Cold War Review စစ်အေးကို စမြုံ့ပြန်ခြင်း

ဗုံးတွေရဲ့ဖအေကိုတင်တော့ နိုင်ငံတကာအဖြစ်အပျက်ကို စိတ်ဝင်စားကြသူတွေ ပိုတွေ့လာတယ်။ ကောင်းတယ်။ မြောက်ကိုရီးယားသတင်းတုန်းကတော့ မကောင်းတဲ့ကွန်မင့်တွေပါ တွေ့ရတယ်။ ဘလော့တယ်။

ကျွန်တော်တို့ငယ်စဉ်က ရေဒီယိုနဲ့ သတင်းစာထဲမှာ စစ်အေးကာလအကြောင်းတွေ နေ့တိုင်းပါခဲ့တယ်။ စစ်အေးကာလကို ၁၉၄၇ ကနေ ၁၉၉၁ အထိလို့ သမိုင်းဆရာတွေက သတ်မှတ်ပါတယ်။ ဆိုဗီယက်ယူနီယန်ဦးဆောင်တဲ့ အရှေ့အုပ်စုခေါ် ကွန်မြူနစ်ကမ္ဘာကြီးနဲ့ အနောက်အုပ်စုခေါ် အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်အုပ်စုတို့ သူမနိုင် ငါမနိုင် စစ်မတိုက်ဘဲ ရင်ဆိုင်ခဲ့ကြတယ်။ စစ်လည်းခင်းပါတယ်။ အင်ဒိုချိုင်းနားကျွန်းစွယ်မှာ သန်းပေါင်းများစွာ သေခဲ့တယ်။ ကိုရီးယားဟာ ၃၈ ဒီဂရီလတ္တီကျုနေရာကနေ နိုင်ငံနှစ်ခြမ်းကွဲနေတာ အခုထိ။ ဗီယက်နမ်က ၁၇ ဒီဂရီ လတ္တီကျုမှာ တောင်နဲ့ မြောက်ခွဲခဲ့ရတာ ၁၉၅၄ ကနေ ၁၉၇၆ အထိကြာခဲ့တယ်။ ၁၉၄၉ မှာ အရှေ့-အနောက် နှစ်နိုင်ငံဖြစ်ရတဲ့ ဂျာမဏီဟာ ၁၉၉ဝ ရောက်မှ ပြန်ပေါင်းနိုင်တယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်တွေကနိုင်ပြီး၊ ဂျာမဏီမှာ အနောက်အုပ်စုက နိုင်တယ်။

အမေရိကန်ကနေ ၁၉၆၁ ခုနှစ်မှာ ဝက်များပင်လယ်ကွေ့စစ်ဆင်ရေးခေါ်တဲ့ မအောင်မြင်တဲ့ ထိုးဖေါက်ဝင်ရောက်မှုကြီး လုပ်ခဲ့တယ်။ စီအိုင်အေရဲ့ ဆုံးရှုံးမှုကြီးတွေထဲက တခုဖြစ်တယ်။ ၁၉၆၂ အောက်တိုဘာ ၁၆ ရက်ကနေ ၂၈ ရက်အထိ ကျူးဘားဒုံးပျံအရေးအခင်းကြီး သည်းထိတ်ရင်ဖိုဖြစ်ခဲ့တယ်။ အောက်တိုဘာအရေးအခင်းလို့ခေါ်တယ်။ ဆိုဗီယက်ယူနီယန် ဖြစ်ပေါ်တာကို အောက်တိုဘာတော်လှန်ရေး (၁၉၁၇) လို့ခေါ်တယ်။ ကျူးဘားတော်လှန်ရေးက ၁၉၅၉ မှာ ဖြစ်တယ်။ ဖလော်ရီဒါနဲ့ မိုင် ၉ဝ သာဝေးတဲ့ ကျူးဘားမှာ ဆိုဗီယက်ကနေ တိုက်ချင်းပစ်ဒုံးပျံတွေ ချထားတာကနေ စဖြစ်တယ်။ စစ်အေးကာလရဲ့ အထွတ်အထိပ်ရောက်နေချိန်ဖြစ်တယ်။

ဆိုဗီယက်ယူနီယန်ခေါင်းဆောင်က နီကီတာ ခရူးချက်ဖ်ဖြစ်ပြီး အမေရိကန်သမတက ဂျွန်အက်ဖ်ကနေဒီ ဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်က ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ နှစ်နိုင်ငံလုံးက ချထားပြီးဖြစ်တဲ့ ဒုံးပျံတွေကို ဖယ်ရှားပေးခဲ့တယ်။ ကျူးဘားကနေ ဖယ်ရှားတာက လူသိထင်ရှားဖြစ်ပေမယ့် အမေရိကန်က ဖယ်ရှားတာက တိတ်တဆိတ်သာဖြစ်တယ်။ ၂ဝ-၁၁-၁၉၆၂ နေ့မှာ အမေရိကန်က ပိတ်ဆို့ထားတာကို ဖယ်ရှားပေးတယ်။ အီတလီနဲ့ တူရကီမှာ ဂျူပီတာတိုက်ချင်းပစ်ဒုံးပျံတွေကိုလည်း ဖယ်ရှားပေးရတယ်။

စစ်အေးကာလမှာ အမေရိကန်စီအိုင်အေနဲ့ ဆိုဗီယက်ကေဂျီဘီတို့ သူလျှိုလုပ်ငန်းကြီးမှာ အားပြိုင်ခဲ့ကြတယ်။ ဝါဒဖြန်ချိရေး ယန္တယားကြီး အလွန့်လွန်ကြီးမားတယ်။ ငွေတွေ သောက်သောက်လဲ သုံးစွဲခဲ့တယ်။ အဲတာကြောင့်လည်း မြန်မာပြည်က လူတွေအပေါ် အများကြီးသက်ရောက်တယ်။ လက်ဝဲကသာခဲ့တယ်။ ဖတ်စရာစာမှန်သမျှ လက်ဝဲစာသာရှိတယ်။ ပြောရင်၊ ရေးရင်၊ ကဗျာစပ်ရင် လက်ဝဲမဟုတ်သူ လူမထင်ခဲ့ပါ။ ၁၉၆၂ မှာ စစ်အာဏာသိမ်းတဲ့ ဗိုလ်ချုပ်နေဝင်းက လက်ဝဲဆန်တဲ့ ဆိုရှယ်လစ်အဖုံးကပ်တယ်။

နောက်ပိုင်းမှာ ကွန်မြူနစ်ကမ္ဘာကြီးထဲမှာ ပြောင်းဆန်ကုန်တယ်။ အိုင်ဒီယော်လော်ဂျီခေါ် အယူအဆကွဲကုန်ကြတယ်။ တစတစနဲ့ ပြိုကွဲကျဆင်းတယ်။ လက်ရှိမှာ ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုပ်နဲ့ လာအိုသာကျန်တယ်။ အဲတာလည်း ဗီယက်နမ်နဲ့ တရုပ်တို့က နာမည်သာကွန်မြူနစ်ပါ။ မြောက်ကိုရီးယားကလည်း မျိုးဆက်အာဏာရှင်။ ကျူးဘားက ကက်စထိုကတော့ သေတဲ့အထိမပြောင်းလဲသူလို့ မှတ်တမ်းတင်ရမှာပါ။ ကျူးဘားနဲ့ အမေရိကန်တို့ဟာ တစောင်းစေးနဲ့ မျက်ချေးလိုနေခဲ့ကြတာကနေ ၂ဝ၁၆ ခုနှစ် မတ်လထဲမှာ အိုဘားမား ကျူးဘားကိုသွားလည်ပြီး တခန်းရပ်သွားပါတယ်။ ဒါပေမယ့် စီအိုင်အေရော နာမည်ပြောင်းထားတဲ့ ကေဂျီဘီတွေက လက်သွက်ကြဆဲပါ။ ကေဂျီဘီဆရာကြီးက သမတဖြစ်တာ သုံးခါရှိပြီ။

ကနေ့လူရွယ်တွေ ဖက်အစုံကနေ သိကြမြင်ကြစေချင်တယ်။ ဟောလီဝုဒ်ရုပ်ရှင်လည်းကြည့်ပါ။ သမိုင်းမှန်တွေလည်း ဖတ်ပါ။ ကြည်ကြည်လင်လင် မြင်တတ်စေချင်ပါတယ်။ ကျူးဘားတော်လှန်ရေးမှာ နာမည်ကြီးခဲ့တဲ့ ချေဂွေဗားရားပုံပါ တီရှပ်ကို ဝတ်ကြတယ်။ သူတို့တတွေ စစ်အေးကိုသိကြသလား မပြောတတ်ပါ။ ကိုယ်စီးနေတဲ့မြင်း အထီးအမသိပါလို့ ဆုံးမစကားရှိတယ်။ သိပြီးမှ လိုက်ချင်တာလိုက်ပါ။ သမိုင်းတော့ သိရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး