Signature Psychology လက်မှတ်စိတ္တဗေဒ

လူတယောက်ရဲ့လက်မှတ်ဟာ သူ့ရုပ်ပုံဖြစ်တယ်။ (စနက်ပ်ရှော့) ဖြစ်တယ်။ သူ့ (ဆယ်လ်ဖီ) ဖြစ်တယ်။ လက်မှတ်ပုံစံ၊ စာလုံးအကြီးအသေး၊ ထင်ထင်ရှားရှား၊ မထင်မရှား၊ ပြတ်ပြတ်သားသား၊ မှုံဝါးဝါး၊ အကောက် အဖြောင့် စတာတွေကို ကြည့်ပြီး လက်မှတ်ပိုင်ရှင်အကြောင်း မှန်းသိနိုင်တယ်။ အဆုံးမှာ အစက်အပျောက်ချတာ၊ အောက်မှာမျဉ်းဆွဲတာ၊ ဒေါင့်ကျတာ၊ အစဆုံးစာလုံးနဲ့ အဆုံးစာလုံးတွေကိုလည်း ကြည့်ရတယ်။ ရိုးသားမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ဖန်တီးနိုင်စွမ်း၊ စိတ်လှုပ်ရှားမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု စတာတွေကလည်း သိနိုင်တယ်။ သူ့အကြောင်းဆိုတာထက် သူကနေ သူများတွေကိုပြလိုတာလို့ပြောရင် ပိုမှန်တယ်။

လက်မှတ်အောက်မှာ မျဉ်းလေးတကြောင်းတည်းဆွဲသူမျိုးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်သူ။ အစဉ်အလာ ယုံကြည်စရာနဲ့ တန်ဘိုးထားမှုတွေကို လိုက်နာသူဖြစ်မယ်။ အဲဒီမျဉ်းက နည်းနည်းကောက်နေရင် သူများတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားချင်သူဖြစ်မယ်။ ဇစ်-ဇက်လိုဖြစ်ရင် သူ့အမူအယာ မသေချာတတ်သူဖြစ်မယ်။ ဇစ်-ဇက်ရှည်လေ အဲမသေချာမှု ကဲလေ။ ရှေ့သွားလိုက်နောက်ပြန်လိုက်ဆိုရင် စိတ်ရှုတ်ထွေးမှုရှိသူဖြစ်မယ်။ လှိုင်းလိုတွန့်နေရင် ဟာသသဘောရှိတဲ့သူ။

လက်မှတ်အရွယ်အစားဟာ သူများကသိစေလိုတာကိုညွှန်းတယ်။ သူ့ကိုသိစေချင်ရင် ကြီးကြီးထိုးတယ်။ မသိလည်း နေပါစေသမားက သေးသေးထိုးတယ်။ ကဲလွန်ရင် အဲဒီသဘောမျိုးက လွန်ကဲတယ်။ လက်မှတ်ကို ထင်းထင်းကြီးထိုးရင် သူ့ဆိုင်းဘုတ်ကို တင်နေသူမျိုးဖြစ်မယ်။ အစက်အပျောက်ချတဲ့သူဟာ သူများတွေနဲ့ မတူထူးလို့ပြဆိုတာ ဖြစ်တယ်။ မျဉ်းဆွဲတာမှာ လက်မှတ်ထိုးစာရွက်တောင် ကျော်သွားအောင်ဆွဲသူမျိုးဟာ ဖန်တီးတတ်သူဖြစ်မယ်။ ဉာဏ်လည်း သုံးတတ်သူဖြစ်မယ်။

မထိုးအပ်တဲ့ လက်မှတ်အမျိုးအစားများ
၁။ Strike-through signature လက်မှတ်ကို ဖြတ်မျဉ်းဆွဲခြင်း
ပုံပါလက်မှတ်ပိုင်ရှင်ဟာ သူ့ကိုသူသတ်သေသွားတဲ့မိန်းကလေးတယောက်ဖြစ်တယ်။ ၂ဝဝ၈ ခုတုံးက ဘုံဘေမှာပါ။

၂။ Camouflage signature ကိုယ်ဖျောက်လက်မှတ်
လက်မှတ်ကြည့်ရတာတော့ရှင်းတယ်။ ပဌမစာလုံးနဲ့ စက်ဝိုင်းပါတယ်။ ဆွဲနည်းကမမှန်ဘူး။ အဲတာက ပဌမစာလုံးကို ဖျောက်ထားတာ။ သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်ဘို့ကြိုးစားတယ်။ သူ့ကို ထိခိုက်လာမှာကို အလွန်စိုးရိမ်တယ်။ လူပေါင်းသိပ်မဆန့်ဘူး။

၃။ Small signature လက်မှတ်သေးသေး
ကိုယ်ကိုယ်ကိုယုံကြည်မှု နည်းတယ်။

၎။ Trace-back signature မျဉ်းနောက်ပြန်ဆွဲလက်မှတ်
အချိန်တော်တော်များများ သူတို့အတိတ်ထဲကနေထွက်မလာသူမျိုး။ စိတ်ထဲမှာ အတိတ်ကြောင်း ကောင်းကောင်းဆိုးဆိုး လွှမ်းမိုးနေတယ်။

၅။ Scribbled signature သုတ်သီးသုတ်ပြာ
အကွေ့တွေများတယ်။ ပြာလောင်ခတ်နေတတ်တယ်။ လက်ထက် စိတ်ကပိုမြန်နေတယ်။

လက်မှတ်ကပြောတဲ့ သူ့သမိုင်း
အမေရိကန်သမတ (ရစ်ချတ်နစ်ဆင်) ဟာ သမိုင်းတင်ခဲ့သူဖြစ်တယ်။ ၁၉၆၉ ကနေ ၁၉၇၄ အထိ အမေရိကန်သမတ ဖြစ်ခဲ့တယ်။ သူ့လက်ထက် ၁၉၇၃ မှာ ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်ခဲ့တယ်။ ရန်သူတော်တရုပ်ပြည်ကို ၁၉၇၂ မှာ အလည်သွားခဲ့တယ်။ သူ့လုပ်ရပ်အားလုံးထဲမှာ ပိုပြီးအမှတ်ထင်ထင် ကျန်ရစ်ခဲ့တာကတော့ ဝါးတာဂိတ် အရေးအခင်း ဖြစ်ပါတယ်။ ၁၇-၆-၁၉၇၂ ခုနှစ်တုံးက ဝါရှင်တန်ဒီစီမြို့တော်က ဒီမိုကရက်တစ်ပါတီ ရုံးချုပ်ထဲမှာ လူ (၅) ယောက် ခိုးဝင်တဲ့အမှုကနေ စတယ်။ နောက်ဆုံး ၉-၈-၁၉၇၄ နေ့မှာ သမတအဖြစ်ကနေ သက်တမ်း မကုန်သေးဘဲ နှုတ်ထွက်ပေးလိုက်ရတယ်။ ပုံပါ သူ့လက်မှတ်တွေကို နှိုင်းယှဉ်ကြည့်ရင် သူ့မှာစိတ်ဖိအားတွေ ဘယ်လို များများ လာခဲ့တယ်ဆိုတာကို ဖတ်နိုင်ပါမယ်။ သုတေသနလုပ်သူကတော့ ပြင်းပြင်းလာတယ်၊ ထိုင်းထိုင်းလာတယ်လို့ဆိုပါတယ်။

မြန်မာပြည်ကထွက်ခဲ့ပြီးတဲ့သမတတွေရဲ့လက်မှတ်တွေကို ဘယ်သူများသုတေသနလုပ်နိုင်မလည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး