The Man on the Elephant အမေရိကန် ဆင်ဦးစီးသစ်

မြန်မာစကားရှိတယ်။ ဆင်သွားလမ်းဖြစ်တဲ့။ ကမ္ဘာမှာ အမေရိကန်က ဆင်နဲ့တူတယ်။ တက်လာတဲ့ သမတ ဒေါ်နယ်ထရမ့် ကိုတော့ ဆင်ဖြူလို့ ပြောရမယ်။ ရူးပေါပေါလုပ်ကြတဲ့ ဆင်ဖြူတော်တော့ မဟုတ်ပါ။ ရီပတ်ကလီကင်ပါတီ သင်္ကေတက ဆင်။ အခုလူက လူဖြူဦးစားပေးသမား။

သူကဆင်ဆိုတော့ ကျွန်တော်တို့က မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထဲမှာ မပါဘို့လိုတယ်။

မြန်မာပြည်အတွက်စဉ်းစားတာက လက်တွေ့ကျတယ်။ အများလည်း စဉ်းစားကြမှာပါ တရုပ်ကို ဘာလုပ်မလဲ။ သူက အမှန်းရခက်တဲ့သူလို့လည်း ပြောကြတယ်။ အမှန်က မင်းသားသစ်မို့ မသိသေးတာပါ။ ဒီမင်းသားက ပိတ်ကားပေါ် မရောက်ခင် သီချင်းဆိုထားလို့ အတော်အတန်တော့ သိထားပြီးပါပြီ။ ရုရှား၊ တရုပ်၊ ရွေ့ပြောင်းနေထိုင်သူ၊ တီပီပီ၊ ပတ်ဝန်းကျင်၊ အတ္တအကျိုးစီးပွား၊ အိုဘာမား-ကဲယား စတာတွေ သိကြပြီးသား။ သူက ဇာတ်လိုက်သာမက ကိုယ်တိုင် ဒါရိုက်တာရော ထုတ်လုပ်သူပါလုပ်မယ်။ လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်တယ်။ ရေချိုချည်းတော့ မဟုတ်လောက်။

တရုပ်ကို ပြောတာမှာ ၂ ခုပိုထည့်ချင်တယ်။ တခုက တိုင်ဝမ်။ သူက တိုင်ဝမ်ကို မျက်စပစ်ထားတယ်။ မြန်မာပြည်မှာ တိုင်ဝမ်က စီးပွားရေးလာလုပ်တာတာကို ကနေ့ တရုပ် (အရင်က တရုပ်နီလို့ခေါ်တာ) ထက် ကြိုက်တယ်။ တိုင်ဝမ် (အရင်က တရုပ်ဖြူလို့ခေါ်တာ) နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု။

နောက်တခုက တရုပ်ကို အလွန်အမင်း အားကိုးခဲ့မိတာ အလွန်အမင်းမှားကြောင်း စစ်တပ်က သိလာလို့ ဒေါ်စုကို လွှတ်ပေးတာအပါအဝင် အပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုတဲ့သီအိုရီက ခိုင်မာတယ်။ တကယ်လို့ အမေရိကန်နဲ့ တရုပ် လယ်ပြင်ဆင်သွားသလို လုပ်ကြရင် ကျွန်တော်တို့အနေနဲ့ လက်ရှိသမတအောက်က ဖိလစ်ပိုင်လိုတော့ ပေါက်ဖေါ်ကြီးဖက် မနေဘို့ များတယ်။ ကြားကျအောင် ပိုသတိထားစရာအကြောင်း မြင်တယ်။ တချို့က စစ်တပ်ကိုပဲ တရုပ်အားထားတယ်လို့ ထင်နေကြတာ မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင် တချို့လည်းပါတယ်။ အားကိုးရှာတဲ့သဘောဖြစ်တယ်။ တရုပ်ကို ဒေါ်နယ်ထရမ့်က တမျိုးတမည်လုပ်လာရင် ကျွန်တော်တို့ဆီ (မြန်မာပြည်) မှာ အရှုပ်တိုးလာစရာရှိတယ်။

နောက့့် မြောက်ကိုရီးယား။ ဗိုလ်ချုပ်နေဝင်းလက်ထက်က ၉-၁ဝ-၁၉၈၃ နေ့က ရန်ကုန်မြို့ အာဇာနည်ကုံးမှာ တောင်ကိုရီးယားသမတ ချန်ဒူးဝှန်ကို လုပ်ကြံဘို့ ဗုံးခွဲကတည်းက မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ်ဖြတ်ခဲ့တာကို နဝတ စစ်အစိုးရက ပြန်ဖွင့်တာကတော့ ပြောစရာသိပ်မရှိပါ။ လျို့ဝှက် စစ်ရေးတည်ဆောက်မှုမှာ မြောက်ကိုရီးယားကို အားထားခဲ့တာကတော့ မှားတယ်။ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား နူကလီယားမဖြစ်စေရလို့ ကြုံးဝါးထားတယ်။ အဲတော့ သူ့ရေဒါမှာ ကင်ဂျုံအီးလ်နဲ့ဆက်သွယ်သူတွေကို မြင်ရလိမ့်မယ်။

နောက့့် အာစီယန်။ ဟန်မယ် မထင်ပါ။ ဒေါ်နယ်ထရမ့်က နိုင်ငံအုပ်စုတွေဖွဲ့တာကို ခပ်ချဉ်ချဉ်သမား။ အီးယူထဲကနေ ဗြိတိန်ထွက်တာကို ထောက်ခံတယ်။ နောက်ထပ်ထွက်အောင်လည်း ရေလာမြောင်းပေးပြောတယ်။ (နေတိုး) ကိုလည်း ခေတ်နောက်ကျနေပြီတဲ့။ ကဲ့ ကျွန်တော်တို့ရဲ့ အာစီယန်မှာ မလေးရှားက လူပါးဝနေချိန်။ (အေးပက်) ကို ဒေါ်နယ်ထရမ့် လာတက်ပါ့မလား မပြောနိုင်သေးဘူး။

ဘာသာရေးအကြမ်းဖက်သမားတွေ အားရုပ်လျော့ကြမယ်။ ကောင်းတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့် ထောက်ခံပွဲ လုပ်လာရင် ဆန့်ကျင်မယ်။

အိုဘားမားက အရှေ့တောင်အာရှနဲ့ အရှေ့အာရှကို ဦးစားပေးခဲ့တယ်။ အခု အဲလိုမဖြစ်လောက်ပါ။ တရုပ်က ကြိုက်မယ်။ ကျွန်တော်တို့အတွက်က တောင်တရုပ်ပင်လယ်မဟုတ်။ အိန္ဒိယသမုဒ္ဒရာ။ အချက်အချာကျတာ ကံဆိုးတယ်။ စစ်အစိုးရက ရောင်းစားထားပြီးသားမို့။ ချိန်ခွင်လျှာ တစောက်ထိုးဖြစ်နေတာကို ဒေါ်နယ်ထရမ့်ကို အားကိုးလို့လည်းရမှာမဟုတ်။ လုပ်လဲ မလုပ်သင့်ပါ။ သူက တချို့ကမ္ဘာ့နေရာတွေကို ရုရှားလက်၊ တချို့ကို တရုပ်လက် ဝကွက်အပ်မယ်။

အမေရိကန်ဆီက အကူအညီတွေ ဆက်လာနိုင်တယ်။ နည်းစရာမရှိ။ ယူတတ်ဘို့တော့ လိုမယ်။ တခုတော့ သဘောကျတာ ရှိတယ်။ အစွန်းရောက်ဆိုတာ နေရာအမျိုးမျိုးမှာရှိတာ။ ပွင့်လင်းလွတ်လပ်မှုအတိုင်းအတာကို နယ်ချဲ့တာ များနေပြီထင်တယ်။ ရီပတ်ဘလီကင်တွေက အဲလောက်များတာ မကြိုက်ကြပါ။ ကိုယ်ဝန်ဖျက်တာ၊ လိင်တူယူတာ စတာတွေ နည်းနည်းတော့ တန့်သွားစရာရှိတယ်။ မြန်မာပြည်က အားကျသူတွေ အားနွဲ့စရာဖြစ်မယ်။

ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာကြီးဟာ ရွာတရွာတည်းလို့ပြောတဲ့ နိုင်ငံရေးအယူအဆကို ဒေါ်နယ်ထရမ့်က သဘောမတူပါ။ ဖူကူယားမားတို့ သောမတ်စ် ဖရီမင်းတို့ စာအုပ်သစ်တွေ ရေးကြမယ်။

နိုင်ငံခြားရေးဝန်ကြီးသစ် (ရင်စ် တေလာဆန်) က စီးပွားရေးသမားသက်သက်ဖြစ်တယ်။ အဲတာကတော့ တရုပ်တွေ စီးပွားရေးလုပ်တာနဲ့ နည်းနည်းတော့ဆင်တယ်။ ဝယ်သူမှန်သမျှ ပြုံးပြတတ်တယ်။ ဘာကုန်ဖြစ်ဖြစ် အမြတ်ရရးသာ ကြည့်မယ်။ ဟင်နရီ ကစ်ဆင်ဂျာခေတ်ကလို သံတမာန်နည်းလမ်းတွေ တမျိုးတမည်ဖြစ်နိုင်တယ်။ အဲတာမျိုးကို (ရီးယဲလ်ပေါ်လက်တစ်) လို့ ဂုဏ်တင်ပြောကြတယ်။ အာဏာရှင်ဖြစ်ဖြစ် ကိုယ့်နိုင်ငံအကျိုးစီးပွါးအတွက်ဆို တည့်အောင်ပေါင်းတဲ့နည်း။ အခုဖြစ်မှာက (ဘီဇနက်ပေါ်လက်တစ်)။ နာမည်သာပြောင်းမယ်။ (ဗယ်လ်ယူး) ခေါ် တန်ဖိုးထားမှုက ဒေါ်လာဖြစ်လာမယ်။

ဒီစာမှာ ဒါလောက်သာရေးမယ်။ ကျွန်တော်တို့နိုင်ငံအတွက်တော့ ဒေါ်စုလို အမြော်အမြင်ကြီးတဲ့ခေါင်းဆောင်မှု ရှိနေချိန်ဖြစ်လို့ စိုးရိမ်စရာ မရှိပါ။ ဘိန်းစီးပွားရေးသာ သူ့ဖောက်သယ်မဖြစ်ပါစေနဲ့။

(အင်တာနက်ရတဲ့နေရာသွားပြီး အပြေးအလွှားရေးလိုက်တာပါ။)

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၇
နေ့ ၂ နာရီ၊ ၁၅ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး