The Death of a Language မြန်မာစာလှုပ်ရှားမှု လိုအပ်နေ

မြန်မာစာ၊ မြန်မာစကားကို အမှန်ရေးတတ်၊ ပြောတတ်အောင် လုပ်ကြဖို့လိုနေပါတယ်။ တိုးတက်အောင် မလုပ်နိုင်သေးရင်တောင်မှ သွက်သွက်ခါအောင် မှားနေတာတွေကို ပြုပြင်နိုင်အောင်နဲ့ ပိုမဆိုးစေအောင်လုပ်ဖို့ လိုအပ်နေပါပြီ။ ဖေ့စ်ဘွတ်လိုနေရာတွေမှာ ဖုန်းပေါ်ကနေလွယ်သလိုရေးကြတာက သိပ်မဆိုးလှပေမဲ့ ပုံနှိပ်ထုတ်ဝေတာ၊ ဗိုင်းနယ်လ် (ဗီနိုင်း မဟုတ်) ပေါ်မှာရေးတာ၊ ဆိုင်းဘုတ်မှာရေးတာတွေက သိသိသာသာဆိုးလှတယ်။

ကျွန်တော်တို့တတွေ ဒေလီမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အနှစ်နှစ်ဆယ်ကျော် လုပ်ခဲ့ကြတုံးက ပိုစတာ ပလေကပ်တွေမှာ ကြွေးကြော်သံတွေကို အင်္ဂလိပ်လိုရေးကြရတယ်။ စာလုံးပေါင်းမှားနေရင် သတင်းထောက်တွေက ဓါတ်ပုံရိုက်ယူတတ်တယ်။ မြန်မာလိုဆိုင်းဘုတ်တွေမှာ တလွဲရေးထားတာတွေ့ရင် ဓါတ်ပုံရိုက်ပြီး တင်ကြစေချင်ပါတယ်။ အများစုက မှားလို့မှားမှန်မသိ တင်နေကြတယ်။ မှားရေးထားတာကို အပြစ်တင်ဘို့ဆိုတာထက် အမှန်ပြင်စေချင်တဲ့ စေတနာနဲ့သာ လုပ်သင့်ပါတယ်။

ဥပမာလေးတွေ ပေးပါရစေ။ အာထွာစောင်း မှားတယ်။ အက်ထွာဆောင်း မှားတယ်။ အာထွာဆောင်း မှန်တယ်။ ကာလာသားချက် မှားတယ်။ ကာလသားချက်၊ ကာလသားရောဂါလို့ ရေးရတယ်။ မွန်းတဲ့နေ မှားတယ်။ မွန်းတည့်နေ ဖြစ်ရမယ်။

မြန်မာစာသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ကွန်ယက်ဖွဲ့ လုပ်တာတွေနဲ့ ဆရာ-ဆရာမတွေကိုပါ မွန်းမံပေးသင့်ပါတယ်။ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်တွေကနေလည်း တတတ်တအား ကူကြစေချင်တယ်။ ဘီဘီစီက အစီအစဉ် ကောင်းပါတယ်။ ခက်တာက အခြေခံကအစမှားနေကြတယ်။ စာပေပျောက်ရင် လူမျိုးပျောက်တယ်တဲ့။ အခုက စာပေအထိမဟုတ်ပါ၊ စာပျောက်တော့မယ်။

အမေရိကန်ဌာနေစကား Klallam ကလာလ်လမ် စကားပြော နောက်ဆုံးပုဂ္ဂိုလ် Hazel Sampson ဟေဇယ်လ် ဆင်မဆွန် ဆိုသူ အမျိုးသမီးကြီး အသက် ၁ဝ၃ နှစ်မှာ ၄-၂-၂ဝ၁၄ နေ့က ကွယ်လွန်သွားပါတယ်။ ကမ္ဘာမှာ ဘာသာစကားပေါင်း ၇ဝဝဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ နောက်ထပ်လည်း တိမ်မြုပ်ပျောက်ကွယ်မှာတွေ ရှိသေးတယ်လို့ ပညာရှင်တွေက မှန်းဆထားပါတယ်။ အဲသည်အထဲမှာ မြန်မာစာ မပါပါစေနဲ့။

မြန်မာစာကို ကယ်ကြပါ။ ဗမာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကားဆောင်ပုဒ်ကို ပြန်ဖေါ်ဘို့တော့ မဟုတ်ပါ။ အဲ့ မမှန်တဲ့သူတွေကနေ ဆရာကြီးလုပ်နေတာတော့ သဘောမတူကြောင်းပါ။

သင်သေသွားသော် -
လူ့ပြည်လောက လူ့ဘဝကား၊ အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း၊ ကြီးပွားတိုမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေတည်း။  (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅
၂၅-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး