Propaganda ဝါဒဖြန့်ချိရေး

ကျွန်တော့် ဖေ့စ်ဘွတ်ဖရင်းတွေထဲမှာ ငယ်ကတည်းက သိသူခင်သူတွေနည်းနည်းနဲ့ ကြီးမှသိလာရသူတွေကပိုများတယ်။ ကျန်းမာရေးကြောင့် ဖရင်းစာရင်းထဲရောက်လာသူတွေနဲ့ နိုင်ငံရေးကြောင့် ဖရင်းဖြစ်လာသူတွေရှိတယ်။ နိုင်ငံရေးစာရင်းမှာတော့ အတိုးအဆုတ်ရှိတယ်။ ဒါပေမဲ့ စိုသောလက်မခြောက်စေနဲ့ဆိုသလို အရင်ကတည်းက သိသူခင်သူတွေဟာ အာဏာရှင်ဖက်သားတွေဖြစ်ပေမဲ့ အန်မဖရင်းမလုပ်ပဲထားတာပါတယ်။

လူအများကို ကိုယ်လိုရာဆွဲဆောင်သိမ်းသွင်းခြင်းကို ဝါဒဖြန့်ချိခြင်းလို့ခေါ်ပါတယ်။ ဝါဒလို့မြန်မာပြန်ထားတာမို့ ကွန်မြူစ်တွေကသာ သုံးတယ်လို့ထင်ကြတာ မဟုတ်ပါ။ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကလည်း လုပ်ခဲ့ပါတယ်။ အာဏာရှင်တွေလည်း အတူတူပဲ။

ဝါဒဖြန့်ချိခြင်းကို အကြောင်းအရာအမျိုးမျိုးမှာသုံးပါတယ်။ အိုင်ဒီယော်လော်ဂျီအတွက်နဲ့ စီးပွါးရေးပြိုင်ဆိုင်မှုတွေမှာ လုပ်တယ်။ ဝါဒဖြန့်ချိရေးမှာ စိတ်လှုတ်ရှားမှုကို ဦးတည်တယ်။ ပညာပိုင်းကိုအဓိကမထားဘူး။ သုတေသနရလဒ် မဖြစ်တတ်ဘူး။ ကြော်ငြာတာလည်း ဝါဒဖြန့်တာဖြစ်တယ်။ ကြော်ငြာကောင်းတော့ ဝယ်ချင်ကြတယ်။ ကြော်ငြာဆေးတွေ ခဏခဏဖြေနေရတယ်။

သတင်းအချက်အလက်တွေ ဖြန့်ချိတာပါပဲ။ ဒါပေမဲ့ အချက်အလက်ဟာ အစစ်အမှန်တွေမဟုတ်ပါ။ ရေရောထားတယ်။ ကွေ့ကောက်ထားတယ်။ ဖုံးကွယ်ထားတယ်။ အားလုံးမှားတာမဟုတ်ပေမဲ့ အမှားတွေလည်းပါတယ်။ ဖတ်တဲ့သူ၊ နားထောင်တဲ့သူ၊ ကြည့်တဲ့သူတွေကို ကိုယ်လိုရာဖက်ကို ဆွဲဆောင်၊ စည်းရုံး၊ လွှမ်းမိုးစေဘို့ တမင်သက်သက်လုပ်တာ ဖြစ်ပါတယ်။ အများကြီးအကုန်အကျခံပါတယ်။

ပထမကမ္ဘာစစ်၊ နာဇီဂျာမဏီ၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်၊ ဗီယက်နမ်စစ်၊ ယူဂိုဆလားဗီးယားစစ်ပွဲတွေမှာ ကျကျနန သုံးခဲ့တယ်။ ဒိနောက်ပိုင်းမှာတော့ အာဖကန်စစ်ပွဲ၊ အီရတ်စစ်ပွဲတွေမှာသုံးခဲ့တယ်။ ကနေ့မြောက်ကိုရီးယား၊ ကနေ့အထိ ရုရှား၊ အမေရိကား၊ တရုပ်ပြည်၊ ဗီယက်နမ်နဲ့ ကျူးဘားနိုင်ငံတွေမှာသုံးနေတယ်။ မက်ဆီကို မူးယစ်ဆေးလုပ်ငန်းမှာလည်း သုံးနေတယ်။ ဘာသာရေးမှာ ရိုမန်ကက်သလစ်နဲ့ ပရိုတက်စတင့်ဆိုပြီးမကွဲခင်က အသစ်ဖြစ်ချင်သူဖက်က သူကသာ ပိုကောင်းတယ်၊ မှန်တယ်လို့လူတွေကို သိမ်းသွင်းစည်းရုံးနားချခဲ့တယ်။

လူထုဆက်ဆံရေးဆိုတာလည်း ဒီအလုပ်အတွက်တာဝန်ပေးထားတာပဲ။ လူပုဂ္ဗိုလ် (ဥပမာ မော်စီတုန်း၊ မြောက်ကိုရီးယား ကင်မ်)၊ ကုန်အမှတ်တံဆိပ် (ဥပမာ ဆိုနီ၊ မိုက်ကရိုဆော့ဖ်) တွေအတွက် သည်နည်းတွေကို သုံးပါတယ်။

အစိုးရပြန်ကြားရေးဝန်ကြီးဌာနအလုပ်ကလဲ သူ့အစိုးရကောင်းကြောင်းပြောတဲ့အလုပ်လုပ်နေတာပါ။ မိုဟာမက် ဆဟိဒ် အယ်လ် ရှာဟပ် ဟာ ဆဒမ်ဟူစိန်ရဲ့ ပြန်ကြားရေးဝန်ကြီးပါ။ သူတို့အစိုးရပြုတ်ချခံရတဲ့အထိ ဆဒမ်ဟူစိန်ကောင်းကြောင်းနဲ့ စစ်နိုင်နေကြောင်းတွင်တွင်ပြောတဲ့သူဖြစ်လို့ နာမည်တွင်ခဲ့ပါတယ်။

ဖဆပလလက်ထက်မှာ ကွန်မြူနစ်ဆန့်ကျင်ရေး လူထုအောင်သံဆိုတဲ့ရုပ်ရှင်ကို မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်းမှာ ပိတ်ကားထောင်ပြီး၊ အခမဲ့ပြခဲ့တယ်။ ဦးနေဝင်းတက်တော့ သူ့စာတွေသာဖတ်စေဘို့ တခြားစာမှန်သမျှ တရားမဝင် သတ်မှတ်တယ်။ မဆလ တက်ကာစာ ရှေ့သို့ စာစောင်အပါအဝင် စာအုပ်စာတမ်းတွေ အမျိုးမျိုးထုတ်ခဲ့တယ်။ နဝတ လက်ထက်မှာ အချက်အလက်အမှားတွေပါတဲ့ စာအုပ်တွေထုတ်ပြီး အခမဲ့ဖြစ်ဖြစ်၊ ဈေးချိုချိုနဲ့ရောင်းတာဖြစ်ဖြစ်၊ မယူမနေရအမိန့်နဲ့ဖြစ်ဖြစ်ဖြန့်တယ်။

ဝါဒဖြန့်တာကို ဗုံးပေါလအောသုံးတဲ့အစိုးရမျိုးက သတင်းစာ၊ ရေဒီယို၊ တီဗွီ စတာတွေသုံးတယ်။ အခန်းအနားကြီးတွေ ကျင်းပတယ်။ လူစုလူဝေးကြီးတွေလုပ်တယ်။ လမ်းဆုံလမ်းမတွေမှာ ပိုစကာကြီးတွေထောင်တယ်။ အနုပညာသည်တွေ၊ စာရေးသူတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေကို အခစားလုပ်စေတယ်။

နိဂုံးမှာရေးပါရစေ။ စစ်သားတွေ လူထုကိုကူညီနေတဲ့ဓါတ်ပုံတပုံနဲ့ ရဲသားတွေလည်း အဲလိုလုပ်နေကြတဲ့ဓါတ်ပုံတပုံကို သည်ဟာမျိုးကြ မပြောကြဘူးဆိုတဲ့ အလိုမကျသံနဲ့တွေ့မိလို့ပါ။ သူပြောတာမှန်ပါတယ်။ ဖေ့စ်ဘွတ်မှာ သည်လိုပုံမျိုးကို ရေးကြီးခွင်ကျယ် ဘာလို့ထောပနာမပြုကြသလဲ။ ကျွန်တော်ကတော့ ရှေ့သို့စာစောင်ကိုပဲ မျက်စိထဲပြန်မြင်မိတယ်။ တထေရာတည်းပဲ။

လွန်ခဲ့တဲ့နှစ်နှစ်လောက်က စစ်သားတွေ အရပ်သားအိမ်တွေမှာ ဆေးဖြန်းပေးနေတဲ့ဓါတ်ပုံတခု ပို့ပေးလာလို့ ဝမ်းသာအားရ သွေးလွန်တုပ်ကွေးကာကွယ်ရေးစာမှာ ယူသုံးလိုက်ပါတယ်။ ချက်ချင်းပါပဲ ဓါတ်ပုံပို့သူက သည်လို စစ်သားတွေက လူထုကို ကူညီတာကို လူသိမခံရဲသေးကြောင်းရေးတာကြောင့် ချက်ချင်းပြန်ဖြုတ်လိုက်ရပါတယ်။ စစ်သားတွေလုပ်တာတွေဟာ နားလည်ရခက်လှချည့်။ စစ်ဝါဒဖြန့်ချိရေးဆိုတာကိုတော့ ကောင်းကောင်း နားလည်ပါဘိ။

အိုင်ဒီယော်လော်ဂျီသမားတွေနဲ့ နလဗိန်းတုံးတွေ။ ကော်ပိုရိတ်သမားတွေနဲ့ နဝေတိမ်တောင်တွေ။ အာဏာရှင်တွေနဲ့ အိုနာကျိုးကန်းတွေ။ ဗိုလ်ချုပ်ကြီးတွေနဲ့ နမော်မဲ့နမာမဲ့တွေ။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅
၂၅-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး