The Arts အနုပညာရေချမ်းစင်

(မနှစ်က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲ ကျင်းပတဲ့ရက်လောက် ရေးခဲ့တာပါ။)

မေးခွန်းတခုမေးတယ်။ ကျန်းမာရေးမဟုတ်ပါ။ ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလားတဲ့။

ဟာ့ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။

ဆရာ နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟောတရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။

မြန်မာအဘိဓာန်ကိုကြည့်တော့ အနုပညာဆိုတာ စာပေဂီတ၊ ပန်းချီစသော နူးညံ့သောအရာလို့ပါတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု ကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှု အဆင့်အတန်းတို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကိုလှုပ်ရှားစေနိုင်သောပညာ၊ စေတနာအလျှောက် စိတ်ကူးဥာဏ်ဖြင့် ဖန်တီးရသောပညာ။ အနုပညာကို ခံစားရသူတို့မှာ ရသကိုဖြစ်ပေါ်လာစေလို့ ရသပညာလို့ခေါ်တယ်။
မြန်မာ့အစဉ်အလာ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ် ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဘာသာရေး ရေးရတာမှာ အတော်သတိထားရတယ်။

ကျွန်တော် အထက်တန်းကျောင်းသားဘဝ မုံရွာစတိတ်တူးမှာနေရတုံးက ရုပ်ရှင်မင်သား ထွန်းဝေလာတော့ ပြောသွားတာ အနုပညာဆိုတာ အတုပညာတဲ့။

အနုပညာအစွမ်းကြောင့် ဝမ်းမြောက်၊ ဝမ်းနည်း၊ ကရုဏာသက်၊ စက်ဆုပ်၊ အားတက်၊ ထိန်လန့်၊ အံ့သြ၊ တည်ငြိမ်၊ စတာတွေကိုဖြစ်ပေါ်လာစေနိုင်တယ်။ အဲတာတွေကို အလင်္ကာလို့လည်းခေါ်တယ်။ စိတ်အရသာ (ကိုးပါး) လို့လည်း ခေါ်တယ်။

သိပ္ပံပညာကနေ အသိတရားကိုဖေါ်ထုတ်ပေးတယ်။ အနုပညာကနေ စေတနာကို လှုံ့ဆော်နှိုးဆွပေးတယ်။ သိပ္ပံပညာက အကြောင်းတရားကို ရှာဖွေပေးပြီး၊ အနုပညာက အကျိုးတရားကို ဖွဲ့ပြတယ်။ အနုပညာကို ပါဠိလို သုခုမပညာလို့ ခေါ်တယ်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်၊ အတီးအမှုတ်ပညာတွေလည်း အကြုံးဝင်တယ်။

မုံရွာ စတိတ်တူးကျောင်းကိုပဲ ထပ်ကိုးကားပါအုံးမယ်။ ရန်ကုန်ဘဆွေလာပြီး ပြောဟောတယ်။ သူက လက်ဝဲသမားနဲ့ တူပါရဲ့ နတ်ပြည်ဆိုတာ မြင်းမိုရ်တောင်ထိပ်မှာရှိတယ်ဆိုရင် နတ်ဦးရေ ဘယ်လောက်နေနိုင်မှာလဲလို့ ဝေဖန်တယ်။ ကိုးတန်းကျောင်းသား စဉ်းစားရတာပေါ့။ မိလိန္ဒပဥှကိုဖတ်မိတဲ့ အရွယ်ရောက်မှ သစ်သားချောင်းတခုထဲကို သံမှိုရိုက်သွင်းပြတဲ့ဥပမာ တွေ့လာခဲ့တယ်။

လက်ဝဲတွေကဝေဖန်တာကိုလည်း တဖက်သတ်တော့မမြင်ပါ။ ဘာသာတရားစာပေတွေကို ရေးဖွဲ့ကြသူတချို့က လွန်ကဲကြတယ်လို့ ထင်မိတယ်။ စာပန်းချီလို့တင်စားတာမျိုး။ ဖတ်မိသူ၊ ကြည့်မိသူ၊ နာကြားရသူတွေရဲ့ စိတ်ကို အလွန်အကြူး ဆွဲဆောင်မှုရှိစေပြီး ကဲလွန်တဲ့စိတ်လှုပ်ရှားမှုကို ပေးတယ်။ စေတနာတော့ အမှန်ဖြစ်ပါမယ်။ သင့်မှန်တယ်မထင်ပါ။ မြတ်စွာဘုရား ပထမဆုံးဟောခဲ့ရတဲ့တရားတော်ဟာ အစွန်းနှစ်ပါးလွတ်ဖို့ဖြစ်တယ်။ အဘိဓမ္မာ မလာသေးဘူး။ ခေတ်လူတွေက သူတို့မှာရှိတဲ့ လောကဓါတ်ပညာပေတံလေးကို ထုတ်ထုတ်တိုင်းကြတယ်။

ရန်ကုန်ဘဆွေကပါပဲ သုံးထပ်သားပြားပေါ်မှာ သစ်ပင်ပုံဆွဲပေးတယ်။ ဆရာတယောက်က ပင်စည်မှာ ရေအိုးတလုံး ထားပေးလိုက်တော့ အားကစားလုပ်လို့ မောပန်းနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို အမောပြေစေတယ်။ တကယ့်ညောင်ပင်က ရေချမ်းစဉ်မှာ သောက်ရသလို ခံစားမှုကိုပေးစွမ်းတယ်မဟုတ်ပါလား။

အတုလည်း စိတ်ကိုသက်ရောက်စေတယ်။ အဲတာလည်း အနုပညာပေါ့။ ကဲတာတွေတော့ မကြိုက်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၆
၂၄-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး