မယ်။ အဲတာကြောင့် ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့်တာတဲ့ပိုပြီး ခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• Psychogenic polydipsia စိတ်ရောဂါရှိသူတွေက ရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
• Mild intoxication တော်တော်တန်တန်က ရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင်
• Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။
• Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။

ဓါတ်ပုံ = ၂ဝဝ၈ မေလ (၁၅) ရက်နေ့က ဗီယက်နမ်နိုင်ငံ (ထန်ဝှာ) ခရိုင်မှာ အမျိုးသမီးတယောက် ရေအဆိပ်သင့်လို့ ဆေးရုံမတင်ရမီ ပြုစုပေးနေရပုံ။

Dr. တင့်ဆွေ

Family of Politics

၂၉-၄-၂ဝ၁၇ နေ့က အကြီးဆုံးမြေး မကေးကေးမင်္ဂလာပွဲအပြီး မိသားစု

ပြည်ပကို ကျွန်တော်မိသားစုပါရောက်လာတော့ ဇနီးကအစ ဒီမိုကရေစီရေးလှုပ်ရှားမှုထဲမှာ ပါကြတယ်။ တချို့က မိသားစုနိုင်ငံရေးဆိုတဲ့ မီဒီယာအသုံးနဲ့ တမျိုးထင်အောင်ပြောကြတယ်။ မင်္ဂလာဆောင်တဲ့မြေးကလည်း ဒေလီကောလိပ်မှာ နိုင်ငံရေးသိပ္ပံဘာသာကိုယူတယ်။

ဒေါက်တာတင့်ဆွေ

မိုးဖွဲဖွဲရွာနေတယ်

စောစောက လက်ဖက်ရည်ဆိုင်ကအထွက် နည်းနည်းပိုသည်းတယ်။ ကနေ့တော့ ကချင်ကျောင်းသားနဲ့ သွားတာ။ သူက ကချင်နဲ့ ရှမ်းမြောက်ပိုင်းသတင်းတွေ ပိုသိသူ။

အိမ်ရောက်တော့ ဟပ်ချိုးဖြစ်ရော။ ဒါတောင် ကျွန်တော့်ကျောင်းသားက ကျွန်တော်မိုးပေါက်မမိအောင် သူ့ကားကို ရှေ့အရောက် မောင်းယူပေးသေးတာ။

မိုးရွာတာက အအေးသက်သာတယ်။ ဒီမှာက မိုးမရွာရင်အေးတာက ပိုတတ်တယ်။ ဒေါ်မြမြအေးကတော့ သစ်ပင်လေးတွေ ပြင်နေပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၇

Life is a beautiful struggle ဇာတ်ဝင်ခန်း

မနှစ်က ဒီနေ့မှာ ပြည်ပနဲ့ လွတ်မြောက်နယ်မြေမှာ ပါတီတဖွဲ့တည်းလုပ်ခဲ့သူတယောက် ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားတဲ့သတင်း ကြားရတယ်။

နိုင်ငံရေးအတွက် ပြည်ပထွက်ကြသူတွေ ၁၉၈၈ မကုန်ခင်ကတသုတ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာတသုတ်တို့က အများဆုံးဖြစ်တယ်။ အခုဆိုရင် နှစ်ပေါင်း (၂၉) နှစ်နဲ့ (၂၇) နှစ်စီကြာသွားပြီ။ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေမှာ ပြည်ပရောက်ပြီးမှ အထဲပြန်ဝင်သူတွေရှိတယ်။ အခုထိပြန်မဝင်ကြသူတွေဟာ ပြည်ပမှာပဲ ခေါင်းချတော့မယ့်သူတွေလို့ ယေဘုယျပြောလို့ရတယ်။ ဆောရီး။ ပြည်ပနဲ့ တောထဲကိုထွက်မလာခင်က အခြေခံတွေ၊ ထွက်လာခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ထွက်လာပြီးလုပ်ကြတဲ့ အလုပ်တာဝန်တွေနဲ့ နည်းနာတွေ မတူကြသလို အပြောင်းအလဲရှိလို့ အကဲဖြတ်ကြတာမှာလည်း မတူကြပါ။

အားမနာတမ်းပြောရရင် ဇာတ်သိမ်းခမ်းတွေပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ ဘဝတွေဇာတ်သိမ်းကြတာ အမျိုးမျိုးရှိတယ်။ ကွန်မြူနစ် (အဖြူနဲ့ အနီ) တွေ၊ တိုင်းရင်းသားလူမျိုးစုံက လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီရေးကြိုးပမ်းကြသူတွေ။
ဘဝတခုစီ ဇာတ်သိမ်းသွားပေမယ့် မြန်မာ့နိုင်ငံရေးဇာတ်ရှည်ကြီးကတော့ ဆက်ကနေပါတယ်။ လူတိုင်းကိုယ်စီ ခြေရာ လက်ရာလေးတွေ ချန်ထားရစ်ခဲ့ကြတယ်။

စစ်မှန်တဲ့ရည်မှန်းချက်အတွက် အသက်ပေးသွားသူအားလုံး၊ အဖွဲ့အစည်းနဲ့ လူမျိုမရွေးကို ဦးညွတ်ပါတယ်။

ဘဝတွေ တစစီဖြစ်သွားကြတာတော့ တူကြတယ်။ နောက်ဆုံးလူတွေက ခေါင်းချတာမှာပါ တူကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့

နှစ်စဉ် မေလ (၅) နေ့ကို နိုင်ငံတကာသားဖွါးဆရာမများနေ့လို့ သတ်မှတ်ထားပါတယ်။ ၂ဝ၁၅ အတွက် ဆောင်ပုဒ်ကတော့ The World Needs Midwives Today More Than Ever ကမ္ဘာကြီးက သားဖွါးဆရာမတွေကို အရင်ကထက်ပိုပြီး လိုအပ်နေတယ်လို့ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Women and Newborns: The Heart of Midwifery အမျိုးသမီးများနဲ့ မွေးစကလေး - သားဖွါးဆရာမများရဲ့အသည်းနှလုံး ဖြစ်ပါတယ်။ ၂ဝ၁၇ အတွက် ဆောင်ပုဒ်က Midwives, Mothers and Families: Partners for Life! ဖြစ်ပါတယ်။ သားဖွါး၊ မိခင်နဲ့ မိသားစု - ဘဝရဲ့ အဖော်မွန်အုပ်စုလို့ဖြစ်တယ်။

ဒီလိုနေ့ရက်သတ်မှတ်ကျင်းပရတဲ့ အယူအဆကို ၁၉၈၇ နယ်သာလင်မှာကျင်းပတဲ့ နိုင်ငံတကာ သားဖွါးဆရာမများ ကွန်ဖက်ဒရေးရှင်းကနေစတင်ခဲ့တာပါ။ ၅-၅-၁၉၉၁ နေ့ကစတင်ကျင်းပလာခဲ့ပြီး၊ အခုဆိုရင် နိုင်ငံပေါင်း (၅ဝ) ကျော်မှာ ကျင်းပကြပါတယ်။ ဒီနေ့မှာ သားဖွါးဆရာမတွေရဲ့အခမ်းကဏ္ဍကို လူအများသိကြအောင် အထူးပြုလုပ်ကြပါတယ်။ သားဖွါးဆရာမ တဦးချင်း အနေနဲ့လည်း တခြားအသက်မွေးလုပ်နေကြသူတွေကို ပိုပြီးနားလည်စေအောင် လုပ်ကြဘို့လည်း ပါတယ်။ သူတို့ လုပ်နေတာတွေကိုလည်း သူများတွေကသိကြအောင် လုပ်ကြပါတယ်။

ကျင်းပပုံနည်းလမ်းတွေ အမျိုးမျိုးကိုအကြံပေးထားပြီး ဆိုင်ရာနေရာဒေသနဲ့ကိုက်ညီမှာကို ရွေးလုပ်ဆောင်ကြဘို့ဖြစ်တယ်။ တေးဂီတပြိုင်ပွဲ၊ ကာရာအိုကေဆိုပွဲ၊ စီတန်းလမ်းလျှောက်ပွဲ၊ ပြေးပွဲ-ပြိုင်ပွဲ၊ ဆိုင်ခန်း-ပြခန်း၊ အခမ်းအနား-အစည်းအဝေးနဲ့ ဟောပြာပွဲတွေကျင်းပခြင်း၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို ဖိတ်ကြားခြင်း စတာတွေဖြစ်ပါတယ်။ မီဒီယာကို အသုံးပြုဘို့လည်း အကြံပေးထားပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာစတဲ့ လူမှုကွန်ရက်တွေကိုလည်း အသုံးပြုပြီး အသိပညာနဲ့ အသိမိတ်ဆွေတိုးကြဘို့လည်းပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၅
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

Careless mistakes မှားရင်ပြင်

၁။ တချို့က ရလာဒ်လို့ရေးသေးတယ်။ အဲဒါက result ကိုသုံးတာမို့လားဆရာ။

ရလဒ်မှာ ရေးချမပါ။ ဒဏ်မှာလည်းမပါဘူး။

၂။ ကျေးဇူးပါပဲဆရာ။ ရောဂါလက္ခဏာတွေက သမီးဖြစ်နေတာနဲ့ တပုံဆန်ထဲပါပဲ။

တပုံစံတည်းလို့ ရေးရတယ်။

၃။ သမီးကိုယ်ဝန်ပြတ်ကျခဲ့ဖူးပါတယ်။

ကိုယ်ဝန်ပျက်ကျလို့ရေးရပါတယ်။

၎။ သက်ဦးလို့ရေးတာနဲ့ နို့မဝမှာဆိုးလို့ လို့ရေးတာကိုပြင်ပေးတော့ ကျေးဇူးတင်သူ တယောက်တိတိရှိတယ်။ အခုမှ သဘောပေါက်တာဆရာ။ ဆရာက သားဦးလို့သာရေးရတယ်၊ နို့မဝမှာစိုးလို့ လို့သာရေးရတယ်လို့ ပြန်ဖြေပေးတော့ ဆရာက ဘာလို့ရေးပါလိမ့်ပေါ့။ ခုမှသိတာ။ ဆရာက အမှန်ပြင်ပေးတာ ကျေးဇူးပါဆရာ။

ကူးဆက်ပုံလို့မေးကြတယ်။ ကူးစက်လို့ရေးရတယ်။ ကူးဆက်ဆိုရင် သစ်ပင်တွေကိုင်းကူးပြီးဆက်တာမျိုးဖြစ်သွားမယ်။ ကူးစက်ခံရမှာ စိုးရိမ်သူတွေ ကူးဆက်တာမလုပ်ပါနဲ့။ တားဆေးဖျတ်လို့ရေး မေးတာလည်းမကြာမကြာလာတယ်။ ဖြတ်လို့သာရေးရတယ်။ ဖျက်ဆိုရင် ကိုယ်ဝန်ဖျက်တာမှာသာ ရေးရတယ်။ ခလေးလို့ရေး မေးသူတွေကလည်း အတော်များတယ်။ ကလေးလို့သာရေးရတယ်။ ကလေးရချင်သူတွေ ကလေးသတ်ပုံမှန်ပါစေ။

ကျွန်တော်လည်း သတ်ပုံမှားရေးတတ်တယ်။ စာရိုက်ရာမှာ ကျတာ ပိုတာ လိုတာတွေဖြစ်တတ်တယ်။ ပြန်ပြင်ပေးကြတယ်။ ကျေးဇူး။ စာအဟောင်းတွေမှာ အမှားတွေပိုပါနေခဲ့တယ်။ ဆောရီး။

ရေဒီယိုနဲ့ အင်တာနက်ကနေ မြန်မာလိုပြောကြ ဆိုကြတဲ့ စကားမပီသတာတွေ နားထောင်နေရင်း၊ သတ်ပုံနဲ့ သဒ္ဒါအလွဲတွေရေး မေးတာတွေကို ဖတ်ဖြေနေရလို့ ကိုယ့်ကိုယ်ကို ဒုက္ခိတဆရာဝန်လို့ သမုတ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

Events in May မေလထဲမှာ

• The month of Music တေးဂီတလ၊ နယူးဇီလန်
• May 1 = May Day (International Workers' Day) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
• May 3 = Constitution Day ဖွဲ့စည်းပုံနေ့ ပိုလန် + ဂျပန်
• May 5 = Children's Day ကလေးများနေ့ တောင်ကိုရီးယား + ဂျပန်
• May 5 = International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့
• May 5 = မြန်မာနိုင်ငံ မီးသတ်နေ့
• May 8 = World Red Cross and Red Crescent Day နိုင်ငံကတာ ကြက်ခြေနီနေ့
• May 10 = Mother's Day အမေနေ့ မက်ဆီကို + ဂွါတီမာလာ + အယ်လ်ဆာဗာဒို
• May 12 = International Nurses Day သူနာပြုနေ့
• May 12 = International Awareness Day for Chronic Immunological and Neurological Diseases နာတာရှည် ခုခံအားနှင့် အာရုံကြောရောဂါများ အသိပေး လှုံ့ဆော်ရေး နိုင်ငံတကာနေ့
• May 18 = International Day of Capitalism နိုင်ငံတကာ အရင်းရှင်စနစ်နေ့
• May 27 = ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့၊ မြန်မာနိုင်ငံ

ဒေါက်တာတင့်ဆွေ

International Workers Day နိုင်ငံတကာအလုပ်သမားနေ့ အမေရိကမှာ ဘာလို့မကျင်းပသလဲ

နှစ်တိုင်း မေလ (၁) နေ့မှာ ဒပ်ဗလင်ကနေ ဒက္ကား စသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းမြောက်များစွာမှာ နိုင်ငံတကာ အလုပ်သမားနေ့ ကျင်းပကြတယ်။ ချီတက်ပွဲတွေ၊ ဆန္ဒထုတ်ဖေါ်ပွဲတွေ၊ အခမ်းအနားတွေ။ တချို့အလုပ်သမားတွေက အနားယူကြတယ်။

ဒါပေမယ့် ဘာလို့ အမေရိကားမှာ မလုပ်ကြသလဲ။ ဝေါဟာရနှစ်လုံးတည်းပါ။ Anarchists မင်းမဲ့နဲ့ Communists ကွန်မြူနစ်ပါလို့ International Business Times မှာ (ကိုးလ် စထရင်ဂလာ) က ရေးသားလိုက်ပါတယ်။ ဒီလို အမေရိကားပျောက်နေတာဟာ အလွန်အဆီအငေါ်မတည့်ပါ။ ဘာလို့လည်းတိုတော့ နိုင်ငံတကာ အလုပ်သမားနေ့ ရယ်လို့ဖြစ်လာစေခဲ့တာက အမေရိကားမှဖြစ်ပါတယ်။ ၁၈၈၆ (သီပေါမင်းပါတော်မူပြီးနောက် ၆ လ) မှာ ချီကာဂို အလုပ်သမားတွေအများကြီးဟာ အလုပ်ခွင်ကနေထွက်ပြီး တနေ့ (၈) နာရီသာအလုပ်လုပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ဒိနောက်မကြာခင်မှာ Haymarket Square (ဟေးမားကက် စကွဲယား) လူစုလူဝေးထဲ ဗုံးခွဲလို့ ၁၁ ယောက်သေပါတယ်။ ရဲ ၇ ယောက်ပါတယ်။ မင်းမဲ့ဝါဒီ (၄) ယောက်ကြိုးပေးခံရတယ်။ သက်သေမခိုင်လုံပါ။

နောက်နှစ်အနည်းငယ်မှာတော့ ဥရောပမှာ အသစ်ဖွဲ့ထားကြတဲ့ ဆိုရှယ်လစ်နဲ့ အလုပ်သမားပါတီတွေကနေ မေလ (၁) ရက်နေ့ကို အလုပ်သမားနေ့ဖြစ်သတ်မှတ်ဖို့ တောင်းဆိုလာကြတယ်။ Haymarket Martyrs ဟေးမားကက် အာဇာနည်များ လို့ ဆိုလိုတယ်။ နောက်မှာပိုကျယ်ပြန့်လာတယ်။ ကွန်မြူနစ်တွေသာမက အစိုးရတွေကပါ အလုပ်အားရက် အဖြစ် သတ်မှတ်ပေးလာတော့တယ်။

အမေရိကားမှာတော့ မင်းမဲ့ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကို စိုးရိမ်မှုတွေရှိတယ်။ ၁၈၉၄ မှာ သမတ (ဂရိုဗာ ကလေ့ဖ်လင်း) ကနေ စက်တင်္ဘာ ပထမ တနင်္လာနေ့ကို အလုပ်သမားနေ့လို့သတ်မှတ်ခဲ့တယ်။ တချို့တွေက မေလ (၁) ရက်သာ လုပ်စေချင်ပေမယ့် အမေရိကန်အလုပ်သမားဖက်ဒရေးရှင်းအပါအဝင် တခြားသမဂ္ဂတွေကတော့ မေဒေးကို လက်မခံကြပါ။
နယူးယောက် (အင်ပါယာစတိတ်) ကောလိပ်က ပါမောက္ခ (ဂျက်ကော့ ရီးမီးစ်) ကပြောတာက သူတို့တတွေဟာ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာလှုပ်ရှားမှုကြီးထဲမှာပါတယ်လို့ မမြင်စေချင်ကြဘူး။ သူတို့က ကျွမ်းကျင်သူလူဖြူတွေဖြစ်တယ်။ အစဉ်အလာစွဲကြီးတယ်။ သူတို့ရဲ့ ယူနီယန်အယူအဆက ပြုပြင်ရေးဆန်တယ်။

မေဒေးကို မကျင်းပယုံသာမကပါ။ အာဏာပိုင်တွေက လက်ဝဲအစွန်းရောက်မှုနဲ့ ကွန်မြူနစ်ကိုဆန့်ကျင်ရေးပုံစံမျိုး အသွင် ရောက်အောင်ကြိုးစားကြတယ်။ ၁၉၅၅ ခု စစ်အေးကာလ ထိပ်ပိုင်းရောက်နေချိန်မှာ ကွန်ဂရက်ကနေ မေလ (၁) ရက်ကို Loyalty Day သစ္စာခံနေ့အဖြစ်သတ်မှတ်ဖို့ သမတအိုင်ဆင်ဟောင်ဝါဆီကို ဘီလ်ချမှတ်ပေးခဲ့တယ်။ ၃ နှစ်နေတော့ ဥပဒေဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံဆန့်ကျင်ရေး လုပ်နည်းတခုဖြစ်တယ်။

၂ဝဝ၆ တုံးက ပြည်ပကနေအခြေချနေထိုင်သူအများစု ရာထောင်ပေါင်းများစွာကနေ လူဝင်မှုဥပဒေကိုဆန့်ကျင် ကန့်ကွက်ပွဲကို မေလ (၁) ရက်လုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ (၃) နှစ်တုံးကလည်း Occupy movement လှုပ်ရှားမှု လုပ်ခဲ့တယ်။ ဒီနှစ်မှာတော့ အုတ်ကလင်းသင်္ဘောကျင်းအလုပ်သမားတွေက လက်ရှိဖြစ်နေတဲ့ ရဲတပ်ဖွဲ့ရက်စက်မှုကို ကန့်ကွက်ပြီး အလုပ်မလုပ်ပဲ အချိန်တိုဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်။ အမေရိကန်သမတတွေကတော့ Loyalty Day နဲ့ Law Day နေ့တွေကို နှစ်စဉ်လက်မှတ်ရေးထိုးနေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၅-၂ဝ၁၅
၁-၅-၂ဝ၁၇

Saturday, April 29, 2017

The moon far away ည လ နဲ့ ပန်း

တမြန်နှစ်က ညဦးပိုင်း ၈ နာရီ ၄၂ မိနစ်အချိန်မှာ နေရောင်မပျောက်သေးပါ။ ကောင်းကင်ပြာမှာ ပေါ်နေတဲ့ လကို အိမ်ခန်းဘေးက ပန်းပင်နဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ ခေါင်မိုးအစွန်းလေးပေါ်နေတဲ့ အိမ်အောက်ဆုံးထပ်မှာ ကျွန်တော်ငှားနေပါတယ်။ ဒီမရောက်ခင် အမေရိကမှာ အိမ်ဝယ်ထားတယ်လို့ အတိုင်ခံရတယ်။ ပြည်ပနိုင်ငံရေးမှာ ဘရူးတပ်စ်တွေက များတယ်။

ပန်းပင်နာမည် မသိပါ။ အဆုပ်လိုက်အဖြူရောင်ပန်းတွေက ပွင့်ကာစမှာ မြန်မာပြည်က ကရမက်ပန်းကို လွမ်းစေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Library Culture စာကြည့်တိုက် ယဉ်ကျေးမှု

ရောက်တဲ့အရပ်မှာ စာကြည့်တိုက်ကို စူးစမ်းမိလာတာ အခုနေရာရောက်မှပါ။ အိန္ဒိယမှာတုန်းက ထူးထူးခြားခြား သတိမထားမိခဲ့ပါ။ ရောက်ရောက်ခြင်း နေအိမ်မှာ အင်တာနက်နဲ့ ဝိုင်ဖိုင်မရသေးခင် အိမ်နားက စာကြည့်တိုက်ကိုသာ တလလောက်ကြာ နေ့တိုင်းသွား အားကိုးခဲ့တဲ့ကျေးဇူးကကြီးတယ်။

မြန်မာပြည်မှာ ငယ်ငယ်လေးတုန်းက မုံရွာမြို့ အလုံလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်း လမ်းဆုံနေရာမှာ အစိုးရက ဖွင့်ထားတဲ့စာကြည့်တိုက်ကို ခဏခဏရောက်တယ်။ ဘာစာအုပ်မှတော့ မငှားဖူးပါ။ သတင်းစာတွေကိုသာ လှန်လှောကြည့်ဖြစ်တယ်။ အဲတာလည်း သွားတာပဲ။

ကျွန်တော့်ဇာတိမင်းရွာမှာ ကျွန်တော်ရဟန်းခံထားတဲ့ဦးဇင်းလေးကနေ စာကြည့်တိုက်လေး ဖွင့်ပေးထားတယ်လို့ တယောက်ကနေလှမ်းအသိပေးလို့ ဝမ်းသာရတယ်။ ကနေ့ အင်ဒီယာနာပလစ်မှာရှိတဲ့ ကွန်မြူနတီကောလိပ်ကို ရောက်တော့လည်း စာကြည့်တိုက်ကို သဘောကျခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

One-sided Story အပြောခံတဲ့သူပဲပြော

မေးတဲ့အရေအတွက်က လျှော့ကျတယ်မရှိ။ သတ်ပုံအမှားတွေလည်း နည်းလာတယ်လို့ မထင်ပါ။ မေးနည်းစည်းကမ်းကို တနေ့မှာ အခါ (၂ဝ) လောက် ပို့ပေးရတယ်။ အသက်-မ-ကျား မပြောလိုသူကဆို ပိုတောင် များလာသလားမသိပါ။ အချိန်မကုန်သင့်ပဲကုန်တာအပြင် အဲလိုလေးရေးတိုင်း ဆရာသည်းခံပေးပါ၊ ဆရာဝန်ဆိုတာစိတ်ရှည်ရတယ်လို့ ဆုံးမသူတွေက ပေါ်လာစမြဲ။

နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ်ကာလတွေမှာ ပြောကြတယ်။ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ သည်ဖက်ကလည်း နည်းနည်းလျှော့ ဒိုင်ယာလော့လို့ မြန်မာပြည်ပေါက်ပညာရှင်တွေက ပြောကြတယ်။ အဖြူပညာရှင်တွေကတော့ ဒေါ်စုက ခေါင်းမာတယ်တဲ့။ စစ်တပ်ကိုတော့ ထားပါတော့တဲ့။

အသက်-ကျား-မ မပြောလိုသူတွေက သူများကို ပိုဝေဘန်ကြသလား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

H mole စပျစ်သီးကိုယ်ဝန်

ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ် ပြောပါတယ်ဆရာ။ ဘာအန္တရာယ်ရှိနိုင်တယ်၊ ဘာတွေရှောင်ရှားသင့်တယ်၊ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင်။

ဆရာ သမီးအသက်က ၃ဝ ပါ။ သားဦးကိုယ်ဝန်သွေးဆင်းတာနဲ့ ပက်သတ်ပြီး ဆရာ့ကိုမေးဖူးပါတယ်။ ခုကိုယ်ဝန်က h mole စပျစ်သီးသန္ဓေဆိုပြီး သားအိမ်ခြစ်ထားတာ တပတ်လောက်ရှိပါပြီဆရာ။ ဒါပေမယ့် သွေးတွေတအားဆင်းလာလို့ og ပြန်သွားပြတော့ နှစ်ပတ်လောက်ဖြစ်တတ်တယ်ဆိုပြီးပဲ ပြောလာပါတယ်ရှင့်။ ခုသမီးက ဘာမှမစားနိုင်ပဲ စားရင်လဲ ပြန်အန်နေပါတယ်ဆရာ။ မရိုမသေ ခုညက သွေးတွေအရမ်းဆင်းနေပြီး သွေးခဲသွေးတုံးတွေပါ ပါလာလို့ စိုးရိမ်ရသလား သိချင်လို့ပါရှင်။ ဆောင်ရန်ရှောင်ရန်လေးနဲ့ တကွဖြေကြားပေးပါရှင့်။

ဆောရီး။ အရင်မေးခွန်းကိုလည်း အခုမှသာတွေ့တယ်။ ဆင်းစရာမကုန်သေးတာဖြစ်ပါမယ်။ ကုန်အောင်ဆင်းမယ်။ လိုအပ်ရပ် ထပ်ခြစ်ရတယ်။ Hydatidiform mole (H mole) စပျစ်သီးကိုယ်ဝန်ကို Molar pregnancy မိုလုလို့လည်း ခေါ်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း သွေး အနီ-အညို ဆင်းမယ်။ ပျို့အန်တာများမယ်။ ဆင်းတာထဲမှာ စပျစ်သီးလိုဟာတွေပါမယ်။ သားအိမ်က ကြီးသင့်တာထက် ပိုကြီးနိုင်တယ်။ သွေးဖိအား များနေနိုင်တယ်။ ပျက်မှာ ၁ဝဝ% သေချာတယ်။

ဘာလို့ဖြစ်သလဲ
ကံတရားလို့သာ စပြောရမယ်။ လူ့ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်း ၂၃ စုံစီပါတယ်။ အခုလိုကိုယ်ဝန်ဆိုတာ အဲတာမူမမှန်လို့ ဖြစ်ရတယ်။ သန္ဓေဖြစ်ရင် မိခင်ဆီက ၂၃ ခုနဲ့ ဖခင်စီက ၂၃ ခုလာပေါင်းရမယ်။ အပြည့်အစုံ မိုလာကိုယ်ဝန်ဆိုရင် ဖခင်ဆီက ချည်းသာလာလို့ဖြစ်တယ်။ တဝက်တပျက်လည်းဖြစ်နိုင်တယ်။ ဖခင်ဆီက အပြည့်အစုံလာပေါင်းလို့ ၂၃ + ၂၃ + ၂၃ = ၆၉ ခုဖြစ်နေမယ်။

ကိုယ်ဝန် ၁ဝဝဝ တိုင်းမှာ ၁ ယောက်အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်အထက်တွေမှာပိုဖြစ်တယ်။ အသက် ၂ဝ အောက်တွေမှာလည်း များနိုင်တယ်။ HCG ခေါ်တဲ့ ကိုယ်ဝန်ဟော်မုန်း ရှိသင့်တာထက်ပိုများနေမယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်တယ်ဆိုတာ အဲတာကိုစမ်းရတာ ဖြစ်ပါတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ရင် D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ သိပ်ရှားရှားပါးပါး Hysterectomy သားအိမ်ထုတ်ရတယ်။ အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။

သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။ ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို CT ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် ရင်ပတ် ဓါတ်မှန်ရိုက်မယ်။ လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါပေးတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁-၂% က နောက်ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်တယ်။

သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁

Library Culture စာကြည့်တိုက် ယဉ်ကျေးမှု

ရောက်တဲ့အရပ်မှာ စာကြည့်တိုက်ကို စူးစမ်းမိလာတာ အခုနေရာရောက်မှပါ။ အိန္ဒိယမှာတုန်းက ထူးထူးခြားခြား သတိမထားမိခဲ့ပါ။ ရောက်ရောက်ခြင်း နေအိမ်မှာ အင်တာနက်နဲ့ ဝိုင်ဖိုင်မရသေးခင် အိမ်နားက စာကြည့်တိုက်ကိုသာ တလလောက်ကြာ နေ့တိုင်းသွား အားကိုးခဲ့တဲ့ကျေးဇူးကကြီးတယ်။

မြန်မာပြည်မှာ ငယ်ငယ်လေးတုန်းက မုံရွာမြို့ အလုံလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်း လမ်းဆုံနေရာမှာ အစိုးရက ဖွင့်ထားတဲ့စာကြည့်တိုက်ကို ခဏခဏရောက်တယ်။ ဘာစာအုပ်မှတော့ မငှားဖူးပါ။ သတင်းစာတွေကိုသာ လှန်လှောကြည့်ဖြစ်တယ်။ အဲတာလည်း သွားတာပဲ။

ကျွန်တော့်ဇာတိမင်းရွာမှာ ကျွန်တော်ရဟန်းခံထားတဲ့ဦးဇင်းလေးကနေ စာကြည့်တိုက်လေး ဖွင့်ပေးထားတယ်လို့ တယောက်ကနေလှမ်းအသိပေးလို့ ဝမ်းသာရတယ်။ ကနေ့ အင်ဒီယာနာပလစ်မှာရှိတဲ့ ကွန်မြူနတီကောလိပ်ကို ရောက်တော့လည်း စာကြည့်တိုက်ကို သဘောကျခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Baby Gender Test ကလေး ကျား-မ သွေးစမ်းသိနိုင်

ဆရာရှင့် သမီးသိချင်တာလေးရှိလို့ပါရှင့်။ သူငယ်ချင်းတယောက် ကိုယ်ဝန်ဆောင်တာ ၁၂ ပတ်ပဲရှိသေးတယ်။ ဒါပေမဲ့ ယောကျာ်းလေး မိန်းကလေး သိရပြီဆိုလို့ပါ။ သူကတော့ သွေးစစ်ပြီး သိတာလို့ ပြောပါတယ်။ အာထရာဆောင်းမှာတော့ ကလေးက အရမ်းသေးနေသေးလို့ မပေါ်သေးဘူတဲ့။ အဲဒီလို သွေးစစ်ကြည့်ချင်တာ ဘယ်လိုပြောရလဲ မသိလို့ပါဆရာ။ အဲဒီသွေးစစ်လို့သိတဲ့ အဖြေကရော ရာနှုန်းပြည့် မှန်နိုင်သလားဆရာ။ လေးစားစွာဖြင့့်

ဗိုက်ထဲကကလေး ကျား-မခွဲခြားဘို့ရာ အလွယ်ဆုံးနည်းကတော့ အာလ်ထွာဆောင်းရိုက်တာဖြစ်ပါတယ်။ ကိုယ်ဝန် ၁၅ ပတ်နဲ့ ၂၅ ပတ်မှာရိုက်တယ်။ Level 3 ultrasound ရိုက်ရင် ၁၂ ပတ်နဲ့သိနိုင်ပါမယ်။ Amniocentesis ရေမြွာရည်စုပ်ယူ စစ်ဆေးနည်းကို အသက် ၃၅ နှစ်ကျော်ကိုယ်ဝန်ဆောင်တွေကိုလုပ်ရတာများတယ်။ မွေးရာပါကလေး ချို့ယွင်းချကိကု သိချင်လို့သာ ဖြစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။ Chorionic Villus Sampling (CVS) နည်းလည်း ရှိတယ်။ Cystic fibrosis နဲ့ Downs syndrome ဆိုတဲ့ မွေးရာပါရောဂါ သိဘို့စစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။

ကျား-မ စောစောသိနိုင်တဲ့နည်း
မိခင်လောင်းသွေးထဲမှာရှိနေတဲ့ DNA from fetal cells ကိုစမ်းသပ်တာဖြစ်တယ်။ တိတိကျကျဆိုရင် Y chromosome-specific DNA ကိုရှာတာဖြစ်တယ်။ တွေ့ရင် ယောက်ျားလေးဖြစ်မယ်။ မတွေ့ရင် မိန်းကလေးမွေးမယ်။ ကိုယ်ဝန် (၁ဝ) ပတ်ရှိရင် သိနိုင်ပါပြီ။ Non-Invasive Prenatal Baby Gender Test လို့ခေါ်တယ်။ မိခင်လောင်းရဲ့သွေးကိုစမ်းပြီး ကလေး ကျား-မ ခွဲခြားနည်းဖြစ်ပါတယ်။ အဖြေရဘို့ အလုပ်လုပ်ရက် (၇) ရက်သာ လိုမယ်။ ဈေးကြီးသေးတယ်။ အမေရိကားမှာ $290 ပေးရတယ်။ (၇) ပတ်ကတည်းကနေသိမယ်လို့လည်း အွန်လိုင်းမှာဖတ်ရတယ်။

Free Cell DNA စစ်နည်းလို့လည်းခေါ်တယ်။ သိနိုင်တာတွေများပါတယ်။ Paternity မိဘစစ် မစစ်၊ Rh blood group typing သွေးအုပ်စု၊ Baby's gender လိင်၊ Hemophilia သွေးရောဂါ ရှိ မရှိ၊ Duchennes muscular dystrophy ရောဂါ ရှိ မရှိ၊ Congenital adrenal hyperplasia ရောဂါ ရှိ မရှိ၊

CVS နည်းကို ၁ဝ-၁၃ ပတ်မှာစမ်းနိုင်ပြီး ၁ဝဝ% ကျား-မ ခွဲပေးနိုင်တယ်။ Amniocentesis နည်းကို ၁၄-၂၄ ပတ်မှာ စမ်းနိုင်ပြီး ၁ဝဝ% ကျား-မ ခွဲပေးနိုင်တယ်။ Free Cell DNA နည်းကို (၇) ပတ်မှာလုပ်နိုင်တယ်။ ယောက်ျားလေး ၉၅့၎% နဲ့ မိန်းကလေး ၉၈့၆% မှန်မယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Miscarriage အလိုလို ကိုယ်ဝန်ပျက်ခြင်း

(၁) ကျွန်မအသက် (၃၁) နှစ်ရှိပါပြီ။့ မှာ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်ကျတာ ၁ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကိုယ်ဝန် (၈) ပတ်မှာ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တာတွေ့ခဲ့ရသေးတယ်။ ကိုယ်ဝန် ၁၁ ပတ်မှာ Ultrasound ရိုက်ကြည့်ပြီး ကလေးကနှလုံးမခုန်တော့ဘူး။ miscarriage လို့ပြောပါတယ်။ သားဦးမို့ ကျွန်မရော အမျိုးသားပါ အရမ်းခံစားရပါတယ်။ နောက်တစ်ရက်မှာ သားအိမ်ခြစ်ပြီးပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ သားအိမ်ခြစ်ပြီး ရှောက်ရမည့်အချက် နောက်ကိုယ်ဝန်ထပ်ယူရန်ကြိုတင်ပြင်ဆင်မှုများကို သိပါရစေဆရာ။ နောက်ကိုယ်ဝန် ထပ်ယူရန် အချိန်ဘယ်လောက်စောင့်ပြီးမှ ယူရင်အသင့်တော်ဆုံးပါလဲ။ အားဆေးရှိရင်ပြောပြပေးပါဆရာ။ ဒေါင်းဆင်ဒရုန်း မဖြစ်အောင် miscarriage ထပ်မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။ ဘာတွေ ကြိုတင် ကာကွယ်ထားသင့်ပါသလဲ။

(၂) ပထမတစ်ကြိမ် Missed Abortion ဖြစ်ဖူးတော့ အခု ဒုတိယကိုယ်ဝန်က ၁၈ ပတ်ရှိပါပြီ။ အခုကိုယ်ဝန်ကိုလည်း ခဲမှန်ဖူးတဲ့စာသူငယ်လို ရင်တထိတ်ထိတ်နဲ့ လွယ်ထားရပါတယ်ရှင်။ အခုက ၁၈ ပတ်ဆိုတော့ သမီးစိုးရိမ်ရတဲ့ အခြေအနေက လွတ်မြောက်ပြီလို့ ယူဆလို့ရပါလားရှင်။

ကိုယ်ဝန်ပျက်တာကို Abortion (အဘောရှင်း) ဆိုပြီး အင်္ဂလိပ်လို သိပ်မတတ်သူတွေကပါ နားလည်ကြတယ်။ ကိုယ်ဝန်ပျက်တာတိုင်းက (အဘောရှင်း) မဟုတ်ပါ။ သူများနိုင်ငံမှာ အဲလိုသွားပြောမိရင် အထင်လွဲခံရမယ်။ ကိုယ်ဝန် ဖျက်ချတာကိုမှ (အဘောရှင်း) ခေါ်ရတယ်။

Miscarriage ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာမဟုတ်ပဲ သူ့အလိုလိုပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝအကြောင်းတရားတွေ ရှိတယ်။ အများဆုံးဖြစ်တာက သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန်မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။ အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင်မသိဘူး။ သုတေသနတခုအဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ်ဆိုတာတောင် ကိုယ်တိုင်မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့အခွင့်အလမ်း သိသိသာသာနည်းလာပါပြီ။ ထိခိုက်မှုဆိုတာ မတော်တဆထိခိုက်မှု (အတွေ့အကြုံအရ အားကစားသာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာ ထိခိုက်မှုနဲ့ စိတ်ဖိအားတွေဖြစ်တယ်။

ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ%။ ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကံတရားအားကိုးပါ။ အပြုသဘောဆောင်ပါ။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။ အနေအထိုင်အစားအသောက် ဆင်ခြင်ပါ။ ကိုယ်ဝန်အပ်ပါ။

ဒေါက်တာတင့်ဆွေ

The moon far away ည လ နဲ့ ပန်း

တမြန်နှစ်က ညဦးပိုင်း ၈ နာရီ ၄၂ မိနစ်အချိန်မှာ နေရောင်မပျောက်သေးပါ။ ကောင်းကင်ပြာမှာ ပေါ်နေတဲ့ လကို အိမ်ခန်းဘေးက ပန်းပင်နဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ ခေါင်မိုးအစွန်းလေးပေါ်နေတဲ့ အိမ်အောက်ဆုံးထပ်မှာ ကျွန်တော်ငှားနေပါတယ်။ ဒီမရောက်ခင် အမေရိကမှာ အိမ်ဝယ်ထားတယ်လို့ အတိုင်ခံရတယ်။ ပြည်ပနိုင်ငံရေးမှာ ဘရူးတပ်စ်တွေက များတယ်။

ပန်းပင်နာမည် မသိပါ။ အဆုပ်လိုက်အဖြူရောင်ပန်းတွေက ပွင့်ကာစမှာ မြန်မာပြည်က ကရမက်ပန်းကို လွမ်းစေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Breast-feeding cuts moms risk of breast cancer

ဆရာရှင့် သမီးအသက်က ၂၃ ပါ ကလေးမွေထားတာ ၃ လရှိပါပြီ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါသည်။ သမီးရင်သားမှာ အကျိတ်အဖု စမ်းမိတာ ၁၅ ရက်လောက်ရှိပါပြီ။ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးသူလည်း မရှိပါဘူးရှင့်။ သမီးအကျိတ်က ကင်ဆာကျိတ်ဖြစ်နိုင်ပါသလားဆရာ။

ကလေးနို့တိုက်ချိန်မှာဖြစ်တာဆိုရင် နို့လမ်းပိတ်နေလို့ အခဲဖြစ်တာလား စစ်ရမယ်။ အကျိတ်သပ်သပ်မရှိပဲ ခဲနေမယ်။ နာမယ်။ နို့နာဖြစ်ဘို့ဦးတည်နေမယ်။ ကင်ဆာက အကျိတ်သပ်သပ်စမ်းလို့ရမယ်။ မနာပါ။ နို့တိုက်ပေးပါ။ လိုရင်ညှစ်ပေးပါ။ အပူကပ်ပေးပါ။ လိုသေးရင်မေးပါ။

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာက ယခုမြန်မာပြည်ထဲရှိပါသလားရှင်။ သမီး ဆရာနဲ့ပြချင်လို့ပါ။ နို့ထွက်အား အရမ်းကောင်းတယ်ဆရာ။ ခဲနေတဲ့နေရာရှိတာ နို့တိုက်လို့ လျော့သွားရင် မစမ်းမိတော့ဘူး။ အဲဒီအကျိတ်ကတော့ ညာဘက်ရင်သားအပေါ်ဘက်မှာ ရှိနေတာပါရှင့်။ ကင်ဆာကျိတ်ဖြစ်နိုင်ချေများလားဆရာ။ သမီးရဲ့ အချက်အလက်တွေနဲ့ဆိုရင်။

ဖြေတာထဲမှာ ပါတာကိုသာ ဖြစ်စေပါမယ်။ မဖြစ်လောက်ပါ။ ဆရာက တခြားတိုင်းပြည်မှာသာ နေရပါတယ်။

ဆရာ ရန်ကုန်ထဲမှာဆို ဘယ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါသလဲ သမီးက အနာတခြား ဆေးတစ်ခြားဖြစ်မှာလည်း ကြောက်မိတယ်။ ဆရာလမ်းညွှန်ပေးပါရှင့်။

ဆရာက မြန်မာပြည်ထဲက ဆရာဝန်-ဆေးရုံ-ဆေးခန်း-ဆေးဆိုင်တွေကို မသိပါ။ ဆောရီး။ ၂၈-၄-၂ဝ၁၅ နေ့ထုတ် San Francisco Chronicle သတင်းစာမှာ ဆေးပညာဆောင်းပါးတပုဒ်ပါတယ်။ နို့တိုက်မိခင်တွေမှာ ရင်သားကင်ဆာ အဖြစ်နည်းတယ်။ ကာလီဖိုးနီးယားမှာနေကြတဲ့ ကလေးအမေတွေကို လေ့လာမှုအသစ်လုပ်ပြီး အဲလို ရေးလိုက်တာပါ။

ရင်သားကင်ဆာလို့ ရောဂါနာမယ်တပ်ထားသူ အမျိုးသမီး ၁၆ဝဝ ရဲ့ဆေးမှတ်တမ်းတွေကို လေ့လာပါတယ်။ ကလေးကို နို့တိုက်ခဲ့သူတွေမှာ ၃၇% ပြန်ဖြစ်တဲ့နှုန်းနည်းတယ်လို့ တွေ့ရပါတယ်။ ကလေးကို အနည်းဆုံး ၆ လ နို့တိုက်ခဲ့သူတွေမှာ ဆေးကုသရာမှာလည်း ရလဒ်ပိုကောင်းကြတယ်။ သေဆုံးမှုမှာလည်း ၂၈% နည်းတယ်။ ဆရာဝန်တွေ ကောက်ချက်က (အီစထိုဂျင်) ဟော်မုန်းနည်းစေလို့ဖြစ်တယ်။

၈ဝ% မှာ ရင်သားကင်ဆာမျိုးခွဲ luminal A ဖြစ်ကြတယ်။ သက်သာမှုပိုရနိုင်တယ်။ ဟော်မုန်းပေးလို့ရတဲ့အမျိုးအစားလည်း ဖြစ်တယ်။ ဒီလေ့လာမှုမှာ တခြားကင်ဆာမျိုးခွဲတွေနဲ့တော့ ကလေးနို့တိုက်လို့ ပိုကောင်းတယ်၊ ဆိုးတယ်ဆိုတာ မတွေ့ပါ။
အမေရိကားမှာ ကလေးအမေ ၇၇% ကနို့တိုက်ကြတယ်။ ၁၉၇ဝ ကျော်နဲ့စာရင် နည်းလာနေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇
Photo: Amy Osborne, The Chronicle

Demography of American Motherhood အမေရိကန်မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။

ဒိအရင်လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများတယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။ အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင် ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။
• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။
• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။
• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။
• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမခင်ဖြစ်လာသူတွေထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။
• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။
• ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ်သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူမတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁၂

Clomifene မျိုးဥကြွေဆေး

၁။ သမီးနာမည့့် ပါ။ ပဲခူးတိုင့်း့ မြို့မှာနေပါတယ်။ အိမ်ထောင်သက်က တစ်နှစ်နဲ နှစ်လခွဲပါဆရာ။ အသက်က ၃၈ နှစ်ပါ။ ဆရာ မအားလပ်တဲ့ကြားကနေ စာချက်ချင်း ပြန်ပေးတဲ့အတွက်အထူးကျေးဇူးတင်လျက်ပါ။ 14/08/2014 မှာ သွေးစပေါ်ပါတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း 14/08/14 ညနေ 5:30 မှာ Fertomid 50 mg တစ်နေ့တစ်လုံး ငါးရက် ဆက်တိုက်ကိုသောက်ပါတယ်ဆရာ။ 24/08/14 နံနက်မှာ မမျိုးဥစမ်းတော့ နှစ်ကြောင်း ထင်းထင်းလေးကို ပေါ်ပါတယ်ဆရာ။ အဲဒါကြောင့် အရမ်းပျော်ခဲ့ရပါတယ်ဆရာ။ ဒါပေမယ့်ဆရာရယ် 10/09/14 ဒီနေ့မှာ သွေးပြန်ပေါ်နေလို့။ ကလေးမရမှာကို အရမ်းကြောက်နေပါတယ်ဆရာ။

၂။ ကျွန်မအသက်က ၂၄ ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ ကလေးက ၄ နှစ်ပါ။ တားဆေးမသောက်တော့တာ ၈ လ လောက်ရှိပြီ။ ဘာမှထူးမလာဘူး။ OG သွားပြဖို့ဆိုတာလည့်း့ မှာရောက်နေတော့ အဆင်မပြေပါဘူး။ မျိုးဥကြွေဆေး ဝယ်သောက်သင့်ပါသလား။ ဘယ်လိုဆေးမျိုးပါလဲ။ ဒီမှာဝယ်လို့ရနိုင်ပါ့မလား။

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene နာမည်တွေနဲ့ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။

အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ 50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လ ပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေရှိမယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ အမွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင်လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်းလည်း မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေထွက်ရာ (ဂလင်း) ကလည်း မှန်မှန်အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူဖြစ်ရပါမယ်။

သုတ်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုတ်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေးမမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။

ဒေါက်တာတင့်ဆွေ

Herbal Medicines ဟာဗယ်ဆေး မေးပြန်ပြီ

ဆရာခင်ဗျား။ Gingko ရွက်ဆေးကို စွဲပြီးသောက်လို့ရပါသလား။ ဘေးထွက်ဆိုးကျိုး တခုခုရှိနေနိုင်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

မေးတဲ့သူ ကျား-မ မသိပါ။ ရောဂါ မသိပါ။ ဘာအတွက်သောက်ချင်သလည်း မသိပါ။ ဒိအရင်ကလည်း ရောဂါတခုမေးလို့ ရောဂါအကြောင်းဆေးစာပို့လိုက်တယ်။ စာထဲမှာဆေးနည်းတွေပါတယ်။ ဒါပေမယ့် မေးခွန်းဆက်လာပါတယ်။ Fame က ထုတ်တဲ့ ginkgo ဆေး၊ lucky time ကထုတ်တဲ့ reishi ဆေးတွေသောက်လို့ ရလားတဲ့။ ဒါနဲ့ ကြော်ငြာဆေးဆိုရင် ဆရာဝန်တွေက မညွှန်ပါလို့ ဖြေလိုက်ပါတယ်။ ကျောင်းမှာဆရာမအချို့ အဲဒီဆေးတွေ သောက်နေတာတွေ့လို့ မေးကြည့်တာပါဆရာတဲ့။ ဟာဗယ်ဆေးကို ခဏခဏဖြေနေရတယ်။

ဆေးကြော်ငြာမှာ Ginkgo ဆိုတာ သစ်ပင်တွေကနေထုတ်တဲ့ဆေးဖြစ်တယ်။ အရွက်ကနေထုတ်တာများတယ်။ အစေ့ကနေလည်း ထုတ်တယ်။ မှတ်ဥာဏ်အားနည်းတဲ့ အယ်လ်ဇိုင်မားရောဂါကိုသုံးကြတယ်။ အသက်ကြီးသူတွေမှာ သွေးလှည့်ပတ်မှု နည်းတာအတွက်လည်း သုံးတယ်။ ခေါင်းကိုက်တာ၊ နားအူတာ၊ ခေါင်မူးတာ၊ အာရုံစိုက်မှုအားနည်းတာ၊ နားအကြား နည်းတာ၊ စိတ်ဓါတ်ကျတာ တွေအတွက်လည်းသုံးကြတယ်။ လိင်အားအတွက်လည်း ကြောငြာမှာ ရေးထားသေးတယ်။ မျက်စိရေတိမ်နဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါလည်းထည့်ရေးထားတယ်။ ပန်းနာလည်း ပါသေးတယ်။ အစေ့ထဲမှာ ဗက်တီးရီးယားကိုသေစေတဲ့ဓါတ်ပါနိုင်တယ်။ ဒါပေမယ့် ကြော်ငြာထဲမှာ အဲလိုရောဂါအတွက် ရေးထားတာမတွေ့ပါ။ ဘေးထွက်ဆိုးကျိုးက တက်တာနဲ့ သတိလစ်တာဖြစ်နိုင်တယ်။

Reishi Mushroom ဆေးက မှိုတမျိုးကနေထုတ်တယ်။ ကျန်းမာရေးကောင်းဖို့နဲ့ အသက်ရှည်ဆေးလို့ ကြော်ငြာတယ်။ သွေးတိုး၊ ကိုလက်စထောများတာ၊ နှလုံးသွေးကြောရောဂါ။ အသည်းနဲ့ ကျောက်ကပ်ရောဂါ၊ အသက်ရှူလမ်းရောဂါတွေ၊ ဗိုင်းရပ်စ်ရောဂါတွေနဲ့ HIV/AIDS လည်းကြောငြာတယ်။
1.5 to 9 grams of crude dried mushroom မှိုခြောက်မှုံ့၊
1 to 1.5 grams of reishi powder မှိုပေါင်ဒါ၊
1 milliliter of reishi solution (tincture) မှိုတင်ချာသောက်ပါလို့ဆေးညွှန်းကဆိုတယ်။

ဘေးထွက်ဆိုးကျိုးတွေ = ၃-၆ လသုံးရင် အလာဂျီရတယ်။ အာခေါင်ခြောက်၊ နှာခေါင်းပိတ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ယား၊ အနီပြင်ထွက်၊ နှာခေါင်းသွေးယို၊ ဗိုက်အနေရခက်၊ ဝမ်းထဲသွေးပါတွေဖြစ်နိုင်တယ်။ သွေးတိုးဆေး သောက်နေရသူတွေနဲ့ ဆီးချိုရှိနေသူအတွက်ဖြစ်တယ်။ ခုခံအားဆေးသောက်နေရသူတွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေရသူတွေ ဘာဖြစ်မလည်း မပြောနိုင်ပါ။ Aspirin, NSAIDs, Warfarin, Heparin ဆေးတွေနဲ့ ဓါတ်ပြုတယ်။ FDA က အသိအမှတ်ပြုမထားပါ။

ဆေးဖက်ဝင်တွေ၊ တိုင်းရင်းဆေးတွေ၊ ဗမာဆေးတွေ၊ တရုပ်ဆေးတွေကို ဆရာဝန်တွေကမသုံးပါ။ သုတေသနမတွေ့ပါ။ အာမခံချက်လည်းမပေးနိုင်ပါ။ အသည်းမကောင်းသူတွေအတွက် တချို့ ဟာဗယ်ဆေးတွေက ပိုဆိုးစေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း

၁။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။

၂။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။

အစားအစာတွေကို တနပ်စာထက်ပိုနေတာမှန်သမျှ ထားသိုဘို့လိုရင် စတနစ်တကျ ထားသိုတတ်ရပါမယ်။ အစားအစာရဲ့ အရည်အသွေး၊ အနံ့-အရသာ၊ အာဟာရဓါတ်တွေ မနည်းစေ၊ မပျက်စီးစေအောင် သတိထားရမှာ ဖြစ်ပါတယ်။
မထားသိုတတ်လို့ အစားအစာပုပ်သိုးပြီး စာမိရင် အစာဆိပ်သင့်ပါမယ်။ အခြေခံအားဖြင့် ရေခဲသေတ္တာထဲမှာ ထားသိုရပါမယ်။ တချို့ကို အစားသိုဘီရို (ကြောင်အိမ်) မှာ ထားရပါမယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပဲ။ ပျစီးလွယ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေကို အတိုင်းအဆနဲ့သာဝယ်သင့်ပါတယ်။ အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အအေးဆုံးနေရာမှာထားရမယ်။ ရေခဲသေတ္တာထဲမှာလဲ ပြည့်ညပ်နေအောင် မထားသင့်ပါ။ ချက်ပြုတ်ပြီးသားအစာတွေကို လေလုံအောင်ထုပ်ပိုးပြီးမှ သိမ်းရပါမယ်။ ဒါမှမဟုတ် zip lock pouches ဇစ်ပိတ်ပါတာမျိုးနဲ့ထားပါ။

ရေခဲသေတ္တာကို ၁၅ ရက်တခါ သန့်ရှင်းရေးလုပ်ပါ။ ဟောင်း၊ သိုးနေတာမျိုး အစအန မကျန်ပါစေနဲ့။ freezer ခဲခန်းအပူချိန်ကို 0ºF အောက်မှာသာထားပါ။ frozen peas and chicken ခဲထားတဲ့အစားတွေကို ခဲခန်းထဲမထားပါနဲ့။ soups, stews and casseroles တွေကို ပြန်အပူပေးတာနဲ့ ပြန်အေးခဲအောင်လုပ်တာ ရှောင်ကျဉ်ပါ။ leftovers စားလို့မကုန်တာကိုသိမ်းထားရင် နေ့စွဲရေးမှတ်ထားပါ။ မြန်မြန်စာသုံးပါ။ pantry ထားစရာကိုလဲ အချိန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။ ထားသိုတဲ့အစားအစာဟာ အရည်အသွေး အနည်းနဲ့အများ လျှော့ပါတယ်။ ထားစရာအခန်းသာမက ကိုင်တွယ်တဲ့လက်ကလဲ သန့်ရပါမယ်။

အစားအစာအမျိုးအစားအလိုက် ဘယ်နေရာမှာ ဘယ်လောက်ကြာထားနိုင်သလဲ
အခန်းတွင်းအပူချိန် = (70° F)၊ ရေခဲသေတ္တာ = (37° to 40° F)၊ အခဲခန်း = (0 °F)
• ပေါင်မုန့် အခန်းတွင်း = ၃-၅ ရက်။ အခဲခန်း = ၃ လ
• ကိတ်မုန့် ရေခဲသေတ္တာ = ၂-၄ ရက်၊ အခဲခန်း = ၂-၄ လ
• ချိစ် ရေခဲသေတ္တာ = ၁-၄ ရက်၊ အခဲခန်း = ၁-၆ လ
• ထောပတ် ရေခဲသေတ္တာ = ၁-၃ လ၊ အခဲခန်း = ၉-၁၂ လ
• ရေခဲမုန့် ရေခဲသေတ္တာ = မထားရ၊ အခဲခန်း = ၁-၂ လ
• နို့ ရေခဲသေတ္တာ = ၇ ရက်၊ အခဲခန်း = ၁ လ
• ရောဂတ် ရေခဲသေတ္တာ = ၇-၁၄ ရက်၊ အခဲခန်း = ၁-၂ လ
• ပန်းသီး အခဲခန်း = ၃-၅ လ
• ငှက်ပျောသီး အခန်းတွင်း။
• စပျစ်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ ရေခဲသေတ္တာ = ၁-၂ ပတ်
• သံပုရာသီး၊ အခန်းတွင်း= ၇ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• လိမ်မော်သီး အခန်းတွင်း= ၃-၄ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• ဖျော်ရည် ရေခဲသေတ္တာ = မဖွင့် ၃ ပတ်၊ ဖွင့် ၇-၁ဝ ရက်၊ ခဲခန်း = ၈-၁၂ လ။
• ဝက်အူတောင့် ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁-၂ လ။
• ကြက်သား ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁၂ လ။
• ပီဇာ ရေခဲသေတ္တာ = ၃-၄ ရက်။ ခဲခန်း = ၁-၂ လ။
• အစေ့အဆံ အခန်းတွင်း = ၃-၄ လ။ ရေခဲသေတ္တာ = ၁၂ လ။ ခဲခန်း = ၂၄ လ။
• တို့ဖူး ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၅ လ။
• ဟင်းသီးဟင်းရွက် ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၈-၁၂ လ။
• မှို ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၈-၁၂ လ။
• ခရမ်းချဉ်သီး ခဲခန်း = ၃-၄ လ။

ဒေါက်တာတင့်ဆွေ

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

ကော်ဖီမစ်ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းအကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ကယ်လိုရီကို တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။ အင်းစတင့် ကော်ဖီမစ် နဲ့ ခရမ်မာ နို့မှုံ့ နှစ်မျိုးလုံးထဲမှာ အဆီပါဝင်မှု များတယ်။ အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောက်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။ သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဟွန် ဂွမ်-တိ ကနေပြောတာက အဲဒီနှစ်မျိုးလုံးထဲမှာ ကျန်းမာရေးနဲ့မသင့်တဲ့ ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ ကိုလက်စထောကို တက်စေပါမယ်။

လေ့လာမှုလုပ်သူတွေကနေ အင်းစတင့် ကော်ဖီမစ် ၁၁ မျိုးနဲ့ ခရမ်မာ နို့မှုံ့ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။
• ခရမ်မာ နို့မှုံ့ တွေထဲမှာ ၁၅့၎% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ကော်ဖီမစ် တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။
• ခရမ်မာ နို့မှုံ့ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ကော်ဖီမစ် အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။
• ကိုလက်စထော များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။

၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ်အကြောင်းကို သိပ္ပံပညာရှင်တွေသိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။ ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓါတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။ ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ ဖေါ်မယ်လဒီဟိုက်ပါနေရင် ကင်ဆာကိုဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

1. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/…/caffeine.html
2. Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/…/caffeine-in-tea.h…
3. Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/…/coffee-and-your-…

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄
၂၉-၄-၂ဝ၁၇

Young Father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားကအသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။

လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။

မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေး ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးသုံးတာ၊ ကိုယ်ဝန်ဆောင်နေတုံးမှာ တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။ ၆ဝ% လောက်က ဘာလို့ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ အချက်အတိုင်းဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိတယ်ဆိုတာလဲအောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။ အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေအများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။

အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေမရှိဘို့သာ အရေးကြီးတာပါ။ တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြားကိုယ်ဝန်တွေထက် မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေအားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ ညှစ်အားကောင်းဆေး သွင်းမွေးခြင်း၊ ညှပ်ဆွဲမွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေပြောတာပါ။ အမှန်က ဆရာဝန်တွေက ဖြစ်လာနိုင်ခြေကို ရှောင်ချင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်ဆရာမတွေပါ စိတ်ဖိအားမများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Dr. တင့်ဆွေ
၃-၉-၂ဝ၁ဝ

Pregnancy Stages ကိုယ်ဝန်ဆောင်အဆင့်များ

မင်္ဂလာပါဆရာ သမီးမေးပါရစေရှင့်။ ကိုယ်ဝန်က ၄ လဆိုရင်အထဲက ကလေး စလှုပ်ပြီလားဆရာ။

ကိုယ်ဝန်ဆောင်တာ နောက်ဆုံးရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှ ရက်သတ္တပတ်ပေါင်း (၄ဝ) ကြာတယ်။ (၃) လ စီ (၃) ပိုင်းခွဲခြားလေ့လာတယ်။ ပဌမ ၃ လ၊ ဒုတိယ ၃ လ နဲ့ တတိယ ၃ လ ဆိုပြီး အပိုင်းခွဲ မှတ်သားရတယ်။

1. ပဌမ ၃ လဆိုတာ သန္ဓေစတည့်ချိန်ကနေ နောက် ၁၂ ပတ်အထိခေါ်တယ်။
2. ဒုတိယ ၃ လက ၁၃ ပတ်ကနေ ၂၇ ပတ်အထိ၊
3. တတိယ ၃ လက ၂၈ ပတ်ကနေ မွေးတဲ့အထိ။

၁-၁၂ ပတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေပြောင်းလဲလာသလဲ။
• ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်၊ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာဖြစ်လာမယ်။
• အစာမကျေသလိုဖြစ်လာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။ စာတပုဒ်ရေးထားပါတယ်။
• အစားအစာ တမျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။
• ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန်တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နဲနဲ နဲ့ ခဏခဏစားချင်လာမယ်။ ကိုယ်ဝန်ရင့်လာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်းဖြစ်နေတတ်တယ်။

ရက်သတ္တ (၄) ပတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလဲ စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလဲ ပေါ်လာပြီ။
• သန္ဓေသားဟာ တလက္မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ (ဂ) ပတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ်ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောက်ျားလေး-မိန်ကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီ။ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကို ကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (ဂ) ပတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။ တလက္မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ ပုံ ၁ ပုံရှိလာပြီ။

ရက်သတ္တ (၁၂) ပတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာကြပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောက်ျားလိင်အင်္ဂါ၊ မိန်းမ လိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပဌမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်ကိုသိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက္မအထိရှည်လာပြီ။ တအောင်စအထိ လေးလံလာပြီ။

ကိုယ်ဝန် ဒုတိယ (၃) လ
ရက်သတ္တ (၁၃-၂၈) ပတ် သန္ဓေသား
• များသောအားဖြင့် ကိုယ်ဝန် ဒုတိယပတ်ဟာ ပဌမပတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ၊ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖေါင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုတ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။

ရက်သတ္တ (၁၆) ပတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာဖြစ်လာမယ်။ ပေါင်-ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမျာ ထုံကျင်ကျင်ဖြစ်လာတာကို (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသဲကို စစ်ဆေးဘို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်၊ ကိုယ်အလေးချိန်တိုးတာ များမယ်ဆိုရင် ဆရာဝန်ပြပါ။
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလဲ ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• ငယ်ချီး ဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုတ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက္မ နဲ့ အလေးချိန် ၃ အောင်စရှိလာပြီ။

ရက်သတ္တ (၂ဝ) ပတ် သန္ဓေသား
• ပိုလှုတ်ရှားတတ်လာပြီ။ မိခင်ကသတိထားမိလာပြီ။ သားဦးတွေက နည်းနည်းလေးနောက်ကျမှသတိထားတတ်ကြတယ်။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလိုအရာလဲရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက္မရှည်ပြီး ၉ အောင်စ လေးလာပြီ။

ရက်သတ္တ (၂၄) ပတ် သန္ဓေသား
• ရိုးတွင်းခြင်ဆီဖြစ်လာလို့ သွေးဥတွေထုတ်လုပ်လာပြီ။
• လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင်ဖြစ်လာပြီ။
• အဆုပ်တွေဖြစ်လာပြီ။ အလုပ်တော့မလုပ်သေးဘူး။
• • Startle reflex ခေါ်တဲ့ ရုတ်တရက်တခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှုရှိတာကို အလိုလို တုံ့းပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ မျက်ကို ကာကွယ်ဘို့ မျက်တောင်ပိတ်ပြစ်တာမျိုး။ လက်တွေကလဲ အဲလိုသဘော လုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိးတတ်လာပြီ။
• ယောက်ျားလေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျဖြစ်လာပြီ။
• အရပ်က ၁၂ လက္မရှည်ပြီ။ အဆီကိုစုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲလေးလာပြီ။

တတိယ (၃) လပိုင်း
ရက်သတ္တ (၂၉-၄ဝ) ပတ်
• အသက်ရှူရတာ နဲနဲခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဘို့ ခဏခဏသွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ်တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓါတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပတ်မှာ ဂ အောင်စနှုန်းတိုးလာမယ်။ အခုဆိုရင် ၁၅-၁၇ လက္မအရပ်ရှိပြီ။ ၄ ပေါင်၊ ၄ ပေါင်ခွဲလေးလာပြီ။

ကိုယ်ဝန် ၃၆ ပတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုတ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက္မ နဲ့ ၆-၆့၅ ပေါင်ရှိလာပြီ။

ကိုယ်ဝန် ၃၇-၄ဝ ပတ်
• ၃၇ ပတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။

Dr. တင့်ဆွေ

Surgical Adhesion ခွဲစိပ်ရရင် တွယ်ကပ်မှုဖြစ်တယ်

ဗိုက်ခွဲရသူတိုင်းအတွက်စာဖြစ်ပါတယ်။

သမီးအသက်က ၂၁ နှစ်ပါဆရာ။ မန္တလေးတိုင့်း့ မှာနေပါတယ်ဆရာ။ Tuberculous Peritonitis ရောဂါမျိုးက ဆေး (၇) လတည်းသောက်ရုံနဲ့ ပျောက်နိုင်ပါသလား။ ဆရာမက သလိပ်အဖြေကတခုတည်းနဲ့ ဆေးကိုရပ်လို့ရပြီလို့ ပြောပါတယ်ဆရာ။ ဒီလိုရောဂါမျိုးက ၉ လ ၁ နှစ်ဆေးစားမှ ပျောက်တာလား။ ခုလို ၇ လတည်းနဲ့ ရောပျောက်တဲ့သူ ရှိပါသလားဆရာ။ ခုရက်ပိုင်းတွင်းအသက် ပြင်းပြင်းရှုလိုက်ရင် ညာဘက်နံရိုးဘေးက တခါတရံ စူးပြီး နာနေပါတယ်ဆရာ။ အဲဒါ သမီးဆေးရပ်လိုက်တာနဲ့များ ဆိုင်ပါသလားဆရာ။ စိုးရိမ်ရပါသလားဆရာ။ အစက ၉လလို့ ပြောပေမဲ့ ၇လတည်းပဲ ဆေးစားရတော့ ပျော်ပေမဲ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ မေးလိုက်တာပါဆရာ။ သမီးညာဘက် နံရိုးက ဗိုက်ခွဲပြီးနောက်ပိုင်း ဇောချွေးတွေပျံတဲ့တွက် သေမတက် နာကျင်မှုဝေဒနာ ခံစားဖူးပါတယ်။ ဆေးခန်းသွားပြီ ဆေးထိုးလိုက်ရင် ချက်ချင်းသက်သာပါတယ်ဆရာ။ ပထမတခါနာတုန်းက ဗိုက်ခွဲပြီး တလလောက်အကြာမှာပါဆရာ။ နောက် ၃ လ ၄ လလောက်ကြာတော့ ဒုတိယအကြိမ်ထပ်နာပါတယ်ဆရာ။ အဲတုန်းက ဆရာဝန်က ခွဲထားတဲ့ ဒဏ်ရာကြောင့်ဖြစ်တာ စိုးရိမ်စရာလို့ပြောပါတယ်ဆရာ။ နောက်ဆုံး March 15 ရက်နေ့က အဲလို တခါပြန်နာပြန်တော့ ကျောက်ကပ်ကြောင့် နေမှာလို့ ပြောတာနဲ့ 16.3.16မှာ Ultrasound ရိုက်ခဲ့တော့ ကျောက်ကပ် မဟုတ်ဘူး ခွဲထားတဲ့ ဒဏ်ရာကြောင့်နာတာလို့ပဲ ပြောပါတယ်ဆရာ။ အခု သမီးနာနေတာက အဲတုန်းကလောက် မဆိုးပေမဲ့ တချက်တချက် အသက်ပြင်းပြင်း ရှုထုတ်လိုက်ရင် တင်းပြီးစူးနေပါတယ်ဆရာ။

Tuberculous Peritonitis ဗိုက်တီဘီရောဂါကို တီဘီဆေး (၆) လနဲ့ပျောက်ကင်းနိုင်ကြောင်း မနေ့ကပဲဖြေခဲ့ပါတယ်။ ခွဲစိပ်တာ ဘာအတွက်ခွဲရသလည်း မသိပါ။ ဗိုက်တီဘီကြောင့် အူတွေနဲ့ အူမြှေးတွေတွယ်ကပ်မှုဖြစ်နိုင်တယ်။ ဆေးသောက်လို့ ပိုးတွေကင်းပြီးရောဂါပျောက်ပေမယ့် အမာရွတ်ဖြစ်စဉ်ကြောင့် တွယ်ကပ်မှုဖြစ်နိုင်တယ်။ သီအိုရီတွေကို ပြောတာသာ ဖြစ်တယ်။ မေးတဲ့သူမှာ အဲတာဖြစ်နေတယ်လို့ပြောတာ မဟုတ်ပါ။ စာတပုဒ်ပို့ပါတယ်။

ဗိုက်ခွဲတိုင်း ကလေးမွေးတာဖြစ်ဖြစ်၊ အစာအိမ်ပေါက်တာဖြစ်ဖြစ် တခါခွဲရင်တခါ အထဲမှာ တွယ်ဆက်မှုလေးတွေ ဖြစ်တယ်။ ခွဲလို့အနာဖြစ်ရာနေရာတိုင်းက မကျက်သေးခင် အနီးအနားက တစ်ရှူးတွေကို တွယ်ကပ်ကြတယ်။ အတန်းလိုက်တွေ၊ ပင့်ကူအိမ်လိုတွေဖြစ်တယ်။ ဒီအရာတွေကို နောက်တကြိမ်ခွဲရရင် ရှင်းပေးရတယ်။ တချို့ဆိုရင် ဗိုက်စဖွင့်တာနဲ့ ခွဲရာဟောင်းက အထဲကအင်္ဂါတွေတွယ်ကပ်နေတာကို အရင်ရှင်းရတယ်။ ခွဲစိပ်ပြီးရင် (ခီးမို့စ်)၊ (ခိုင်မရော) ဆိုတဲ့ ဆေးတွေကို ပေးကြတာက ဒါမျိုးမဖြစ်အောင်လို့။ ဒါပေမဲ့ ထိရောက်မှုမှာတော့ ဆရာဝန်တွေ အမြင်မတူကြပါ။ တွယ်ကပ်မှု ဖြစ်တာကလဲ တယောက်နဲ့တယောက် မတူကြဘူး။ ဒဏ်ရာရလို့ အမာရွတ် ထင်သူနဲ့ မထင်သူလိုမျိုး ကွာတယ်။

ခွဲစိပ်ကုသနည်းဟာ ရောဂါတွေကို ပျောက်စေ၊ သက်သာစေပြီး အသက်တွေကို ကယ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်မှာတွေရှိတယ်။ အဲဒါတွေထဲကတမျိုးဟာ ခွဲတဲ့နေရာအနီးအနားမှာ Adhesion တွယ်ကပ်မှုဆိုတာ ဖြစ်လာနိုင်တယ်။ ဒီလိုတွယ်ကပ်မှုဆိုတာ ကိုယ်ခန္ဓာရဲ့ အနာကျက်ဖြစ်စဉ်ရဲ့ အစိပ်အပိုင်းသာဖြစ်တယ်။ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ခွဲစိပ်တာအပြင် ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဓါတ်ကင်လို့လဲ ဖြစ်လာစေနိုင်တယ်။ ဗိုက်၊ တင်ပါးဆုံတွင်းနဲ့ နှလုံးနေရာတွေမှာ အများဆုံးဖြစ်တယ်။

တင်ပါးဆုံတွင်းမှာဖြစ်တာလဲ မနည်းပါ။ သားအိမ်။ သားအိမ်ပြွန်၊ မျိးဥအိမ်၊ ဆီးအိမ်တွေကြား တွယ်ကပ်မှုတွေဖြစ်နိုင်တယ်။ ဗိုက်ခွဲကလေးမွေးတာနဲ့ သားအိမ်ထုတ်ရတာတွေကနေ အများဆုံးဖြစ်တယ်။ ခွဲစိပ်တာအပြင် တင်ပါးဆုံတွင်းအင်္ဂါတွေ ပိုးဝင်လို့လဲ ဖြစ်နိုင်တယ်။ အများဆုံးက လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်တယ်။ သားအိမ်ပြွန်မှာဖြစ်ရင် ကလေးမရတာအထိ ဖြစ်လာနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာလဲဖြစ်နိုင်တယ်။ နှလုံးမှာလဲ နှလုံးကိုဖုံးထားတဲ့ အိတ်မှာတွယ်ကပ်မှုဖြစ်တတ်တယ်။ လေးဘက်နာအဖျားကနေ ဖြစ်နိုင်တယ်။

ခွဲစိပ်ပြီးနောက် ရက်ပိုင်းအတွင်းလေးမှာစဖြစ်တယ်။ ဖြစ်လို့ခံစားရတာတွေကတော့ နှစ်နဲ့အထိကြာနိုင်တယ်။ အဆိုးဆုံး ဖြစ်နိုင်တာက အူပိတ်တာနဲ့ အစာလမ်းကို သွေးမလျှောက်တာတွေဖြစ်တယ်။ ဖြစ်နေသူတွေမှာ အသဲအထက်မှာ ဖြစ်ရင် အသက်ရှူရင်နာမယ်။ အမျိုးသမီးမွေးလမ်းမှာဖြစ်ရင် အတူနေတာမှာ မနာသင့်ဘဲနာနိုင်တယ်။ နှလုံးမှာဖြစ်နေရင် ရင်ပတ်နာမယ်။ ဗိုက်အောင့်ရာ နာရာကနေ အန်ချင်တယ်။ အစာမကျေဖြစ်မယ်။

ဘယ်လိုကုသရမလဲဆိုတာ ဘယ်နေရာမှာ ဘာဖြစ်နေသလဲအပေါ်မူတည်တယ်။ အနာသက်သာဆေး၊ ပိုးသေဆေးတွေ ပေးရတယ်။ လိုအပ်ရင်ခွဲစိပ်ပေးရတယ်။ Adhesions Surgery ခွဲစိပ်နည်းမှာလဲ Laparoscopy ကိရိယာသုံးနည်းနဲ့ Laparotomy ဗိုက်ပြန်ဖွင့်နည်းရှိတယ်။

ဗိုက်ခွဲပြီးနောက်မှာ နာနေသေးသူတိုင်းတော့ အဲလိုမဖြစ်ပါ။ နာတာအတွက် အနာသက်သာဆေးသာ အရင် သောက်သင့်ပါတယ်။ Paracetamol, Ibuprofen စတဲ့ဆေးတွေဖြစ်ပါတယ်။ Buscopan စားဆေးလဲ သုံးနိုင်ပါတယ်။ ကြာလေ သက်သာလေကိုလည်း မျှော်လင့်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Friday, April 28, 2017

ကျွန်တော် သတ်ပုံစာအုပ်များ

ကွန်မင့်တခု = မြန်မာနိုင်ငံမှာနေသောသူများကို ဒီစာအုပ်လေးကို ဆောင်ထားသင့်ပါကြောင်း ဆရာအနေနှင့် အကြံပြုစေလိုပါတယ်ခင်ဗျာ။

အဲဒီထဲမှာ တစ်တွေနဲ့ ရေးထားပါသလား။ အဲတာဆို ဆောရီး။ ကျွန်တော့်မှာ အရင်ကထုတ်တဲ့ သတ်ပုံစာအုပ် နှစ်အုပ် ရှိတယ်။ တအုပ်က စာမျက်နှာ မစုံတော့ပါ။ နှစ်အုပ်လုံးက ခြစား ပိုးကိုက်။

နောက်ထုတ်သတ်ပုံနဲ့ အဘိဓါန်တွေကို (၁) ယူနီဖေါင်းသတ်ပုံ၊ (၂) ပေါ်လစီသတ်ပုံနဲ့ (၃) ကုလားထိုင်ရသတ်ပုံလို့ အစိုးရသုံးဆက်အမည်နဲ့ခေါ်ပါတယ်။ 

ကိုးကားစရာ ဟိုအရင်ကထုတ်တဲ့စာအုပ်လေး နည်းနည်းပါးပါးရှိတယ်။ အားထားရာက မြန်မာ့စွယ်စုံကျမ်းတစုံနဲ့ ပိဋကတ် သုံးပုံတစုံ။ မြန်မာ့စွယ်စုံကျမ်းကို အသစ်ရေးမယ်လို့ကြားတယ်။ သတ်ပုံတွေကို ကြိုက်သလိုရေးမလားမသိ။ အဲတာကို အတော်လန့်နေမိတယ်။ တရားဝင်စာနဲ့ အကြံပြုချင်နေတယ်။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော်တွေကိုတော့ သတ္တမ မတိုင်ခင်ထိ မပြင်ကောင်းပါရဲ့။

ဒေါက်တာတင့်ဆွေ

သင်ခန်းစာ နှင့် သင်ခဏ်းစာ


ဆရာ သင်ခန်းစာ နဲ့ သင်ခဏ်းစာနဲ့မှာ ဘယ်ဟာ အမှန်ပါလဲ။

အရင်သတ်ပုံစာအုပ်ဟောင်းတချို့မှာ သင်ခဏ်းစာလို့သုံးပါတယ်။ နောက်ပိုင်းမှာ သင်ခန်းစာလို့သာရေးတယ်။

ခဏ်း (အခုခေတ်မှာ မတွေ့သလောက်ဖြစ်လာတယ်)
အခဏ်းကဏ္ဍ
စမ္မခဏ်းနက္ခတ်
ယမ္မခဏ်းနက္ခတ်
သင်ခဏ်းစာ
ဇယားခဏ်းတန့် (ဗေဒင်)

ခန်း
ကိန်းခန်း၊
ကုန်ခန်း၊
ခန်းဆီး
ခန်းမဆောင်
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းသဉ္ဇာ
ခန်းတောက်ပင်
ခန်းခြောက်
ချွဲခန်းသလိပ် (ချွဲငန်းသလိပ်)
စက်ခန်း၊
စမ္မခန်း (ဗေဒင်)၊
စားခန်းချသည် (စခန်းချသည်)
ဆုံးခန်းတိုင်ရောက် ၊
တခန်းရပ်ပြဇာတ်၊
တိုက်ခန်း၊
တိုင်းခန်းလှည့်လည်၊
တနေကုန် တနေခန်း၊
ဓာတ်ခွဲခန်း၊
ပခန်းမြို့
မီးစာကုန် ဆီခန်း၊
ပြခန်း၊
လင်ခန်းမယားခန်း၊
လမ်းစခန်း
သင်ခန်းစာ၊
အံ့မခန်း
အခမ်းအနား၊
အိပ်ရာတိုက်ခန်း
စေးမခန်းပင်၊
နေထိုင်ရာအခန်း
ရေခန်းခြောက်
လေ့ကျင့်ခန်း၊
သေခန်းရှင်ခန်း၊

ဒေါက်တာတင့်ဆွေ

May Day မေဒေး

နယူးဒေလီမြို့မှာနေစဉ်က နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မြန်မာပြည်မှာ (မေဒေး) ဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ အမေရိကမှာ မေဒေးမရှိပါ။ Labor Day လေဘာဒေးလို့တော့ရှိတယ်။  မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းလည်း မတူပါ။ သူတို့ရဲ့ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်ဖြစ်တယ်။ နှစ်စဉ် စက်တင်္ဘာ ပထမတနင်္လာနေ့မှာကျရောက်တယ်။ တရားဝင် အလုပ်နားရက်လည်းဖြစ်တယ်။

မြန်မာပြည်မှာလည်း လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်း ကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။

ပုံ = လွန်ခဲ့တဲ့ ခုနစ်နှစ် ၁-၅-၂ဝ၁ဝ နေ့က FTUB ကဦးစီးကျင်းပတဲ့ မေဒေးနေ့အခန်းအနား

ဒေါက်တာတင့်ဆွေ

Workplace and stimulant drugs လုပ်ငန်းခွင်နဲ့ ဆေးဝါးသုံးစွဲမှု

စောစောကပဲ ဆေးခြောက်အဆီဆေး ဆရာဝန်လက်မှတ်မလိုပဲ ရောင်းတော့မယ်ဆိုတဲ့သတင်း တင်လိုက်တယ်။ ဒီစာကိုလည်း မနှစ်က မေဒေး ခေါ် နိုင်ငံတကာအလုပ်သမားနေ့မှာ ဒီစာကိုရေးပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားပေါင်း ၂၃ သန်း ကျော်မှာ ဆေးဝါးတမျိုးမျိုးသုံးစွဲနေကြတယ်။ အဲတာကလည်း ဆေးကုသမှုခံယူနေသူစာရင်းသာရှိသေးတယ်။ အသက် (၁၂) နှစ်အထက်လူဦးရေရဲ့ ၁ဝ% ရှိတယ်။ ဆေးဝါးသုံးစွဲမှုဟာ တယောက်တည်းသုံးပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်စေပါတယ်။ ငွေကြေးအရပြောရရင် တနှစ်မှာ ၁၉၇ ဘီလီယန် ရှိတယ်။

ဆေးစွဲတယ်၊ ဆေးသုံးကြတယ်ဆိုတာ တရားမဝင်ဆေးတွေသာမကာ တရားဝင်ဆေးတွေကိုပါသုံးစွဲကြတာဖြစ်တယ်။ Painkillers အနားသက်သာဆေးတွေ၊ barbiturates အိပ်ဆေးတွေ၊ stimulants စိတ်ကြွဆေးတွေနဲ့ addictive စွဲစေတတ်တဲ့ဆေးတွေဖြစ်တယ်။ အမေရိကန်လူငယ်လူရွယ် ၂ဝ% တို့ဟာ Marijuana ဆေးခြောက်သုံးနေကြတယ်။ ၄ဝ% တို့ဟာ တကြိမ်တော့ စမ်းကြည့်ကြတယ်။ ၉% တို့ဟာ Cocaine ကိုကိန်းကိုတကြိမ်တော့စမ်းကြည့်ကြတယ်။

ကမ္ဘာမှာ အရက်ကြောင့် တနှစ်မှာ လူပေါင်း ၂့၅ သန်းသေဆုံးနေကြတယ်။ အမေရိကားမှာ ၁ သိန်းသေးတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြားလူရွယ်တွေ နှစ်စဉ် ၃ သိန်း ၂ သောင်းတို့ဟာ အရက်နဲ့ဆက်စပ်ပြီး သေဆုံးနေကြတယ်။ နိုင်ငံပေါင်း ၁၄၈ အစီရင်ခံစာတွေအရ မူးယစ်ဆေးထိုးလို့ HIVပိုဖြစ်တယ်လို့ ၁၂ဝ နိုင်ငံကဆိုပါတယ်။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဖြတ်လိုသူတွေဟာ Counseling (ကောင်ဆယ်လင်း) ခေါ်တဲ့ မေးမြန်းဆွေးနွေးမှုလုပ်ရင် အများကြီးအကျိုးရှိတယ်။ Talk therapy စကားပြောကုသနည်းနဲ့ Best Drug Rehabilitation ဆေးပေးကုသနည်းပါ တွဲရင် အကောင်းဆုံးရလဒ်ရစေမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆

Ear infections (1) နားပိုးဝင်ခြင်း (၁)

၁။ ဆရာရှင့် ကျမညီလေး အသက်၂၆ ပါနားထဲနာပေါက်နေလိုပါ ဆေးခန်းပြပြီးပါပြီ သက်သာလို့ လုပ်ပြန်ဆင်းတာ ညိုမိပြီးပြန်ဖြစ်ပါတယ် အလုပ်ကဝပ်ရှော့လုပ်ဆိုတော့မြဲညိုမိပါတယ်ရှင် အဲဒါဆေးစာလေးပေးပါဦးရှင် နာကကိုက်ပါတယ် အသံကြားရင်အူနေတယ်ပြောပါတယ်ရှင် ဖျားလည်းရှိပါတယ်ရှင် ဆရာကျမ္မာသက်ရှည်ပါစေ။ ဖြစ်တာ တပတ်လောက် ရှိပါပြီရှင် အမှားပါရင်ရိုသေစွာတောင်းပန်ပါတယ်ရှင့်

မဖြေခင် သတ်ပုံပြင်ရဦးမယ်။ နာပေါက်ကို အနာပေါက်လို့ရေးသင့်။ နာကကို အနာကလို့ရေးသင့်။ ညို မဟုတ်ပါ။ နှစ်ကြိမ်လုံးမှာ ညိုရေးတာမို့ မှားသိနေတာသေချာတယ်။ ညှော်လို့သာ ရေးရတယ်။ ညှော်က အနာအတွက် အရေးမကြီးပါ။

နားထဲအနာပေါက်တာကတမျိုး အလွန်နာတယ်။ နားအပြင်ပိုင်းမှာ ဖြစ်တယ်။ ပြည်ရှိတတ်တယ်။ ပြည်ထွက်အောင်လုပ်မှ ပျောက်တယ်။ ပိုးသေဆေး + အနာသက်သာဆေး ပေးရမယ်။ အလယ်နားပြည်တည်တာရှိတယ်။ နားစည်ပေါက်တာ ရှိတယ်။ နားအူတာကတမျိုး။ လင့်တွေပေးမယ်။ အရင်ကလည်း မေးကြတယ်။

၂။ ဆရာခင်ဗျာ။ ကျွန်တော့်သမီးလေးက အခုလေးလရှိပါပြီ။ သူ့ဘယ်ဘက်နားထဲမှာ ဝါကျင့်ကျင့်အရည်လိုလို အဖတ်လိုလိုလေးတွေ ထွက်ထွက်နေလို့ပါ။ နားဖာချေးမဟုတ်ပါဘူး။ ပြီးတော့ အနံ့တော်တော်ဆိုးပါတယ်။ ဘာများ ဖြစ်နိုင်ပါလဲလို့ပါခင်ဗျ။

၃။ သမီး အသက်က ၂၇ ပါ။ အခုဖြစ်တာက နှာခေါင်းပိတ်ပါတယ်။ နှာလည်း အနည်းငယ် စေးပါတယ်။ အစားအသောက် စားရင် အနံ့အရသာ ဘာမှကို မသိတာပါ။ ဘာနံ့မှ မရပါဘူး ၁ဝ ရက်ခန့် ရှိနေပါပြီ ဆရာဝန်နဲ့လည်း ပြပါတယ်။ နှာခေါင်း အနံ့ မရတာက သက်သာ မလာပါဘူး။ တခါတရံ တဘက်ကပိတ်နေပါတယ်။ ချွဲလည်း တော်တော်ထွက်ပါတယ်။ ချွဲပျော်ဆေး SOLVIN လည်း ဆရာဝန်ပေးတဲ့အထဲမှာပါပါတယ်။ မဖြစ်ခင်က ချောင်းတခါတလေဆိုးလို့ ဆရာဝန် ပြပါတယ်။ အခု ချောင်းဆိုး သက်သာသွားပြီး နှာစေးပါတယ်။ အရင်က CETIRINE တလုံးသောက်ရင် သိသာစွာ ပျောက်ပါတယ်။ အခုက ခဏခဏတော့ နှာမချေဘဲ နှာပိတ် နှာရည်ကျဖြစ်ပါတယ်။ ဆရာဝန်က မသက်သာလျှင် နား-နှာခေါင်း ဆရာဝန်ပြရန် ပြောပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အနံ့အာရုံ အရသာမရှိ ဖြစ်နေတာကို စိတ်ညစ်လှပါတယ်။

နားအလယ်ပိုင်းကနေ Eustachian tube ပြွန်နဲ့ လည်ချောင်းနောက်မှာ ဆက်နေတယ်။ နား-နှာခေါင်း-လည်ချောင်း တနေရာမှာ တခုခုဖြစ်ရင် ဆက်ဖြစ်တတ်တယ်။ နှာစေးနဲ့ ချောင်းဆိုး ဆက်နေတယ်။ နှာစေးလို့ နားကို သက်ရောက်တယ်။ အနံ့ကိုပါ လာထိခိုက်တယ်။ ပြွန်ကဆို့နေလို့ နားရောင်တာ ဖြစ်တယ်။ ပြွန်ကို ရောင်စေ၊ ပိတ်စေတာဖြစ်လာရင် နားစည် နောက်မှာရှိတဲ့ နားအလည်ပိုင်းမှာ အရည်တွေ များလာတယ်။ အများဆုံးက အအေးမိတာကနေ ဆက်ဖြစ်တာတွေပါဘဲ။ အအေးမိတာက အနေရခက်တဲ့အထဲ ဆက်ဖြစ်တာတွေက မေးတဲ့သူမှာ ဖြစ်သလို ပိုဆိုးပါတယ်။ လေပြွန်ရောင်နဲ့ နားရောဂါရတာ ဆက်ဖြစ်နိုင်တယ်။ တချို့မှာ ပန်းနာ ဖြစ်လာတတ်တယ်။

ရက်တို လေပြွန်ရောင်တာလည်းပါတယ်။ ဗက်တီးရီးယား ကနေရော ဗိုင်းရပ်စ်ကနေပါ ဖြစ်စေတယ်။ ချောင်းဆိုးမယ်၊ ချွဲထွက်မယ်၊ ချွဲကလဲ ဖြူ-ဝါ-သွေး ဖြစ်နိုင်တယ်။ အတော်များများက ဆေးမပါဘဲ သက်သာသွားတယ်။ တပါတ်နေလို့ မပျောက်ရင် ဆရာဝန်လိုလာပြီ။ လည်ချောင်းနာနဲ့ အာသီးရောင်တွေကလဲ အအေးမိတာနဲ့ တွဲ-ဆက်နေတတ်တယ်။ နှစ်မျိုးလုံးကို ဗိုင်းရပ်စ်ကနေရော ဗက်တီးရီးယားကနေပါ ဖြစ်စေတယ်။ Streptococcus bacteria ကနေဖြစ်တာကို Strep throat ခေါ်တယ်။ (အလာဂျီ)၊ ဆေးလိပ်နဲ့ တခြား အငွေ့အသက်တွေကြောင့်ပါ အဲလိုလာ ဖြစ်နိုင်တယ်။

Acute bronchitis ရက်တို လေပြွန်ရောင်တာလဲပါတယ်။ ဗက်တီးရီးယားကနေရော ဗိုင်းရပ်စ်ကနေပါ ဖြစ်စေတယ်။ Cough ချောင်းဆိုးမယ်၊ Mucus ချွဲထွက်မယ်၊ ချွဲကလဲ ဖြူ-ဝါ-သွေး ဖြစ်နိုင်တယ်။ အတော်များများက ဆေးမပါဘဲ သက်သာသွားတယ်။ တပါတ်နေလို့ မပျောက်ရင် ဆရာဝန်လိုလာပြီ။

နားလမ်းပိုးဝင်တာ အလွန်အဖြစ်များတယ်။ အထူးသဖြင့် ကလေးတွေ နှာရည်ယိုရာကနေ သိပ်ဖြစ်တတ်တယ်။ ကလေး အအေးမိသူထဲက ၆၁% မှာ နားပါ ရောင်တယ်လို့ လေ့လာမှုတခုက ဆိုတယ်။ နားရောင်နေတာသေခြာအောင် နားကို ဆရာဝန်ကနေ Otoscope ကရိယာနဲ့ ကြည့်မယ်။

နားထဲမှာ နားပြွန်ရှိတယ်။ သူက နားအလည်ပိုင်းနဲ့ လည်ချောင်း (အာခေါင်) ကို ဆက်ပေးထားတယ်။ ပြွန်မှာ နှာခေါင်းထဲ၊ လည်ချောင်းထဲမှာလိုမျိုး အချွဲရှိတယ်။ ဒါရှိနေလို့ နားအလည်ပိုင်းကနေ အရည်ရှိရင် ထုတ်ပေးနိုင်တယ်။ နားထဲက ဖိအားကိုလည်း ထိန်းပေးတယ်။ နားစည် ကောင်းနေဘို့က အရေးကြီးတယ်။ ကြည့်လိုက်ရင် ကောင်းနေတဲ့ နားစည်က ကြည်လင်နေရတယ်။ ပန်းရောင်နဲ့ မီးခိုးရောင် ရောနေသလို ရှိရတယ်။ ပိုးဝင်ထားတာဆိုရင် နီပြီး ရောင်နေမယ်။ အအေးမိတာ၊ တုပ်ကွေးမိတာနဲ့ (အလာဂျီ) ရတာတွေကနေ နားပြွန်ကို ထိခိုက်စေပြီး ရောင်လာစေတယ်။

နားကိုပိုးဝင်တာက ၈ဝ% ဟာ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ ဒါဆိုရင် ပိုးသေဆေး မလိုဘူး၊ မရဘူး။ Streptococcus ဗက်တီးရီးယားကနေ ဖြစ်တာလဲ မနည်းဘူး။ နား နာမယ်၊ အဝါရည်၊ အရည်ကြည်၊ အချွဲရည် ထွက်မယ်။ ကိုယ်နဲနဲ ပူမယ်။ ပဋိဇီဝဆေးတွေလိုတယ်။

ဗက်တီးရီးယားကနေဖြစ်တဲ့ နာရောင်တာအတွက် ပဋိဇီဝဆေးတွေကတော့ -
• Penicillin Antibiotics ထဲမှာ Amoxicillin နဲ့ Augmentin တွေပါတယ်။
• Sulfonamide Antibiotics တွေထဲမှာ Bactrim, Septra နဲ့ Gantrisin တွေပါတယ်။
• Cephalosporin Antibiotics တွေထဲမှာ Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။
• Combination Antibiotics ဆေးတွဲပေးတာတွေလဲ ရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole
• Amoxicillin 500mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ အနည်းဆုံး ၅ ရက်သောက်ပါ။ Augmentin လည်း ပေးတယ်။
• Bactrim, Septra နဲ့ Gantrisin တွေပါတယ်။
• Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။
• ဆေးတွဲပေးတာတွေလဲရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole

အသုံးများတဲ့ နားထည့်ဆေးတွေကတော့ -
1. Betamethasone Eye/Ear Drops 0.1% w/v + 0.002%
2. Carboxy Methyl cellulose sodium -Eye 0.5%
3. Chloramphenicol Eye/Ear drop 5ml & 10 ml
4. Ciprofloxacin Eye Drops 5ml & 10ml
5. Gentamicin Eye/Ear drop 5ml & 10 ml
6. Neomycin Sulphate Eye/Ear drop 5ml & 10 ml
7. Ofloxacin Eye Drops
8. Prednisolone Acetate Eye/Ear drop 5ml & 10 ml
9. Prednisolone Chloramphenicol Eye Drop 10ml
10. Soframycin Eye/Ear Drop 8ML

Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
Fluid in the ear နားထဲမှာအရည်ရှိတာ http://doctortintswe.blogspot.com/2014/12/fluid-in-ear.html
Middle ear infection နားပြည်ယိုခြင်း http://doctortintswe.blogspot.com/2016/01/middle-ear-infection.html
Otomycosis (ear fungus) နားမှို http://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html
Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html

Dr. တင့်ဆွေ

Cannabis Oil Cannabinoid or CBD ဆေးခြောက်အဆီ

အငြင်းပွါးစရာ ဆေးခြောက်အဆီဆေးကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အားလုံးမှာ ဆရာဝန်လက်မှတ်မလိုပဲ ရောင်းခွင့်ပြုပါတော့မယ်။

အနာသက်သာစေတယ်။ စိတ်အားများတာသက်သာစေမယ်။ စိုးရိမ်စိတ်များတာသက်သာစေမယ်။ ပျို့အန်တာ သက်သာစေမယ်။ စကီဇိုဖရီးနီးယားစိတ်ရောဂါ။ ဆီးချို၊ ဆထုပ်ခေါ် လေဖြတ်ထားသူတွေလည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။ အဆစ်နာ၊ ဒူးနာ၊ ပခုံးနာ၊ လေးဖက်နာအတွက်လည်း နာတာသက်သာစေမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇

North Korea crisis မြောက်ကိုရီးယားအရေးအခင်းသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လာဆန်က စကားပြောဖို့လမ်းဖွင့်ထားလို့ ပြောလိုက်

လွန်ခဲ့တဲ့ တနာရီကသတင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားအနေနဲ့ နယူကလီယာ လက်နက်တွေ ဖယ်ရှားဖို့ဖြစ်တယ်။ မြောက်ကိုရီးယားကစကားပြောမယ်ဆိုရင် အာဂျင်ဒါတော့ မှန်ရမယ်။

သူဆက်ပြောတာက အမေရိကန်အနေနဲ့ စစ်အင်အားသုံးဖို့လည်း အဆင်သင့်လို့ဆိုတယ်။

တရုပ်နိုင်ငံခြားရေးဝန်ကြီးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနည်းက အကောင်းဆုံးလို့ဆိုတယ်။

တယ်လာဆန်က ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားရဲ့ နယူကလီယာခြိမ်းခြောက်မှုဟာ တကယ်ဖြစ်တယ်။ မြောက်ကိုရီးယားကို သံတမန်အရ ဝိုင်းပယ်ထားကြပါလို့ ပြောတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်မှာ အမေရိကန်စစ်သားတွေချထားတယ်။ စစ်ရေယာဉ်အုပ်စုချထားတယ်။ တောင်ကိုရီးယားမှာ ဒေါ်လာ ၁ ဘီယီယန်တန် ဒုံးခွင်းစနစ် တပ်ဆင်ထားတယ်။ Thaad လို့ခေါ်တယ်။

ပုံထဲမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံပျံအမျိုးမျိုးရဲ့ အလှမ်းမီတဲ့ စက်ဝိုင်းတွေပြထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇
နေ့ ၂ နာရီတိတိ။

Sense of Humor ရီစရာ တခါတခါပြော

၁။ ရီလိုက်တဲ့အချိန်မှာ အရာအားလုံးရဲ့အပြင်ဘက်ကို တခဏတော့ ကျွန်တော် ရောက်သွားတယ်ဆရာ။ ဆရာရော ဘယ်လိုခံစားမိပါသလည်းဆရာ။

၂။ ဒါမှဆရာ့ တခါတလေ သရော်စာ တင်ပါဆရာရဲ့။

၃။ ဆရာ နောက်တတ်တာပဲနော်။

Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ Satire သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကိုမကြိုက်ပါ။ စစ်အုပ်စုကိုတောင် ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။

ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ ဟာသအများကြီးရှိတယ်။ ငါကမှ နပိုလီယန်အစစ်ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ ပြန်စဉ်းစားကြည့်တော့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။

ပညာဉာဏ်နည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲ မသင့်ဘူး။ မြန်မာစကား အနည်းအပါးသာ တတ်တဲ့ တိုင်းရင်းသူဆရာမလေးတယောက် ဆေးခန်းရောက်ကာစမှာ စီနီယာတွေကို ဆီးစစ်တာသင်ပေးခိုင်းတယ်။ ဗိုလ်လိုလဲ ကျွန်တော်က သင်ပေးတယ်။ ပြီးမှ သေချာအောင် ပြန်မေးပါတယ်။ အေ့း့ အခုစစ်တာဘာလဲ။ သူဖြေတာက သေးတဲ့။ နောက်ဆရာမအသစ်တွေ ရောက်ပြန်ရင် အဲဒီနမူနာလေးပြောပြတယ်။ ဒါပေမဲ့ အရင်ဆရာမနာမည်ကို ထည့်မပြောပါ။

စာသင်ပေးရင်း မပြင်းရအောင်။ မှတ်မိအောင်။ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ပြောလေ့ရှိပါတယ်။ ဖရင်းတယောက်က မှန်ကြိုက်သူသီချင်း တင်တော့ မှန်ဘဲကြိုက်နော်လို့ရေးလိုက်တယ်။ သူကနားလည်တယ်။ ဒေလီ ဆေးခန်းမှာတုန်းက ဗမာမဟုတ်တဲ့ ဆရာမလေးတွေကို ဘီးကြိုက်ကို ပြောင်းပြန်ဖေါ်ပေးတာတောင် လိုက်မမီကြဘူး။ သူထင်နေတာက ကြိုက်ဘီးတဲ့၊ ပြီးကြရော့။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၅
၂၈-၄-၂ဝ၁၇

Natural Gas ဓါတ်ငွေ့

နိုင်ငံရေးစကားပြောချင်သူကလာခေါ်လို့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ပြောကြတာတော့ အလေးစားတွေပါ။ တိုက်ပွဲတွေနဲ့ ဘာသာရေးအမည်ခံသတင်းတွေအကြောင်း။ ဘယ်သူတွေကနေ မီးတိုက်ပေးသလည်း၊ ဓါတ်ဆီလောင်းပေးနေသလဲ၊ လေမှုတ်ပေးနေသလဲ။ တချို့အကြောင်းအချက်တွေကို သိပေမယ့် ရေးမဖြစ်၊ ပြောမသင့်တာတွေရှိတယ်။ လူချင်းရင်းနှီးပေမယ့် ပြောမထွက်တာတွေရှိသေးတယ်။

မမြင်ရတာတွေက ပိုကြောက်စရာကောင်းတယ်ဆိုတာ အမှန်တကယ်ရှိတယ်။ အော်နေကြတာတွေတချို့က မမှန်ပါ။ လုပ်ပြနေကြတာတွေတချို့ကလည်း မှားတယ်။ မသိသေးသ၍တော့ သူ့နယ်ပယ်မှာ ဟီးရိုးတွေလို့ မြင်ကြမယ်။ မျက်လှည့်ဆရာပြတာချည်း ကြည့်နေလို့ကတော့ ဦးထုပ်ထဲက ခိုထွက်လာတာပဲ မြင်ရမယ်။

အရောင်အဆင်းမရှိ၊ အရသာမရှိ၊ မီးလောင်ခြင်းကိုအားပေး၏ဆိုတဲ့ဓါတ်ဆိုတာ ငါးတန်းကလည်းကသင်ခဲ့ကြရတယ် မဟုတ်လား။ နိုင်ငံရေးမှာ ဓါတ်ငွေ့တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆
၂၈-၄-၂ဝ၁၇

Tibet Struggle တိဘက်အရေး

ကျွန်တော် အိန္ဒိယမှာနေခဲ့စဉ်က တိဘက်လှုပ်ရှားမှုကြီးနဲ့အတူရှိခဲ့တယ်။ ဘုန်းတော်ကြီး ဒလိုင်လားမား၊ အဝေးရောက် အစိုးရဝန်ကြီးချုပ်၊ လွှတ်တော်အမတ်တွေ၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေနဲ့အတူဖြစ်ပါတယ်။

ပုံတပုံမှာ တိဘက် အဝေးရောက်လွှတ်တော်ဥက္ကဋ္ဌ၊ တိဘက်အဆင့်မြင်တက္ကသိုလ် ဒုအဓိပတိ၊ နောင်မှာ ဝန်ကြီးချုပ် ဖြစ်လာသူ၊ (ဆမ်ဒေါင် ရင်ပိုချေး) တက်ရောက်ပြီး အမှတ်တရပစ္စည်းပေးအပ်ပါတယ်။ ပိုးသားနဲ့ ယက်လုပ်ထားတဲ့ ဘုရားပုံတော်တခုလည်းပါတယ်။ ကျွန်တော့် NCGUB ရုံးခန်းမှာချိတ်ဆွဲထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် (၆ဝ) ပြည့်မွေးနေ့ ကျင်းပစဉ်ကပါတယ်။

ပုံတပုံမှာ အဝေးရောက် တိဘက်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် Lobsang Sangay (လောဘ်ဆန်း ဆန်ဂေး) နဲ့အတူဖြစ်ပါတယ်။

ပုံတပုံမှာ တိဘက်အဝေးရောက်ပါလီမာန်ကနေဖိတ်ကြားလို့ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၁၇-၁၈ ရက်နေ့မှာ (ဒါရမ်ဆလာ) ကို သွားရောက် လည်ပတ်ခဲ့စဉ်ကဖြစ်ပါတယ်။

တိဘက်လူမျိုးတွေရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေ အောင်မြင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆
၂၈-၄-၂ဝ၁၇

ရံပုံငွေ

Hla Win Nwet ရန်ပုံငွေလား ရံပုံငွေလား သိချင်မိပါတယ်။ အဆင်ပြေရင်ကြုံကြိုက်ရင်ဖြင့် သိချင်ပါတယ်။ သူများတွေ တင်ထားတာတွေ့လို့  မိမိအထင်ကဖြင့် ရံ လို့ တော့ထင်မိပါတယ်။

Chit KoKo ရန်ပုံငွေပါ

Hla Win Nwet အများကဖြင့် ရန်လို့သုံးပေမဲ့ အနက်ကကွာမယ်ထင်တယ်။ ဝိုင်းရံပြီးထည့်ငွေဆိုတော့ ရံလို့ ထင်ပါတယ်။ ဆရာအမြင်နဲ့ အသိကိုလိုချင်တာပါ။

Tint Swe သတ်ပုံစာအုပ်ဟောင်းမှာ ရံပုံငွေလို့ရေးတယ်။ ခေတ်စာအုပ်တွေမှာ ရန်ပုံငွေလို့ရေးတယ်။

သတ်ပုံစာအုပ်ဟောင်းမှ အသုံးများ
ကာရံ
ကာရံဝါကျ
ကိုယ်ရံကြီး
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ဗညားရံ
ရံပတ်
ရံဖန်ရံခါ
ရံခြုံ
ရံစောင် (အရံစောင့်ထားသည်)
ရံရွေတော်
ရံရွေဘော်
လှည်းရံတိုင်
လှည်းရံတိုင်
ဝန်းရံ
ဝန်းရံ
ဝန်းရံခြင်း
အခြွေအရံ
ကျောင်းနံရံ
ရွှေစာရံဘုရား
နွားမရံရွာ

ရန်
စားရန် သောက်ရန်
စားရန်ငွေ
ဆင်ရန်သွားသည်
နန်းရန်ညွန့်ဖူး
ပန်းရန်သမား
ပြုလုပ်ရန်
ရန်ကုန်မြို့
ရန်စွယ်နှင့်ငေါငေါ
ရန်ပုံခွင်းအမြောကရောင်းရန် ဝယ်ရန်
ရန်ပွဲဖြစ်သည်
ရန်ကြီးအောင်
ရန်မန်မင်း
ရန်ပြုသည်
ရန်သူ
ရန်တွေ့သည်
ရန်ပေါင်မင်း
သွားရန် လာရန်
ဘေးရန်တားဆီး

သတ်ပုံစာအုပ်သစ်မှ အသုံးများ
ရံပတ်
ရံဖန်ရံခါ
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ

ရန်
ဖိနပ်တရန်
ရန်ကုန်တိုင်း
ရန်ဆူးရန်ငြောင့်
ရန်တုံ့မူ
ရန်ပုံငွေ
ရန်ဖျဉ်
ရန်ငြိမ်း
ရန်ငြိုးဖွဲ့
ရန်မာန်ဘေးဒဏ်
ရန်မူ
ရန်ပြု
ရန်သတ္တရုပြု
ရန်ပြေမာန်ပြေ
လက်ကောက်တရန်
အတွင်းရန်၊ အပြင်ရန်။

ကျွန်တော်အမြင်ကတော့ ရံပုံငွေ။

ပါတီရံပုံငွေကို တလွဲတွေထင်ပြီး ကျွန်တော်အိန္ဒိယမှာနေစဉ်က ရန်ပြုခံခဲ့ရတာ တကယ့်အဖြစ်အပျက်ပါ။ ဘတ်ဂျက် ပရိုဂျက်ရှင်း ထုံးစံအတိုင်း နှစ်အစမှာ အရံငွေကို ရာခိုင်နှုန်း သတ်မှတ်ထားရတယ်။ ဘဏ္ဍာရေးအစီရင်ခံစာမှာ အမှန် စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းသုံးငွေ နဲ့ စုစုပေါင်းလက်ကျံငွေ ပြရတယ်။ စာရင်းစစ်အစီရင်ခံစာနဲ့ စာရင်းကိုက်ပေမယ့် စာရွက်ထဲမှာရေးထားခဲ့တဲ့ အရံငွေ ဆယ်နှစ်စာ ကျွန်တော့်အိတ်ထဲမှာရှိတယ်လို့ စွပ်စွဲပါတယ်။ သူတို့ကပဲ ဥက္ကဋ္ဌအဖြစ်က ဖယ်ရှားသည်လို့ စာထုတ်တယ်။

အရံငွေ နဲ့ ရန်ပြုခြင်း သတ်ပုံဟာ လူ့သိက္ခာကို အန္တရာယ်ပေးခဲ့တာဖြစ်လို့ မမေ့ပါ။ အတွင်းရန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Thursday, April 27, 2017

သာသနာ ရောင်ဝါထွန်းစေ

မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပခန်းကျောင်း ခေါ် မဟာအတုလကာရီ ဆင်မင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသရဲ့ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ

ဆရာတော်ဟာ ကျွန်တော့်အဖေ ဦးဘချို (ကွယ်လွန်) ရဲ့ ညီအရင်းဖြစ်ပါတယ်။

ထပ်ဆင့်ဆက်ကပ်ပူဇော်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ ကျွန်တော်နဲ့ နိုင်ငံရေးမှာ လက်တွဲ လုပ်ခဲ့သူဖြစ်တယ်။ သူကတော့ ထောင်ကျခဲ့ရပြီး၊ ကျွန်တော်က ပြည်ပြေးဖြစ်ခဲ့ရပါတယ်။

ကနေ့မှာပဲ ကျွန်တော့်အဖေ၊ ဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ဇာတိ ပုလဲမြို့နယ် မင်းရွာမှာ ဆရာတော်ကိုပူဇော်ပွဲက ပုံတွေနဲ့ မန္တလေးမှာ ပူဇော်ပွဲကပုံတွေပါ ရလာတယ်။

မင်းရွာ၊ မန္တလေး၊ ဦးလေးတို့ကို အထူးသတိရနေတယ်။ ကျွန်တော့်အဖို့မှာ သာသနာရေးရော နိုင်ငံရေးပါ အရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇

လျှံ

ဆရာ ဝေလျံ နှင့် ဝေလျှံ ဘယ်ဟာက မှန်ပါသလဲရှင့်။

လျှံ
မီးတောက်မီးလျှံ
ပြည့်လျှံ
လျှံထက်ကျော်စော
လျှံထွန်းတေဇာ
အပြည့်အလျှံ
အလျှံညီးညီး
အပေါ်လျှံ (အပေါ်ယံ)
အရောင်လျှံ
ရေလျှံ
နှာခေါင်းသွေးလျှံ

လျံဆိုတာ မရှိပါ။ လျင်၊ လျစ်၊ လျပ်၊ လျက်၊ လျော့၊ လျော၊ လျား၊ လျ၊ လျာ၊ လျင့်၊ လျဉ်၊ လျည်၊ လျင်း၊ လျဉ်း လို့တော့ ရှိပါတယ်။

ဝေ
နဝေနဝါ
ပရိယာယ်ဝေဝုစ်
မျက်စိဝေသည်
ဝေငှ
ဝေစု
ဝေဆာ
ဝေဇယန်
ဝေတမ်းဝေပုံ
ဝေဒနာ
ဝေပုံကျ
ဝေပုလ္လတောင်
ဝေဖန်
ဝေဖန်တိကပြု
ဝေဘန်
ဝေယန်ဘုံကျောင်း
ဝေယျာဝစ္စ
ဝေခြမ်း
ဝေဖြန့်
ဝေလီဝေလင်း
ဝေဝုစ်
ဝေသာလီပြည်
ဝေတေတေ
ဝေနေယျ
နှင်းဝေသည်

ဒေါက်တာတင့်ဆွေ

Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း

အခုပဲတယောက်ကမေးတယ်။ မောင်နှမတဝမ်းကွဲလက်ထပ်ခြင်း။ သူမေးတာကို မထည့်တော့ပါ လွန်ခဲ့တဲ့ ၆-၇ နှစ်ကမေးတာကိုဖြေတဲ့စာကို တင်ပါမယ်။

ဆရာခင်ဗျ မောင်နှမတဝမ်းကွဲ အိမ်ထောင်ပြုရင် မွေးတဲ့ကလေးတွေ ဘယ်လိုဖြစ်နိုင်ပါသလဲ။ ကျွန်တော့်မှာ ကလေး ၂ ယောက်လုံး CP ဖြစ်နေပါတယ်ခင်ဗျ။ အကြီးလေးက မျက်စေ့မမြင်၊ အငယ်လေးကလဲ OA တဲ့ဆရာ။

ဆွေမျိုးနီးစပ်လက်ထပ်တာကို Incest ခေါ်တယ်။ တသွေးထဲက မွေးလာသူတွေနဲ့ (မွေးစားတာအပါအဝင်) တအိမ်တည်း နေသူတွေလို့ ကွဲသေးတယ်။ လက်ထပ်ပေါင်းသင်းမှုအပြင် စိတ်ဖြစ်ပေါ်မှု၊ မတော်တဆဖြစ်မှု မတူသေးပါ။

အမျိုးအစားတွေထဲမှာ (အမျိုးလူကြီး + အမျိုးကလေး)၊ (အမျိုးကလေး + အမျိုးကလေး)၊ အမျိုးအရွယ်ရောက်ချင်း၊ တဝမ်းကွဲအမျိုးချင်း။ သုတေသန လုပ်တာတွေက ယေဘုယျချဘို့ခက်တယ်။ အကြမ်းဖျင်း လူဦးရေ ၁ဝ-၁၅% လောက်မှာ ဒီစိတ်မျိုးရှိတတ်ပြီး၊ ကိုယ်ထိလက်ရောက်ဖြစ်တာက ၂% လောက်ရှိမယ်လို့ ယူဆကြတယ်။ ဖခင်-သမီး ဖြစ်ပျက်မှုက အများဆုံး။ မိခင်-သားက အနည်းဆုံး။ အကိုနဲ့နှမ မနည်းလှဘူး။ မောင်နဲ့နှမအကြား ဖြစ်တာမျိုးက မိဘနဲ့သားသမီးကြား ဖြစ်တာထက် များတယ်။ အရွယ်မရောက်သူအပါအဝင် ငယ်သူအပေါ် စော်ကားမှုမျိုးက ရေရှည်သဘောများတယ်။

မျိုးဗီဇတူသူအကြား အိမ်ထောင်ပြုရင် မွေးရာပါချို့ယွင်းချက်နဲ့ ကလေးတွေ မွေးတတ်တယ်။ မျက်နှာနှစ်ခြမ်းမတူတာ၊ လူကောင်သေးတာ၊ ခုခံအားစနစ် ကောင်းကောင်းမလုပ်တာ၊ သား-သမီး နည်းတာတွေ ဖြစ်မယ်။ မိဘ + သားသမီး = ၂၅%၊ မောင် + နှမ = ၂၅%၊ အဖေတူ + အမေကွဲ၊ မအေတူ + အဖေကွဲ = ၁၂့၅%၊ ဦးလေး + တူမ၊ အဒေါ် + တူ = ၁၂့၅%၊ မောင် + နှမ တဝမ်းကွဲ = ၆့၂၅%၊ ဦးလေး + တူမတဝမ်းကွဲ = ၆့၂၅%၊ မောင် + နှမနှစ်ဝမ်းကွဲ = ၁့၆% မှာ လာဖြစ်နိုင်တယ်။

သမိုင်းမှာလဲ နမူနာတွေရှိခဲ့ဘူးတယ်။ ရိုမန်အင်ပါယာ Caligula ကနေ Julia Livilla, Drusilia, Agrippina the Younger ဆိုတဲ့ နှမ-တူမ သုံးယောက်လုံးကို ယူခဲ့တယ်။ အင်္ဂလန်က ဗစ်တိုရီယာဘုရင်မနဲ့ အဲလ်ဇတ်မင်းသားတို့လဲ တဝမ်းကွဲတွေ။ ဥရောပဘုရင်တွေရော မြန်မာဘုရင်တွေပါ သွေးသားတော်စပ်သူတွေကို မိဘုရားမြှောက်တာ နန်းတွင်းအစဉ်အလာ Intermarriage ရှိခဲ့ကြတယ်။ နာမည်အကြီးဆုံးဆိုရမှာက House of Habsburg ဖြစ်တယ်။ ရာစု ၆ စုတိုင် အမျိုးချင်း လက်ထပ်တာကြောင့် မေးရိုးက ရှေ့ငေါထွက်နေတာကို Austrian lip လို့ ခေါ်တယ်။ စပိန်ဘုရင် Charles II ဟာ အစားတောင် သူများလို ဝါးမရတော့ဘူး။

မျိုးဗီဇဝေးတာကို Exogamy ခေါ်တယ်။ Gene (ကော်ပီ) ဖြစ်ဘို့ အခွင့်အလမ်းနည်းလို့ ပေါင်းသင်းထိုက်တယ်။ Iceland က deCODE genetics company ကနေ ၃ ဝမ်းကွဲတော်သူတွေဟာ မျိုးစပ်လို့ အောင်မြင်မှု အများဆုံးလို့ ထုတ်ပြန်တယ်။ အိုက်စလန်ဆိုတာ သေးငယ်လွန်းလို့ အမျိုးနီးစပ် လက်ထပ်ကြတာများတာကိုး။ Genetic sexual attraction (GSA) ဆိုတာလဲ ရှိသေးတယ်။ အမျိုးတော်ပေမဲ့ ကြီးမှပြန်တွေ့တဲ့အခါ လိင်ဆွဲဆောင်မှုဖြစ်တာကို ပြောတာပါ။ ဆွဲဆောင်မှု သာမက ယုံကြည်မှုလဲ ရှိကြတယ်လို့ မှန်းရတယ်။ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းငြိဆိုတာနဲ့ မတူဘူး။

Incest ဟာ တရားမဝင်ဘူး၊ ဘာသာရေးက ခွင့်မပြုဘူး၊ မလိုလားအပ်တဲ့ Taboo ဖြစ်တယ်၊လို့ နားလည်လက်ခံကြတယ်။ လူမှုရေး အသိုင်းအဝိုင်းနဲ့ ဘာသာရေးအယူတွေမှာ ကွဲပြားမှုတော့ ရှိတယ်။ ရှိသမျှ ဘာသာပေါင်းစုံက တားမြစ်မှုအမျိုးမျိုး လုပ်ထားပေမဲ့ တခုနဲ့တခုမတူဘူး။ ရိုမန်ကက်သလစ်က အတင်းကြပ်ဆုံးဘဲ။ အရှေ့အော်သိုဒေါက်စ်က ၂ ဝမ်းကွဲအထိ ခွင့်မပြုဘူး။ အင်ဂလီကန်က တဝမ်းကွဲကို လက်ထပ်ခွင့်ပြုတယ်။

အစ္စလမ်ကတော့ ဖအေရဲ့မိန်းမ (မိခင်နဲ့ မိထွေး)၊ နှစ်ဘက်က အဒေါ်၊ နှမအရင်း၊ ဖအေတူ-မအေတူ နှမ၊ တူမ၊ သမီး၊ (မအေကို ယူပြီးရင်) မယားပါ-သမီး၊ ချွေးမတွေကို ယူခွင့်မပြုဘူး။ လက်တွေ့ဘဝမှာ ၂ဝဝ၇ နိုဝင်္ဘာ ၂ဝ ဘီဘီစီသတင်း တပုဒ်မှာ အိန္ဒိယ၊ အနောက်ဘင်္ဂလားမယ် သမီးအကြီးကို ယူတာဟာ အလာရှင်အလိုတော်ရလို့ Afazuddin Ali ကနေ သူ့မိန်းမကို ပြောတယ်။ မိန်းမကလဲ တရားရုံးမှာ အဲလိုပြောတာ လက်ခံတယ်လို့ ထွက်ဆိုတယ်။ ရွာသားတွေကတော့ ဒေါသထွက်ပြီး ခေါင်းဖြတ်ချင်ကြတယ်။ တရားရုံးကလဲ သူ့အာဏာစက်မဟုတ်လို့ အဆုံးအဖြတ် မပေးနိုင်ခဲ့ဘူး။ မိသားစုဟာ တခြားနေရာရွေ့ပြီး ကနေ့ထက်ထိ နေထိုင်ပေါင်းသင်းနေကြဆဲပဲ။

ဟိန္ဒူတွေက ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ တောင်ပိုင်း (ဒရာဗီဒီယန်) တွေကတော့ တူမကို ယူတာ လက်ခံတယ်။ ဗုဒ္ဓဘာသာမှာတော့ ၅ ပါးသီလနဲ့ မဂ္ဂင်ရှစ်ပါးအရ Sexual misconduct လိင်မဖွယ်မရာမှုလို့ ကျယ်ပြန့်တဲ့ တားမြစ်မှုတွေ ပါရှိနေတယ်။

သမားရိုးကျ ခွဲခြမ်းစိတ်ဖြာစိတ်ပညာ သီအိုရီက ကလေးငယ် ၃-၅ နှစ်သား အရွယ်မှာ ဆန့်ကျင်ဘက်လိင် မိဘကို ဒီသဘောဆောင်တဲ့ တွယ်တာမှု ဖြစ်တယ်လို့ ဆိုတယ်။ ဂရိ Oedipus Rex ကို အစွဲပြုပြီး သားကနေ မိခင်အပေါ် စိတ်ညွှတ်တာကို Oedipus complex လို့ ခေါ်တယ်။

ဂရိရှေးဟောင်းစာပေထဲက Zeus နဲ့ Hera တို့က မောင်နှမတော်ကြတယ်။ အခုခေတ် မောင်နှမတဝမ်းကွဲ လက်ထပ်ကြတာကို အမေရိကားမှာ ပြည်နယ် ၂၆ ခုက ခွင့်ပြုထားတယ်။ တချို့နိုင်ငံတွေ ဥပမာ ပါကစ္စတန်မှာ အဲလို ဝမ်းကွဲတွေယူတာဟာ မျိုးသန့်တယ်လို့ ယူဆတယ်။ လိင်စိတ်ကြွစေတဲ့ ဝတ္ထုတွေမှာတော့ သွေးသားတော်စပ်သူတွေရဲ့ ဇာတ်လမ်းတွေ ရေးကြတယ်။ အမျိုးတော်နေတာကိုမသိဘဲ လက်ထပ်ယူတာတွေရှိတယ်။ မတော်တဆဖြစ်မှုခေါ်တယ်။ မျိုးဗီဇလိင်ဆွဲဆောင်မှုကြောင့်လို့ စိတ်ပညာရှင်တွေက ယူဆတယ်။

ဆန့်ကျင်ဘက်လိင်ကို စွဲလမ်းနှစ်လိုမှု၊ ကာယကံမြောက်မှု ဆိုတာတွေက အဲလို အကြောင်းတွေကနေ ဖြစ်တာဘဲ။ လူနဲ့ တိရစ္ဆာန် ကွဲပြားတာက ဒီနေရာမှာပါ။ လူ့စည်းဆိုတာ ရှိကြရတယ်။ ဘာသာရေးစည်း၊ လူမှုရေးစည်းဆိုတဲ့ အခြေခံနဲ့ အကျယ်ပြန့်ဆုံး စည်းတွေသာမက အသင်းစည်းကမ်း၊ ကျောင်းစည်းကမ်းစတာတွေလဲ ရှိသေးတယ်။ သစ္စာရည်သောက်၊ သွေးဖေါက်သစ္စာဆို လုပ်တတ်ကြသလို တချို့ကြ သံမဏိစည်းကမ်းလို့တောင် ခေါ်တဲ့ ဖေါက်ရင် ပြစ်ဒဏ် ကြီးကြီးမာမားနဲ့ တားတာမျိုးလည်းရှိတယ်။ သီရိလင်္ကာ တမီးလ်အဖွဲ့ LTTE တွေဟာ လည်ပင်းမှာ စိုင်ယာနိုက်အဆိပ်ပုလင်း ဆွဲကြရတယ်။ စည်းမတူ၊ နည်းမတူ၊ လူလူချင်းမတူကြပါ။

စိတ်ဟာ အထူးအာရုံခံလို့ခေါ်တဲ့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးမှာ နစ်မြော-မွေ့လျော်-ပျော်ပါးလေ့ရှိတယ်။ အာရုံငါးပါးအပြင် လူလူချင်း မတူကြတာက မျိုးဗီဇ၊ ဟော်မုန်း-ဆေးဝါး အပြင် ကာလံဒေသံ ဆိုတာလဲ အရေးပါသေးတယ်။ ဇာတ်တော် တခုထဲမယ် ဆိတ်ကွယ်ရာမှာ ဆန့်ကျင်ဘက်လိင် နှစ်ဦးထဲ အတူရှိနေရင် ဖေါက်ပြန်စိတ် ဆိုတာ ဆွေမျိုးတော်သော၊ မတော်သောဖြစ်တတ်တာကို ဇာတ်တော်ထဲမှာ မိခင်ကနေ သားကိုပညာပေးဆုံးမဘူးတယ်။ အဆုံးအမတည်လို့ ဘာမှ အမှားအယွင်းမဖြစ်ဘူး။

Liberal သမားတွေဟာ အများစုက အစဉ်အလာအရ လက်ခံတာတွေ အပါအဝင် ပယ်ချင်တာ မှန်သမျှ ပယ်ချင်ကြတယ်။ သူတို့နဲ့ မတူရင် ခေတ်ဟောင်း နောက်မြီးဆွဲလို့ သမုတ်ကြတယ်။ ဒီ ကျန်းမာရေးပြဿနာမှာ သေချာတာက ကျိန်စာလို့ ထင်မှတ်မှုကြောင့် အဖြစ်နည်းစေပါတယ်။ တဝမ်းကွဲတွေအိမ်ထောင်ကျပြီး ပုံမှန် သားသမီး မွေးတာတွေလည်း အများကြီးရှိပါတယ်။ မောင်နှမတဝမ်းကွဲတွေ လက်ထပ်ပေါင်းသင်းလို့ ကျန်းမာရေးအရ စိုးရိမ်စရာတွေဟာ ပြောကြသလောက်မဆိုးပါလို့ ၄-၄-၂ဝ၁၂ နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ရေးထားတယ်။

Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁ဝ
၂၇-၄-၂ဝ၁၇

Wednesday, April 26, 2017

မူကွဲတွေ သတိထားသင့်


ဆရာမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာကို ပုံနှိပ်ထုတ်ဝေတာနဲ့ အွန်လိုင်းမှာ စာရိုက်တင်ကြတာ မူကွဲတွေ အမျိုးမျိုး တွေ့ရပါတယ်။ အခုပုံပါကဗျာဟာ မူရင်းအကျဆုံးလို့ယူဆရပါတယ်။ စာပေဗိမာန်ကနေ ၁၉၇ဝ ပြည့်နှစ် ဇန္နဝါရီလမှာ ထုတ်ဝေတဲ့ ဘာသာပြန်စာပေစာအုပ် စာမျက်နှာ ၁၆၆ နဲ့ ၁၆၇ မှာဖြစ်ပါတယ်။

ဖုထစ်ရွတ်တွ ငှက်ဠင်းတတို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

မှတ်ချက် = တစ်ပင်တည်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Hello Your Name is Trouble ဒုက္ခပေးခြင်း ကင်းကြပါစေ

Zin Zin
fb(10)နှစ်ပြည့်Messengerသုံးတဲ့သူတိုင်းဆုငွေဘေ10000ရအောင်လုပ်ပေးတာအခုပို့ထားတဲ့ဟာကိုဖိနိပ်ပြီးforwardပေါ်လာရင်၂၀ယောက်ပြန်ဖြန့်ပေးလိုက်

နောင်မှာ တသက်လုံး (တသက်လုံး) ဒီလိုစာ၊ ရွှေပေလွှာ၊ ကျိန်စာမျိုးတွေ မပို့ပါရန်။ ဒီလိုပြန်ပြောနေရတာ လူ ၅ဝ ကျော် ရှိပြီ။ ပို့စ်အဖြစ်တင်တာလည်း ၅ ခါမကတော့ပါ။ စာထဲကငွေ မလိုချင်ပါ။ အခုလိုပြန်ရေးနေရလို့ ကုန်သွားတဲ့အချိန်ကို ပြန်လိုချင်တယ်။ အဲလိုဟာတွေက သူများကိုလိုက်ပြီး ဒုက္ခပေးနေတာသာဖြစ်တယ်။

လူကြီးမင်းဟာ ကျွန်ုပ်ကို ဒီစာနဲ့ ဒုက္ခပေးလာသူ နံပါတ် (၅ဝ) ကျော်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

သမီးက အလှပြင်ဆိုင်ဖွင့်ထားတော့ ဖြောင့်ဆေး ဆိုးဆေးအနံ့တွေလည်း အမြဲလို ထိတွေ့ရပါတယ်။ ခေါင်းတခြမ်းကိုက် ရောဂါဖြစ်တာလား၊ ခေါင်းထဲမှာ အကျိတ်ရှိလို့ ဖြစ်တာလား စိုးရိမ်လို့ပါဆရာ။ ဦးနှောက်နဲ့အာရုံကြောမှာ CT scan ရိုက်သင့်လားလဲ သိချင်လို့ပါရှင့်။

လှပသော အဆိပ်ဖြစ်နေပါသလား မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ အသားအရေ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင်ဖြောင့်ချင်၊ ကောက်ချင်လို့ စတာတွေအတွက် အလှအပသုံး ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ် ဆိုတာထဲက တကယ်ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက များသောအားဖြင့် သည်းခြေကြိုက်ကိုသာ ရေးပါတယ်။ သိပ္ပံပေတံနဲ့ တိုင်းကြည့်ထားတဲ့ သတိထားစရာတွေနဲ့ ရွေးချယ်စရာတွေ တွဲပေးလိုက်ပါတယ်။

(၁) Keratin Straighteners သတိထားပါ
ဆံပင်အလှပြင်ဆိုင်တွေကနေ လုပ်ပေးနေတဲ့ Keratin hair treatments နည်းဆိုတာ ပိုးခြည်လို ချောမွေ့စေပြီး ဆံပင်ကို ထွေးမသွားစေဘူး။ Formaldehyde-free (ဖေါ်မယ်လဒီဟိုက်) မပါဘူးလို့လဲ ကြော်ညာတာလဲရှိတယ်။ ဒါပေမဲ့ (အိုရီဂွန်) က OSHA ရဲ့ လေ့လာချက်အရ အဲဒါတွေ တဝက်မကထဲမှာ ဒီဓါတ်တွေ ပါနေတာတွေ့ ရတယ်။ (ဖေါ်မယ်လဒီဟိုက်) နဲ့ ရေရှည်ထိတွေ့မှုကနေ ကင်ဆာကို ဖြစ်စေပါတယ်။ ဒီဆေးမျိုး တခါတလေသုံးတာနဲ့တော့ မဖြစ်စေနိုင်လောက်ပေမဲ့ ဆံသဆိုင်ကလူတွေအတွက် ခက်နိုင်တယ်။

(၂) Conditioner and Flat Iron ရွေးစရာလမ်း
Conditioner (ကွန်ဒီရှင်နား) သုံးရင် Static electricity လျှပ်စစ်ကို ဖြေပေးနိုင်တာမို့ ဆံပင်ကို ချောမွေ့စေနိုင်တယ်။ ခေါင်း ခဏခဏ မလျှော်ရအောင် Flat iron နည်းသုံးရင် ပိုအဆင်ပြေမယ်။ Blow dryer လေပူမှုတ်ကရိယာ သုံးတာက အဲလောက် မထိရောက်ဘူး။

(၃) Permanent Hair Dye သတိထားပါ
ဆံပင်ဆိုးဆေးနဲ့ ကင်ဆာ ဆက်စပ်မှုသုတေသနတွေက ရောထွေးတဲ့ ရလဒ်တွေရနေတယ်။ ဆံပင်ဆိုးဆေး အရောင်ရင့်တာမျိုး သုံးသူတွေမှာ မသုံးသူတွေထက် Leukemia (လူကီးမီးယား) နဲ့ Lymphoma (လင်ဖိုးမား) ဆိုးဝါးတဲ့ ရောဂါတွေ ပိုရစေနိုင်တယ်ဆိုတာရှိသလို အဲလိုမဖြစ်ပါဘူးဆိုတာလဲ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်သုံးလို့ ဘာမှ မဖြစ်စေဘူးဆိုတာကို သက်သေပြချက်မရှိသေးပါ။ တချို့ဆရာဝန်တွေကတော့ မွေးပြီးတဲ့အထိ စောင့်စေချင်ကြပါတယ်။

(၄) Plant-Based Hair Dyes ရွေးစရာလမ်း
အပင်တွေကနေလုပ်တဲ့ ဆံပင်ဆိုးဆေးကို အစားထိုးသုံးသင့်တယ်။ Henna နဲ့ Vegetable dyes စတာမျိုး။ ဒါပေမဲ့ ဓါတုဆိုးဆေးလောက်တော့ ချက်ချင်းအရောင်ပြောင်းစေတာတော့ အားမရချင်တာဖြစ်နိုင်တယ်။ ဗမာပြည်က တရော်-ကင်ပွန်း သုတေသန မတွေ့ဘူးသေးပေမဲ့ စိတ်ချလက်ချ သုံးနေခဲ့ကြတာ အလွန်ကိုကြာလှပြီ။ နောက်တနည်းကတော့ Special cap or Foil hair wrappers တွေသုံးရင် ဓါတုဆေးတွေက ကိုယ့်ဦးရေထဲကိုဝင်တာ နည်းစေမယ်။

(၅) Crazy Contacts သတိထားပါ
Colored or patterned lenses မျက်စိအမြင်စွမ်းအားကို ဘာမှမပြောင်းလဲစေတဲ့ အရောင်တွေ၊ ဒီဇိုင်းတွေထည့်ထားတဲ့ မျက်မှန်ကနေ လူပုံကိုတော့ ပြောင်းစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်လက်မှနဲ့ ဝယ်ရတာမဟုတ်တဲ့ မျက်မှန်မျိုး ရှောင်သင့်တယ်။ Contact lenses မျက်ကပ်မှန်မျိုးကတော့ အတိအကျဖြစ်မှ ကောင်းတယ်။ မဟုတ်ရင် (အင်ဖက်ရှင်) ပိုးဝင်လို့ မျက်စိကွယ်တာအထိ ဖြစ်စေနိုင်တယ်။

(၆) Rx Colored Lenses ရွေးစရာလမ်း
ကိုယ့်အမေက မွေးပေးလိုက်တဲ့ မျက်စိအရောင်ကိုမကြိုက်လို့ ပြောင်းချင်ရင် တကယ့် လိုင်စင်ရ၊ ဆရာဝန်ကလဲ ညွှန်တဲ့ Colored contact lenses ကိုသာသုံးပါ။ မျက်စိကြည့်ရတာ ကောင်းနေတိုင်း မျက်စိစစ်ဘို့မလိုဘူး မဟုတ်ပါ။ မျက်မှန်ဆိုင်မှာ စစ်တာက မျက်စိကိုစစ်တာမဟုတ်ပါ။ သေချာပေါက် မျက်မှန်အလုပ်ခိုင်းပါလိမ့်မယ်။ မျက်စိအထူးကု ဆရာဝန်ကိုသာ အားကိုးပါ။

(၇) Prescription Eyelash Serum သတိထားပါ
Latisse ကထုတ်တဲ့ ဆရာဝန်လက်မှတ်နဲ့သာရောင်းတဲ့ Serum (စီရမ်) ဆေးကနေ မျက်တောင်တွေကို ရှည်စေမယ်၊ လှစေမယ်။ အပေါ်မျက်တောင်ပေါက်တဲ့ မျဉ်းလေးမှာ ဆေးသုတ်ပေးရတယ်။ ၄ လနေရင် လိုချင်သလို ဖြစ်လာမယ်။ ဆေးဆိုတော့ ဘေးထွက်ဆိုးကျိုးရှိတာလဲ သတိပြုပါ။ တချို့ဆိုးကျိုးက ရာသက်ပန် ဖြစ်စေနိုင်တယ်။ ဆေးနဲ့ထိတဲ့ အနားက အရေပြားလဲ မဲသွားနိုင်တယ်။ ပြာနေတဲ့ မျက်လုံးအနက်ဖြစ်စေနိုင်တယ်။

(၈) Eyelash Extensions ရွေးစရာလမ်း
False eyelashes မျက်တောင်အတု နဲ့ Eyelash extensions မျက်တောင်ရှည်စေတာမျိုးသုံးရင် ဓါတုဆေးမသုံးဘဲ လှပေစေမယ်။ ဒါပေမဲ့ ဒါတွေမှာလဲ သတိပြုစရာတွေ မကင်းဘူး။ ကပ်စေအာင်လုပ်တာကနေ မျက်ခွံကို ကလိနိုင်တယ်။ အလာဂျီရစေနိုင်တယ်။ Permanent eyelash tints ရာသက်ပန် ရှည်စေ-ထူနေစေတာမျိုးဆိုရင် ထိခိုက်မှု ဖြစ်စေနိုင်တယ်။ ရာသက်ပန်ဆိုးဆေးမှန်သမျှ FDA က အသိအမှတ် ပြုမထားပါ။

(၉) Hydroquinone သတိထားပါ
Melasma ခေါ်တဲ့ တင်းတိတ်၊ Age spots အသက်ရလို့ဖြစ်လာတဲ့ အစက်အပျောက်၊ Dark patches အရောင်ရင့် အကွက်မျိုး သက်သာအောင် အရေပြား အထူးကုဆရာဝန်တွေနေလဲ ညွှန်တတ်တဲ့ Hydroquinone ဆေးဆိုတာ ရှိတယ်။ ကြာကြာသုံးရင် အရေပြားအရောင်ပြောင်းစေတယ်။ တိရစ္ဆာန်တွေမှာစမ်းတော့ ကင်ဆာနဲ့ဆက်နေတာ တွေ့ရတယ်။ လူကိုတော့ မပြောနိုင်ပါ။

(၁ဝ) Laser Skin Resurfacing ရွေးစရာလမ်း
Laser လေဆာနည်းသုံးရင် အရေပြားရဲ့ အပေါ်ဆုံးအလွှာလေးကို ပြင်ပေးနိုင်တယ်။ သက်သာစေမယ်။ ဓါတု ပြောင်းလဲမှုမျိုး မရစေဘူး။ ဈေးတော့ကြီးတယ်။ နဲနဲနာမယ်။ အမာရွတ်ဖြစ်ချင် ဖြစ်တတ်တယ်။

(၁၁) Tanning Beds သတိထားပါ
အရေပြား သိပ်အဖြူကြီးဖြစ်မနေအောင် တကိုယ်လုံးကိုလုပ်ပေးနည်း စိတ်ချရတယ်ဆိုတာကို ဖတ်ပြီးသိနိုင်ပါလိမ့်မယ်။ ခဏခဏသုံးရင်တော့ Melanoma အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်။ UVA rays ရောင်ခြည်ကို သုံးတယ်။ အရေးအကြောင်းထင်တာ၊ အညိုစက်တွေဖြစ်လာတာမို့ အသက်ကို ပိုအိုစာစေသလိုထင်စေနိုင်တယ်။ အားမနာတမ်း ပြောရရင် ဖြစ်စေချင်သလို ခပ်ညိုညိုလေးဖြစ်လာတာဟာ အရေပြားကိုထိခိုက်သွားအာင် လုပ်လိုက်တာပါဘဲ။

(၁၂) Sunless Tanning Products ရွေးစရာလမ်း
DHA ဆေးပါတဲ့ နေလောင်စေတာ မပါတဲ့ Sunless tanning lotions အသားအရေ ညိုစေတဲ့ လိမ်းဆေးကနေ အရေပြားထဲက အမိုင်နိုအက်စစ်နဲ့ ဓါတ်ပြုစေရာကနေ အဲလိုဖြစ်စေတယ်။ DHA ကို FDA ကနေ အသိအမှတ် ပြုထားပါတယ်။ Spray tanning booths အတွက်မဟုတ်တာ သတိထားပါ။ မျက်စိထဲ မဝင်စေရဘူး။ နေရောင်ထိရင် Sunscreen မသုံးဘဲမနေပါနဲ့။ အခုဆေးက နေရောင်ကို အကာအကွယ် မပေးနိုင်ပါ။

(၁၃) Nail Salon Hazards သတိထားပါ
Manicure products ခြေသည်း-လက်သည်း အလှပြုပြင်နည်းမှာ သုံးတာတွေထဲမယ် ဓါတုပစ္စည်းတွေပါတယ်။ ဥပမာ Formaldehyde, Phthalates, Acetone နဲ့ Toluene တွေပါနေတယ်။ အငွေ့တွေကနေ အရေပြား၊ မျက်စိ၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းတွေကို ကလိစေနိုင်တယ်။ နောက်ပြီး ကရိယာတွေကို ပိုးသန့်တာ မသေခြာရင် (ဖန်းဂတ်စ်) မှိုနဲ့ ဗက်တီးရီးယားတွေ ဝင်လာစေနိုင်တယ်။

(၁၄) Minimize Risks ရွေးစရာလမ်း
ကိုယ်သွားမဲ့ အလှပြင်ဆိုင်ကို မဝင်ခင် အရင်ကြည့်ပါ။ သန့်သလား၊ ပြောတာနဲ့ လုပ်တာ ဟုတ်ရဲ့လား။ ခြေသည်း-လက်သည်း မပြင်ခင် ခြေမွှေးရိတ်တာ မလုပ်ပါနဲ့။ ကိုယ့်မှာ အနာအဆာရှိနေချိန် အလှပြင်ဆိုင်မသွားပါနဲ့။

(၁၅) Phthalates သတိထားပါ
အလှသုံးတာတွေ ခေါင်းလျှော်ရည်၊ ပေါလစ်ရှ်၊ ဆပ်ပြာ၊ ကလေးကစားစရာတွေ၊ အစားအသောက် ထုပ်ပိုးတာတွေထဲမှာ Phthalates ဆိုတဲ့ ဓါတုပစ္စည်းပါတယ်။ ဒီဆေးမျိုးက ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးသင့်ဘူး။ ကလေးက ယောက်ျားလေး ဖြစ်နေရင် ထိခိုက်နိုင်တယ်။ ဟော်မုန်းနည်းစေပြီး ယောက်ျားမပီသစေဘူး။ အတိအကျပြောနိုင်တာတော့ မဟုတ်သေးပါ။

(၁၆) Phthalate-Free Products ရွေးစရာလမ်း
Phthalate-free beauty products ဒီဓါတုဆေးမပါတာ ရွေးတတ်ရင် ရွေးပါ။ Dibutylphthalate, Dimethylphthalate, diethylphthalate ဆိုတာ မပါတာကိုရှာပါ။ Butyl ester နဲ့ Plasticizer မပါတာကိုသုံးပါ။ ကြမ်းပြင်တွေ၊ ရေချိုးခန်း အကာတွေမှာလဲ ဒါမျိုးပါတယ်။

(၁၇) Parabens သတိထားပါ
Parabens ဆိုတာလဲ Makeup မိတ်ကပ်၊ Moisturizers စိုစွပ်နေစေဘို့သုံးတာ နဲ့ Hair care products ဆံပင်အတွက် သုံးတာတွေထဲမှာ ပါတယ်။ လေ့လာမှုတခုက ရင်သား-အကျိတ်နဲ့ဆက်စပ်တာ သိရတယ်။ ကင်ဆာလို့တော့ မပြောနိုင်ပါ။

(၁၈) Paraben-Free Cosmetics ရွေးစရာလမ်း
Paraben မပါတာ ရှာသုံးပါ။ ဒီဆေးက တာရှည်ခံစေဘို့ ထည့်ရတာဖြစ်တယ်။ Vitamin C နဲ့ Vitamin E တွေ သုံးတာမျိုး ကောင်းပါတယ်။

(၁၉) Makeup Expire date မိတ်ကပ်တွေလဲ ရက်လွန်ရင်
ဗက်တီးရီးယားဝင်လာစေနိုင်တယ်။ Foundation ၁ နှစ်သာခံမယ်။ Blush, Powder, Shadow တွေက ၂ နှစ်သာ ခံမယ်။ Lipstick ၁ နှစ်သာခံမယ်။ Mascara ၃-၄ လသာခံမယ်။ Eye makeup ကို မျက်စိနာနေရင် မသုံးပါနဲ့။ Mineral Makeup မင်နရယ်-မိတ်ကပ်ထဲမှာ ကလိစေတာမျိုး တာရှည်ခံစေတာမျိုး နည်းတယ်။ ဒါပေမဲ့ မတည့်တဲ့သူတွေ မတည့်တာဖြစ်မယ်။ ဒါတွေထဲမှာ Titanium dioxide လို Zinc oxide လို ပါနေတာက Sunscreen သဘောဖြစ်တယ်။ ဒါပေမဲ့ မလုံလောက်ပါ။

(၂ဝ) Sunscreen နေလောင်ခံ
နေလောင်ခံတွေကို သုံးနေတာကြာလို့ စိတ်ချရတယ်။ ဒါပေမဲ့ သိပ်ပျော့တာမျိုးက မလုံလောက်ပါ။ အရေပြား-ကင်ဆာ ဖြစ်စေနိုင်လောက်တဲ့ UVA နဲ့ UVB rays တွေကိုကာကွယ်နိုင်ဘို့ Broad spectrum လို့ရေးထားတာမျိုး နဲ့ SPF 30 နဲ့ အထက်ကိုသာ ရှာသုံးပါ။

Dr. တင့်ဆွေ


တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...