Tuesday, January 31, 2017

Live Chat လူရွယ်တယောက်နဲ့ စကားပြောခြင်း

ဆရာရေ မမှန်သတင်းတွေအမြဲလွှင့်ပြီး ဘာသာရေးဗန်းပြ၊့ ကိုအပုပ်ချနေတဲ့ တွေကို သည်းမခံနိုင်တော့သလိုပဲ။့ အမြင်မတော်ရင် ဆုံးမပေးပါ။ ဆရာပြောရင် နာခံပါမယ်။

ဆရာက အဲတာတွေ မဖတ်ပါ။ တွေ့တာလည်း အတော်နည်းတယ်။ အပြုသဘောတွေ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေတာတွေကိုသာ ဖတ်သင့်တယ်။ လူရွယ်တွေအတွက် အခုလို ပြည်တွင်းသာမကာ ပြည်ပမှာဖြစ်လာတဲ့ ထူးခြားတဲ့အပြောင်းအလဲတွေကနေ စဉ်းစားတွေးတောချင်စိတ်ကို ဖွင့်ပေးလိုက်တာ ဖြစ်စေချင်နေတယ်။

ဥပမာ ဒေါ်နယ်ထရမ့်နိုင်တာဟာ တကယ့်အခင်းအကျင်းကြီးကို ပြောင်းစေတယ်။ တနေ့ကရေးလိုက်တာ ဖတ်မိသလား မပြောတတ်ဘူး။ အမေရိကန်ဟာ ဆင်။ ဆင်ဦးစီးက အသစ်။ ဆင်က တောလည်းတိုးမယ်။ ဒါပေမယ့် လမ်းဖြစ်မယ်။ ဆရာတို့က မျက်မမြင်ခြောက်ယောက်ထဲမှာ မပါဘို့လိုတယ်။

အမေရိကန်ကို မျှော်ကြည့်တဲ့ လူကြီးတွေရော လူငယ်တွေပါ ထပ်စဉ်းစားကြရတော့မယ်။ ဒီမိုကရေစီဆိုတာ ဒါမျိုးလည်း ရှိတယ်လို့ ထပ်ဆင့်တွေးကြရမယ်။ တခြားအိုင်ဒီယော်လော်ဂျီတွေလိုပဲ လစ်ဘရယ်အယူအဆလည်း အစွန်းရောက် မဖြစ်သင့်ဘူး။ ကမ္ဘာရွာဖြစ်စဉ်မှာ အတားအဆီး (သို့) နောက်ကြောင်းပြန် ဖြစ်လာသလား။ သမတသစ် ၄-၈ နှစ် အတွင်းသာမက နောက်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

မြန်မာပြည်မှာက ရှုပ်ထွေးနေပေမယ့် လားရာက မှန်တယ်ထင်တယ်။ အကျယ် မရေးလိုသေးပါ။

စာဖတ်ရင်း စဉ်းစားရင် ထန်းပင်ပေါ်ကနေကြည့်သလို ကြည့်ပါ။ ဖားရေအိုင်ထဲကနေ မော်ကြည့်သလို မကြည့်နဲ့။ ညစ်ထေးနေတာတွေ ကိုယ့်ကို ပေကျံမလာစေနဲ့။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၇
ည (မနက်) ၁၂ နာရီ၊ ၁၂ မိနစ်။

Sudden death warning over faulty heart gene

 နှလုံးမျိုးဗီဇအမှားကြောင့် ရုတ်ရက်သေဆုံးနိုင်

ယူကေနိုင်ငံမှာ လူပေါင်း ၆ သိန်း၊ ၂ သောင်းတို့ဟာ နှလုံးမျိုးဗီဇအမှားကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ အလားအလာရှိလို့ ရုတ်ရက်သေဆုံးနိုင်မလား စိုးရိမ်နေကြရတယ်လို့ လွန်ခဲ့တဲ့ တနာရီက သတင်းထွက်ပါတယ်။ လူအားလုံးသာစစ်ဆေးရရင် အဲဒီအရေအတွက်ဟာ လူပေါင်း တသိန်းအထိရှိနိုင်တယ်လို့ဆိုပါတယ်။

စမ်းသပ်မှုဆိုတာ DNA blood test စမ်းနည်းဖြစ်ပါတယ်။ မျိုးဗီဇကို familial hypercholesterolaemia (FH) လို့ ခေါ်တယ်။ သူတို့မှာ ဆိုးတဲ့ ကိုလက်စထောခေါ် LDL အဆီဓါတ်များနေကြတယ်။

အဲလိုအားနည်းချက်ရှိတဲ့မျိုးရိုးအရမွေးလာတဲ့ကလေးတယောက်ကနေ မျိုးဆက်ဆက်လက်သယ်ဆောင်ဘို့ ၅ဝ% ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၇

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ

၁။ ဆရာရှင့် သမီးကလေးက ၈ လ ရှိပါပြီ။ Hyper Active ဆိုတာဘယ်လိုမျိုးလဲသိချင်လို့ပါရှင်။ ဘယ်လိုရောဂါမျိုးလဲ ဘယ်လိုလက္ခဏာပြလဲဆိုတာ သိချင်လို့ပါရှင့်။

၂။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့ သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်သွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ အာရုံမစိုက်နိုင်တဲ့ရောဂါ Attention Deficit Hyperactivity Disorder အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။

၎။ မြန်မာစာရေးတာ အကျင့်မရှိလို အစပျိုးမကောင်းတာလေး အဆုံးသတ်မလှတာလေးကို ခွင့်လွှတ်ပါလို့ ဦးစွာ တောင်းပန်ပါစေ။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို့ စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်းသွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော့ တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ ပတ်ဝန်းကျင်ကိုသတိမမူတဲ့ စိတ်ရော အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာမကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲ။ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။

လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို စကားမပြော။ Inattention သူ့စိတ်က တခြားကမ္ဘာထဲ ရောက်နေသလိုမို့ သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ တလွဲ တွေးထင်နေတယ်။

သုံးမျိုးခွဲနိုင်တယ်။ Predominantly inattentive type, Predominantly hyperactive-impulsive type နဲ့ အဲဒီ ၂ မျိုး တွဲတွေ ဖြစ်တယ်။ ကုသလို့ ရပါတယ်။ Behavioral therapy အမူအကျင့် ကုသနည်းနဲ့ Medications ဆေးပေးကုသနည်း၊ Lifestyle changes လူနေဘဝ ပြုပြင်နည်း၊ Counseling မေးမြန်း-ပြောဆိုနည်းတွေသုံးပြီး ကုသရတယ်။ ဆင်တူတဲ့ ရောဂါတွေနဲ့ ခွဲခြားရမယ်။ မိဘအိမ်ထောင်ရေး-လူမှုရေး ပြဿနာရှိလို့၊ နားမကြားလို့၊ အတက်ရောဂါ၊ စိတ်ကျ ရောဂါ၊ အအိပ်ပျက်၊ အလွဲသုံးစားပြုခံရတာ၊ စတာတွေက ဆင်တတ်တယ်။ ကလေးဘဝမှာ မပျောက်ရင် ၆ဝ% က Adult ADHD လူကြီးရောဂါဆက်ဖြစ်မယ်။ သေခြာမကုရင် ပြဿနာတွေဆက်တက်မယ်။ တခြားစိတ်ရောဂါတွေ တွဲလာမယ်။

Medical management ဆေးပေးကုသနည်းနဲ့ Behavioral treatment အမူအယာပြုပြင်နည်းတွေက အထိရောက်ဆုံးလို့ ၂ဝဝ၅ သုတေသနတခုက ဆိုပါတယ်။

Stimulant medication ဆေးကို အသုံးများတယ်။ Methylphenidate (Ritalin, Metadate, Concerta), Dexatroamphetamine (Dexedrine), Mixed Amphetamine Salts (Adderall), Dextromethaphetamine (Desoxyn) နဲ့ Lisdexamfetamine (Vyvanse) ဆေးတွေဖြစ်တယ်။ ကြားဘူးနာဝ ရှိကြမှာပါ။ ဒီဆေးနာမည်တွေက feel-good ဆေးတွေပါလို့ ဆေးစွဲစေတတ်တယ်။

Antipsychotic medication စိတ်ဆေး၊ Non-stimulant medications ဖြစ်တဲ့ Atomoxetine (Strattera) Guanfacine (Intuniv) ဆေးတွေသုံးတယ်။

စမ်းသပ်ဆေးနည်း၊ အစာအာဟာရနည်းတွေလဲရှိသေးတယ်။ Omega-3 နာမည်ကြီးနေတဲ့ (seal, fish or krill oil) ငါးတွေကနေထုတ်တဲ့ အိုမီဂါ-၃၊ Vitamin နဲ့ mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေကလဲ အထောက်အကူ ပြုနိုင်တယ်။ Medical cannabis နဲ့ Aerobic fitness တို့ ဖြစ်တယ်။

ဆေးဝယ်ရတာ လွယ်တာ-ခက်တာ နိုင်ငံတခုနဲ့တခု မတူပါ။ စိတ်အထူးကုနဲ့သာ တိုင်ပင်ကုသသင့်ပါတယ်။ ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
- Autism link to air pollution လေထုညစ်ညမ်းမှုနဲ့ (အော်တဇင်) မွေးရာပါကလေးရောဂါ http://doctortintswe.blogspot.com/2014/12/autism-link-to-air-pollution.html
- Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး (၂ဝ၁၃) http://doctortintswe.blogspot.com/2014/12/mental-health-in-children.html

ဒေါက်တာတင့်ဆွေ

The Guests သပြေပင်နား လက်ဖက်စားခြင်း

မနှစ်က ဒီနေ့မှာ ကိုတရုပ်ကြီး (ခေါ်) ကိုမြင့်တိုးနဲ့ မစူးတို့အိမ်မှာ ဧည့်သည်လုပ်၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အဲတာက ကရင်နဲ့ မွန်အိမ်က ကလေးမွေးနေ့မှာ ထမင်းစားခဲ့ပြီးအပြန်မှာပါ။

အိမ်မပြန်ခင် မွန်စတိုးဆိုင်မှာ ဈေးဝင်ဝယ်ပါတယ်။ ဆိုင်ရှင် မွန်အမျိုးသားက စိတ်ဝင်စားလို့ နိုင်ငံရေးအခြေအနေ မေးတယ်။ သူက မြန်မာပြည်မှာ NLD အစိုးရတက်မှာမို့ တိုင်းပြည်အတွက် အားတက်စရာလို့ ဆိုပါတယ်။

ကိုတရုပ်ကြီးလို့ခေါ်ပေမယ့် သူကဗမာ။ အခေါ်အဝေါ်တွေကို နိုင်ငံရေးလုပ်တဲ့ခေတ်မှာ ဘယ်သူဘယ်ဝါနောက်မှာ ဘာလို့ ဆက်နေရသေးတာ။ ကျွန်တော်တို့ခေတ်တုန်ကတော့ ပညာဘွဲ့ကိုသာ ထည့်တယ်။ အဲတာလည်း အမြီးတိုတယ် ရှည်တယ် ခေါ်ကြတယ်။ ခုခေတ်မှာက အမြီးကုပ်သလား ထောင်သလား။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇
Photo by Nay Mya Mya Swe

Gold plate sets မျက်နှာသာပေး ရွှေရေးပန်းကန်တက်

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးကို ပြောရတာ အတော်ကြီးကို သတိထားရတယ်။ အဲလို အထိမခံရွှေပန်းကန်ဖြစ်နေတာ ကောင်းတဲ့လက္ခဏာာမဟုတ်ပါ။ ကွဲလွယ်ရှလွယ်တဲ့အရာဆိုတာ နေရာတိုင်းမှာ အသုံးမကျပါ။

အပြောမခံရတိုင်းတော့ အဟုတ်မှတ်မနေနဲ့။ တခါတခါ မျက်နှာသာပေး ရွှေရေးပန်းကန်တက်၊ ခက်တယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇

စက် နဲ့ ဆက်

စက် နဲ့ ဆက်

၁။ ကျွန်မအသက်က ၃၅ နှစ်ပါဆရာ။့ ဂွမ်းတံနဲ့ကြပ်လည်းမရပါဘူး။ ဘယ်ဖက်နှာခေါင်းကိုညစ်မှပွင့်ပါတယ်။ စက်စပ်နေတာများလားဆရာ။ ဆက်စပ်လို့သာရေးရတယ်။

၂။ ဆရာ ကျွန်မ ကလေးရအောင် ဘယ်လို စက်လက်ပြုလုပ်နိုင်ရင် ကောင်းမလဲဆရာ။ ဆက်လက်လို့သာရေးရတယ်။

၃။ ဆုံးမစာတခုက အိက်ဆက်အနားယူပါလို့ရေးတယ်။ အိပ်စက်လို့သာရေးရတယ်။

ဆက်
ကုတ် (ဂုတ်) ဆက်နာသည်
ဆက် (ဇက်) ကြောတင်းသည်
ဆက်၍ပြောပါ
ဆက်ကပ်သည်
ဆက်ကမ်းသည်
ဆက်ခံစိုးစံသည်
ဆက်စပ်
ဆက်ဆံပေါင်းသင်းသည်
ဆက်ဆက်ကြွပါ
ဆက်တိုက်လုပ်သည်
ဆက်ရက်ငှက်
ဆက်လက်ပြုလုပ်သည်
ဆက်ကြေး
ဆက်နွှယ်နေသည်
အဆက်အနွယ်

စက်
ကူးစက်ရောဂါ
စက္ခုအကြည်
စက္ကန့်
စက္ကဝါက် (စကဝက်ငှက်)
စက္ကူ
စက်ကွင်းမလွတ်
စက်ခန်း
စက်ခန်းစက်ဘီး
စက်ချုပ်
စက်ဆရာ
စက်ဆုပ်ဖွယ်ရာ
စက်တင်ပုံနှိပ်
စက်တန့်ရောဂါ
စက်တင်္ဘာလ
စက်ကြိတ်ဆန်
စက်ပုန်းခုတ်
စက်ပုန်းခုတ်
စက်ဘီး
စက်ဝိုင်း
စက်တော်ရာ
စက်တော်ခေါ်
စကြာဝဠာ
စကြာဝတေးမင်း
ဆန်စက်
ဆီစက်
မျက်ရည်စက်လက်

မုန်းဆက်ဆက်မရွယ် (ဗညားဟန် + စိုးစန္ဒာထွန်း) https://www.youtube.com/watch?v=at2YyG61eMU

ဒေါက်တာတင့်ဆွေ

Cysts and Lipoma ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်

၁။ Dr ရှင့်ကျွန်မအဖေတွက်ပါရှင့် အသက်က ၄၄ပါ။ အဖေ့ရဲ့တင်ပါးကြားရဲ့ဘေးမှာ အကျိတ်ရှိနေလို့ပါ။ ထွက်လာတာ ၅နှစ်လောက်ရှိပြီ။ အခုကြီးကြီးလာလို့ပါ။ အကျိတ်က နည်းနည်းပျော့စိစိနဲ့ပါ။ အဲဒါ ဘယ်လိုလုပ်သင့်လဲဆရာ။ လိမ်းဆေးများရှိလားဆရာ။ တခါမှမပြဘူးသေးဘူးဆရာ။ ခါးတွေလည်းမကုန်းနိုင်ဘူးတဲ့ဆရာ။ ဆွဲလှန်ပြစ်သလိုဖြစ်တယ်တဲ့ဆရာ။ ကျေးဇူပါဆရာ။

မမြင်ရ မစမ်းရပေမဲ့ မှန်းပြောပါမယ်။ ၂ မျိုးဖြစ်နိုင်တယ်။ Lipoma ခေါ် အဆီကျိတ်နဲ့ Sebacious cyst ခေါ် ချွေးထွက်အိတ်အကျိတ်။ ပဌမဟာပိုဖြစ်နိုင်။ စိုးရိမ်ရန်မရှိလောက်။ ဆရာဝန်ပြရင် သေချာမယ်။ အဲတာသာမှန်ရင် ဆေးနဲ့မရ။ ခွဲရ။ သည်အတိုင်းထားလည်းရ။

၂။ ဆရာမင်္ဂလာပါ။ ရိုသေစွာမေးမြန်းလိုပါတယ်ရှင့်။ ကျမအစ်မ အသက် (၃၅) နှစ်ပါ၊ အပျိုပါဆရာ။ ရာသီကတလတခါ ပုံမှန် လာပါတယ်ဆရာ။ သူ့နောက်ကျောမှာ ၂၁၀၁ လောက်တည်းက အကျိတ်တခု ရှိပါတယ်ဆရာ။ ဆရာဝန်ပြကြည့်တော့ အဆီကျိတ်လို့ပြောတာနဲ့မခွဲခဲ့ပါဘူးဆရာ။ အခု သူ့အကျိတ်က ပြည်ထွက်နေလို့ပါဆရာ။ ပြည်ထွက်တာ (၅) ရက်လောက်တော့ ရှိပါပြီဆရာ။ ပြည်က တစက်နှစ်စက်လောက်ပဲထွက်တာပါဆရာ။  အကျိတ်နေရာက အသားအရောင်တော့ မပြောင်းပါဘူးဆရာ။ သူအလုပ်က အသုပ်ရောင်းတာဆိုတော့ ငရုတ်သီးကြော်တာ၊ ဆီိချက်ချက်တာတော့ လုပ်ရပါတယ်ဆရာ။ ပြည်ထွက်နေတော့ အကျိတ်အခြေအနေစိုးရိမ်ရလားသိချင်ပါတယ်ဆရာ။

မမြင်ရ မစမ်းရပေမဲ့ မှန်းပြောပါမယ်။ ၂ မျိုးဖြစ်နိုင်တယ်။ Lipoma ခေါ် အဆီကျိတ်နဲ့ Sebacious cyst ခေါ် ချွေးထွက်အိတ်အကျိတ်။ ဒုတိယဟာပိုဖြစ်နိုင်။ အရပ်ခေါ် ဆပ်ဆံခဲလို့ခေါ်တဲ့ အဖြူ-မီးခိုးရောင် ခပ်ပျစ်ပျစ်အရာ အောင်းနေတာ။ အဆင်မသင့်ရင် ပြည်တည်တတ်တယ်။ ၂ မျိုးလုံးမှာ အိတ်ခွံပါတယ်။ ပျောက်ဘို့ ခွဲရတယ်။ မခွဲလည်း ဘာမှမဖြစ်။ နည်းနည်းသာ ပိုကြီးနိုင်။ ပြည်တည်နိုင်။ ခွဲရင် အိတ်ခွံပါထုတ်မှသာ ထပ်မဖြစ်။ ကင်ဆာမဟုတ်။ ကင်ဆာ မပြောင်း။

3။ မင်္ဂလာပါ ဆရာ။ သမီးနာမည်က့ ပါ။ အသက် ၂၃။ မြစ်ကြီးနားမြို့ကပါ။ ရာသီလည်းမှန်ပါတယ်ရှင့်။ လည်ဂုတ် ဆံစပ်နားမှာ အကျိတ်တလုံးပေါ်လာပါတယ်။ ဘာရောဂါများ ဖြစ်နိုင်မလဲရှင့်။ စိုးရိမ်မိလို့ပါရှင့်။

အကျိတ်ကို တိတိကျကျပြောပါ။ တည်နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွှေ့ရမရ၊ နာမနာ၊ အရောင်။

ဟုတ်ကဲ့ဆရာ။ လည်ဂုတ် ဆံစပ်နားမှာပါ။  အရွယ်အစား လက်သန်းလောက်ရှိပါတယ်။ အကျိတ်က လုံးဝန်းတဲ့ ပုံပန်းသဏ္ဌာန်ရှိပါတယ်။ ရွှေ့လို့ရပါတယ်။ ဖိလိုက်ရင် နည်းနည်းနာပါတယ် အရောင် မရှိပါ။ ဆရာ လည်ပင်းနားမှာ နောက်ထပ် အကျိတ်တလုံးထပ်ဖြစ်လာပါတယ်။ စိုးရိမ်ရလား။ ဆရာဝန်ပြသင့်မပြသင့်ဆိုတာ သိချင်လို့ပါ။ ဆရာအားရင် ကျေးဇူးပြု၍ ပြန်ဖြေပေးပါဦးနောဆရာ။

မေးခွန်းမေးသူက ကချင်အမျိုးသမီးတယောက်ပါ။ မေးခွန်းမေးတာရော စာရေးတာပါ ကောင်းတယ်။ သတ်ပုံလည်း သဏ္ဌာန်ကအစ မှန်တယ်။ တစ်လုံးကိုသာ ကျွန်တော့်စံအရ ပြင်လိုက်ပါတယ်။ ဆောရီး။ ရွှေဗမာတွေ နမူနာယူပါလေ။

အလုံး-အကျိတ် ခေါ်ကြတာတွေက လူကိုယ်မှာ နေရာမရွေး၊ ကျား-မ မရွေး၊ အရွယ်မရွေး ဖြစ်ကြတယ်။ အလုံး-အကျိတ် မှန်သမျှကို အခြေခံအားဖြင့် ကင်ဆာနဲ့ ကင်ဆာမဟုတ်တာဆိုပြီး ၂ မျိုးခွဲပါတယ်။ အဖြစ်အများဆုံးက Cysts (ဆစ်စ်) ဖြစ်တယ်။ အဖုံးပါတဲ့အိတ်ကလေးမျိုး ဖြစ်တယ်။ အထဲမှာ အရည်လိုဟာ အဖတ်လိုဟာ တမျိုးမျိုးရှိတယ်။ လူ့ကိုယ်မှာ နေရာမရွေး၊ လူမရွေး၊ အရွယ်မရွေး သိပ်ဖြစ်ကြတယ်။ အရွယ်အစားလည်း အမျိုးမျိုးရှိနိုင်တယ်။ (ဆစ်စ်) ဘာလို့ ဖြစ်ရသလဲ။ အသုံးများလို့သဘော၊ ဇရာသဘောကနေဖြစ်တယ်။ ရောဂါပိုးဝင်လို့၊ မျိုးဗီဇချို့ယွင်းလို့ကနေဖြစ်တာ၊ မွေးရာပါဖြစ်တာ။ အရေပြားနဲ့ကပ်နေရင် စဖြစ်ကတည်းက သိသာမယ်။ ရင်သားလို အထဲမှာဆိုရင် စမ်းလို့ရအောင် ကြီးလာမှ သိတတ်တယ်။ အသည်းလို၊ ကျောက်ကပ်လို အင်္ဂါတွေမှာဖြစ်နေရင် ဆိုင်ရာလက္ခဏာတွေ မခံစားရမချင်း သိသေးမှာ မဟုတ်ဘူး။ X-ray, Ultrasound, CAT scan, MRI တွေ ရိုက်ရင်းမှ သိလာတာမျိုးလဲရှိတယ်။

အများစုကြီးက ကင်ဆာမဟုတ်ပါ။ တချို့က ကင်ဆာနဲ့ ရောဂါပိုးဝင်တာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဘယ်လိုကုသမလဲ ဆိုတာ ဘာ့ကြောင့်ဖြစ်လဲ နဲ့ ဘယ်နေမှာလဲ အပေါ်မူတည်တယ်။ ကြီးနေရင်၊ ရောဂါလက္ခဏာ ခံစားနေရရင် ခွဲစိတ် ထုတ်ပြစ်ရတယ်။ တခါတလေ အထဲက အရည်ကို စုတ်ထုတ်နိုင်တယ်။

1. Sebaceous cysts (Epidermal cysts) ချွေထွက်ဂလင်းအိတ်
အရေပြားမှာ ကျိချွဲချွဲအရည် အောင်းနေတယ်။ အနံ့ဆိုးတယ်။ မျက်နှာ၊ လည်ပင်း၊ ကိုယ်၊ ဗဂျိုင်းနား နေရာတွေမှာ ဖြစ်တတ်တယ်။ ချွေးထွက်အိတ်တွေ ရောင်တာ-ပိတ်တာကနေဖြစ်ဖြစ်၊ ထိခိုက်မိရာကနေဖြစ်ဖြစ် ဒီရောဂါဖြစ်တယ်။ မနာဘူး၊ ပိုးဝင်ရင်တော့ နာလာမယ်။ ဖြေးဖြေးချင်းကြီးတယ်၊ အရွယ်သေးတယ်၊ အရေပြားအောက်မှာ ဟိုဘက် ဒီဘက် ရွေ့လို့ရတယ်။ အတွေ့အကြုံများတဲ့ ဆရာဝန်တွေက မြင်တာနဲ့ တန်းသိတယ်။ တချို့က သူ့ဖါသာသူ ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲစိတ်ထုတ်ပြစ်ရမယ်။ ထိခိုက်ရာဖြစ်ဖြစ်၊ ကုပ်မရာကဖြစ်ဖြစ် ပိုးဝင်လာတတ်တယ်။ ပြည်တည်လာတတ်တယ်။

2. Dermoid Cyst (ဒါးမွိုက်-ဆစ်စ်)
မွေးရာပါဖြစ်တယ်။ စိတ်ဝင်စားဘို့ ကောင်းတယ်။ အထဲမှာ အသေအခြာ စစ်ကြည့်ရင် ဆံပင်၊ အရည်၊ သွား၊ အရေပြား ချွေးထွက်အိတ် စတာတွေ ပါနေနိုင်တယ်။ ဖြေးဖြေးချင်း ကြီးတယ်။ ပေါက်အထွက်ရင် မနာဘူး။ ၄ နေရာမှာဖြစ်တယ်။
(က) Dermoid cysts in the brain ဦးနှောက်မှာဖြစ်တယ်။ အဖြစ်တော့ မများပါ။
(ခ) Dermoid cysts in the nasal sinuses နှာခေါင်း-ဆိုင်းနပ်စ်မှာဖြစ်မယ်။ ခွဲထုတ်ရတာ ခက်တယ်။
(ဂ) Ovarian dermoid cysts မျိုးဥအိမ်မှာ ဖြစ်တယ်။ မျိုးပွါးနိုင်တဲ့အရွယ်တွေမှာဖြစ်တယ်။ အညှာလိုရှိလို့ လိမ်တာမျိုး ဖြစ်နိုင်တယ်။ အဲလိုဖြစ်ရင် နာမယ်။ ချက်ချင်းခွဲရတတ်တယ်။ ဒီရောဂါကို ခွဲထုတ်လို့ အထဲကဟာတွေကြည့်ပြီး (အပင်း) လို့ပြောကြတယ်။ ပေါက်ထွက်တာ၊ ပိုးဝင်တာတွေလဲ ဖြစ်တတ်တယ်။ ရှားရှားပါးပါး ကင်ဆာဖြစ်နိုင်တယ်။
(ဃ) Dermoid cysts of the spinal cord ခါးရိုးဆစ်ထဲက အာရုံကြောမှာဖြစ်တာ။ ပိုးဝင်တတ်တယ်။
(င) Dermoid cysts of head and neck မျက်နှာနဲ့ ဦးခေါင်းမှာ အဖြစ်မနည်းလှပါ။ Lipoma, sebaceous cyst ရိုးရိုး အကျိတ်နဲ့အတော်တူတယ်။ ခွဲယူပြီး ဖွင့်ကြည့်မှ အထဲမှာ ကိုယ်မွှေးလိုဟာတွေ တွေ့ရတယ်။ အမျိုးသမီးတွေမှာ ဗိုက်ထဲမယ် မျိုးဥအိမ်မှာဖြစ်တာနဲ့ သဘောဆင်တယ်။ ကြီးတာနဲ့ သေးတာသာကွာခြားတယ်။ အဲတာကိုတော့ အပင်းလို့လို့ ခေါ်ရမှန်းမသိကြပါ။

3. Ganglion Cyst (ဂင်ဂလီယွန်)
အဆစ်နေရာအထက်မှာ အရွတ်ကြောကို ဖုံးထားတဲ့အလွှာနဲ့ ဆက်ဖြစ်တယ်။ အထဲမှာ အရည်ကြည် ချွဲပြစ်ပြစ်ရှိတယ်။ ဂျယ်လီလိုဘဲ။ အသက် ၂ဝ-၄ဝ ကြားမှာ ၇ဝ% ဖြစ်တယ်။ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ၁ဝ နှစ်အောက်ဖြစ်တာ ရှားတယ်။ လက်ကောက်ဝတ်မှာ ၆ဝ-၇ဝ% ဖြစ်တယ်။ ၁-၃ စင်တီမီတာ ရှိမယ်၊ ရွေ့လို့မရဘူး၊ ကြီးလာလိုက် သေးသွားလိုက်လဲ ဖြစ်နိုင်တယ်။ တချို့မှာ နာမယ်။ ၃၈-၅၈% က အလိုလို သေးသွား တတ်တယ်။ စာအုပ်ထူထူ ကိုင်တာမျိုးကနေ ပျောက်တတ်လို့ Bible cysts လို့လဲ ခေါ်တယ်။ Aspiration စုပ်ထုတ်တာလဲ လုပ်တယ်။ စုပ်ပြီး (စတီရွိုက်) ဆေး ထိုးပေးတာလဲ လုပ်တယ်။ ၇၅-၈၅% ပြန်ဖြစ်တယ်။ ခွဲတာကောင်းတယ်။ အေးအေးဆေးဆေး ရက်ရွေး ခွဲစိတ်ထုတ်ပြစ်ပါ။ ခွဲစိတ်ရတာ လွယ်မလိုလိုနဲ့ ပြန်ဖြစ်တတ်လို့ ဆရာဝန် နာမည်ကောင်းမရတတ်ဘူး။ ခုခေတ်မှာ Arthroscopic surgery ကင်မရာပါတဲ့ ကရိယာ သေးသေးလေးသုံး ခွဲတာမျိုး ပေါ်နေပြီ။

4. Cystic Acne and Acne Cysts ဝက်ခြံ (ဆစ်စ်)
မကြီးဘူး။ ပိုးဝင်ရာကနေဖြစ်လို့ နီနေမယ်။ သွေးဖြူဥတွေနဲ့ ဗက်တီးရီးယားတွေ စစ်တိုက်ကြတယ်။ ပြည်တည်လာမယ်။ ၁-၅ မီလီမီတာအထိ ရှိမယ်။ ဝက်ခြံကို ဆေးကုသလို ကုရတယ်။ ပြည်ရှိတာတော့ ထုတ်ရမယ်။ ညှစ်မရရင် ခွဲထုတ်ရတယ်။ ဝက်ခြံ ပျောက်အောင်လုပ်ရင် အဆင်မသင့်လို့ ပိုဆိုးလာရာကနေဖြစ်နိုင်တယ်။ အစားအသောက်ညံ့တာ၊ အသီးအနှံ၊ အသီးအရွက် မစားဖြစ်တာမျိုးကနေ ဖြစ်နိုင်တယ်။ ဗီတာမင် (အေ) နည်းရင်လဲဖြစ်နိုင်တယ်။ စိတ်-အလုပ် ရှုတ်ရင်လဲ ဖြစ်တတ်တယ်။

အမျိုးအစား များသလားမမေးနဲ့ ရာကျော်နိုင်တယ်။ ရေးပြီးသားတွေကို အက္ခရာစဉ်လိုက်ရေးပါမယ်။ အနည်းအများလိုက် မဟုတ်ပါ။
1. Abscesses and boils အနာ ပြည်တည်နာ
2. Arachnoid cysts (Brain or Spinal cord) ဦးနှောက် နဲ့ ခါးရိုးထဲကအာရုံကြော
3. Bartholin's cyst ဗဂျိုင်းနား (ဘာသိုလင်-ဆစ်စ်)
4. Breast lump (ကင်ဆာ) မဟုတ်တဲ့ ရင်သား-အကျိတ်
5. Chocolate cyst ချောကလက် ဆစ်
6. Corn ငါးမျက်စိ
7. Cysts (ဆစ်စ်) http://doctortintswe.blogspot.com/2015/05/cysts.html၏
8. Cysts in the breast (Fibrocystic disease) ရင်သား
9. Cysts of the glands within the eyelid (Chalazions) မျက်စိအတွင်းစွန်
10. Epidermal cysts of the skin (Epidermal inclusion cysts) အရေပြား
11. Ganglion cysts အဆစ်နေရာ
12. Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား)
13. Hepatic cyst အသဲမှာ
14. Kidney cysts ကျောက်ကပ်ရေအိတ်
15. Liver Cysts အသည်းအိတ်ရောဂါ
16. Lumps or Bumps အလုံး-အကျိတ် http://doctortintswe.blogspot.com/2014/10/lumps-or-bumps.html
17. Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်း အကျိတ် တမျိုး
18. Myoma (Fibroid) သားအိမ်အလုံး
19. Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း
20. Neck Lumps လည်ပင်း အလုံးအကျိတ် http://doctortintswe.blogspot.com/2016/05/neck-lumps.html
21. Neurofibromatosis ကော်ဖီရောင် အသားပိုလေးတွေ
22. Ovarian Cyst မျိုးဥအိမ်အကျိတ်
23. Ovarian cyst အပင်းလို့ခေါ်တဲ့ဟာ
24. Ovarian cysts မျိုးဥအိမ်အိတ်များ
25. Ovarian dermoid cyst အပင်းလို့ခေါ်တဲ့ဟာ
26. Pancreatic cysts သရက်ရွက်
27. PCOS and Ovarian cyst မျိုးဥအိမ်အိတ်
28. Pineal cysts (Pineal gland of the brain) ဦးနှောက်
29. Polycystic kidney disease ကျောက်ကပ်
30. Renal Cortical Cyst ကျောက်ကပ် အပြင်မှာရှိနေတဲ့ အိတ်
31. Sebaceous cysts အရေပြား
32. Tarlov cysts (Meningeal or Perineural cysts) ဦးနှောက်မြှေး
33. Thyroid cysts (သိုင်းရွိုက်) လည်ပင်းကြီး
34. Vaginal Cysts, Polyps, Warts ဗဂျိုင်းနားမှာ အပိုအဆာတွေ ဖြစ်တာ

Dr. တင့်ဆွေ
၃၁-၁-၂ဝ၁၇
၅-၂-၂ဝ၁၈

Monday, January 30, 2017

Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ

Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ

ဆရာခင်ဗျာ့ ကျနော်အသက်က ၂၇ နှစ်ပါ။ ကျနော် ဆီးအောင့်နေလို့ပါ။ ကျနော်အသက် ၂၃ လောက်က ဆီးကျောက် တည်ဖူးပါတယ်။ ကုသလိုက်လို့ပျောက်သွားပြီးသားပါ။ ခုပြန်ပေါ်နေလို့ ဆေးနည်းလမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်။

Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း
• Azithromycin 1 g ၁ ကြိမ်။ (သို့)
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။ (သို့)
• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)
• Erythromycin ethylsuccinate 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)
• Levofloxacin 500 mg orally တနေ့ ၁ ကြိမ်၊ ၇ ရက်။ (သို့)
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

Acute Pylonephritis ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း၊
• Ciprofloxacin 400 mg IV BD or 750 mg တနေ့ ၂ ကြိမ်၊ (သို့)
• Levofloxacin 500 mg IV တနေ့ ၁ ကြိမ်၊ (သို့)
• Ampicillin 1 Gm တနေ့ ၄ ကြိမ်၊ + Gentamycin 1 mg/kg TDS IV တနေ့ ၃ ကြိမ်၊ ၂၁ ရက်။(သို့)
• Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)
• Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)
• Trimethoprim-Sulpfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။

Acute Cystitis and Acute Prostatitis ရက်တို ကျား-မ ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊
• Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Trimethoprim-Sulfamethoxazole 160/800 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။

Chronic Prostatitis နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း
• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။
• Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။
• Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။

Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်း
• Cefixime 400 mg တကြိမ်။ သို့ Ciprofloxacin 500 mg တကြိမ်။ သို့
• Ceftriaxone 250 mg IM တကြိမ်။

Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ
• Methylprednisolone 0.5-1 Gm/day x ၁-၄ ရက်။ သို့ Prednisolone 60 mg/day ၁-၂ ပတ်။

ဖတ်နိုင်သည့်စာများ -
1. Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း http://doctortintswe.blogspot.com/2015/05/acidic-urine.html
2. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
3. Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://doctortintswe.blogspot.com/2015/03/urinary-tract-infection.html
4. Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://doctortintswe.blogspot.com/2014/11/urinary-tract-infection.html
5. Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/2014/11/urinary-tract-infection_18.html
6. Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ http://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html

ဒေါက်တာတင့်ဆွေ

Magnesium မက်ဂနီဆီယမ်

မက်ဂနီဆီယမ်ဟာ စတုတ္ထအများဆုံးဓါတ်ဆားဖြစ်တယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ပရိုဆင်းဓါတ်နဲ့တွဲရှိနေတဲ့ မက်ဂနီဆီယမ် ဓါတ်ဆား စုစုပေါင်း ၃၇၅ဝ ရှိတယ်။ အင်ဇိုင်းမ်ပေါင်း ၃ဝဝ မှာ သူပါမှဖြစ်တယ်။ နည်းနေတာ မကောင်းဘူး။ မက်ဂနီဆီယမ် နည်းရင်ဘာဖြစ်သလဲနဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကို ရေးပါမယ်။

1. Muscle Cramps And Spasms ကြွက်တက်တာ၊ ကြွက်သားနာတာတွေဖြစ်မယ်။

2. Cravings For Chocolate ချောကလက်ကိုအတင်းစားချင်နေမယ်။ (သူများတိုင်းပြည်မှာပါ။)

3. Anxiety စိုးရိမ်စိတ်ကဲနေမယ်။

4. Insomnia အိပ်မရဖြစ်မယ်။

5. Constipation ဝမ်းချုပ်မယ်။

6. High Blood Pressure သွေးတိုးမယ်။

7. Headache And Migraine ခေါင်းကိုက်မယ်။ မိုင်ဂရင်းဖြစ်နိုင်တယ်။

8. Irregular Heartbeat နှလုံးခုန်မူမမှန်ဖြစ်မယ်။

9. Acid Reflux အက်စစ်ဓါတ်အထက်ဆန်မယ်။

1. Brazil Nuts ဘရာဇီးလ်အစေ့အဆံ

2. Halibut ဟယ်လီဗတ် ပင်လယ်ငါး

3. Cocoa ကိုကိုး

4. Rice Bran ဖွဲနု

5. Cashews သီဟိုဠ်စေ့

6. Quinoa ပင်လယ်စာတမျိုး


7. Pumpkin Seeds ဖရုံစေ့

8. Almonds ဗာဒံ (မက်မွန်) စေ့

9. Spinach ဟင်းနုနွယ်ရွက်


သုတေသနက တခြားတိုင်းပြည်မှာဖြစ်လို့ သူတို့ဆီကအစားအစာတွေသာပါတယ်။ မြန်မာပြည်မှာစားကြတဲ့ ဖွဲနုနဲ့ဆိုင်တဲ့ ဆီကအစ၊ သွားရည်စာ၊ အစေ့အဆီမျိုးစုံ၊ ဟင်းနုနွယ်လိုအရွက်အရွက်တွေမှာ မက်ဂနီဆီယမ်ဓါတ် ပါပါမယ်။

ဒေါက်တာတင့်ဆွေ

Bad & Worse အငွေ့ အတွေ့ အရည်

ကျွန်တော့်ပို့စ် အသည်းခြောက်ရောဂါမှာ အရက်သောက်သူတွေကို သတိပေးအပ်ပါတယ်။ ဆေးလိပ်သောက်သူရဲ့ဘေး ၆ ပေပတ်လည်ရှိနေသူတွေကိုပါ ရောဂါရစေတယ်။ အရက်ကတော့ သောက်တဲ့သူသာမက မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ဒုက္ခအကြီးအကျယ် ပေးပါတယ်။ ကျွန်တော် ဆေးပညာစာတွေရေးရင် ခြောက်လှန့်ချဲ့ မရေးပါ။ ဒီလိုမေးခွန်းမျိုးတွေ မကြာခဏလာတယ်လို့ နိဒါန်ပျိုးခဲ့တယ်။

ကွန်မင့်တခု = Ye Min လူမုန်းနေတဲ့ လူမမာကိုကယ်တင်ဖို့ လူသားစိတ်မွေးပေးဖို့ အင်အားဘယ်မှာရှိနိုင်မှာလဲ  :'(

Tint Swe ဆရာဝန်တွေက အဲလိုတော့ သဘောမပိုက်ရပါ။

Ye Min သွေဖီသွားပါတယ်ဆရာ။ မိသားစုဝင်တွေက စိတ်နာလို့ပြစ်ထားတယ်ဆရာ။

အဲတာ အလွန်မှန်တယ်။ ကျွန်တော်ရေးတဲ့ အရက်စာတွေကို အရက်သောက်သုံးသူ တယောက်မှ မဖတ်ကြ။ မိသားစုဝင်တွေက မေးကြရ ဖတ်ကြရတယ်။ လိင်ကတဆင့်ကူးစက်ရောဂါ စာတွေကိုတော့ ကေတီဗွီကပြန်လာသူတွေက ဖတ်ကြပါတယ်။ ကောက်ချက်ချရမလိုဖြစ်လာတယ်။

အဆုပ်ကင်ဆာထက် အရက်ကပိုဆိုး၏။ KTV ရောဂါတွေထက် အရက်ကပိုဆိုး၏။ No Smile!

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလုပ်ခဲ့တဲ့ (တစည) ပါတီ

ဒေါ်အောင်ဆန်းစုကြည့် သမတဖြစ်နိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ ကို မပြင်ရေးအတွက် အသေအလဲ ခုခံကာကွယ်နေသူတွေထဲမှာ (တစည) ပါတီလည်းပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကနေ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကိုးကားပြီး ပြောနေတယ်။ ဘာတွေကို ကိုးကားပြောနေနေ (တစည) ပါတီဟာ ဒေါ်အောင်ဆန်းစုကြည့် ဆန့်ကျင်ရေးကိုသာ တစိုက်မတ်မတ်လုပ်နေတာဘဲလို့ ကောက်ချက်ချရတော့မယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ ၁၉၆၂ ကနေ ၁၉၇၃ အထိ နဲ့ ၁၉၇၄ ကနေ ၁၉၈၈ အထိ မြန်မာပြည်ကို တပါတီတည်း (တဦးတည်း) အုပ်ချုပ်ခဲ့တဲ့ ဗခက (ဦး) နေဝင်းရဲ့သစ္စာခံပါတီဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကနေ ၂၇-၅-၁၉၉ဝ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဝင်ဘို့ နာမယ်ပြောင်းထားတဲ့ ပါတီဖြစ်တယ်။ စပါးနှံသင်္ကေတနဲ့ (တစည) ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲတုံးက အမတ် ၁ဝ ယောက်သာ အရွေးခံခဲ့ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာလဲ အမျိုးသားလွှတ်တော် (၅၁၂) + ပြည်သူ့လွှတ်တော် (၃၁၆) + ပြည်နယ်နဲ့တိုင်းဒေသကြီး (၅၂၈)၊ စုစုပေါင်း အမတ်လောင်း ၉၉၆ ယောက် ဝင်ပြိုင်ခဲ့တယ်။ စုစုပေါင်း ၆၃ ယောက် အရွေးခံရတယ်။ အဲဒီထဲမှာ အမျိုးသားလွှတ်တော်မှာ ၅ ယောက်နဲ့ ပြည်သူ့လွှတ်တော်မှာ ၁၂ ယောက် အရွေးခံရတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်သေးတယ်။ တနေရာမှ မနိုင်ခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည် နဲ့ (တစည) သမိုင်း
၂ဝ-၇-၁၉၈၉ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ထားခံရတယ်။ ၁ဝ-၁၁-၁၉၈၉ မှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာတယ်။ ၂၉-၁၂-၁၉၈၉ မှာ သူ့ကိုယ်စားလှယ် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်း တင်သွင်းတယ်။

(တစည) ပါတီက၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ ကနေ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြတဲ့ ဦးလဘန်ဂရောင်နဲ့ ဦးမြင့်သန်းတို့ ၂ ဦးကနေ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကန့်ကွက်လွှာ တင်သွင်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ)၊ ပုဒ်မ ၁ဝ (င)၊ ၁ဝ (ဇ) တို့နဲ့ ငြိစွန်းနေတယ်လို့ စွပ်စွဲပြီး ပယ်ဖျက်ပေးဘို့ဖြစ်တယ်။ ရန်ကုန်တိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကြားနာပြီး၊ နောက်ဆုံးမှာ ကန့်ကွက်လွှာကို ပယ်ချခဲ့တယ်။ ဒါပေမဲ့ ဦးလဘန်ဂရောင်က ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲရုံးမှာ ထပ်လျှောက်ထားပြန်တယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးနဲ့ စောကြာဒိုးတို့က လဘန်ဂရောင်ရဲ့ကန့်ကွက်လွှာကို ပယ်ချပြီး၊ ဦးကျော်ညွန့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့က လက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖျက်ဘို့ ဆန္ဒပေးကြတယ်။ ၃ မဲ ၂ မဲဖြစ်တာမို့ အဆုံးမှာ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာကိုလက်ခံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းကို ပယ်ဖျက်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၄
၃ဝ-၁-၂ဝ၁၇

Special words for the monks ပြန်သာပျံပါ

ဘီဘီစီမှာ လူသိရှင်ကြားစကားလုံးကို လူသိထင်ရှားလို့သုံးလာနေတယ်ဆိုပြီး တက္ကသိုလ်ဆရာဟောင်းတဦးက ထောက်ပြတာဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။

လူသိရှင်ကြားဆိုတာ လူတွေရော ရှင် (ရဟန်း) တွေရာ သိကြတယ်လို့ဆိုလိုပါတယ်။ လူတွေလည်းသိ၊ ရှင်တွေလည်းကြား အလွန်လှတဲ့စကားစု ဖြစ်တယ်။ လူတွေသာသိပြီး၊ ရဟန်းတော်တွေကတော့ မသိသလိုလို သဘောဆောင်ပါမယ်။ ရဟန်းရှင်လူပြည်သူဆိုတဲ့အသုံးလည်းရှိပါတယ်။ ရှေးခေတ်မှာ မင်း၊ ပုဏ္ဏား၊ ရဟန်းရှင်လူလို့ ရေးရင် တိုင်ပြည်တခုလုံး လူစုံတက်စုံ ဖြစ်သွားတယ်။ လှည်းနေ လှေအောင်း မြင်းစောင်းမကျန်ဆိုသလို။

လူသိရှင်ကြားဆိုရင် All-known လူကတာသိတယ်လို့ဆိုလိုတယ်။ ကောင်းတာကိုဖြစ်ဖြစ် ဆိုးတာကိုဖြစ်ဖြစ် လူတိုင်းက သိတယ်လို့ ဆိုလိုပါတယ်။ ဆဲရေးတာလည်းပါမယ်။ ကြေညာာတာလည်းပါမယ်။ လူသိထင်ရှားဆိုရင် Prominent ထင်ရှားခြင်းသဘောကို ဖေါ်ညွှန်းတာဖြစ်တယ်။ အကောင်းသဘောအတွက်သာသုံးဖို့ သင့်ပါမယ်။ ဒီစကားစုနှစ်ခုဟာ အဓိပ္ပါယ်ခြင်းကွဲလွဲပါတယ်။ အစားထိုးသုံးလို့ နေရတိုင်းမှာတော့မရလို့ထင်ပါတယ်။

ဦးနု (ဖဆပလ) ခေတ်မှာ ဘုန်းတော်ကြီးတွေက ဆန္ဒပြကြတယ်။ ဘာသာခြားဖြစ်တဲ့သာသနာရေးဝန်ကြီးက တရိုတသေ လျှောက်ထားပါတဲ့။ အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား။ ပြန်တော်မူကြပါဘုရားတဲ့။ အသံထွက်မှာ (ပြန်) နဲ့ (ပျံ) အတူတူပဲမဟုတ်လား။ (ကန်တော့ပါဘုရား။)

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆
၃ဝ-၁-၂ဝ၁၇

Love ချစ်သဒ္ဓါကမ်းကုန် မေတ္တာလွှမ်းခြုံ

• လည်ခြင်းယှက် လက်ခြင်းချိတ်
• စိတ်ခြင်းထပ် ရင်ခြင်းအပ်
• မြတ်သောနှလုံး အပြုံးခြင်းဖလှယ်
• အရွယ်မရွေး မေတ္တာဆေး
• မျှဝေပေးပါ၊
• နှစ်ဖြာကိုယ်စိတ် ကျန်းမာချမ်းသာကြစေသော်ဝ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၄
(မုံရွာက ကိုစိန်ဝင်း စေ့ဆော်လို့ရေးဖြစ်ပါတယ်။)

Single effort တယောက်အား

• ငါတတ်တဲ့ ဆေးပညာ၊ သလေးစပါးလောက်သာ ရှိပါတကား။
• ငါသင်ထားတဲ့ အသိပညာ၊ နှမ်းစိပမာသာ ရှိပါတကား။
• ငါလုပ်နိုင်တဲ့ နိုင်ငံရေး၊ ရွေးစေ့ထက်တောင် သေးပါတကား။

• ဆန်စေ့ကို ထမင်းချက်၊
• ဆီထွက်အောင် နှမ်းကိုကြိတ်၊
• ငါ့ဝိတ်ကို ရွေးစေ့နဲ့ချိန်ကြည့်၊
• အတိအကျ ရတဲ့အဖြေ၊
• ဘာဖြစ်နေနေ ငါတွေးနေတာက့
• ဆန်ကုန်မြေလေး မဖြစ်ရေးဘဲ။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၄
၆-၂-၂ဝ၁၅
၆-၂-၂ဝ၁၆
၃ဝ-၁-၂ဝ၁၇

Sunday, January 29, 2017

Bovine Animals နွားထီး-နွားမ

Dede Dede နွားထီး မဟုတ်ဘူးလားဆရာ

Tint Swe နွားမလို့ ရေးထားလို့လား။

Dede Dede မဟုတ်ပါဘူးဆရာ။ သမီးတို့ငယ်က ဆရာမက cow နွားမ ox နွားထီးလို့သင်လာခဲ့လို့ပါ။ ခု ဆရာပြောတော့ တခုပိုသိရပါပြီ ကျေးဇူးပါရှင့်။

Ox = အိမ်သုံး Bovine ဘိုဗိုင်းအုပ်စုတိရစ္ဆာန်။ နို့နှင့် အသားအတွက်သုံးနိုင်။ Cow သို့မဟုတ် Bull ဖြစ်သည်။ ခိုင်းနွားအဖြစ်သုံးနိုင်။ တချို့ကိုသင်းသတ်ထားသည်။

Cow = အရွယ်ရောက် နွားမ။ Ox နှင့်အနွယ်တူသည်။ နို့နှင့် အသားအတွက်သုံးနိုင်။ ဘိုဗိုင်းအုပ်စုတိရစ္ဆာန် အထီး + အမကိုလည်းခေါ်နိုင်သည်။

Calf = နွားကလေး။ အများအားဖြင့် ဘိုဗိုင်းအုပ်စုတိရစ္ဆာန် တနှစ်သား။

Cattle = ချိုနဲ့ ခွါပါတဲ့ အိမ်မွေး၊ နို့နဲ့ အသား၊ ခိုင်းစားလို့လည်းရတဲ့အကောင်တွေကိုခေါ်တယ်။ နွား + ကျွဲ + ယခ် စသည်။

Bovine animals = ဘိုဗိုင်းအုပ်စုတိရစ္ဆာန်များ။ Cow, Ox, Buffalo တို့ကိုစုပြီးခေါ်သည်။

Bovine Tuberculosis ဆိုတာ နွားနို့ကနေကူးစက်တဲ့ တီဘီရောဂါကိုခေါ်တယ်။ Mycobacterium bovis (M. bovis) ပိုးကနေ ကူးစက်တယ်။

Pasteurization ပတ်စခြာရိုက်ဇေးရှင်းနည်းနဲ့ပိုးသေစေပြီးမှသာ သောက်သုံးရတယ်။ နွားနို့ကို အပူချိန် 72 °C (161 °F) အထိ ၁၅ စက္ကန့်ကြာ အပူပေးရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Sponsor စပွန်ဆာ

မြန်မာပြည်မှာ ခေတ်စားလာတဲ့ဝေါဟာရထင်တယ်။ သိချင်လို့ တယောက်ကမေးပါတယ်။ အင်္ဂလိပ်စာလုံးကို အသံထွက်အတိုင်း ပြောဆိုနေတာဖြစ်ပါတယ်။ Sponsorship စပွန်ဇာရှစ်ပ်လို့လည်းရှိတယ်။ အဓိပ္ပါယ်ဆင်တဲ့ စကားလုံးတွေက နောက်ခံပြုပေးခြင်း၊ ထောက်ကူမှုပေးခြင်း၊ အုပ်ထိန်းသူလုပ်ပေးခြင်း၊ ငွေထောက်ပံပေးခြင်း၊ အကူအညီပေးခြင်း။

စပွန်ဆာဟာ ကုန်သွယ်ရေးလောကသုံး စကားလုံးဖြစ်ပါတယ်။ အစီအစဉ်တခုကိုဖြစ်မြောက်ဘို့ရာ နောက်ကနေ၊ အထက်ကနေ၊ ဘေးကနေ၊ တရားဝင်ကူညီထောက်ပံမှုပေးခြင်းဖြစ်တယ်။ တဦးတည်းကနေလည်း လုပ်တာရှိတယ်။ အသင်းအဖွဲ့ကနေလုပ်တာလည်းရှိတယ်။ ငွေ သို့မဟုတ် တခြားအရာကိုကူညီတယ်။ အားကစားပွဲ၊ အနုပညာပွဲ၊ ဖျော်ဖြေရေးပွဲလမ်း စသည်။

Sponsoree ခေါ်အဲလိုကူညီသူဟာ နန်းပရောဖစ် ခေါ် အမြတ်မယူအဖွဲ့လည်းဖြစ်နိုင်တယ်။ Philanthropy ခေါ် ပရဟိတနဲ့ မတူပါ။ စီးပွါးကုန်သွယ်မှုမှာ တစုံတရာအကျိုးကိုမျှော်ကိုးပြီး ကုန်ကျခံတာဖြစ်တယ်။ အဲလိုနည်းက နာမည်ကြီးစေတယ်။ လူသိများစေတယ်။ ကြော်ငြာနည်းနဲ့ ထပ်တူတော့ မဟုတ်ပြန်ပါ။ အခုနည်းမှာ ထုတ်ကုန်၊ ရောင်းကုန်ကို တိုက်ရိုက် ထုတ်ပြတာ မလုပ်ပါ။

General sponsor အထွေထွေစပွန်ဇာအမျိုးအစားနဲ့ Official sponsor အော်ဖစ်ရှယ် စပွန်ဇာလို့ကွဲပြားသေးတယ်။ Technical sponsor နည်းပညာစပွန်ဇာ၊ Participating sponsor ပါဝင်မှုစပွန်ဇာနဲ့ Informational sponsor သတင်း အချက်အလက် စပွန်ဇာတွေလို့ရှိသေးတယ်။ အားလုံးမှာ ကွန်ထရက်သဘောတူညီမှုရယူထားပြီးမှသာ လုပ်ပါတယ်။ ကြိုင်သတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်းထားတယ်။

ဥရောပတိုက်ဟာ အကြီးဆုံး စပွန်ဇာဈေးကွက်ကြီးဖြစ်တယ်။ ၂ဝ၁၄ ခုနှစ်မှာ အီယူအတွင်း စုစုပေါင်း €26.44 million (US$29 million) အကုန်ခံခဲ့တယ်။ ဒုတ်ယက မြောက်အမေရိကနဲ့ တတိယက အာရှ-ပစိဖိတ်ေးသဖြစ်တယ်။
ယူကေမှာ လျှော့ပေါ့ထားတဲ့ တီဗွီဥပဒေအရ တီဗွီမှာ စပွန်ဇာလုပ်တာ တိုးများလာတယ်။ အားကစားကထိပ်မှာရှိတယ်။ ဥပမာ ၂ဝ၁၄ ဘောလုံးရာသီမှာ Adidas ဟာ မန်ချက်တာယူနိုက်တက်ဘောလုံးသင်းကို စပွန်ဇာပေးတယ်။ အနည်းဆုံး £750 million (US$1.1 billion) ကျော်တန်တယ်။

၂ဝ၁၆-၁၇ ဘောလုံးရာသီ ဗြိတိသျှဘောလုံးကလပ်တွေနဲ့ စပွန်ဇာတွေ
၁။ မန်ချက်စတာ ယူနိုက်တက် = Chevrolet (US), £53m, 7 Year deal (2014-21)
၂။ ချယ်ဆီးလ် = Yokohama (Japan), £40m, 5 Year deal (2015-20)
၃။ အာဆင်နယ်လ် = Fly Emirates (UAE), £30m, 5 year deal (2014-19)
၎။ လီဗာပူးလ် = Standard Chartered, £25m, 3 year deal (2013-16)
၅။ မန်စီတီး = Etihad Airways (UAE), £20m, 10 year deal (2011-21)
၆။ တော်တင်ဟန် = AIA (China), £16m, 5 year deal (2014-19)
၇။ ဝက်စ်ဟမ် = Betway (Malta), £6m, 3.5 year deal (2015-18)
၈။ အဲဗာတန် = Chang Beer (Thailand), £5.3m, 3 year deal (2014 to 2017)
၉။ ဆော့သင်မ်တန် = Vigin Media (UK), £6m, 3 year deal (2016-19)
၁ဝ။ ဆန်ဒါလင်း = Dafabet (Philippines), £6m, 2 Year deal (2015-2017)

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

Similarity တူတယ်ဆိုတာ ဘာလဲ

ကွယ်လွန်သူ ဦးကိုနီနဲ့ လူချင်းမဆုံးဘူးပါ။ ရေဒီယိုမှာတော့ အတူဆုံဘူးပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးကြစဉ်ကပါ။

အဲလိုပဲ ကိုးကွယ်ရာဖြစ်ဖြစ်၊ လူမျိုးစုဖြစ်ဖြစ်၊ မတူသူတွေနဲ့နေခဲ့ရတာ မွေးကတည်းပါ။ နိုင်ငံရေးထဲမှာ ကွဲပြားမှုတွေကို ဘေးချိတ်ပြီး ဦးတည်ချက်တူတဲ့အခါ အတူတွဲလုပ်ကိုင်ရပါတယ်။ စစ်အစိုးရအုပ်ချုပ်ရေးအောက်မှာ ဒီမိုကရေစီရရှိရေး ကြိုးပမ်းစဉ်ကလည်း နောက်ခံမတူသူတွေနဲ့ မျက်နှာတူရူထားခဲ့ကြတယ်။ နိုင်ငံကြီးပြန်ပြင်နေချိန်မှာလည်း နောက်ခံမတူသူတွေနဲ့ လက်တွဲညီကြဘို့လိုတယ်။

ကိုးကွယ်ရာဘာသာတူသူတွေထဲကရော၊ လူမျိုးစုတူသူတွေထဲကပါ စစ်အဏာဏာရှင်တိုက်ဖျက်ရေးမှာ အတူမပါခဲ့သူတွေ ရှိခဲ့တယ်။ တူတယ်ဆိုတာ ဘာလဲ။

ISIS ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ထဲမှာ တိုင်းပြည်ပေါင်း ၈၆ ကနေ တိုက်ခိုက်ရေးသမားတွေ ပါဝင်နေတယ်။ (K ဆိုတာ ထောင်ဂဏန်းဖြစ်ပါတယ်။)
ကျူနီးရှား = 6 – 7 K
ဆောဒီအာရေးဗီးယား = 2 – 3 K
ရုရှား = 2 – 3 K
ဂျော်ဒန် = 2 – 3 K
တူရကီ = 2 – 3 K
ပြင်သစ် = 1 – 2 K
မောရိုကို = 1 – 2 K
လက်ဘနွန် = 0 – 1 K
အီဂျစ် = 0 – 1 K
ဂျာမဏီ = 0 – 1 K

အဲဒီနိုင်ငံမျိုးစုံကလူတွေမှာ တူတာတခုရှိတယ်။ မြန်မာပြည်က သတ်ဖြတ်မှုတွေက ဘာကြောင့်လဲ မသိရသေးပါ။ မတူပေမယ့် တူတယ်နဲ့ တူပေမယ့် မတူဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တခုသာဖြစ်ပါတယ်။ ကျွန်တော့်ကို လာဖမ်းတဲ့ အမျိုးသားထောက်လှမ်းရေးကလူတွေနဲ့ ကျွန်တော် လူမျိုးစုရော ကိုးကွယ်ဘာသာပါ တူတယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

Digoxin ဒိုင်ဂေါက်ဇင်

ဆရာခင်ဗျာ Digxoin ကို ကျနော်အမေအတွက် ဆရာဝန်က ညွှန်းပါတယ်။ ဆေးအာနိသင်နှင့်တစ်ကွ ဘေးထွက်ဆိုးကျိုး၊ မည်သို့အသုံးဝင်ပုံတို့ကို ရှင်းလင်းပြောကြားစေလိုပါတယ်ခင်ဗျာ။ ကျနော်အမေ၏ အသက်မှ ၄၆ နှစ်ဖြစ်ပါတယ်ခင်ဗျာ။

ဒိုင်ဂေါက်ဇင်ဟာ နှလုံးရောဂါအတွက်ဆေးဖြစ်တယ်။ အပင်တမျိုးကနေထုတ်ယူတယ်။ နှလုံးခုန်တာ အားကောင်းစေမယ်။ စည်းဝါးမှန်ခုန်စေမယ်။ heart failure နှလုံးအလုပ်နိုင်အောင် မလုပ်နိုင်တာအတွက်လည်းပေးတယ်။ atrial fibrillation ခေါ် နှလုံးခုန်မူမမှန်တာအတွက်လည်းပေးတယ်။

ဆေးပြား 500 - 750 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 125 - 375 mcg ဆက်ပေးမယ်။

ဆေးတောင့် 400 - 600 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ထိုးဆေး 400 - 600 mcg ပေးရင် ၅-၃ဝ မိနစ်မှာဆေးစွမ်းပြမယ်။ ၁-၄ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ နှလုံးခုန်နှုန်းကိုသက်ရောက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ မျက်စိဝေဝါးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းလျှော၊ အားနည်း၊ ယောက်ျားရင်သားကြီးခြင်း၊ ခေါင်းကိုက်၊ စိုးရိမ်စိတ်။

ဒီဆေးကိုသုံးနေခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ စိတ်ချရတယ်လို့ပြောနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှလုံးရောဂါကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

The Death of a Language မြန်မာစာလှုပ်ရှားမှု လိုအပ်နေ

မြန်မာစာ၊ မြန်မာစကားကို အမှန်ရေးတတ်၊ ပြောတတ်အောင် လုပ်ကြဖို့လိုနေပါတယ်။ တိုးတက်အောင် မလုပ်နိုင်သေးရင်တောင်မှ သွက်သွက်ခါအောင် မှားနေတာတွေကို ပြုပြင်နိုင်အောင်နဲ့ ပိုမဆိုးစေအောင်လုပ်ဖို့ လိုအပ်နေပါပြီ။ ဖေ့စ်ဘွတ်လိုနေရာတွေမှာ ဖုန်းပေါ်ကနေလွယ်သလိုရေးကြတာက သိပ်မဆိုးလှပေမဲ့ ပုံနှိပ်ထုတ်ဝေတာ၊ ဗိုင်းနယ်လ် (ဗီနိုင်း မဟုတ်) ပေါ်မှာရေးတာ၊ ဆိုင်းဘုတ်မှာရေးတာတွေက သိသိသာသာဆိုးလှတယ်။

ကျွန်တော်တို့တတွေ ဒေလီမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အနှစ်နှစ်ဆယ်ကျော် လုပ်ခဲ့ကြတုံးက ပိုစတာ ပလေကပ်တွေမှာ ကြွေးကြော်သံတွေကို အင်္ဂလိပ်လိုရေးကြရတယ်။ စာလုံးပေါင်းမှားနေရင် သတင်းထောက်တွေက ဓါတ်ပုံရိုက်ယူတတ်တယ်။ မြန်မာလိုဆိုင်းဘုတ်တွေမှာ တလွဲရေးထားတာတွေ့ရင် ဓါတ်ပုံရိုက်ပြီး တင်ကြစေချင်ပါတယ်။ အများစုက မှားလို့မှားမှန်မသိ တင်နေကြတယ်။ မှားရေးထားတာကို အပြစ်တင်ဘို့ဆိုတာထက် အမှန်ပြင်စေချင်တဲ့ စေတနာနဲ့သာ လုပ်သင့်ပါတယ်။

ဥပမာလေးတွေ ပေးပါရစေ။ အာထွာစောင်း မှားတယ်။ အက်ထွာဆောင်း မှားတယ်။ အာထွာဆောင်း မှန်တယ်။ ကာလာသားချက် မှားတယ်။ ကာလသားချက်၊ ကာလသားရောဂါလို့ ရေးရတယ်။ မွန်းတဲ့နေ မှားတယ်။ မွန်းတည့်နေ ဖြစ်ရမယ်။

မြန်မာစာသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ကွန်ယက်ဖွဲ့ လုပ်တာတွေနဲ့ ဆရာ-ဆရာမတွေကိုပါ မွန်းမံပေးသင့်ပါတယ်။ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်တွေကနေလည်း တတတ်တအား ကူကြစေချင်တယ်။ ဘီဘီစီက အစီအစဉ် ကောင်းပါတယ်။ ခက်တာက အခြေခံကအစမှားနေကြတယ်။ စာပေပျောက်ရင် လူမျိုးပျောက်တယ်တဲ့။ အခုက စာပေအထိမဟုတ်ပါ၊ စာပျောက်တော့မယ်။

အမေရိကန်ဌာနေစကား Klallam ကလာလ်လမ် စကားပြော နောက်ဆုံးပုဂ္ဂိုလ် Hazel Sampson ဟေဇယ်လ် ဆင်မဆွန် ဆိုသူ အမျိုးသမီးကြီး အသက် ၁ဝ၃ နှစ်မှာ ၄-၂-၂ဝ၁၄ နေ့က ကွယ်လွန်သွားပါတယ်။ ကမ္ဘာမှာ ဘာသာစကားပေါင်း ၇ဝဝဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ နောက်ထပ်လည်း တိမ်မြုပ်ပျောက်ကွယ်မှာတွေ ရှိသေးတယ်လို့ ပညာရှင်တွေက မှန်းဆထားပါတယ်။ အဲသည်အထဲမှာ မြန်မာစာ မပါပါစေနဲ့။

မြန်မာစာကို ကယ်ကြပါ။ ဗမာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကားဆောင်ပုဒ်ကို ပြန်ဖေါ်ဘို့တော့ မဟုတ်ပါ။ အဲ့ မမှန်တဲ့သူတွေကနေ ဆရာကြီးလုပ်နေတာတော့ သဘောမတူကြောင်းပါ။

သင်သေသွားသော် -
လူ့ပြည်လောက လူ့ဘဝကား၊ အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း၊ ကြီးပွားတိုမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေတည်း။  (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅
၂၅-၁-၂ဝ၁၇

Saturday, January 28, 2017

Banyan Plant ညောင်ပင်ကို သွားကြည့်ခြင်း

အခုပဲ ဘုန်းကြီးကျောင်းက ပြန်ရောက်ပါတယ်။ ဥပုသ်စောင့်သွားတာတော့ မဟုတ်ပါ။ အာဂန္တုကိုယ်တော်တွေရောက်တုန်း နှုတ်ဆက်ဘို့ပါ။ စကားစမြီပြောကြတာတော့ ကြာခဲ့တယ်။ စကားဝိုင်း နှစ်ဝိုင်းခွဲရသေးတယ်။ ဒါတောင် နက်ဖြန်မနက် အရုဏ်ဆွမ်းကပ်မယ့် ဒါယကာနဲ့ ဒါယိကာမတို့က ထိုင်နားထောင်နေကြလို့။

ကျွန်တော် တစိတ်တပိုင်းသိတဲ့ ကျန်းမာရေး၊ နိုင်ငံရေးနဲ့ မြန်မာစာ။ ဘာသာရေးကိုတော့ နာယူခဲ့ပါတယ်။ ရေးရတာတို့ အင်တာဗျူးမှာဖြေရတာတို့နဲ့ ထိုင်စကားပြောရတာက တမျိုး။ အသံဖမ်းထားတာလည်းမရှိ၊ ကွန်မင့်လာစရာလည်းမရှိတော့ ပိုလွတ်လပ်တယ်။ အကျိုးရှိတယ်။

နားထောင်ကောင်းအောင် ပြောရတာတွေ၊ ဖတ်တဲ့သူ သဘောကျအောင် ရေးရတာတွေနဲ့ မတူတာမျိုးဟာ ပရိသတ် ရွေးရတယ်။ ပရိသတ်များတိုင်းတော့ အတည့်အမှန်မဖြစ်တတ်ပါ။ ကျွန်တော်ကလည်း မဲရဘို့မလို၊ ကိုယ်တော်တွေကလည်း ဆွမ်းကွမ်းအတွက် ဟောကြတာမဟုတ်ပါ။

ကျွန်တော်ကလှူ၊ ဘုန်းကြီးကမွေးမြူထားတဲ့ ညောင်ပင်လေး ရှင်သန်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

The Wiseman ဝိဓူရ

မနှစ်က သူရဦးရွှေမန်းက နှုတ်ဆက်မိန့်ခွန်းပြောတော့ လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်အချို့က မျက်ရည်ကျသတဲ့။ ဟိုတနေ့ကလည်း အမေရိကန်သမတ အိုဘားမား နှုတ်ဆက်မိန့်ခွန်းပြောတုန်းကလည်း သည်လိုပဲ။ အကောင်းသေးပေမဲ့ ကျွန်တော်လည်း နှုတ်ဆက်စကား ၄-၅-၆ ခါပြောခဲ့ရဘူးပါတယ်။ ကျွန်တော်ပြောရင် ပြောတဲ့သူက အသံတိမ်ဝင်ပါတယ်။

ဝိဓူရဦးချစ်မောင် မိန့်ခွန်းပြောခဲ့တာကို အမှတ်ရတယ်။ သခင်ချစ်မောင် (၁၉၁၅-၂ဝဝ၅) ဟာ (ဖဆပလ) ခေတ်မှာ (ပမညတ) ပါတီခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၁၉၆၂ မှာ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီးကို ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးကျင်းပတော့ (ပမညတ) ကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်းပြောရတယ်။ အဲဒီနေ့ဟာ ၁-၃-၁၉၆၂ ရက်နေ့ ဖြစ်လို့ ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းခင် တရက်အလိုမှာဖြစ်ပါတယ်။
ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရအမတ်ကြီးဟာ ကောရဗျမင်းကြီးရဲ့ ပညာရှိအမတ်ကြီးဖြစ်တယ်။ သူ့ဂုဏ်သတင်းဟာ ဘောဂဝတီနဂါးပြည်အထိရောက်တယ်။ နဂါးမင်းကြီးရဲ့မိဖုရားက ဝိဓူရအမတ်ကြီးရဲ့တရားကို နာယူလိုတာနဲ့ မိန်းမတို့ မာယာသုံးပြီး နဂါးမင်းကြီးကို ချဉ်းကပ်ပြီး၊ ဝိဓရအမတ်ကြီးရဲ့ နှလုံးသည်းပွတ်ကိုစားသုံးလိုကြောင်းလျှောက်ပါသတဲ့။

နဂါးမင်းကြီးရဲ့သမီးတော် နဂါးမင်းသမီးလေး ဣရန္ဓတီက သူရအောင်ယူပေးမယ်လို့ကတိပေးတယ်။ နတ်၊ ဂန္ဓဗ္ဗဘီလူး၊ နဂါး၊ ကိန္နရာနဲ့ လူပညာရှိတွေကြားအောင် ဝိဓုရရဲ့နှလုံးသည်းပွတ်ကို ဆောင်ယူပေးနိုင်သူကို သူ့ခင်ပွန်းအဖြစ် လက်ဆက်ပါမယ်လို့ ကြေညာလိုက်တယ်။ ပုဏ္ဏနတ်ဘီလူးက နဂါးမင်းသမီးလေးကိုသဘောကျပြီး သူရယူပေးမယ်လို့ ကတိပြုလိုက်တယ်။

ပုဏ္ဏကနတ်ဘီလူးက သိန္ဓောမြင်းကိုစီးပြီး ကောရဗျပြည်ကိုသွားတယ်။ ကြွေအံကစားဝါသနာကြီးလှတဲ့ ကောရဗျဘုရင်နဲ့ ကြွေအံကစားတယ်။ သူရှုံးရင် သိန္ဓောမြင်းနဲ့ အဖိုးထိုက်သည့် ပတ္တမြားကိုပေးမယ်။ သူအနိုင်ခဲ့ရင် ဝိဓူရသုခမိန်ကိုပေးလို့ လောင်းကြေးထပ်တယ်။ ကောရဗျဘုရင်ရှုံးလို့ ဝိဓူရကို ပေးလိုက်ရတယ်။
ပုဏ္ဏကဘီလူးက ဝိဓူရကို သိန္ဓောမြင်းမြီးကိုဆွဲခိုင်းပြီး နဂါးပြည်ကိုသွားတယ်။ လမ်းတလျှောက်လုံးမှာ ဝိဓူရကို အမျိုးမျိုး နှိပ်စက်ပြီးခေါ်သွားတယ်။ ဝိဓူရဟာ ဘီလူးကို သာဓုရနတရားဟောလို့ အသက်မသေပါ။ နဂါးပြည်ရောက်တော့ ဝိဓူရကနေ မင်းကျင့်တရား ဆယ်ပါး၊ တိုင်းသူပြည်သားတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မင်းမှုထမ်းတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဟောကြားပါတယ်။

အပြောအဟောကောင်းသူတွေကနေ ဒီဇာတ်တော်ကို ဇာတ်နာအောင် တန်းဆာဆင်ကြတယ်။ ဟိမဝန္တာတောင်တွေနဲ့ တိုက်ခံရတာစသဖြင့် ကြားတဲ့သူတွေငိုချင်လာအောင်ဖွဲ့ဆိုသီကုံးကြတယ်။ သခင်ချစ်မောင်ကလည်း ပါလီမာန်ထဲမှာ အပြောကောင်းလို့ သူ့မိန့်ခွန်းပြီးကတည်းက ဝိဓုရချစ်မောင်လို့ တွင်ခဲ့ပါတယ်။

၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဝိဓူရချစ်မောင်က ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာနေရာက ထမ်းပါ့မယ်၊ ခွေးကတက်မှာ နေရနေရဆိုပြီးပြောလို့ ခွေးကတက်လမ်းစဉ်ဆိုပြီး နာမည်တွင်ပြန်ပါတယ်။ ခေတ်သစ် ခွေးကတက်တွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
၂၉-၁-၂ဝ၁၇

Rabies ခွေးရူးပြန်ခြင်း

အသက် ၂၀၊ မ၊ အိမ်ထောင်ရှိ၊ ကလေးမရှိ၊ ကိုယ်ဝန်မရှိ၊ ရာသီမှန်၊ မနေ့ညနေကစဖြစ်တာပါဆရာ။ အိမ်က ခွေးလေးကို လမ်းဘေးက ရူးနေတဲ့ခွေးကကိုက်သွားပါတယ်ဆရာ။ ခွေးရူးကာကွယ်ဆေးတော့ လွန်ခဲ့တဲ့ ၃ လလောက်က ခွေးကို ထိုးပေးထားပါတယ်ဆရာ။ အိမ်ကခွေးက မနေ့ကလူကို ခြစ်မိသွားလို့ဆရာ။ ယနေ့ အခြစ်ခံရတဲ့လူ နေမကောင်းဖြစ်ပြီး သွားရေယိုနေပါတယ်ဆရာ။ အရင် ၃ နှစ်လောက်ကတော့ လူပါကာကွယ်ဆေးထိုးဘူးပါတယ်။ ခွေးရူးရောဂါ ဖြစ်နိုင်ပါသလားဆရာ။ ကာကွယ်ဆေးထပ်ထိုးသင့်ပါသလားဆရာ။ ဖြေကြားပေးပါဆရာ။

ခွေးရူးပြန်တာက ခွေးကိုက်ခံရပြီး အချိန်ဘယ်လောက်မှာ ရောဂါလက္ခဏာပေါ်ချိန်သလဲ။ မတူကြပါ။ ၃ ပတ်ကနေ ၈ ပတ် အဖြစ်များတယ်။ အစောဆုံး ၉ ရက်နဲ့ နှစ်တွေကြာမှဖြစ်တာလည်း ရှိခဲ့တယ်။

နောက်လေ့လာမှုတခုအရ ခွေးရုးကိုက်ခံရပြီး ရောဂါလက္ခဏာပေါ်ချိန်ဟာ ၃ဝ ရက်ကနေ ၆ဝ ရက်ဖြစ်တယ်။ ၁ဝ ရက် ကနေ နှစ်တွေကြာတဲ့အထိလည်း ဖြစ်နိုင်တယ်။

ရောဂါလက္ခဏာတွေကတော့ အကိုက်ခံရတဲ့နေရာမှာ နာမယ်။ ကျင်မယ်။ ယားမယ်။ ဖျားနိုင်တယ်။ ချမ်းမယ်။ အားကုန်နေမယ်။ ကြွက်သားတွေ ကိုက်ခဲမယ်။ နေမထိထိုင်မသာဖြစ်မယ်။ တုပ်ကွေးနဲ့ဆင်တယ်။

ခွေးရူးမှန်ရင် တကယ်ကိုနေမကောင်းထိုင်မသာဖြစ်တယ်။ စိတ်ရှုပ်ထွေးမယ်။ စိတ်တိုမယ်။ တက်မယ်။ သတိလစ်မယ်။ ရေသောက်ဖို့ မျိုချတာနဲ့ဆိုင်တဲ့ကြွက်သားတွေ ညှစ်လို့ တက်သလိုဖြစ်မယ်။ အချိန်ကြာလာတာနဲ့ ကိုယ်တခုလုံးကို သက်ရောက်လာမယ်။ အသက်ရှူခက်ခဲရာကနေ သေဆုံးတယ်။ ဆောရီး။

ခွေးရူးရောဂါဖြစ်နေတဲ့ခွေး (တခြားအကောင်တွေလည်းပါ) ဟာ အမူအယာ လုပ်ဆောင်တာတွေ ရူးနေသူလို့ဖြစ်မယ်။ ခါတိုင်းလုပ်နေတာမျိုးနဲ့ မတူတော့ပါ။ တောခွေးလို အရာရာဆန်းနေတယ်။ အရင်ကယဉ်နေတဲ့အကောင်းက ရန်မူမယ်။ တချို့အကောင်တွေက ယဉ်ပါးတာမျိုးလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

Translation မြန်မာစာလုံးပေါင်း

Hsu Myat ဆရာ မြန်မာစာ စာလုံးပေါင်းနဲ့ ပက်သက်တာလေး မေးချင်ပါတယ်။ card ဆိုတဲ့စကားလုံးက မြန်မာလို ကဒ် လား၊ ကတ် လားဆရာ။ ကတ်ပြားတို့  ကတ်ထူတို့က _တ် ဆိုတာသိသော်လည်း၊ _ဒ်က ဘယ်အချိန်မှာသုံးပါသလဲ။ အမှားကြီးလား ဆရာ။

အဲလို တခြားဘာသာစကားလုံးကို မြန်မာလိုပြန်တာမှာ စည်းကမ်းရယ်လို့ မရှိပါ။ ကပ်၊ ကတ် သုံးနိုင်ပါတယ်။ တချို့က သတ်ပုံစာအုပ်ထောက်ပြကြမယ်။ ကျွန်တော်ကတော့ အဲလိုတရားသေယူတာ မမှန်လို့ယူဆတယ်။ ကဒ်က ပိုမှန်တယ်။ တီ နဲ့ဆုံးတာကို တသတ်၊ ပီ သံနဲ့ဆုံးတာကို ပသတ်၊ ဒီ နဲ့ဆုံးတာကို ဒသတ်။

အီးမေးလို့ရေးတာလည်း သင့်တယ်။ အတိအကျက အီးမေးလ် ဖြစ်တယ်။ အာထွာဆောင်းလို့ရေးတာ လက်ခံတယ်။ အတိအကျဆိုရင် အာလ်ထွာဆောင်းဖြစ်တယ်။ အာထွာစောင်းဆို မှားတယ်။

တိုင်းပြည်၊ လူ၊ မြို့အမည်တွေကို ဘာသာပြန်ရာမှာလည်း ဝိဝါဒကွဲနေတယ်။ ဥပမာ အိန္ဒိယ၊ ပါကစ္စတန်၊ ကမ္ဘောဒီယား စတာတွေကို အစဉ်အဆက်သုံးနေကြလို့ ပြောရန်မရှိပါ။ တကယ်တန်းပြောရရင် စာလုံးအဆင့်တွေ မလိုအပ်ပါ။

မြန်မာ့စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း အခုမသုံးကြတော့ပါ။ ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ၊ ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား၊ ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား၊ ယန်ဆီမြစ် = ယန်စီမြစ်၊ ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို၊ ဗဲလဂျီယမ် = ဗယ်လဂျီယန်၊ ကွန်မျူနစ် = ကွန်မြူနစ်၊ တီဗီရောဂါ = တီဘီရောဂါ စသည်။

ရေဒီယို၊ ကား၊ ကော်ဖီ၊ တယ်လီဖုန်း၊ ဒေါက်တာ စတာတွေကတော့ အများစုက နားရှင်းပြီးဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသားတုန်းက ဂျီသြမေထရီလို့ရေးခဲ့တာ မှားတယ်ထင်လာတယ်။ ဂျော်မက်ထရီ (ဂျီအိုမက်ထရီ) ဖြစ်သင့်တယ်။ တူရကီ ကို တာရ်ကီ၊ ပေါ်တူကီ ကို ပေါ်တူဂယ်လ် လို့ကပိုသင့်တယ်။ အိုဘားမားကို အိုဗားမားလို့ရေးလည်း မှားတယ် ပြောမရပါ။ ဒေါ်နယ်ထရမ့်ကိုတော့ ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

Alphabet အက္ခရာ

မနှစ်ကဒီရက်လောက်မှာ သတင်းတခုဖတ်ရတယ်။ သူငယ်တန်းမြန်မာစာ သင်ပုန်းကြီးဖတ်စာသစ်မှာ ဗျည်း (၃၃) လုံး အစား (၈) လုံး ဖြုတ်ပြီး ဗျည်း (၂၅ ) လုံးဖြင့်သာ သင်ကြားမည့်အစီအစဉ်တဲ့။ အဘိဓာန်မှာ Alphabet = အက္ခရာ၊ ဗျည်းသရအက္ခရာလို့ ဘာသာပြန်တယ်။ ဗျည်း၊ သရ၊ အက္ခရာ၊ မတူကြပါ။

ဘာသာစာတခုတိုင်းမှာ အက္ခရာအရေအတွက် သတ်သတ်မှတ်မှတ်ရှိတယ်။ မြန်မာစာမှာ ရုရှားနဲ့အတူတူ (၃၃) လုံး ရှိတယ်။ အင်္ဂလိပ်စာမှာ ဂျာမန်နဲ့အတူတူ (၂၆) လုံးရှိတယ်။ ဟင်ဒီ (၁၁) လုံးရှိကြတယ်။ တရုပ်စာကို Characters သင်္ကေတစာလို့ခေါ်တယ်။ သုံးထောင်ကျော်ရှိတယ်။ ဂျပန်စာကလည်း နှစ်ထောင်ကျော်ရှိတယ်။ စပိန် (၂၉) လုံးလို့ ဖတ်ရပေမယ့် မနေ့က ကျောင်းမှာ စပိန်စကားပြောကျောင်းသူတွေကိုမေးတော့ (၂၇) လုံးတဲ့ ရေးပြတယ်။

ပညာရေးကို လက်တည့်စမ်းသူတွေလက်ချက်နဲ့ မြန်မာစာ ဒုက္ခိတဖြစ်ရတာ များလှပြီ။

မန္တလေးမှာ ဈေးချိုပျောက်ကွယ်လေမလား။ ဈေးဝယ်ကို ရှော့ပင်လို့ပဲ ပြောကြတော့မှာလား။ ဈေးပေါင်ကျိုးကို အရိုးရောဂါလားမေးကြမယ်။

ဈာပနကို အသုဘလို့မသိ၊ ဈာန်တရားမရ၊ ဈာန်ပျံမကြွ၊ မဇ္ဈိမဒေသ ဘုရားဖူးမသွားကြ၊ မဇ္ဈိမပဋိပဒါတရား ကျင့်ကြံဘို့ မလိုတော့တာလား။

ဃနာနို့ဆွမ်း ဘာမှန်းမသိ၊ သံဃာကို ဘယ်လိုပင့်မလဲ။ ဃရာဝါသအမှုကို တည့်တည့်ရေးကြတော့မှာလား။

ဥက္ကဋ္ဌမရှိ၊ ဒုဥက္ကဋ္ဌမသိ၊ ဋီကာကျော် ဋီကာချဲ့မရ၊ ပါဠိအနိစ္စရောက်သွားရ။ ဝေဠုဝန်ကျောင်းတော်ကြီ့း့

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇

Stamp glue ကော်သတိထား

မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းတွေထုတ်တာ အစပိုင်းမှာ ဘုရင့်ပုလ္လင်တော်၊ စေတီပုထိုး၊ နန်းတွင်းပဟိုစည်၊ မြန်မာဝတ်စုံနဲ့ပုံတွေ၊ ဗိုင်းငင်၊ ဆင်သစ်ဆွဲ၊ ကောက်စိုက်၊ လယ်ထွန်၊ ခြင်္သေ့ စတဲ့ပုံတွေပါတယ်။

ဂျပန်ခေတ်မှာက လယ်ထွန်နေတဲ့ပုံနဲ့ ဆိုရှယ်လစ်ခေတ်မှာတော့ ငှက်မျိုးစုံပုံတွေကို ထုတ်တယ်။ လူပုဂ္ဂိုလ်အနေနဲ့ကတော့ ကိုလိုနီခေတ်မှာ အင်္ဂလန် ဘုရင်-ဘုရင်မပုံတွေများတယ်။ လွတ်လပ်ရေးရတော့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ဖြစ်လာတယ်။ ဗခကနေဝင်းနဲ့ စစ်အစိုးရကတော့ လူပုံမထုတ်ပါ။

အရင်အစိုးရသက်တမ်းမကုန်ခင်မှာ တံဆိပ်ခေါင်းသစ်ထုတ်မယ်ဆိုတဲ့သတင်းအပေါ်မှာ ကျွန်တော့်အမြင် မကောင်းသတင်းနဲ့ကျော်ကြားတဲ့ တံဆိပ်ခေါင်းများပို့စ်တင်တော့ တယောက်က မှတ်ချက်ပေးပါတယ်။ တံတွေးဆွတ်ရတာပေါ့တဲ့။ ဒါနဲ့ ကျွန်တော်စိုးရိမ်တာလေးတခု ရေးလိုက်ပါတယ်။ စုံထောက်ဝတ္ထုတပုဒ် ဖတ်ဖူးတယ်။ တံဆိပ်ခေါင်းကော်မှာ အဆိပ်ထည့်ထားသတဲ့။ သူကပဲ ပြန်ပြောပါတယ်။ မျက်နှာဖက်မှာသာ တံတွေးဆွတ်မှာပါတဲ့။

ကော်သတိထားပါ။ အကပ်အရပ်သမား များလှတယ်။ ခေတ်တိုင်းမှာ အစုတစုရှိတတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅
၂၈-၁-၂ဝ၁၇

Wise Old Sayings ဆိုရိုးစကား မပယ်ရှားနဲ့

မနှစ်က ဒီရက်တွေမှာ အစိုးရဟောင်းနဲ့ အစိုးရသစ်အကြောင်း အတော်ပြောကောင်းနေကြတယ်။

မြန်မာစကားထဲမှာ လှေအဆင်း မြင်းအတက်လို့ရှိတယ်။ အတက်ကိုတော့ ပေါက်ပေါက်ရှာရှာပြောတတ်သူတွေက ပြောကြပါတယ်။ NLD က မလုပ်ပါလား၊ လုပ်ပြန်ပြီ။ ဘာမှမပြောပါလား၊ ပြောပြန်ပြီ။ (လူနာမည်တွေ မထည့်တော့ပါ။)

မြင်းကမလှုပ် ခုန်ကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုးဆိုတာနဲ့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုတာလည်း မြန်မာစကားအစစ်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇

Genital Herpes Antiviral Medicines လိင်လမ်းရေယုံဆေးများ

ဆရာခင်ဗျာ ကျွန်တော်သည် အသက် ၅၂ ရှိအမျိုးသားပါ။ ရေယုံလိင်အင်္ဂါရောဂါအတွက် ယခင်က acyclovir သောက်နေပြီးယခု valacyclovir ပြောင်းသောက်ပါသည်။ တလနင့် ၁ဝ ရက်ခန့်ကြာလျင် ပြန်ပေါ်လေ့ရှိပါသည်။ အမြဲသောက်နေရသည်မှာ ၃ နစ်ကျော်ပါပြီခင်ဗျာ။ ကြာလျင် ကျေက်ကပ်ပျက်စီးထိခိုက်နိင်ပါသလားခင်ဗျာ။ နောက်ထပ်ဘယ်နယ်နှစ်ခန့်အသက်ရှင်နေနိင်ပါသလဲ။ သက်သာစေသောတိုင်ရင်ဆေးများရှိပါသလားခင်ဗျာ။ လေးစားစွာဖြင့် အကူညီတောင်းခံအပ်ပါသည်။

ကျောက်ကပ်ကို စစ်ဆေးမှသာ သိပါမယ်။ ဗိုင်းရပ်စ်ဆေး ဘေးထွက်သက်ရောက်မှုတွေက မဆိုးလှပါ။ တိုင်းရင်းဆေးတွေကို မသိပါ။ မသင့်ပါ။ လိင်လမ်းရေယုံအတွက် အများဆုံး ဆေး (၃) မျိုးသုံးကြတယ်။
၁။ Acyclovir (Zovirax)
၂။ Famciclovir (Famvir) နဲ့
၃။ Valacyclovir (Valtrex) တွေဖြစ်တယ်။

အားလုံးက ထိရောက်ပါတယ်။ နံပါတ် (၁) ကို ပိုသုံးတယ်။ အစာလမ်းကစုပ်ယူတာချင်း မတူလို့ပါ။ ပါးစပ်ကသောက်ရတာ ပိုသုံးပြီး သွေးကြောထဲထိုးတာလဲရှိတယ်။ Acyclovir (Zovirax ointment) လိမ်းဆေးလဲရှိတယ်။ ထိရောက်မှု အသင့်အတင့်သာ ရှိတယ်။ စဖြစ်နေသူ၊ ပြန်ပြန်ဖြစ်နေသူ၊ ထပ်မဖြစ်စေချင်လို့ တားထားချင်သူတွေ သုံးနိုင်ကြတယ်။ ချက်ချင်းဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာလဲ သုံးနိုင်တယ်။ မွေးကာနီး နောက်ဆုံး ၂ လ မှာသုံးနိုင်တယ်။ ခုခံအားကျနေသူတွေလဲ သုံးနိုင်တယ်။

စဖြစ်ဖြစ်ချင်းကိုပေးရင် ဖြစ်တာသက်သာစေမယ်။ ပျောက်တာ မြန်စေမယ်။ ၅-၇ ရက် ပေးတယ်။ ခံစားရတာ သက်သာတဲ့အထိလဲပေးတယ်။ ပြန်ဖြစ်နေတာအတွက်လဲပေးတယ်။ တနှစ်အတွင်းမှာ ၆ ခါလောက်အထိ ပြန်ဖြစ်နေသူက တနေ့ ၁ ကြိမ်နှုန်းနဲ့သောက်နေနိုင်တယ်။ တလင်တမယားမှာလဲ နှိမ်ထားတဲ့သဘောနဲ့ တနေ့ ၁ ကြိမ်ဆက်သောက်နေနိုင်တယ်။

ကိုယ်ဝန်ဆောင်အတွက် Acyclovir သောက်ဆေးပေးတယ်။ စဖြစ်တာအတွက်ရော၊ ပြန်ဖြစ်လာတာအတွက်ပါ ပေးတယ်။ ကိုယ်ဝန် နုနု ရင့်ရင့်ပေးနိုင်တယ်။ သိပ်ဆိုးရင် သွေးကြောထဲထိုးပေးနိုင်တယ်။ မွေးဖွါးချိန်မှာ မွေးလမ်းမှာ Genital herpes blister or sore အနာရှိနေရင် ဗိုက်ခွဲမွေးပေးသင့်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ၄ ပါတ်ကြာဆေးသောက်ထားရင် ဗိုက်ခွဲရမဲ့ အခွင့်အလမ်းနည်းစေတယ်။ HIV ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Acyclovir ဘေးထွက်သက်ရောက်မှုတွေဟာ သာမန်သာရှိတယ်။ ဆေးဖြတ်တာနဲ့ သက်သာသွားမယ်။ မအီမသာဖြစ်၊ ခေါင်းကိုက်၊ ပျို့-အန်၊ ဝမ်းပျက်။ အစားပျက်၊ ဗိုက်အောင့်၊ ခြေ-လက်ရောင်။ စိတ်ကြမ်းတမ်း၊ စိတ်တို၊ သတိမေ့၊ စိတ်ရှုတ်ထွေး၊ ခေါင်းမူး၊ ကယောင်ခြောက်ခြား စတဲ့ အာရုံကြောစနစ်ဆိုင်ရာ အပြောင်းအလဲမျိုး ခပ်ရှားရှား ဖြစ်တတ်တယ်။ သွေးဖိအားကျနိုင်တယ်။ ဆေးလိမ်းရာနေရာမှာ ဆံပင်ကျွတ်၊ အရေပြားနီ၊ ယားယံ စတဲ့အရေပြား အပြောင်းအလဲတွေလဲ ဖြစ်တတ်တယ်။ သွေးအားနည်း၊ သွေးခဲခြင်း စတဲ့ သွေးအပြောင်းအလဲတွေလဲ ရှိတတ်တယ်။ အသဲအပြောင်းအလဲတွေလဲ တွေ့နိုင်တယ်။

Famciclovir ဘေးထွက်သက်ရောက်မှုတွေ = အားနည်း၊ စိတ်ရှုတ်၊ အစားပျက်၊ အန်၊ ရင်တုန်၊ ကိုယ်ရေင်၊ ဝမ်းပျက်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ ယား၊ ထုံ-ကျင်။

Valacyclovir ဘေးထွက်သက်ရောက်မှုတွေ = ကိုယ်ပူ၊ သွေးယို၊ အရေပြားအနီစက်၊ ဝမ်းထဲသွေးပါ၊ အန်၊ အသားဝါ၊ အားနည်း၊ အိပ်ချင်၊ ရေငတ်၊ အစားပျက်၊ ကိုယ်ရောင်၊ စိတ်ရှုတ်၊ စိတ်တို၊ အာရုံစူးစိုက်မရ၊ တက်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Signature Psychology လက်မှတ်စိတ္တဗေဒ

လူတယောက်ရဲ့လက်မှတ်ဟာ သူ့ရုပ်ပုံဖြစ်တယ်။ (စနက်ပ်ရှော့) ဖြစ်တယ်။ သူ့ (ဆယ်လ်ဖီ) ဖြစ်တယ်။ လက်မှတ်ပုံစံ၊ စာလုံးအကြီးအသေး၊ ထင်ထင်ရှားရှား၊ မထင်မရှား၊ ပြတ်ပြတ်သားသား၊ မှုံဝါးဝါး၊ အကောက် အဖြောင့် စတာတွေကို ကြည့်ပြီး လက်မှတ်ပိုင်ရှင်အကြောင်း မှန်းသိနိုင်တယ်။ အဆုံးမှာ အစက်အပျောက်ချတာ၊ အောက်မှာမျဉ်းဆွဲတာ၊ ဒေါင့်ကျတာ၊ အစဆုံးစာလုံးနဲ့ အဆုံးစာလုံးတွေကိုလည်း ကြည့်ရတယ်။ ရိုးသားမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ဖန်တီးနိုင်စွမ်း၊ စိတ်လှုပ်ရှားမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု စတာတွေကလည်း သိနိုင်တယ်။ သူ့အကြောင်းဆိုတာထက် သူကနေ သူများတွေကိုပြလိုတာလို့ပြောရင် ပိုမှန်တယ်။

လက်မှတ်အောက်မှာ မျဉ်းလေးတကြောင်းတည်းဆွဲသူမျိုးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်သူ။ အစဉ်အလာ ယုံကြည်စရာနဲ့ တန်ဘိုးထားမှုတွေကို လိုက်နာသူဖြစ်မယ်။ အဲဒီမျဉ်းက နည်းနည်းကောက်နေရင် သူများတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားချင်သူဖြစ်မယ်။ ဇစ်-ဇက်လိုဖြစ်ရင် သူ့အမူအယာ မသေချာတတ်သူဖြစ်မယ်။ ဇစ်-ဇက်ရှည်လေ အဲမသေချာမှု ကဲလေ။ ရှေ့သွားလိုက်နောက်ပြန်လိုက်ဆိုရင် စိတ်ရှုတ်ထွေးမှုရှိသူဖြစ်မယ်။ လှိုင်းလိုတွန့်နေရင် ဟာသသဘောရှိတဲ့သူ။

လက်မှတ်အရွယ်အစားဟာ သူများကသိစေလိုတာကိုညွှန်းတယ်။ သူ့ကိုသိစေချင်ရင် ကြီးကြီးထိုးတယ်။ မသိလည်း နေပါစေသမားက သေးသေးထိုးတယ်။ ကဲလွန်ရင် အဲဒီသဘောမျိုးက လွန်ကဲတယ်။ လက်မှတ်ကို ထင်းထင်းကြီးထိုးရင် သူ့ဆိုင်းဘုတ်ကို တင်နေသူမျိုးဖြစ်မယ်။ အစက်အပျောက်ချတဲ့သူဟာ သူများတွေနဲ့ မတူထူးလို့ပြဆိုတာ ဖြစ်တယ်။ မျဉ်းဆွဲတာမှာ လက်မှတ်ထိုးစာရွက်တောင် ကျော်သွားအောင်ဆွဲသူမျိုးဟာ ဖန်တီးတတ်သူဖြစ်မယ်။ ဉာဏ်လည်း သုံးတတ်သူဖြစ်မယ်။

မထိုးအပ်တဲ့ လက်မှတ်အမျိုးအစားများ
၁။ Strike-through signature လက်မှတ်ကို ဖြတ်မျဉ်းဆွဲခြင်း
ပုံပါလက်မှတ်ပိုင်ရှင်ဟာ သူ့ကိုသူသတ်သေသွားတဲ့မိန်းကလေးတယောက်ဖြစ်တယ်။ ၂ဝဝ၈ ခုတုံးက ဘုံဘေမှာပါ။

၂။ Camouflage signature ကိုယ်ဖျောက်လက်မှတ်
လက်မှတ်ကြည့်ရတာတော့ရှင်းတယ်။ ပဌမစာလုံးနဲ့ စက်ဝိုင်းပါတယ်။ ဆွဲနည်းကမမှန်ဘူး။ အဲတာက ပဌမစာလုံးကို ဖျောက်ထားတာ။ သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်ဘို့ကြိုးစားတယ်။ သူ့ကို ထိခိုက်လာမှာကို အလွန်စိုးရိမ်တယ်။ လူပေါင်းသိပ်မဆန့်ဘူး။

၃။ Small signature လက်မှတ်သေးသေး
ကိုယ်ကိုယ်ကိုယုံကြည်မှု နည်းတယ်။

၎။ Trace-back signature မျဉ်းနောက်ပြန်ဆွဲလက်မှတ်
အချိန်တော်တော်များများ သူတို့အတိတ်ထဲကနေထွက်မလာသူမျိုး။ စိတ်ထဲမှာ အတိတ်ကြောင်း ကောင်းကောင်းဆိုးဆိုး လွှမ်းမိုးနေတယ်။

၅။ Scribbled signature သုတ်သီးသုတ်ပြာ
အကွေ့တွေများတယ်။ ပြာလောင်ခတ်နေတတ်တယ်။ လက်ထက် စိတ်ကပိုမြန်နေတယ်။

လက်မှတ်ကပြောတဲ့ သူ့သမိုင်း
အမေရိကန်သမတ (ရစ်ချတ်နစ်ဆင်) ဟာ သမိုင်းတင်ခဲ့သူဖြစ်တယ်။ ၁၉၆၉ ကနေ ၁၉၇၄ အထိ အမေရိကန်သမတ ဖြစ်ခဲ့တယ်။ သူ့လက်ထက် ၁၉၇၃ မှာ ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်ခဲ့တယ်။ ရန်သူတော်တရုပ်ပြည်ကို ၁၉၇၂ မှာ အလည်သွားခဲ့တယ်။ သူ့လုပ်ရပ်အားလုံးထဲမှာ ပိုပြီးအမှတ်ထင်ထင် ကျန်ရစ်ခဲ့တာကတော့ ဝါးတာဂိတ် အရေးအခင်း ဖြစ်ပါတယ်။ ၁၇-၆-၁၉၇၂ ခုနှစ်တုံးက ဝါရှင်တန်ဒီစီမြို့တော်က ဒီမိုကရက်တစ်ပါတီ ရုံးချုပ်ထဲမှာ လူ (၅) ယောက် ခိုးဝင်တဲ့အမှုကနေ စတယ်။ နောက်ဆုံး ၉-၈-၁၉၇၄ နေ့မှာ သမတအဖြစ်ကနေ သက်တမ်း မကုန်သေးဘဲ နှုတ်ထွက်ပေးလိုက်ရတယ်။ ပုံပါ သူ့လက်မှတ်တွေကို နှိုင်းယှဉ်ကြည့်ရင် သူ့မှာစိတ်ဖိအားတွေ ဘယ်လို များများ လာခဲ့တယ်ဆိုတာကို ဖတ်နိုင်ပါမယ်။ သုတေသနလုပ်သူကတော့ ပြင်းပြင်းလာတယ်၊ ထိုင်းထိုင်းလာတယ်လို့ဆိုပါတယ်။

မြန်မာပြည်ကထွက်ခဲ့ပြီးတဲ့သမတတွေရဲ့လက်မှတ်တွေကို ဘယ်သူများသုတေသနလုပ်နိုင်မလည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇

Neonatal jaundice မွေးစကလေး အသားဝါခြင်း

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လည်းရပါတယ်။ ဆောရီး။

၁။ ဆရာဆွေရှင့် မွေးကင်းစကလေး အသားဝါခြင်း လက္ခဏာတွေအကြောင်း ပြောပြပေးပါနော်။ သမီးကလေးက မွေးပြီးမှာ မျက်လုံးမျက်သားက အဖြူမဟုတ်ပဲ ဝါနေပါတယ်။ ဆေးရုံကပြောတာကတော့ အသားဝါတာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်လို့ပါရှင်။ ပြီးတော့ ကလေးတွေက မွေးစမှစပြီး မည်သည့်ကာကွယ်ဆေးတွေ ထိုးရတယ်ဆိုတာကိုလည်း ပြောပြပေးပါဦးနော်။

၂။ ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါလို့ ဓါတ်ကင်တာကို တွေ့ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့်ကလေးမှာ အသားဝါ မပါအောင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။

၃။ မင်္ဂလာပါဆရာ။ ကလေးအသားဝါတာနဲ့ပတ်သတ်ပြီးသိချင်လို့ပါရှင်။ သမီး ၁၄ ရက်နေ့က သမီးလေးကို ရိုးရိုးမွေးခဲ့ပါတယ်။  သမီးကော အမျိုးသားပါ အိုသွေးပါ။ အိုသွေးသမားတွေက ကလေးမှာပိုပြီး အသားဝါကြတယ်လို့ ပြောကြပါတယ်ဆရာ။ မနေ့က သွေးစစ်တော့ အသားဝါအဆင့်က ၁၃  ပဲရှိပါတယ်ဆရာ။ ဒီနေ့တော့ ၂၃ ဖြစ်သွားလို့ ၆ နာရီကို မီးပြပြီး မသက်ရင်သွေးတွေလဲထုတ်ပစ်ကမယ်လို့ပြောပါတယ်ဆရာ။ ဘာကြောင့်အသားဝါတဲ့အဆင့်က ပိုတိုးလာတာရယ်။ သွေးလဲလိုက်ရင် ပိုကောင်းလာမလားဆိုတာရယ် ဖြေကြားပေးစေချင်ပါတယ်ဆရာ။ သမီးလေးကို ၈ ပေါင် ၅ အောင်စကို လေစုပ်စက်ကူပြီးမွေးခဲ့ပါတယ်ဆရာ။  အခုသမီးဆေးရုံမှာပါဆရာ ရိုသေလေးစားစွာဖြင့်။

၎။ လေးစားရပါသောဆရာရှင့်။ ကျမအသက် ၃၄ နှစ်ပါ။ သားဦးသားလေး ခွဲမွေးထားတာ တလပြည့်ပါပြီ၊၊ ၃ ရက်သားလေး တုန်းက အသားဝါချင်လို့  ၂ ၇က် မီးပြရပါတယ်၊၊ ခုကျန်းကျန်းမာမာနဲ့အိမ်ပြန်ရောက်ပါပြီ။ သားလေးမျက်နှာမှာ နည်းနည်း ဝါသလိုအရောင်လေးထွက်နေတယ် ပြီးတော့ မျက်လုံးကလဲ ဖြူဖြူ ကြည်ကြည်လေး မဖြစ်ဘဲ ဝါနောက်နောက်လေး ဖြစ်နေတယ်။ ကလေးဆရာဝန်နဲ့ပြတော့ ကိစ္စမရှိပါဘူး လို့ပြောတယ်။ ကလေးမျက်လုံးက အဲလိုဘဲလား၊ ဒါမှ မဟုတ် မီးပြလိုက်လို့ဖြစ်တာလား။ တကယ်ဘဲစိုးရိမ်စရာမလိုဘူးလားသိချင်တယ်ဆရာ။ ပြီးတော့ အဝါရောင်တွေကျန်နေတာ သဘာဝဘဲလားဆရာ။

အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိဓါတ်တွေ များနေလို့ဖြစ်တယ်။ လူတိုင်းမှာရှိတာပါဘဲ၊ ကလေးမှာများနေလို့။ ကလေးတိုင်း ၅ဝ-၆ဝ% က မွေးပြီး တပါတ်အတွင်းမှာ အသားဝါကြတယ်။ မွေးစကလေး အသားဝါတာကို ဆေးစာနဲ့ Neonatal jaundice ခေါ်တယ်။ သွေးစစ်ကြည့်ရင် Bilirubin level က 85 umol/l (5 mg/dL) ထက် များနေတာ ဖြစ်တယ်။ လူကြီးတွေမှာတော့ 34 umol/l (2 mg/dL) ဆိုရင် အသားဝါနေတယ်လို့ ပြောတယ်။

ဖြစ်စေတဲ့ အကြောင်းတွေက -
1. Increase bilirubin load on liver cells: အသည်း (ဆဲလ်) တွေမှာ (ဘီလီရူဘင်) များလာလို့၊
2. Defective hepatic uptake of bilirubin from blood plasma: သွေးထဲက (ဘီလီရူဘင်) တွေကို အသည်းကနေ လုံလောက်အောင် မယူနိုင်လို့၊
3. Defective billirubin conjugation: (ဘီလီရူဘင်) ကို အသည်းကနေ ပေါင်းစပ်ပေးမှုမှာ ချို့ယွင်းလို့၊
4. Defective bilirubin excretion (ဘီလီရူဘင်) တွေကို စွန့်ထုတ်ပြစ်တာ မနိုင်လို့ ဆိုတဲ့အကြောင်းတရားတွေကြောင့် အသားဝါရတယ်။

မွေးစကလေး အသားဝါတာ (၄) မျိုးရှိတယ်။
(၁) Physiological jaundice ဇီဝကမ္မဖြစ်စဉ်အရ ဖြစ်လာတာမျိုး၊ ဆေးကုစရာ မလိုပါ။ သန္ဓေသားဘဝက သွေးတွေကို အသစ်လဲရာကနေ သွေးနီဥတွေ ပျက်စီးတဲ့အခါ (ဟီမိုဂလိုဘင်) ထဲက (ဘီလီရူဘင်) တွေထွက်လာပြီး၊ သွေးထဲရောက်မယ်။ အသည်းမှာ ပြောင်းလဲမှုတွေလုပ်တယ်။ မလိုတာတွေ ဝမ်းထဲကနေ စွန့်ထုတ်တယ်။ အသည်းကနေ (ဘီလီရူဘင်) ကို နိုင်အောင် မရှင်းနိုင်သေးလို့ ၂-၃ ရက်ဆို ဝါလာမယ်။ ၁-၂ ပါတ်နေရင် ကောင်းသွားမယ်။

(၂) Blood group incompatibility (Rh or ABO problems) သွေးအုပ်စုမတည့်လို့ဖြစ်တာ၊ မိခင်သွေးက မတူရင် ကလေးရဲ့သွေးနီဥတွေကို ဖျက်ဆီးတာမျိုးဖြစ်စေတယ်။ အဲလိုဖြစ်ရင် ကလေးသွေးထဲမှာ (ဘီလီရူဘင်) တွေ များလာတယ်။ ဆိုးတယ်။ ၂၄ နာရီအတွင်းမှာ သိသာလာမယ်။ Rh ကြောင့်ဖြစ်တာအတွက် အခုခေတ်မှာ မိခင်ကို ကလေးမွေးပြီး ၇၂ နာရီအတွင်း RhoGAM ထိုးပေးတယ်။ နောက်ကလေးတွေအတွက် ကာကွယ်ပြီးသား ဖြစ်သွားမယ်။

(၃) Breast-feeding jaundice နို့ဗူးတိုက်လို့ဖြစ်တဲ့ အသားဝါ၊ ကလေးကို နို့လိုသလောက် မတိုက်ရင်ဖြစ်မယ်။ အဲဒါမျိုးက ၅-၁ဝ% ရှိတယ်။ မွေးကာစကလေးတွေမှာ လူကြီးတွေလို အူထဲမှာ (ဗက်တီးရီးယား) မရှိသေးဘူး။ လူကြီးတွေဆိုရင် ပိုးတွေကနေ Conjugated bilirubin ဆိုတာကို Stercobilinogen အဖြစ်ပြောင်းပေးမယ်။ နောက်ဆုံး Stercobilin အနေနဲ့ ဝမ်းထဲမှာ ပါသွားတယ်။ ကလေးငယ်လေးတွေမှာ အဲလိုဖြစ်မလာနိုင်သေးဘူး။

(၄) Breast-milk jaundice မိခင်နို့တိုက်ရာကနေဖြစ်တာ ၁-၂% ရှိတယ်။ ၄-၇ ရက်မှာပြတယ်။ ၃-၁ဝ ပါတ်အထိ ကြာတယ်။ အန္တရာယ် မရှိပါ။ တချို့ မိခင်တွေရဲ့နို့ထဲမှာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ဆိုင်တာ ပါနေတယ်။ ကလေးအူကနေ (ဘီလီရူဘင်) တွေကို ပြန်စုပ်ယူစေလို့ ဖြစ်ရတယ်။ နောက်ပြီး နို့ထဲမှာ Lipoprotein lipase ခေါ်တဲ့ (အင်ဇိုင်းမ်) ပါနေတယ်။ ဒါကနေ Bilirubin ဖြစ်စဉ်ကို ထိခိုက်စေတယ်။ ကလေးဝမ်းချုပ်ရင်လဲ ရှင်းထုတ်တာ နှေးလို့ ဖြစ်နိုင်တယ်။ ဗိုက်ထဲတုံးကတော့ အချင်းကတဆင့် စွန့်ထုတ်တာ လုပ်ပေးတယ်။

လမစေ့ဘဲမွေးတာနဲ့ ကိုယ်အလေးချိန် မပြည်တဲ့ကလေးတွေမှာ ပိုဖြစ်ကြရှာတယ်။ ကလေးအသားဝါရင် သွေးကို အချိန်တန်တိုင်း Bilirubin levels စစ်နေရမယ်။ သွေးထဲမှာ Unconjugated bilirubin ဆိုတဲ့ အသည်းကနေ ပေါင်းစပ်ပေးတာ မလုပ်ရသေးတဲ့ (ဘီလီရူဘင်) အမျိုးအစားတွေ များနေမယ်။ မွေးကာစကလေးတိုင်း ပဌမပါတ်မှာ 30 µmol/L (1.8 mg/dL) မက ရှိကြတယ်။ များနေတာကို Hyperbilirubinemia ခေါ်တယ်။ ကလေးကို ထိခိုက်စေနိုင်တယ်။ ဆေးကုဘို့လို-မလို ကလေးအထူးကု ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။

Pathological jaundice ဆေးကုစရာလိုတဲ့ အသားဝါဆိုတာ ၂၄-၄၈ နာရီအတွင်း တွေ့ရမယ်။ သွေးဆက်စစ်နေတဲ့အခါ -
- Total bilirubin က တနာရီမှာ 8.5 umol/l (0.5 mg/dL) ထက်များနေတာ၊
- Total bilirubin က ၂၄ နာရီမှာ (85 umol/l) 5 mg/dL ရှိနေတာ၊
- Total bilirubin 331.5 umol/l (19.5 mg/dL) မကရှိနေတာ၊
- Direct bilirubin 34 umol/l (2.0 mg/dL) မကရှိနေတာတွေဆိုရင် ဆေးကုရမယ်။

တခြားဖြစ်နိုင်ခြေတွေလဲ ထည့်တွက်ရမယ်။
- ဗိုက်ထဲမှာ ကလေးက ချို့ယွင်းချက် တခုခုရှိတာ။ ရောဂါပိုးဝင်တာ၊ Biliary atresia, PFIC, Bile duct paucity, Alagille's syndrome, Alpha 1 နဲ့ Cystic fibrosis or hepatitis အသည်းရောဂါရှိနေရင်၊
- Hemolytic anemia, polycythemia သွေးအားနည်းရောဂါတွေနဲ့ သွေးရောဂါတွေ၊ Abnormal RBC သွေးနီဥ ပုံစံမမှန်ရင်၊
- Cephalohematoma မွေးတုံးက ခက်ခဲလို့ ခေါင်းထဲမှာ သွေးခဲတာ ဖြစ်နေရင်၊
- Rubella ဂျာမန် ဝက်သက်၊ Syphilis (ဆစ်ဖလစ်) စတဲ့ကူးစက်ရောဂါတွေ၊
- မိသားစုထဲမှာလဲ အဲလိုမျိုးရှိဘူးတာ၊ မအေမှာ ဆီးချိုရှိနေရင်၊ (ဆာလ်ဖါ) ဆေး၊ ငှက်ဖျားဆေး၊ လိင်ဟော်မုန်းတွေနဲ့ စိတ်ရောဂါဆေးတွေ၊ (ကလေး ၂ လအောက်ကို (ဆာလ်ဖါ) ပါတဲ့ဆေး မပေးရပါ။)

ဆေးစစ်ရင်
- Complete blood count
- Coomb's test
- Reticulocyte count တွေကို စစ်ဆေးနိုင်တယ်။

မွေးစကလေးတွေမှာ အသားဝါတိုင်း စိုးရိမ်စရာမလိုပါ။ ဆေးကုစရာမလိုတာ များတယ်။ ၃ ရက်နေရင် စသိသာပြီး ၁၄-၁၅ ရက်နေရင် ပျောက်သွားတာတယ်။ မျက်နှာကစ သိသာတယ်။ နောက် ရင်ပတ်၊ ဗိုက်၊ ခြေ-လက်၊ အကုန်ပါဘဲ။ မျက်လုံးကို ကြည့်ရင် သိမယ်။ လက်နဲ့အသာလေးဖိပြီး စစ်ဆေးရင် ဝါတာကို ပိုမြင်သာတယ်။ ရေတိုက်တာနဲ့ နေရာင် ပြပေးတာနဲ့ လုံလောက်ကြတာ များတယ်။ ၂-၃ နာရီတခါ၊ တနေ့မှာ ၁၂ ကြိမ် နို့တိုက်ပါ။ တချို့အခြေအနေမှာ မိခင်နို့ကို အတိုက်မခိုင်းဘူး။ ရေခဏခဏတိုက်ပေးပါ။ ဝမ်းသွားများတာ ကောင်းတယ်။ လိုအပ်ရင် ဝမ်းခြူပေးပါ။

Phototherapy အလင်းရောင်ပေး ကုသနည်းကို အင်္ဂလန် Rochford Hospital ဆေးရုံကနေ စသုံးခဲ့တယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ပြုစုပေးတဲ့ သူနာပြုဆရာမကြီးကနေ စတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပါတဲ့ မီးချောင်းတွေ သုံးလာတယ်။ အပြာရောင်ကို အသုံးအများဆုံးဘဲ။ ကလေးမျက်စိကို ဖုံးထားရမယ်။ တနေ့မှာ ၁ဝ-၁၂ ကြိမ်၊ တခါလုပ်ရင် ၂-၃ နာရီကြာတယ်။ အလင်းရောင်ပေးကုသနေတုံးလဲ နို့တိုက်နိုင်တယ်။ တချို့ဆေးရုံတွေက ဒီအချိန်မှာ သွေးကြောထဲကနေ အဟာရဖြည့်တာသာ လုပ်ပေးတယ်။

သိပ်မဆိုးရင် အိမ်မှာတင် Biliblanket ကိုသုံးနိုင်တယ်။ Fiber optics နဲ့လုပ်ထားတယ်။ သဘာဝ နေရောင်ထဲက Ultraviolet light therapy ခရမ်းလွန်ရောင်ခြည်ကနေ မှဲ့ပေါက်မလား စိုးရိမ်ရတယ်။ Total serum bilirubin 428 umol/l (25 mg/dL) ထက် များတဲ့ကလေးကို Exchange transfusions သွေးလဲ ကုသပေးရတယ်။

ကလေးမှာ အသားဝါတာ သိပ်ကြာနေရင် Kernicterus ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အမေရိကားမှာ ကလေး နှစ်သိန်းရှိရင် Kernicterus ဖြစ်တဲ့ကလေး ၃ ယောက်ရှိတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ ကိုယ်ပူမယ်၊ တက်နိုင်တယ်။ ကလေးက တအားငိုမယ်။ အသည်းနဲ့ ဘေလုံးကြီးနေမယ်၊ သွေးခြည်ဥလေးတွေ တွေ့မယ်၊ ခေါင်း (ဦးနှောက်) ငယ်နေမယ်။ တချို့လေးတွေမှာ Cerebral palsy မျက်နှာလေဖြတ်တာ နဲ့ Deafness နားမကြားတာလဲ ဖြစ်နိုင်တယ်။

မွေးလာမယ့်ကလေး ဆေးကုရမဲ့ အသားဝါ မဖြစ်အောင် ကိုယ်ဝန်ဆောင်တိုင်း သွေးအုပ်စု နဲ့ Unusual antibodies တွေ့နေကျ မဟုတ်တဲ့ (အင်တီဘော်ဒီ) တွေ ရှိ-မရှိ စစ်ထားသင့်တယ်။ သွေးအုပ်စုက O+ ဖြစ်နေတာလဲ သတိထားရတယ်။ Rh negative ဖြစ်နေရင် ကလေးချက်ကြိုးကနေစစ်တာ လုပ်သင့်တယ်။

Dr. တင့်ဆွေ

Friday, January 27, 2017

Infertility Rates သားသမီးမရနိုင်ခြင်းနှုန်း

ကျွန်တော့်ဆီကို သားသမီးမရသေးလို့ မေးလာသူတွေ နေ့တိုင်း ၅ ယောက်ကနေ ၁ဝ ယောက်လောက်ရှိတယ်။ မြန်မာလူမျိုးတွေမှာ အဲလိုဖြစ်တာ ပိုများလာတာလား၊ အရင်ကထက်နည်းသလား သုတေသနနဲ့ လေ့လာဆန်းစစ်မှု မရှိသလောက်နည်းလို့ မသိပါ။ သူများတွေဆီမှာ ဘယ်လိုလဲ။

ယူအက်စ်အေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ ခုအတွင်း ကလေးမရတဲ့နှုန်းကျဆင်းလာပါသတဲ့။ ၁၉၈၂ ကနေ ၂ဝ၁ဝ အတွင်း အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အထိ အမျိုးသမီးတွေကို ဆန်းစစ်တာပါ။ အရင်က ၈့၅% ရှိခဲ့ရာကနေ ၆% အထိ ကျဆင်းလာတယ်။ ၂ဝဝ၆ ကနေ ၂ဝ၁ဝ အတွင်း အသက် ၃၅ နှစ်ကနေ ၄၄ နှစ်ကြားအမျိုးသမီးတွေကိုတွက်ချက်ရင် ၄၄% ကနေ ၂၇% အထိကျဆင်းပါတယ်။ ဒါပေမယ့် အဲဒီနှစ်တွေမှာ စုံတွဲတွေမှာ ၁၁% ကနေ ၁၂% တိုးလာတာ တွေ့ရတယ်။ ၂ဝဝ၂ တုန်းကဆို ၁၅% အထိမြင်ခဲ့တယ်။ အမျိုးသမီးအားလုံးကိုအခြေခံတွက်ရင် ၁၉၈၂ တုန်းက ၈့၎% ကနေ ၂ဝဝ၆-၂ဝ၁ဝ မှာ ၁၁% အထိတိုးတက်လာပါတယ်။

အသက်ရလေး ကလေးရဘို့ အခွင်အလမ်းနည်းလေ။ ၁၅ နှစ်ကနေ ၂၄ နှစ်ကြားမှာ ၁၁% က ကလေးရဘို့ခက်ကြပြီး ၄ဝ-၄၄ နှစ်ကြားဆိုရင် ၄၇% ကလေးရဘို့ခက်တယ်။

ကလေးမရနိုင်သေးသူစုံတွဲတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသမီးချို့ယွင်းချက်၊ ၃ ပုံ ၁ ပုံက အမျိုးသားအားနည်းချက်နဲ့ ကျန် ၃ ပုံ ၁ ပုံက အကြောင်းရှာမရပါ။ အသက် ၂၉ နဲ့ ၃၃ နှစ်ကြားအမျိုးသမီးတွေ ပုံမှန်မျိုးပွါးလမ်းစနစ်ရှိနေရင် ၂ဝ ကနေ ၂၅% သားသမီးရဘို့ အခွင့်အလမ်းရှိကြတယ်။ ၆ လတာကြိုးစားရင် တေးအကူမပါပဲ ၆ဝ% ကလေးရမယ်။ ၄၄% သော အမျိုးသမီးတွေက ကလေးရဘို့ ဆရာဝန်ပြကြတယ်။ ၆၅% အောင်မြင်သွားကြတယ်။ အကူအညီယူသူတွေ ၈၅-၉ဝ% ကို ဆေးဖြစ်ဖြစ် ခွဲစိတ်တာဖြစ်ဖြစ် လုပ်ပေးရတယ်။ (IVF) လုပ်ပေးရသူ ၃% ထက်နည်းတယ်။

မြန်မာအမျိုးသမီးတွေ ဘာကြောင့် သားသမီးရဘို့ ခက်ခဲကြသလဲ
မှန်းပြောရတာ သိပ်မကောင်းလှပါ။ ဆေးသိပ္ပံ စည်းလွတ်တယ်။ တနေ့က အိမ်နီးချင်းတိုင်းပြည်တခုက အမျိုးသမီး တယောက်နဲ့ စကားဆုံလို့ မေးဖြစ်တယ်။ သူက မြန်မာအမျိုးသမီးတွေ ထိုင်း-မလေးရှားစတဲ့ အနီးအနားတိုင်းပြည်တွေကို သွားလာ လုပ်ကိုင်နေတာ သိတယ်။ မြန်မာပြည်ကအမျိုးသမီးတွေမှာ စီးပွါးရေးနဲ့ လူမှုရေးအတွက် ဖိစီးမှုတွေများနေလို့ ထင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ကျွန်တော် ထပ်ဖြည့်ချင်တာက -
• ကိုယ်ဝန်တားနည်းအမျိုးမျိုးကို စနစ်တကျမသုံးနိုင်ကြာတာပါမယ်။
• လိင်ကတဆင့်ကူးစက်ရောဂါတွေက ဥပမာ အဖြူဆင်းတာလိုမျိုးက မဆိုးဝါးဘူးထင်ရပေမယ့် ရေရှည်မှာ မျိုးပွါးလမ်းမှာ ဖြစ်လိုက်ပျောက်လိုက်နဲ့ လမ်းကျဉ်းတာ ပိတ်တာတွေဖြစ်တယ်။
• အရေးပေါ်တာဆေးအကြောင်း မမေးတဲ့နေ့ဆိုတာ မရှိပါ။ ခဏခဏသုံးရင်ဘာဖြစ်မလဲ ဆေးသုတေသန နည်းတယ်။
• အသက် ၂၅-၃ဝ အထိ အိမ်ထောင်မပြုသေးရင် သားအိမ်အလုံးဖြစ်ခွင့်ပိုများတယ်။ ရာသီမမှန်သူတွေ ငယ်ငယ်ကြီးကြီး မျိုးဥအိမ်ကို စစ်ဆေးသင့်တယ်။ ရေအိတ်ရှိသူတွေ ခက်တယ်။
• တိုင်းရင်းဆေးတွေကိုလည်း အတော်သောက်ကြတယ်။ နေ့တိုင်းလိုလို ပြောကြတယ်။ အဲတာတွေထဲမှာ ဆေးဝါးဗေဒအရ ဘာတွေပါသလဲ ဆေးသုတေသန မရှိပါ။ ဟော်မုန်းတွေ ပါနေလို့သာ ရာသီဖြစ်စဉ်ကို သက်ရောက်စေတာဖြစ်တယ်။ ဟော်မုန်းဆိုတာ လူတိုင်းမှာရှိနေတယ်။ နေ့တိုင်း ပြောင်းလဲနေတယ်။ ဥပမာ တားဆေးတွေထဲမှာ ဟော်မုန်းပါတယ်။ သဘာဝ ဟော်မုန်းဆိုတာ အစားအသောက်တွေထဲမှာပါတယ်။ အော်ဂဲနစ်အစားအစာမဟုတ်တာတွေထဲမှာ ပါနိုင်တယ်။ တိုင်းရင်းဆေးတွေထဲမှာ ပါနိုင်တယ်။ အဲတော့ ဟော်မုန်းကမောက်ကမဖြစ်စေတယ်။ ဟော်မုန်းဆိုတာ ထိန်းညှိရတာ ခက်တယ်။ တယောက်နဲ့တယောက် ရှိနေပြီး ကိုယ်ပိုင်ဟော်မုန်း မတူကြပါ။
• ဆေးတခုကို တယောက်မှာ အဆင်ပြေနိုင်ပေမယ့် နောက်တယောက် အဆင်ပြေမယ်အာမခံလို့မရပါ။ ကြော်ငြာဆေးတွေက အမျိုးသမီးဆိုပြီးရော အပျို-အအို၊ ကိုယ်ဝန်-ကလေးအမေ၊ အသက်ငယ်-ကြီး အားလုံးအတွက် အကောင်းချည်းသာပြောရောင်းတယ်။ ဝယ်သောက်နေသူတွေ များမှများ။
• မြန်မာပြည်ကအမျိုးသမီးတွေကို သုတေသနလုပ်နိုင်ရင် အလွန်စိတ်ဝင်စားရာကောင်းတဲ့ ကောက်ချက်မှန်တွေ ရလာပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

The World Is Flat ကမ္ဘာကြီး ပြားသလား

အခုပဲ မဝယ်ဘဲရလာတယ်။ နာမည်ကြီး ကမ္ဘာကြီးပြားပြီစာအုပ်ကို စီဒီ (၇) ချပ်နဲ့ အသံထွက်ဖတ်ထားတာပါ။

မြန်မာပြည်မှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ စစ်အစိုးရတွေအထိ လက်ဝဲစာတွေသာရှိခဲ့တယ်။ (မဆလ) မြန်မာ့ ဆိုရှယ်လစ်ခေတ်မှာ သူတို့စာတွေချည်းသာရှိတယ်။ အဲလိုပိတ်ပင်ထားတာဟာ အသိပညာဖွံ့ဖြိုးမှုအတွက် မကောင်းပါ။ ခိုးဝှက်ဖတ်တဲ့သူတွေနဲ့ ကိုယ်ပိုင်စဉ်းစားသူတွေလည်းရှိခဲ့လို့သာ မြန်မာပြည်မှာ နလပိန်းတုံးတွေ မများတာပါ။

အနောက်နိုင်ငံတွေမှာတော့ လက်ဝဲအယူအဆနဲ့ ဆန့်ကျင်တာတွေသာဖတ်ကြတယ်။ ကမ္ဘာကြီးပြားပြီဆိုတဲ့ ၂၁ ရာစု သမိုင်းအကျဉ်းစာအုပ်မှာ (သောမတ်စ် အယ်လ် ဖရီးမင်း) က ကုန်သွယ်စီးပွါးလုပ်ရာမှာ လယ်ဗယ်တူရှိလာတာတယ်လို့ ဆိုပါတယ်။ နယူးယော့ခ်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၂ဝဝ၁ ခုနှစ် စက်တင်္ဘာ ၁၁ ရက်မှာ လေယာဉ်နှစ်စီးနဲ့ ဖျက်ဆီး ခံရတဲ့နောက်မှာ အီရတ်စစ်ကို အမေရိကန်တွေကဆင်နွှဲအပြီး၊ ၂ဝဝ၅ မှာစထုတ်ပါတယ်။

ကမ္ဘာ့သမိုင်းနိဂုံးနဲ့ နောက်ဆုံးလူသားစာအုပ်ထဲမှာ ၁၉၈၉ မှာ (ဖရန့်စစ် ဖူကူယားမား) က အနောက်တိုင်း လစ်ဘရယ် အယူအဆကနေ လူသားရဲ့ လူမှုယဉ်ကျေးမှုပြောင်းလဲဖြစ်စဉ်ကို အဆုံးသတ်စေတယ်လို့ ကောက်ချက်ဆွဲထားပြီး၊ ဒါဟာ နောက်ဆုံးပုံစံသာဖြစ်မယ်လို့ ထင်ကြေးပေးထားပါတယ်။ သူ့သုံးသပ်ချက်ဟာ (ကားလ် မတ်စ်) ရဲ့ အရင်းရှင်ဝါဒကို ကွန်မြူနစ်ဝါဒကနေ အစားထိုးမယ်ဆိုတဲ့သီအိုရီနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ (ကားလ်မတ်စ်) ကို ကိုးကားတာတွေလုပ်ပေမဲ့ (ဟေဂယ်) ပြောခဲ့တာတွေကို ပိုပြီးယူထားပါတယ်။

ယဉ်ကျးမှုတွေ ရင်ဆိုင်တွေ့ကြခြင်းကို (ဆယ်မြူရယ် ပီ ဟတ်တင်တန်) ကနေ ၁၉၉၂ မှာ လက်ချာပေးခဲ့တယ်။ သူက သူ့တပည့်ဟောင်းဖြစ်တဲ့ (ဖရန်ဆစ်စ် ဖူကူယားမား) ရဲ့ သမိုင်း၏နိဂုံးစာအုပ်ကို တုန့်ပြန်တဲ့အနေနဲ့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ မှာတော့ အကျယ်ချဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

လက်ဆပ်စ်နှင့် သံလွင်ပင်စာအုပ်ကို (သောမတ်စ် အယ်လ် ဖရီးမင်း) ကပဲ ၁၉၉၉ မှာ ထုတ်ဝေခဲ့တယ်။ ကနေ့ကမ္ဘာမှာ ကြိုးပမ်းမှုကြီးနှစ်ခု ပြိုင်ဖြစ်နေကြတယ်။ ကြီးပွါးချမ်းသာမှုနဲ့ ဖွံ့ဖြိုးမှုကို တိုယိုတာကုမ္ပဏီထုတ် နောက်ဆုံးပေါ် (လက်ဆပ်စ်) ကားနဲ့ ကိုယ်စားပြုထားတယ်။ ကိုယ်ပိုင်သင်္ကေတနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုတော့ သံလွင်ပင်က ကိုယ်စားပြုထားတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတခုမှာရှိတဲ့ (လက်ဆပ်စ်) မော်တော်ကားစက်ရုံကို ရောက်နေရင်း ဂျပန်စာ (ဆူရှီ) နေ့လည်စာ စားနေရင်းနဲ့ ဒီစိတ်ကူးအတွေကိုရခဲ့တာလို့ ဆိုပါတယ်။

လူငယ်လူရွယ်တွေ စာတွေလည်းဖတ်ကြပါ။ ကိုယ်ပိုင်သုံးသပ်မှုတွေလည်းလုပ်ကြပါ။ လက်ဝဲဖြစ်ဖြစ် လက်ဝဲမဟုတ်တာမှာ ဖြစ်ဖြစ် ဖတ်ကောင်းတဲ့စာအုပ်တွေထဲမှာတော့ နစ်မနေကြပါနဲ့။ လူတိုင်း လက်နှစ်ဖက်စီနဲ့ မွေးလာကြတယ်။ တချို့အတွက် စာအုပ်တွေဟာ မျက်မှန်တပ်လိုက်တာနဲ့ တူနေတယ်။ နေ့ခင်းလည်းအဲတာနဲ့ ညအိပ်လည်း ချွတ်မထားကြပါ။ ကိုယ်ပိုင်ဦးနှောက် သုံးကြစေချင်တယ်။

အမေရိကန်သမတသစ်နောက်မှာ စာအုပ်သစ်တွေ ထွက်စရာရှိလာပါမယ်။ အပြားကြီး မဟုတ်ပါ။ အချွန်အတက်တွေနဲ့လို့ ရေးချင်လာတယ်။ မေးခိုင်ကာကွယ်ဆေး ထိုးထားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇

A Gift For You ကနေ့ရောက်လာတဲ့ လက်ဆောင်

တနေ့က အိမ်မှာ အင်တာနက်အခက်အခဲကို ညီးတွားသလိုရေးမိလို့ ဆမ်ဆောင် ဂယ်လက်ဇီ တက်ဘလက်တခုကို အဝေးကြီးမှာနေတဲ့ သူငယ်ချင်းတယောက်ကနေ အယ်မဇုန် ကတဆင့်ပို့ပေးတာ အခုပဲရတယ်။

နာရီပိုင်းလောက်ကလည်း ကျွန်တော့် အင်တာနက် ဘီလ် တနှစ်စာ ကူညီချင်တဲ့ မြန်မာပြည်ကနေ ဒီတိုင်းပြည် တခြား ပြည်နယ်တခုမှာနေတဲ့ ကျန်းမာရေးမေးခွန်းတောင် မမေးဘူးတဲ့ ဇနီးခင်ပွန်းတို့က ကျွန်တော့်လိပ်စာတောင်းပါတယ်။

ကျွန်တော့် နိုင်ငံရေးကြောင့် ပြည်ပရောက်သွားတဲ့အခါ တခါမှမမြင်ဘူး မတွေ့ဘူးသူတွေ၊ ခပ်ဝေးဝေးသာနေခဲ့တဲ့ အမျိုးတွေ၊ ခပ်စိမ်းစိမ်းမိတ်ဆွေတွေက ဒုက္ခတွေရောက်နေတဲ့ ကျန်ရစ်တဲ့မိသားစုအတွက် အကောင်းဆုံး စောင့်ရှောက် ကူညီကြသူတွေ ဖြစ်လာခဲ့ပါတယ်။

ထပ်တူထပ်မျှ ဝမ်းမြောက်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇

Exhibit သက်သေခံပစ္စည်းတခု

 မြန်မာနိုင်ငံတော်သမိုင်း၊ ဗိုလ်မှူးဘရှင်

ထိုမှတပါးလည်း = ထိုမှတစ်ပါးလည်း မဟုတ်။
စော်ဘွားတပါး = စော်ဘွားတစ်ပါး မဟုတ်။
ပေါ်တူဂီသင်္ဘောတစီး = ပေါ်တူဂီသင်္ဘောတစ်စီး မဟုတ်။
အဖွဲ့တခုကို = အဖွဲ့တစ်ခုကို မဟုတ်။

မြန်မာစာသတ်ပုံကို ယူနီဖောင်းဝတ်မပေးခင်က ထုတ်တဲ့စာအုပ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇
Photo from Zaw Min-Oo

Potatoes အာလူးဝယ်ခိုင်းသူ

မေးခွန်းတွေမှာ ရင်ပတ်တွေအောင့်တယ်၊ ညာဖက်ဗိုက်မှာ၊ ဘယ်ဖက်ခေါင်းမှာ၊ စသဖြင့်ရေးကြတယ်။ လူတိုင်းမှာ ရင်ပတ်တခုတည်း၊ ဗိုက်တခုတည်း၊ ခေါင်းတလုံးတည်းသာရှိကြတယ် မဟုတ်ပါလား။

ဗိုက်နာလို့ မေးရင်တော့ ဗိုက်ဘယ်ဖက်ခြမ်း၊ ဗိုက်ညာဖက်ခြမ်း၊ ဗိုက်အထက်အောက်ဆိုတာ ထည့်မရေးကြပြန်ပါ။

ကျွန်တော်က မေးခွန်းတိကျမှ ဖြေတတ်တယ်။ အမေ့ဖက်က ဦးကြီးတယောက်ရှိတယ်။ ရဲအရာရှိတဦး။ သူ့တပည့်တွေကို ဈေးဝယ်ခိုင်းရင် တိတိကျကျမှာတယ်။ အာလူးအရွယ်အစားကို ကြိုးလေးတချောင်းပေးပြီး ဒီလောက်အရွယ် ဝယ်ခဲ့ခိုင်းတယ်။ သူ့ကို ဗိုလ်ကြိုးတိုင်းလို့ ကွယ်ရာမှာ ခေါ်ကြသတဲ့။ ကျွန်တော်ကွယ်ရာမှာ ဘယ်လိုခေါ်ကြလဲ မသိ။ Smile!

တချို့ကလည်း နောက်နဲ့ အနောက်၊ ရှေ့နဲ့ အရှေ့ကို မကွဲပြားကြ။ စာတပုဒ် ရေးထားရတယ်။

အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား https://doctortintswe.blogspot.com/2017/07/blog-post_93.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇
၂၇-၁-၂ဝ၁၈

Change of colors အရောင်တို့၏အပြောင်းလဲများ

၂ဝ၁၅ ရွေးကောက်ပွဲကနေ အရောင်ဖွင့်ဆိုချက်တွေ ပြောင်းသွားလာတယ်။ အစဉ်အလာ အနီရောင်ဆိုတာ လက်ဝဲ (ကွန်မြူနစ်၊ ဆိုရှယ်လစ်) ပဲ သတ်မှတ်ထားခဲ့တယ်။ အခုတော့ NLD ကို အနီရောင်တဲ့။

မင်းတုန်းမင်းလက်ထက်မှာ ဘုန်းတော်ကြီးတွေ သုဓမ္မာနဲ့ ရွှေကျင်ဂိုဏ်း သင်္ကန်းရောင် အနုနဲ့ အရင့် ကွဲပြားသွားခဲ့တယ်။ သင်္ကန်းရောင်ဆိုရင်လည်း ဘုန်းကြီးပဲမှတ်ထားတာ ဒေလီမှာ မကုလားမတွေဝတ်တဲ့ဆာရီရောင်က သင်္ကန်းရောင်နဲ့ ဆင်နေလို့ အတော်အမြင်ကပ်တယ်။

အစိမ်းရောင်က ဂေဟစနစ်။ အခုတော့ မောဟဖြစ်သွားပြီ။ ၂ဝ၁ဝ လွှတ်တော်မှာ တိုက်ပုံအဖြူရောင်လွှမ်းမိုးခဲ့ပြီး ၂ဝ၁၆ လွှတ်တော်မှာ ပင်နီရောင်ကလွှမ်းမိုးလာတယ်။

အခုတခါ ယူအက်စ်အေမှာ အရောင်ပြောင်းတခုဖြစ်လာပါတယ်။ သမတသစ်က ဂေဟစနစ်ကို ဒေါ်လာလောက် ဂရုမစိုက်တော့ပါ။ အဲတာ လောဘ။ သူ့ကို နာမည်ပေးချင်တယ်။ ကျောက်မီးသွေးရောင်လို့။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
၂၇-၁-၂ဝ၁၇

Cervical stenosis သားအိမ်အဝလမ်းကျဉ်းနေခြင်း

ဆရာ ကျွန်မ အသက် ၃၅ နှစ်ပါ။ ကလေးလိုချင်လို့ အမျိုးသားအဝေးကပြန်လာချိန်ကြိုးစားတာ အဆင်မပြေပါ။ HSG စစ်တာ စစ်မရလို့ပဲသိရပါတယ်။ ရှင်းပြပေးပါရှင်။ ကျေးဇူးတင်ပါတယ်။

သားအိမ်အဝ အတွင်းပေါက် ပိတ် (သို့) ကျဉ်းနေ။ အဲတာကို အိုဂျီက ဘာလုပ်ပေးမလဲ မသိပါ။

အဲ့လိုဖြစ်ရင် ကုသပြီး ကလေးရနိုင်ပါသလားဆရာ။

ဆရာ ကျွန်မ ကလေးရနိုင်ဖို့ မျှော်လင့်ချက်မရှိဘူးလားရှင့်။

ဆရာကတော့ ပြောမရ။

IUI လုပ်ရင်ရော ရနိုင်မလား ဆရာ။

သာအိမ်အဝလမ်းကျဉ်းနေတယ်ဆိုတာ တချို့မှာဖြစ်တယ်။ သားအိမ်ဝ (တချို့က သားအိမ်ခေါင်းလို့ခေါ်ကြတယ်) သားအိမ်လည်ပင်းလို့ပြောတာက ပိုနီးစပ်တယ်။ အပေါက်ရှိတယ်။ အတွင်းဖက်ပေါက်နဲ့ အပြင်ပေါက်လို့ ရှိတယ်။ မေးတဲ့သူမှာ အတွင်းပေါက်ကျဉ်းနေတယ်လို့ထင်တယ်။ တစိတ်တပိုင်းသာကျဉ်းတာဖြစ်တယ်။ တချို့က လုံးလုံး ပိတ်နေတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တယ်။ သွေးမဆုံးခင်မှာ ပိုးဝင်လို့ အနာကျက်ဖြစ်စဉ်အရ ထူထဲရာကနေ လမ်းကျဉ်းမယ်။ တခါတလေ သွေးဆင်းမယ်။ နာမယ်။ ပိတ်မယ်။

တချို့မှာ မွေးရာပါဖြစ်တယ်။ colposcopy, cone biopsy, or a cryosurgery procedure ခေါ် သားအိမ်ဝကို ပစည်းကရိယာတွေသုံးပြီး စစ်ဆေးစမ်းသပ်မှုတွေကြောင့်လည်း ကျဉ်းနိုင်တယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်းဖြစ်နိုင်တယ်။ မွေးလမ်းကြောင်း မကြာခဏပိုးဝင်လို့လည်းဖြစ်နိုင်တယ်။ သွေးဆုံးခြင်း၊ သားအိမ်ဝကင်ဆာနဲ့ ဓါတ်ကင်ရခြင်းတွေကနေလည်း ဖြစ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ချဲ့ပေးနည်းလုပ်နိုင်တယ်။ ကလေးမွေးလို့ ကျယ်လာနိုင်တယ်။ အမာရွတ်ကြောင့်ဖြစ်တာကို လေဆာနဲ့ပြုပြင်နိုင်တယ်။ hysteroscopic shaving of the cervical tissue နည်းဆိုတာလည်းရှိတယ်။

အဲလိုဖြစ်သူတွေ Endometriosis ခေါ်သားအိမ်ရောဂါဖြစ်နိုင်တယ်။ ကလေးမရဖြစ်နိုင်တယ်။ Intrauterine insemination (IUI) နည်းနဲ့ in vitro fertilization (IVF) နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇

Darkened armpits ချိုင်းမည်းနေလို့ပါရှင့်

ဆရာရေ ကျမဂျိုင်းအမဲကွက်လေးကိစ္စဖြေပေးပါအုံးလားဆရာ။ ကျမအထင်တော့ တနေ့ကျမ ပွဲတခုတက်ရမယ်နေ့မှာ ဝတ်မဲ့ဂါဝန်က ဂျိုင်းပြတ်ဖြစ်နေတော့ မရိုသေ ဂျိုင်းမွေးနှုတ်ဖို့လည်း အချိန်မရအင်္ကျီကလည်းဝတ်ပြီးနေတော့ အလွယ်ပဲ တခါမှမသုံးဖူးတဲ့ အမျိုးသားသုံးတဲ့ အမွေးချွတ်ဆေးသုံးပြီး ချွတ်မိပါတယ်။ ပြီးရင် ရေဆေးချရမယ်လို့ ပါတာကိုမဖတ်မိပဲ ရေဆွတ်ထားတဲ့ အဝတ်နဲ့ပဲ သုံးလေးကြိမ် သုတ်ပြီးသွားလိုက်တာ ခပ်စပ်စပ်ကျန်ပေမဲ့ ဘာမှမဖြစ်ခဲ့ပါ။ နောက်တလ ကြာမှသာ အမဲကွက်ပေါ်လာပြီး နောက်ထပ် အမဲကွက်လေးများထပ်ပေါ်လာတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း ထောပတ်သီး၊ တစောင်းလက်ပါတ်နဲ့ပွတ်ပါတယ်။ ချွေးနံ့မနံအောင်လိမ်းရသောဆေးများ အားလုံးလည်း ဖြတ်ထားပါတယ်ဆရာ။ ဆရာဝန်ဆီထိတော့မသွားဖြစ်သေးပါ။ ခုထိတော့ မယားပါမစပ်ပါ။ ဒီနိင်ငံမှာ ဥတုအေးနေသေးတယ်ဆရာ။ ဒီမှာကဆရာဝန်က နိင်ငံစုံကဆရာဝန်ဆိုတော့ ဘယ်သူကောင်းမှန်းလည်းမသိလိုပါဆရာ။ စုံစမ်းဖို့ကလည်းခက်လို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

ဘာလို့ချင်းနေရာမှာ ကွက်ပြီးမည်းရသလည်း
၁။ ချိုင်းမွေးရိတ်ခြင်း
၂။ သေသွားတဲ့ဆဲလ်တွေစုဝေးလာခြင်း
၃။ ချိုင်းနံ့ပျောက်ဆေးတွေနဲ့အဆင်မသင့်ခြင်း
၎။ Acanthosis nigricans ရောဂါရှိနေခြင်း
၅။ Hyper-pigmentation ရောဂါရှိနေခြင်း။

ဘယ်လိုသက်သာပျောက်ကင်းအောင်လုပ်မလည်း
1. Potato အာလူးရည်ကို ၁၅-၂ဝ မိနစ်ကြာလိမ်းထားပြီးမှ ရေခပ်နွေးနွေးနဲ့ဆေးပါ။
2. Cucumber သခွါးသီးနဲ့ တနေ့ ၂ ကြိမ်ပွတ်ပေးပါ။ တနည်း အရည်ကို သံပုရာရည်နဲ့ရောလိမ်းပါ။
3. Lemon သံပရာရည် ၁ဝ မိန်စကြာလိမ်းထားပါ။ ဆေးပြစ်ပါ။ တနည်း သကြားနည်းနည်းလေးထည့်လိမ်းပါ။
4. Baking Soda ဆော်ဒါကို ရေနဲ့ဖျော်လိမ်းပါ။
5. Orange Peel လိမ်မော်ခွံအခြောက်ကို အမှုံ့လုပ်ပြီး ဇွန်းအသေး ၂ ဇွန်း + ရေ (နှင်းဆီရေ) ဒါမှမဟုတ် နွားနို့နဲ့ရော လိမ်းပါ။ ၁ဝ-၁၅ မိနစ်ကြာရင် ဆေးပါ။
6. Coconut Oil အုန်းဆီကို ၁ဝ-၁၅ မိန်စကြာလိမ်းပြီး ဆေးပါ။

တခြားနည်းတွေ
1. Egg oil ကြက်ဥဆီ၊
2. Moisturize ရေငွေ့ပါဆေး၊
3. Exfoliate သုံးနည်း၊
4. Sugar သကြား၊
5. Pumice stone ကျောက်တုံးသုံးနည်း၊
6. Milk နွားနို့၊
7. Vinegar ဗနီဂါ (ရှာလကာရည်)၊
8. Skip shaving and start waxing ချိုင်းမွေးကိုမနှုတ်ပဲ ဖယောင်းသုံးနည်း (စာတပုဒ်ရေးထားပါတယ်။)
9. Skip deodorants ချိုင်းနံ့ပျောက်ဆေးမသုံးတော့ခြင်း။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
၂၇-၁-၂ဝ၁၇
၂၇-၁-၂ဝ၁၈

SWE

ဒီမှာ ညကတည်းက နှင်းတွေကျပြန်ပြီ။ နေ့ခင်းမှာ အတော်အေးခဲ့တယ်။ လေကလေးဝှေ့လိုက်ရင် အခံရခက်အောင် အေးတာ။ မနက်ထ ပြူတင်းပေါက်ဖွင့်ကြည့်တော့ အပြင်မှာ ဖွေးနေပြီ။ လေထဲမှာ နှင်းဖတ်တွေဆက်ကျနေတယ်။

မြေးနံပတ်တစ်က အလုပ်ကပေးတဲ့အင်္ကျီနောက်ကျောမှာ ရေးထားသတဲ့။ ဆွေစာလုံးကို ဂုဏ်ယူတယ်လို့ သူ့ပို့စ်မှာ ရေးထာတယ်။ သူက မြန်မာလိုမရေးတတ်ပါ။ ခုတလော သူကသဘောတွေကောင်းနေတယ်။ မနေ့က ကျောင်းကို သူမောင်းပို့တယ်။ ညစာ သူဝယ်လာတဲ့ ဟမ်းဘာဂါစားလိုက်ရတယ်။

ကလေးတွေကို ပြုစုပျိုးထောင်ရတာ သွန်သင်ဆုံးမရတာများလှပြီ။ ပင်ကိုစရိုက်လေးတွေက တမျိုးစီ။ ကောင်းတာလုပ်လုပ် ဘာလုပ်လုပ် ဆွေနာမည်ကပ်ပါနေမယ်။ လူသာသေ နာမည်မသေဆိုတာ အကောင်းအတွက်ရော အဆိုးအတွက်ပါ မှန်တယ်။ မိသားစုတိုင်းအတွက်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇

Concise History ခေတ်သမိုင်းသံခိပ်

ချုပ်ကြီး = ရှေ့နေချုပ်လာ ဖွဲ့စည်းပုံရေးစမ်း။ သုံးချက်ပဲကွာ။ ငါလုပ်ထားတာတွေကို နောက်ကြောင်းပြန်တရားစွဲမရ။ သူ့ကို သမတလုပ်မရအောင်ကန့်။ အခုရေးတာကို ပြင်မရအောင်လုပ်။ အဲတာတွေကို ညောင်နှစ်ပင်ပို့လိုက်။

သံတော်ဦးတင်သူ = မုန်တိုင်းကြီးလာမယ်တဲ့။
ချုပ်ကြီး = ငါ့အိမ်မပါရင် ထားလိုက်။ လုပ်စရာတွေရှိတယ်။

သံတော်ဦးတင်သူ =နာဂစ်မှာ လူတွေအတော်သေနေပြီ။ နိုင်ငံတကာက ကူညီချင်နေပါတယ်။
ချုပ်ကြီး = ဘယ်သူ့မှလက်မခံနဲ့။ အမေရိကန်ကို အနားမကပ်စေနဲ့။

သံတော်ဦးတင်သူ = တရုပ်မုန်တိုင်းမှာ သမတကိုယ်တိုင်သွားကူတယ်။ အမေရိကန်ကူတာလည်း လက်ခံတယ်။ အိန္ဒိယကလည်းကူချင်သတဲ့။
ချုပ်ကြီး = အမေရိကန်လည်း နည်းနည်းကူပါစေ။ အိန္ဒိယက စစ်ယူနီဖေါင်းဝတ်ဆရာဝန်သာလာပါစေ။ ငါ ဧရာဝတီ သွားမယ်။ လူတွေကို ငါ့ကိုရှိခိုးခိုင်း။ ဆန္ဒခံယူပွဲသာ စီစဉ်ထားတဲ့အတိုင်းလုပ်ကြ။

သတင်းတခု = ၁ဝ-၅-၂ဝဝ၈ နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ။ မဲပေးသူပေါင်း ၂၄,၇၆၄,၁၂၄ ဦး၊ ထောက်ခံမဲပေးသူ = ၉၃့၈၂%။

ချုပ်ကြီး = မင်းက သမတလုပ်။ မင်းတို့က လွှတ်တော်ကိုအုပ်။ မင်းကပါတီမှာနေ။ မင်းကော်မရှင်။ မင်းကို တပ်ချုပ် ထားမယ်။ ဟာ မင့်ကို မကြိုက်တော့ဘူး ဂျောင်း။ ဟိုနောက်တယောက်လုပ်။ လိုအပ်ရင် ၅ နှစ်ပြန်ခေါ်ခွင့်ရှိတယ်လို့ ထုတ်ထား။ အေး ငါနားအုံးမယ်။

ကွန်မင့်တခု = မဲဆန္ဒရှင် 22,496,660 ဦး၊ ထောက်ခံမဲပေးသူ 20,786,596 ဦး၊ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ 22,708,434 ဦး၊ ထောက်ခံသည့် ရာခိုင်နှုန်း 92.48 ရာနှုန်းလို့တွေ့မိတယ်ဆရာ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅
၂၇-၁-၂ဝ၁၇

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ