Contraceptive patch အရေပြားကပ်ထားရတဲ့ တားဆေးကပ်ခွါ

၁။ မင်္ဂလာပါ ဆရာရှင့်။ အခုတလော အပေါင်းအသင်းတွေကြားထဲမှာ အကြားများနေတဲ့ သန္ဓေတား ကပ်ခွာ အကြောင်းလေး သိချင်ပါတယ်ရှင့်။ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံများမှာ ဘယ်လိုအမည်မျိုးတွေနဲ့ဈေးကွက်ထဲမှာ ဝင်ရောက်နေလဲဆိုတာလည်းချင်ပါတယ်။ သူ့ရဲ့အသုံးဝင်ပုံနဲ့ Side Effect အကြောင်းလည်းသိချင်ပါတယ်ရှင့်

၂။ ဆေးကပ်ခွါဆိုတာ ဘာကိုပြောတာလဲဆရာ။ သမီးမကြားဖူးဘူး။ အဲဒီဟာကိုလည်း ရှင်းပြပေးပါ။ ဆရာ့ (ဆိုက်ဒ်)ထဲ ဝင်လို့ မရလို့ပါ။

Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါဆိုတာ ကိုယ်ဝန်တားနည်းတွေထဲက တမျိုးဖြစ်တယ်။ ဆေးလုံးသောက်နေစရာ မလိုဘူး။ အရေပြားမှာ ကပ်ထားလိုက်ရုံဘဲ။ သေးငယ် ပါးလွှာပြီး ခပ်ညိုညို ဆေးပြားလွှာ ဖြစ်တယ်။ ဟော်မုန်း ၂ မျိုးတွဲ တားဆေး စားဆေးတွေလို (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေပါနေတယ်။ မျိုးဥအိမ်က လစဉ် မ-မျိုးဥ မထွက်စေဘို့ တားဆီးတယ်။ သားအိမ်အဝ ချွဲရည်ကို ထူပြစ်စေလို့ မ-မျိုးဥ ထွက်လာဦးတော့ ကျားသုက်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေတယ်။ သားအိမ်အတွင်းနံရံကို ပါးလွှာစေလို့ သန္ဓေက သားအိမ်မှာ မကပ်စေနိုင်ပါ။ ၉၉% ထိရောက်တယ်။

• ကပ်လိုက်ပြီးနောက် ၁ဝ စက္ကန့်ကြာ ဖိထားပေးပါ။ နေ့တိုင်းစစ်ဆေးပါ။
• ကပ်ထားတဲ့နေရာအနားမှာ ဆေးရည်၊ (လိုရှင်း)၊ (ပေါင်ဒါ) ဘာမှ မလိမ်းပါနဲ့။
• လစဉ်ရက်သတ္တ (၃) ပါတ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းတဲ့ (ရင်သားမှအပ) ဘယ်အရေပြားမှာမဆို ကပ်ထားနိုင်တယ်။
• တပါတ်တခါ အသစ်လဲပြီး၊ ၃ ပတ်ကပ်ထားရမယ်။ ဒိနောက် တပါတ်နားထားချိန်မှာ ရာသီဆင်းမယ်။
• ရာသီ အဆင်း နည်းမယ်။ ရက်လည်း တိုနိုင်တယ်။ တားဆေး-စားဆေးတွေလို ဆေးကြောင့် ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် တခြား အလုံး-အကျိတ်ဖြစ်မယ့် အန္တရာယ်ပိုပြီး နည်းတယ်။
• နဲနဲ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတာဖြစ်နိုင်တယ်။
• ဖြစ်နိုင်ခဲတဲ့ ဘေးထွက် ဆိုးကျိုးတွေက သွေးဖိအားတက်မယ်။ သွေးခဲတာ ဖြစ်နိုင်တယ်။ ၅ နှစ်ထက် ကြာကြာ သုံးရင် သားအိမ်အဝကင်ဆာ ဖြစ်စေနိုင်တယ်လို့ ယူဆတာလဲရှိတယ်။

• ကိုယ်အလေးချိန် ၁၉၈ ပေါင်ထက်များသူတွေမှာ စိတ်ချရမှု နည်းတယ်။
• Rifampim တီဘီ ဆေး၊ HIV ဆေး၊ အတက် သက်သာဆေး နဲ့ (ဖန်းဂတ်စ်) အတွက်ဆေးတွေနဲ့ တွဲသောက်ရင် အစွမ်းနည်းစေမယ်။
• ကိုယ်ဝန်ရှိနေပြီဆိုရင် မသုံးရဘူး။
• အသက် ၃၅ ကျော်နေသူ၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရှိသူ၊ (ကိုလက်စထော) များသူ၊ ဆေးလိပ်သောက်သူ၊ အိပ်ယာထဲ လှဲနေရသူတွေ မသင့်ဘူး။
• တချို့ အမျိုးသမီးတွေ ဒီနည်းသုံးလို့ လိင်စိတ်ပိုတာ တွေ့ရတယ်။ တချို့ကြ နည်းတယ်။
• ဝက်ခြံသက်သာမယ်။ ရာသီလာလို့ နာတာသက်သာမယ်။ အရိုးအားနည်းတာ သက်သာမယ်။
• ဆေးကပ်ခွါ မသုံးဘဲနေပြီးနောက် တချို့ရာသီမလာသေးဘဲ နေတယ်။ ၁-၂ လနေမှ ရာသီပြန်မှန်မယ်။
• ကလေးဖွါးပြီးနောက် အနည်းဆုံး ၃ လနေမှ ဆေးကပ်ခွါကို သုံးသင့်တယ်။ ကလေးနို့တိုက်သူဆိုရင် ၆ လ နောက်မှ သုံးသင့်တယ်။
• ကိုယ်ဝန်ဖျက်ပြီး၊ ပျက်ပြီးရင် ချက်ချင်းသုံးပါ။
• ကပ်ခွါ နားထားတဲ့ရက်တွေမှာ ရာသီဆင်းမယ်။ တပတ်ပြည့်ခါနီးအထိ ဆင်းနေတာလဲ ဖြစ်နိုင်တယ်။ ဆင်းနေပေမဲ့ ကပ်ရမဲ့နေ့မှာ ကပ်ပါ။
• ရေချိုး-ရေကူးပေမဲ့ ကွာမကျတတ်ဘူး။
• မတော်တဆ ကွာကျလို့ ၄၈ နာရီအတွင်း သိရင် အဲဒါကိ ပြန်ကပ်နိုင်တယ်။ ၄၈ နာရီကျော်သွားရင် အသစ်တခုကပ်ပါ။ အခြားနည်းကို ပြောင်းချင်ပြောင်းပါ။
• ကပ်ခွါကွာကျတာ၊ မေ့သွားတာ တခုခုလွဲရင်သုံးဘို့ အရေးပေါ်နည်းတခုခု လက်လှမ်းမီပါစေ။ ဥပမာ အမျိုးသားသုံး (ကွန်ဒွမ်)၊ အမျိုးသမီးသုံး (ဒိုင်ယာဖရမ်)၊ သုက်ပိုးသေဆေး (စပေါင့်ခ်ျ)၊ အရေးပေါ်တားဆေး။

သတိထားစရာ
ဟော်မုန်ပါတဲ့ကိုယ်ဝန်တားဆေးဆိုင်းဟာ သွေးခဲစေတတ်တာကို အထူးသတိထားရပါတယ်။ အရေပြားကပ်ထားရတဲ့ တားဆေးကပ်ခွါ Ortho Evra ကိုဈေးကွက်ကနေပြန်ယူထားတယ်။ ၂-၉-၂ဝဝ၅ နေ့က ဂျော်ဂျီယာမှာ တရားစွဲမှုတခု တင်တယ်။ Ortho McNeil ကို ၁ဝ-၁၁-၂ဝဝ၅ နေ့မှာ  သတိပေးချက်ကို စာလုံးမည်းနဲ့ရေးစေထားတယ်။ အဲတာကလွဲရင် ထိရောက်တဲ့တားဆေးဖြစ်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး