ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလုပ်ခဲ့တဲ့ (တစည) ပါတီ

ဒေါ်အောင်ဆန်းစုကြည့် သမတဖြစ်နိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ ကို မပြင်ရေးအတွက် အသေအလဲ ခုခံကာကွယ်နေသူတွေထဲမှာ (တစည) ပါတီလည်းပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကနေ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကိုးကားပြီး ပြောနေတယ်။ ဘာတွေကို ကိုးကားပြောနေနေ (တစည) ပါတီဟာ ဒေါ်အောင်ဆန်းစုကြည့် ဆန့်ကျင်ရေးကိုသာ တစိုက်မတ်မတ်လုပ်နေတာဘဲလို့ ကောက်ချက်ချရတော့မယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ ၁၉၆၂ ကနေ ၁၉၇၃ အထိ နဲ့ ၁၉၇၄ ကနေ ၁၉၈၈ အထိ မြန်မာပြည်ကို တပါတီတည်း (တဦးတည်း) အုပ်ချုပ်ခဲ့တဲ့ ဗခက (ဦး) နေဝင်းရဲ့သစ္စာခံပါတီဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကနေ ၂၇-၅-၁၉၉ဝ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဝင်ဘို့ နာမယ်ပြောင်းထားတဲ့ ပါတီဖြစ်တယ်။ စပါးနှံသင်္ကေတနဲ့ (တစည) ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲတုံးက အမတ် ၁ဝ ယောက်သာ အရွေးခံခဲ့ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာလဲ အမျိုးသားလွှတ်တော် (၅၁၂) + ပြည်သူ့လွှတ်တော် (၃၁၆) + ပြည်နယ်နဲ့တိုင်းဒေသကြီး (၅၂၈)၊ စုစုပေါင်း အမတ်လောင်း ၉၉၆ ယောက် ဝင်ပြိုင်ခဲ့တယ်။ စုစုပေါင်း ၆၃ ယောက် အရွေးခံရတယ်။ အဲဒီထဲမှာ အမျိုးသားလွှတ်တော်မှာ ၅ ယောက်နဲ့ ပြည်သူ့လွှတ်တော်မှာ ၁၂ ယောက် အရွေးခံရတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်သေးတယ်။ တနေရာမှ မနိုင်ခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည် နဲ့ (တစည) သမိုင်း
၂ဝ-၇-၁၉၈၉ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ထားခံရတယ်။ ၁ဝ-၁၁-၁၉၈၉ မှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာတယ်။ ၂၉-၁၂-၁၉၈၉ မှာ သူ့ကိုယ်စားလှယ် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်း တင်သွင်းတယ်။

(တစည) ပါတီက၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ ကနေ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြတဲ့ ဦးလဘန်ဂရောင်နဲ့ ဦးမြင့်သန်းတို့ ၂ ဦးကနေ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကန့်ကွက်လွှာ တင်သွင်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ)၊ ပုဒ်မ ၁ဝ (င)၊ ၁ဝ (ဇ) တို့နဲ့ ငြိစွန်းနေတယ်လို့ စွပ်စွဲပြီး ပယ်ဖျက်ပေးဘို့ဖြစ်တယ်။ ရန်ကုန်တိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကြားနာပြီး၊ နောက်ဆုံးမှာ ကန့်ကွက်လွှာကို ပယ်ချခဲ့တယ်။ ဒါပေမဲ့ ဦးလဘန်ဂရောင်က ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲရုံးမှာ ထပ်လျှောက်ထားပြန်တယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးနဲ့ စောကြာဒိုးတို့က လဘန်ဂရောင်ရဲ့ကန့်ကွက်လွှာကို ပယ်ချပြီး၊ ဦးကျော်ညွန့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့က လက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖျက်ဘို့ ဆန္ဒပေးကြတယ်။ ၃ မဲ ၂ မဲဖြစ်တာမို့ အဆုံးမှာ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာကိုလက်ခံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းကို ပယ်ဖျက်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၄
၃ဝ-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး