Bandung Principles ဘန်ဒေါင်းမူ

ဘန်ဒေါင်းမူကနေ NAM ဘက်မလိုက်နိုင်ငံများအဖွဲ့ ပေါ်လာတာပါ။ ဘန်ဒေါင်းမူဆိုတာ Five Principles of Peaceful Co-existence ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ရှိတယ်။ ၂ဝ၁၄ ခုနှစ် ဇွန်လထဲမှာ တရုပ်နိုင်ငံ ဘီဂျင်းမြို့တော်မှာ ကျင်းပတဲ့ နှစ် ၆ဝ ပြည့်အခမ်းအနားကို တရုပ်၊ အိန္ဒိယနဲ့ မြန်မာခေါင်းဆောင်တွေ တက်ရောက်ပါတယ်။

မူကြီး (၅) ချက်ကို သက္ကတ (သင်္သကရိုက်) ဘာသာနဲ့ Panchsheel Treaty (ပန့်ရှီးလ်) လို့လဲ ခေါ်ပါသေးတယ်။ ပဉ္စသီလလို့ ဘာသာပြန်နိုင်ပါတယ်။
၁။ နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို အပြန်အလှန်အသိအမှတ်ပြုရေး၊
၂။ အပြန်အလှန်မကျူးကျော်ရေး၊
၃။ အပြန်အလှန် ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ရေး၊
၎။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွါးအတွက် အပြန်အလှန် ညီမျှတဲ့ ပူးပေါင်း ဆောင်ရွက်ရေး နဲ့
၅။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးတွေဖြစ်တယ်။

ဒီသဘောတူညီချက်ကို အရင်ဆုံး တရုပ်ဝန်ကြီးချုပ် ချူအင်လိုင်းက ၁၉၅၄ မှာ အဆိုပြုခဲ့ပြီး၊ ၂၉-၄-၁၉၅၄ နေ့မှာ တရုပ်နဲ့ အိန္ဒိယတို့က သဘောတူခဲ့ကြတယ်။ ကိုလိုနီအောက်ကနေ လွတ်လပ်ရေးရလာကြတဲ့နိုင်ငံတွေကနေ မူတွေအရ နိုင်ငံတကာဆက်ဆံရေးထားနိုင်ဘို့ ရည်ရွယ်ခဲ့ပါတယ်။ နေရူးကနေ ကိုလမ်ဘိုမှာ ကျင်းပခဲ့တဲ့ အာရှဒေသ ဝန်ကြီးချုပ်များ အစည်းအဝေးမှာ စပြောခဲ့တာဖြစ်ပါတယ်။ ဒိနောက်မှာ ၁၉၅၅ ဧပြီလထဲ၊ အင်ဒိုနီးရှားနိုင်ငံ Bandung ဘန်ဒေါင်း မှာ ကျင်းပတဲ့ အာရှ-အာဖရိက ကွန်ဖရင့်မှာ မွမ်းမံချက်တွေနဲ့ အချက် (၁ဝ) ချက်ကို သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဘန်ဒေါင်းသဘောတူညီချက်လို့ တွင်လာတယ်။

ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို အခု ၂ဝ၁၄ မှာ နှစ်ပေါင်း (၆ဝ) ပြည့်ပေမဲ့ တရုပ်-အိန္ဒိယစစ်ပွဲပေါင်း အခုထိ (၃) ကြိမ် ဖြစ်ပြီးပြီ။ ၁၉၆၂၊ ၁၉၆၅ နဲ့ ၂ဝ၁၂ တွေမှာစစ်တွေဖြစ်တယ်။ တရုပ်ကချည်း အသာစီးယူခဲ့တယ်။ နယ်နိမိတ်အငြင်းပွါးမှုလဲ ဆိုးဝါးတုံးဘဲ။ မြန်မာနိုင်ငံက ၁၉၆၁ ကတည်းကအဖွဲ့ဝင်ဖြစ်ခဲ့တယ်။

Non-Aligned Movement (NAM) ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှုဆိုတာ ၁၉၆၁ မှာ ဘဲလ်ဂရိတ်မှာ ဖွဲ့ခဲ့တာ ဖြစ်တယ်။ ဂျဝါဟာလားလ် နေရူး (အိန္ဒိယ)၊ ဦးနု (မြန်မာ)၊ ဆူကာနို (အင်ဒိုနီးရှား)၊ နာဆာ (အီဂျစ်)၊ နာ့ခ်ရူးမား (ဂါနာ)၊ တီးတိုး (ယူဂိုဆလားဗီးယား) တို့ခေါင်းဆောင် (၆) ဦးကနေ ဦးဆောင်တယ်။ အနောက်အုပ်စုနဲ့ အရှေ့အုပ်စုကြားက ဘယ်ဘက်မှ မလိုက်ဘို့ဆိုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများလို့ခေါ်ဆိုခဲ့တယ်။ စစ်အေးကာလမှာ အရေးပါတယ်။ အခုဆိုရင် NAM ထဲမှာ နိုင်ငံပေါင်း ၁၂ဝ နဲ့ လေ့လာသူပေါင်း ၁၇ နိုင်ငံပါတယ်။ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သူတွေထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေ ဖြစ်တဲ့ ဆူဟာတို၊ ရောဘတ်မူဂါဘေ၊ ကက်စထရို၊ မိုဟာမက် မော်ဆီအပြင် နာမည်ကောင်းနဲ့ ကျော်ကြားသူ နယ်လ်ဆင် မန်ဒဲလားလည်းပါတယ်။

ကျူးဘားခေါင်းဆောင် (ဖီဒယ်လ် ကတ်စထရို) ဟာ ကွန်မြူနစ်ဖြစ်လို့ ဘက်မလိုက်လို့ ပြောမရပါ။ ဦးနေဝင်းကလည်း NAM ကနေထွက်ခဲ့ပါသေးတယ်။ အိန္ဒိယကလည်း ဆိုဗီယက်နဲ့သာ အများကြီးနီးစပ်အောင်နေခဲ့တယ်။ ဘက်လိုက်တဲ့ အဖွဲ့အစည်းဟာ စစ်အေးကာလနောက်မှာ အဓိပ္ပါယ်မရှိသလို ဖြစ်လာတယ်။ ဘက်လိုက်တဲ့ပေါ်လစီနဲ့ လက်ရှိ NAM ဘက်လိုက်တဲ့အဖွဲ့ တသားတည်းမကျ ဖြစ်ခဲ့ဘူးတယ်လို့ သုံးသပ်ကြတယ်။

ဘန်ဒေါင်းမူကတော့ ကောင်းပါတယ်။ NAM အဖွဲကိုတော့ မေးခွန်းထုတ်ပါတယ်။ NAM ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ စစ်အစိုးရဘက်ကနေသာလိုက်ပါခဲ့တာ သမိုင်းဖြစ်ပါတယ်။ ဘက်လိုက်လတာထက်စာရင်တော့ တော်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၆
၂၂-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ