Lochia လိုခီယာ

ကလေးဖွါးပြီး မွေးလမ်းမှဆင်းခြင်း

၁။ သမီး အသက်က ၃၂ ပါ။ ၁၅၊၃၊၂ဝ၁၆ က ကလေးကိုခွဲမွေးထားပါတယ်။ သားကြောလဲဖြတ်လိုက်ပါပြီ။ ကလေးက နှစ်ယောက်ပါ။ အကုန်ခွဲထားပါတယ်။ သွေးဆင်းနေတာ ၄၅ ရက်ကျော်သွားပါပြီ၊ မများပေမဲ့ ဆင်းနေတုန်းမလို့ မေးကြည့်တာပါ။ ပုံမှန်လား။ မူမမှန်အခြေအနေလားလို့ပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

၂။ ဆရာရှင့် အားကိုးတကြီးမေးပါရစေ။ ကျမကလေးခွဲမွေးတာပါ။ အခု ၁၂ ရက်ရှိနေပြီ။ အဲဒါ ခုထိ သွေးအများကြီး ဆင်းနေတုန်းပဲ။ အဲဒါ ပုံမှန်လား ဆေးခန်းသွားပြရမှာလားဆရာ။ ပုံမှန်ခွဲမွေးရင်သွေးဘယ်နှစ်ရက် ဆင်းပါသလဲဆရာ။ ကျေးဇူးတင်လျှက်။

ကလေးဖွါးပြီးနောက် မွေးလမ်းကနေသွေးဆင်းတာကို ဆေးစာနဲ့ လိုခီယာ လို့ခေါ်ပါတယ်။ ပုံမှန်လစဉ် ရာသီ ဆင်းသလိုပါပဲ။ ရိုးရိုးမွေးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ် ဆင်းပါတယ်။ ၂ ပါတ်ကနေ ၃ ပါတ်ကြာမယ်။ ၆ ပါတ်အထိလဲ တချို့မှာကြာတယ်။ ဖြေးဖြေး နည်းနည်းလာပါမယ်။ ဆင်းကာစမှာ အနီရဲရဲဖြစ်ပြီး တဖြေးဖြေးနဲ့ ပန်းရောင်၊ အညိုရောင်၊ နောက်ဆုံး ဝါဖြူဖြူအရောင် ဆင်းပါမယ်။

မွေးပြီးကနေ နောက် ၃-၄ ရက်မှာ Rubra ခေါ် မည်းနီနေတာဆင်းမယ်။ ၄-၁ဝ ရက်ကြားမှာ Serosa ခေါ် ပန်းညိုရောင် ဆင်းမယ်။ ၁ဝ-၂၈ ရက်ကြားမှာ Alba ခေါ် ဖြူဝါဝါဆင်းမယ်။

၂ ပါတ်နောက်မှာ အနီရောင်မဟုတ်တော့ပါ။ တနေ့မှာ ပက် ၂-၃ ခုလဲ ရနိုင်တယ်။ တနာရီမှာ ပက်တခုထက်ပိုလဲရရင်၊ တပါတ်ကြာနောက်မျာလဲ များနေရင်၊ နည်းနည်းလာရာကနေ ရုတ်တရက် အနီရဲရဲတွေ များဆင်းလာရင်၊ သွေးအခဲတွေများရင်၊ အနံ့ဆိုးပြီး၊ ချမ်းဖျားရင် ဆရာဝန်ပြပါ။

ပုံမှန်ဆင်းတာမဟုတ်တာက အများအားဖြင့် အချင်းအစအန ကျန်နေလို့ဖြစ်ပါမယ်။ secondary postpartum haemorrhage လို့ခေါ်တယ်။ သွေးဆင်းတာ ဖြစ်သင့်တာထက်များရင်၊ အစကတည်းကသွေးအားနည်းနေရင် မူးတာ၊ အားယုတ်တာ၊ သွေးဖိအားကျတာတွေဖြစ်လာနိုင်တယ်။ သတိလက်လွတ်အထိဖြစ်နိုင်တယ်။

ကလေးထွက်ပြီးတာနဲ့ အချင်းကျလာပါမယ်။ အချင်းကျပြီးတာနဲ့ ကြီးနေခဲတဲ့သားအိမ်က သေးကြုံ့လာပါမယ်။ မာမယ်၊ နာမယ်။ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ involution or shrinking လို့ခေါ်တယ်။

ဆင်းသင့်တာထက် သွေးပိုဆင်းတာကို postpartum haemorrhage (PPH) လို့ခေါ်တယ်။ မွေးပြီး ၂၄ နာရီအတွင်း အဖြစ်များတယ်။ ၁၂ ပါတ်ထက်ကျော်ပြီးမဖြစ်ပါ။

Subinvolution ဖြစ်စဉ်နှေးခြင်း
ပိုးဝင်လို့ဖြစ်မယ်။ ဖျားတာ၊ ချမ်းတာတွေရှိမယ်။ ဆင်းတာက အနံ့ရှိမယ်။ ပိုးသေဆေး စတာတွေပေးမယ်။ နားနေခိုင်းမယ်။ စောင့်ကြည့်ပါမယ်။ အချင်းကျန်လို့ဖြစ်မယ်။ D&C သားအိမ်ခြစ်တာအမြန်လုပ်ဘို့လိုနိုင်တယ်။ အမြဲတန်းအဲလိုမလုပ်ပါ။ ထိခိုက်မှု ဖြစ်မှာစိုးလို့ပါ။

အချင်းကပ်ခဲ့တဲ့နေရာဟာ အမာရွတ်လိုဖြစ်လာတာမကဘဲ နောက်ကိုယ်ဝန်ရှိလာပြန်ရင် အဲဒီနေရာမှာ သန္ဓေမကပ်နိုင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး