Wednesday, November 30, 2016

Ganglion Cyst (ဂင်ဂလီယွန်)

မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက် ၃၂ နှစ်ပါရှင့်။ ကျွန်မလက်ကောက်ဝတ်ကို ကွေးလိုက်ရင် အရိုး ငေါထွက်နေသလို ဖြစ်နေပါတယ်။ တခုခုကိုတွန်းတာတို့ ဖိတာတို့ဆို အဲဒီလက်ဆစ်နေရာက နာပါတယ်။ သူများတွေပြောတာ အကြောထုံးတယ်ပြောလို့ပါ။ ခွဲစိတ်လဲ မပျောက်ဘူးဆိုလို့ ဆေးခန်းမပြဖြစ်ပါ။ ဖြစ်တာ ၄ နှစ်လောက်ရှိပါပြီ။ ဖြစ်ကာစက လက်နဲ့မေးထောက်ရင် အဆစ်နေရာက နာတာကနေ စတာပါ။ ဘယ်လိုလုပ်ရင် သက်သာမလဲ သိချင်ပါတယ်။ ကျွန်မလက်ကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်။ ဆရာအဆင်ပြေမယ့်အချိန်လေး ဖြေပေးပါလားရှင့်။ စာရှည်သွားရင် ခွင့်လွှတ်ပါရှင့်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။

ပုံကိုကြည့် ရေးတာဖတ်ပြီး အတတ်ပြောပါမယ်။ အဲတာ Ganglion (ဂင်ဂလီယွန်) လို့ခေါ်တယ်။ လက်ကောက်ဝတ်နေရာမှာ အဖြစ်များတယ်။ အရွတ်အိတ်က ဖြစ်ရတာပါ။ အဆစ်နေရာအထက်မှာ အရွတ်ကြောကို ဖုံးထားတဲ့အလွှာနဲ့ ဆက်ဖြစ်တယ်။ အထဲမှာ အရည်ကြည် ချွဲပြစ်ပြစ်ရှိတယ်။ ဂျယ်လီလိုဘဲ။

အသက် ၂ဝ-၄ဝ ကြားမှာ ၇ဝ% ဖြစ်တယ်။ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ၁ဝ နှစ်အောက်ဖြစ်တာ ရှားတယ်။ လက်ကောက်ဝတ်မှာ ၆ဝ-၇ဝ% ဖြစ်တယ်။ ၁-၃ စင်တီမီတာ ရှိမယ်၊ ရွေ့လို့မရဘူး၊ ကြီးလာလိုက် သေးသွားလိုက်လဲ ဖြစ်နိုင်တယ်။ တချို့မှာ နာမယ်။ ၃၈-၅၈% က အလိုလို သေးသွား တတ်တယ်။

စာအုပ်ထူထူ ကိုင်တာမျိုးကနေ ပျောက်တတ်လို့ Bible cysts လို့လဲ ခေါ်တယ်။ ခရစ်ယန်မဟုတ်သူတွေ အဘိဓာန်ထူထူ ကိုင်ပေတော့။

Aspiration စုပ်ထုတ်တာလဲ လုပ်တယ်။ စုပ်ပြီး (စတီရွိုက်) ဆေး ထိုးပေးတာလဲ လုပ်တယ်။ ၇၅-၈၅% ပြန်ဖြစ်တယ်။ ခွဲတာကောင်းတယ်။ အေးအေးဆေးဆေး ရက်ရွေး ခွဲစိတ်ထုတ်ပြစ်ပါ။ ခွဲစိတ်ရတာ လွယ်မလိုလိုနဲ့ ပြန်ဖြစ်တတ်လို့ ဆရာဝန် နာမည်ကောင်းမရတတ်ဘူး။ ခုခေတ်မှာ Arthroscopic surgery ကင်မရာပါတဲ့ကိရိယာ သေးသေးလေးသုံး ခွဲတာမျိုး ပေါ်နေပြီ။

ကျွန်တော် အဲတာမျိုး ၄-၅ဝ လောက်ခွဲပေးဘူးတယ်။ ပြန်ဖြစ်တာလည်းရှိတယ်။ ခွဲစိတ်တဲ့အခါမှာ စိတ်ရှည်ရတယ်။ ခွဲစိတ်ကိရိယာ ကောင်းကောင်းသုံးရတယ်။ လူနာ့ကံ ဆရာဝန့်ကံ ကောင်းဘို့လိုတယ်။

မေးတဲ့သူဆီ အဖြေစာရေးပြီး အခုပဲပို့လိုက်တယ်။ ပုံကို ပို့စ်မှာသုံးလို့ရမလား။ လူနာမည် မပါစေရပါ။

ရပါတယ်ဆရာ။ ဖြစ်နေတဲ့သူတွေလဲ ဗဟုသုတရကြတာပေါ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ ကျန်းမာစွာဖြင့် လူသားအကျိုး ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ အမြဲဆုတောင်းပေးပါတယ် ဆရာ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၆
ည (မနက်) ဝဝ နာရီ၊ ၃၇ မိနစ်။

နန်းတော်ရှေ့ဆရာတင်

(ပေတရာဆီလျှောက်ပါလို့) ကို (ပေတစ်ရာဆီလျှောက်ပါလို့) မရေးပါ။

(အလွန်တရာကျေးဇူးတင်ပါသည်) ကို (အလွန်တစ်ရာကျေးဇူးတင်ပါသည်) မရေးပါ။

ဒေါက်တာတင့်ဆွေ

ကြည့်တတ်ပါစေ

ပြည်ပနိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်တယောက်က သူ့သမီးလက်ရာလို့တာလာတဲ့ ပန်းချီ။

နေ့ပြော နောက်ကြည့်၊ ည (ညဥ့်) ပြော အောက်ကြည့်။
အနာဂတ်ကို မော့ကြည့်တတ်ကြ၏။
အတိတ်ကို ငုံ့ကြည့်သူ နည်းလှ၏။
ငုံ့ကြည့်ပါက ပိုမြင်ရ၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၆
Photo from Khun Gamani

Oily skin အဆီပြန်မျက်နှာ

ဆရာခင်ဗျား မျက်နှာမှာ အဆီပြန်ခြင်းကို ထိန်းသိမ်းနိုင်တဲ့ သို့မဟုတ် ပျောက်ကင်းသက်သာစေနိုင်မယ့် ဆေးဝါး နည်းလမ်းရှိရင် ညွှန်ပြပေးစေချင်ပါတယ်ခင်ဗျာ။ ပြုမူနေထိုင်ပုံ အစားအစာ ဆေးဝါး အားလုံး ကောင်းနိုးရာရာ အကြံပြုပေးပါဦးဆရာခင်ဗျာ။ မနက်ပိုင်းသနပ်ခါးထူထူလိမ်းထားပြီး နေ့လည်လောက်ကျရင် မျက်နှာပြောင်ကြီး ဖြစ်နေတာမျိုးပါခင်ဗျ။ အမျိုးသမီး။ အသက် ၂၆  ပါ။

ကနေ့လည်း (အသက်-ကျား-မ) ကို နောက်ဆုံးမှရေး မေးတာတွေလာတယ်။ နှစ်ခါစီဖတ်နေရတယ်။ အချိန်နှစ်ဆ ကုန်ရတယ်။ ဖြစ်တဲ့သူ (မေးတဲ့သူ မဟုတ်) က အမျိုးသမီးဆိုရင် ရာသီနဲ့ အိမ်ထောင်ရေး ထည့်ရေးဘို့ မေးနည်း စည်းကမ်းမှာ ပါထားတယ်။ အချက်အလက်မစုံရင် အဖြေလည်းမစုံ။ လွဲနိုင်သေးတယ်။ ဥပမာ အခုဖြစ်တဲ့သူ ရာသီ မမှန်ဖြစ်နေသလား မသိပါ။ တားဆေးသောက်နေသလား မသိပါ။ မျိုးဥအိမ်အကျိတ် စစ် မစစ် မသိပါ။ ဟော်မုန်းမူမမှန်တာ မသိပါ။ ဝက်ခြံရှိ မရှိ မသိပါ။

မျက်နှာအဆီပြန်တာ ကုသနည်းများ
၁။ မျက်နှာသစ်တာ တနေ့ ၂ ကြိမ်ထက်မပိုစေရ။
၂။ ရေခပ်နွေးနွေးသုံးပါ။
၃။ မျက်နှာသုံးတာ သဘာဝထွက်ကအကောင်းဆုံးဖြစ်တယ်။
၎။ ရေများများသောက်ပါ။
၅။ Use oil-free moisturizers and sun-screen အမျိုးအစားသာသုံးပါ။
၆။ တပတ် ၂ ကြိမ် ညင်ညင်သာသာ မျက်နှာက်ပွတ်တိုက်ပါ။
၇။ အစားအသောက်ထဲမှာ သကြား၊ ဆားနဲ့ ဆီကြော်တာ လျှော့စားပါ။
၈။ အစားအသောက် ကျန်းမာရေးနဲ့ညီညွတ်တာစားသောက်ပါ။
၉။ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းလုပ်ပါ။
၁ဝ။ အိပ်ရေးမပျက်စေနဲ့။

အပိုဆောင်းနည်းများ
၁၁။ Lavender သို့ Hazel ဝက်ခြံများသူဆိုရင် ဒါမျိုးသုံးနိုင်။
၁၂။ Toner သို့ Astringent တုန်နာသုံးနိုင်တယ်။
၁၃။ Moisturize ရေဓါတ်ပေးလိမ်းဆေးပုံမှသုံးနိုင်တယ်။
၁၄။ Exfoliate တပတ် ၁-၂ ကြိမ်လုပ်နိုင်တယ်။
၁၅။ Facial masks လုပ်နိုင်တယ်။
၁၆။ Apple cider vinegar တွေသုံးနိုင်တယ်။
၁၇။ Massage နှိပ်နယ်တာလုပ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Old Things အိုရ ပြိုမကျ

ခေါင်မိုး ဟင်းလင်း
အခင်း ခြစာ
အကာ ဗလာ
ပန္နက်ရာ မပျောက်။

ငါမနေ
ဥပဒေကဲသို့ အာဏာတည်သောအမိန့်နဲ့ ဖျောက်။
ငါမရောက်
ခေါင်တိုင်နတ်အုန်းက စောင့်ရှောက်။
ငါမရှိ
မှိုရှိ၊ မျှစ်စို့ပေါက်ရှိ။

အိုမင်းလာခြင်းကနေ အရာရာကိုသင်ပေးခဲ့ပြီ။ (ဂရိပညာရှင် အက်စ်ချိလပ်စ်)

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅
Photo by Nay LA

Aye Clinic အေးဆေးတိုက်

(လွန်ခဲ့တဲ့ ၂နှစ်တိတိကတင်တဲ့စာ)

• သည်နေရာ ဝရံတာမှာ လူနာစာအုပ်လေးတွေ အစီအစဉ်နဲ့တင်၊ ဆေးတွေလဲပြင်ပြင်ဆင်ဆင်၊
• အထဲကုတင် စမ်းသပ်နေတဲ့လူနာတွေတင်၊
• လာသမျှ ကုသပေးခဲ့တဲ့ ဆရာဝန်။

• ဆေးခန်းကို ဦးစီးဆောက်ပေးတဲ့သူငယ်ချင်း လေဖြတ်နေတယ်လို့ မကြားချင်တဲ့သတင်းလည်းဝင်၊
• ဆေးခန်းမှာ လာကူပေးနေခဲ့တဲ့နှမ လူ့လောကကိုစွန့်ခွါသွားတဲ့သတင်းကအရင်။

• ဆေးတွေပျယ်နေတဲ့ဆေးခန်း ဆေးစွမ်းမထင်၊
• ရေမန်းတောင်မပေးသာလို့ လေမန်းနဲ့ကုသနိုင်တဲ့ ဆေးပညာကိုငါသင်ယူချင်။ ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၄

Tuesday, November 29, 2016

Puzzler ပဟေဠိမေးခွန်းထုတ်ကာရယ်

ကနေ့ တနေကုန် သတ်ပုံစာ မတင်ခဲ့ပါ။ အခုတော့ မနေနိုင်လို့ -

12:05AM
ဒေါက်တာတဦးသမီးမွေးပြီပြီ
ယောက်ျားလေးလိုချင်တယ်

ဆရာဝန်တယောက် သမီးမွေးပြီးလိုလို။ (ကန်တော့ပါ) အဲဒီဆရာဝန်က သားမက်ရှာနေသလိုလို။

ကျွန်တော်တို့လူမျိုးတွေက ဖြည့်ဖတ်တာ ဖြည့်ယူတာ အတော်ဝါသနာထုံကြတယ်။ ဆေးကုရာမှာ အဲလိုလုပ်လို့မရပါ။

သားဦးကလေး မိန်းကလေးမွေးထားသူက နောက်ကလေးကို ယောက်ျားလေး လိုချင်တာလို့မေးတာလို့တော့ တွေးလို့ ရပါရဲ့။ ဆေးကုရာမှာ အဲလိုလုပ်လို့မရပါ။

သားယောက်ျားလေးလိုချင်သူ အသက် မသိပါ။ အိမ်ထောင်ရေး မသိပါ။ ရာသီ မသိပါ။ တားဆေး-တားနည်း မသိပါ။ သားအိမ်ကို စစ်ဆေးသလား မသိပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၆
ည (မနက်) ဝဝ နာရီ၊ ၃ဝ မိနစ်။

Organic Food (အော်ဂဲနစ်)

တောလက်ဆောင်စာလေးအောက်မှာ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေခက်တဲ့နေရာတွေမှာ ခက်နေကြောင်းနဲ့ အမြန်နည်းတွေနဲ့ မှည့်အောင်လုပ်ကြောင်းရေးလာကြတယ်။ တမြန်နေ့လောက် အိမ်မှာ ကျွန်တော့်ဇနီးက ဝက်မလွတ် ခေါ် သီးမွှေးငှက်ပျောသီး အစိမ်းရောင်တဖီးဝယ်လာလို့ ဘာလဲမေးရတယ်။ အိမ်မှာတင် သဘာဝနည်းနဲ့ မှည့်အောင် လုပ်မယ်တဲ့။ ကျွန်တော်တို့ငယ်ငယ်က မုံရွာနဲ့ မင်းရွာမှာ ငှက်ပျောက်သီးကို စဥ့်အိုးထဲမှာထည့်၊ အိုးကိုမြေကြီးထဲမြှုပ်၊ ငှက်ပျော်သီးတွေအပေါ်မှာ ပွဲ့လျက်ရေပုန်းဟောင်းကို အဖြတ်လေးတွေလုပ်၊ မီးရှို့ပြီး မှည့်စေခဲ့ရတာကို သတိရတယ်။

ထမင်းဘယ်ကရသလဲ၊ ထမင်းအိုးထဲကရတယ်လို့ ရီစရာပြောကြတယ်။ လူစားတဲ့အစားအစာတွေက ဘယ်ကလာသလဲ မေးရင် မဖြေတတ်သူများလာတယ်။ ကိုယ့်နယ်မြေဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုးမွေးမြူရေးခြံတွေကလား၊ စားကျက်မြက်ခင်းမွေးတွေလား၊ မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးသလား၊ အဲတာတွေသိမှ လူတော်။

(အော်ဂဲနစ်) အကြောင်းလေး ရေးပါမယ်။ လူသည် အစုံစားသတ္တဝါဖြစ်၏။ အသား-ငါး၊ အသီး-အရွက်၊ ပဲစား၏လို့ အထွေထွေသိပ္ပံမှာသင်ရတယ်။ လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့လိုသည်လို့ ဆေးသိပ္ပံမှာ သင်ရတယ်။ (အော်ဂဲနစ်) ဆိုတာဘာလဲ။ Organic ကို Carbon (ကာဗွန်) ပါတာတွေကို လေ့လာတဲ့ အော်ဂဲနစ် ဓါတုဗေဒကို ဆေးကျောင်း ရောက်စမှာ သင်ရတယ်။ စားစရာလဲမဟုတ်ပါလား။ နောက်မှသိလာတာက ဈေးလည်းကြီး၊ သီးသီးသန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။

(ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်ဆတ်ဆတ် ခြံထွက်စားပါ။ ကိုယ်သိတဲ့ ခြံသမား-လယ်သမား ဆီကဟာ ဝယ်စားတာ ကောင်းတယ်။ ဆိုကြပေမဲ့ အဲလိုစားနိုင်တာ အမေရိကားမှာ အခုမှ ၃% ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ်ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုးပြောကြတယ်။ ဈေး မနည်းပေမဲ့ အဆီနည်းတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။

(အော်ဂဲနစ်) အစာက ဈေးပိုကြီးတာကိုးလို့ ပြောနေသူတွေက SUV ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင် ကောင်းဘို့သာ ချမ်းသာပြလုပ်နေကြပြီး၊ ကျန်းမာတာကိုမလုပ်ကြတာ ဖြစ်နေတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေးမပါတာက ကျန်းမာရေးအရကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက ဟော်မုန်းသာမက ပဋိဇီဝဆေးတွေပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ်မထင်ပါနဲ့။ MRSA ရောဂါဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီ (အစ်ရှူး) ခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ ဇီဝအခြေခံနဲ့ (အင်-အော်ဂဲနစ်) က ဓါတ်ဆားအခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့အစစ်သဘောဆန်ဆန် မြင်လာကြတယ်။

(အော်ဂဲနစ်) အစာဆိုတာ အတုတွေနည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင်ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုကလူတွေဘဲ။

ပိုးသတ်ဆေးသုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ (ဆယ်လ်မိုနဲလား) တိုက်ဖွိုက်ပိုးပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

ခင်ဗျားတို့စားနေတဲ့အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်လို့ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိုဟ်ကြီးကိုပါ သတ်နေတာတဲ့။

အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီမရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချီဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် (ဖရပ်တို့စ်) ပါ အချိုရည်နဲ့ ဆားတွေများလို့ပါ။ လူတယောက်မှာလိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

(အော်ဂဲနစ်) နွားနို့ဆိုတာ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ်လွင့်လွင့် သန့်သန့် ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။

ဒါကြောင့် (အော်ဂဲနစ်) မွေးမြူရေး၊ (အော်ဂဲနစ်) အဝတ်အစား၊ (အော်ဂဲနစ်) ဥယျာဉ်၊ (အော်ဂဲနစ်) ကျောက်၊ (အော်ဂဲနစ်) နေထိုင်နည်း၊ (အော်ဂဲနစ်) စတိုးဆိုင်၊ (အော်ဂဲနစ်) ကုန်ပစ္စည်း၊ (အော်ဂဲနစ်) ဘဏ္ဍာရေး၊ စုံနေအောင်ရှိနေပြီ။ အော်ဂဲမနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ခင်ဗျားဘာစားသလဲဆိုတာ ခင်ဗျားရဲ့အဆင့်အတန်းပဲတဲ့။ အဆင့်ရှိချင်ရင် Go organic (အော်ဂဲနစ်) လုပ်ပါတဲ့။ ငယ်ငယ်ကစားခဲ့ရတဲ့ ပင့်ထက်မှာ ငှက်ပျောသီး၊ သဘောင်္သီးတွေကို အမှတ်ရနေတယ်။ ကျွန်တော့်အဆင့်အတန်းက တောသား။

Dr. တင့်ဆွေ

We Are! လူအမျိုးမျိုး အပြောအမျိုးမျိုး

တပ်မတော်ထဲအမှုထမ်းဘူးပြီး မွေးကတည်းက စကားပြတ်ပြတ်ပြောတတ်တဲ့ ဦးဝင်းထိန်အပြောကို လူတွေက ပြောနေကြလို့ ဝင်ရောဦးမယ်။

နိုင်ငံရေးထဲရောက်လာတဲ့ ရှေ့နေကတော့ သူ့အမှုသည်နိုင်ဘို့သာ မျက်စိမှိတ်ပြောတယ်။

တပ်မတော်ထဲကနေ မွေးကတည်းက အာဏာရှိနေရာနေခဲ့ရာကနေ ဆင်ပိန်ကျွဲဖြစ်လာသူမျိုးကတော့ ရွံ့အိုင်မှာလူးတယ်။

ကံမကောင်းလို့ နိုင်ငံရေးထဲဝင်ပါလာတဲ့ဆရာဝန်ကတော့ ရောဂါဇစ်မြစ်လိုက်ရှာ၊ လက်လှမ်းမီတဲ့ဆေး ပေးတယ်။ အရပ်နည်းသာ အားကိုးသူတွေက ရှားတာမဟုတ်။

အဲလိုလူတွေ စုပေါင်းနေထိုင်တာကို မြန်မာပြည်လို့ခေါ်တယ်။ အနည်း အများတော့မတူပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆

Trump effect and Hate Crime အမုန်းတရားပွားများလာ

အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားဆန့်ကျင်ရေးတွေ ပိုများလာတယ်လို့ လွန်ခဲ့တဲ့ ၂ နာရီကသတင်းထွက်ပါတယ်။ ဒေါ်နယ်ထရမ့် သမတဖြစ်တော့မှာကို စိုးရိမ်ကြလို့ အဲလိုဖြစ်တာပါ။ ဆန့်ကျင်မှုတွေက အမျိုးမျိုးရှိပါတယ်။

အများ-အနည်း အစီအစဉ်အရ
• ရွေ့ပြောင်းနေထိုင်သူ ဆန့်ကျင်မှု၊
• လူမည်း ဆန့်ကျင်မှု၊
• ဆီမင်းတစ် (ဒီဘရူး-အာရတ်) ဆန့်ကျင်မှု၊
• ဂေး-လိင်တူ စသည်၊
• မွတ်ဆလင် ဆန့်ကျင်မှု၊
• ထရမ့် ဆန့်ကျင်မှု၊
• အမျိုးသမီး ဆန့်ကျင်မှု၊
• လူဖြူအမျိုးသားရေး ဆန့်ကျင်မှု၊
• အခြား ဆန့်ကျင်မှု၊

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆
ညနေ ၆ နာရီ၊ ၂၉ မိနစ်။

တောလက်ဆောင်

ရန်ကုန်မှာနေရတဲ့ တောမှာမွေးခဲ့တဲ့ တူမတယောက်က သူရတဲ့ ငှက်ပျော်ဖီးလက်ဆောင်ကို ပုံနဲ့တင်တယ်။

ကျွန်တော့်အမျိုးတွေက မုံရွာ၊ ပုလဲ၊ မင်းရွာနဲ့ မင်းတိုင်ပင်မှာ။ ကျွန်တော့်ဇနီးအမျိုးတွေက ဘုတလင်၊ ဝန်ဘိုနဲ့ ညောင်ကန်မှာ။ ပြည်တွင်းတုန်းက ကျွန်တော်တို့ဘယ်မှာနေနေ တောထွက်ကုန်တွေ စားစရာတွေ မရှားခဲ့ပါ။

ငှက်ပျောသီးဆို မင်းရွာကလာရင် ဝက်မလွတ်၊ ညောင်ကန်ထွက် ဖီးကြမ်း။ မင်းရွာက ပန်းမုန်လာ၊ မုန်လာထုပ်။ ညောင်ကန်က ဖရုံသီးကင်းနဲ့ စမြိတ်နံနံ။့

အခုတော့ ရောင်းကွက်စီးပွားရေးကနေ တောသားတွေမှာ အရှေ့ဖက်သာ မျက်နှာမူနေကြရလို့ အနောက်ကမ္ဘာ ရောက်လာတာတွေက အခြောက်အခြမ်းသာ။

အမျိုးတွေလာရင် တောင်းကြီးတောင်းငယ်နဲ့သယ်လာတဲ့ အသီးအရွက် အသီးအနှံတွေခေတ် ကုန်ပြီးလား မသိ။ လာကြည့်ချင်ပါရဲ့။

ဝင်ငွေရာလည်းစိုက်၊ ကျန်းမာရေးနဲ့ကိုက်တာလည်း စားသုံးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆

Monday, November 28, 2016

Vitamin C ဗီတာမင် (စီ)

Scurvy စကာဗေ ခေါ် ဗီတာမင်စီချို့တဲ့ရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေတယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။

ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ။

ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ်။ နည်းရင် (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။

ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။

ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊ သွေးကြောအတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွးအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအားကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုး ရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဥာဏ်နည်းသူ လူကြီးတွေ၊ ဥာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ်။

25 mg ကနေ 1500 mg အထိပါတယ်။ ဆေးကို လေလုံအောင်ထားရတယ်။ မဟုတ်ရင် ညိုသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆
မနက် (ည) ဝဝ နာရီ၊ ၇ မိနစ်။

Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့

မှားထင်နေတာကို အရင်ပြင်ပြောရမှာဘဲ။ ဦးရေက အဆီပြန်လို့ ဆံပင်အဆီပြန်တယ်ထင်တာ မဟုတ်ဘူး။ ပြောင်းပြန်က မှန်တယ်။ တကယ်အဆီပြန်နေသူတွေ ပျောက်ချင်ရင် ဦးရေခြောက်အောင် လုပ်ရမယ်။

•ဆံပင်အဆီပြန်ပြန်တာက မျိုးရိုးလိုက်တတ်။ (ဆံပင်ကြည့်ပြီးမှ အမေတော်ပေါ့။)

• မြီးကောင်ပေါက်မှာ ဖြစ်တတ်တယ်။ (မြန်မြန် အပျိုကြီုးဖြစ်အောင်လုပ်။)

• တားဆေးကိုလည်း ထင်နိုင်တယ်။ (မတားလို့ရရင် မတားနဲ့၊ ဒါမှမဟုတ် တခြားနည်းသုံး။)

• ဝစေလို့သုံးတဲ့ ဆေးလည်း လွှဲချနိုင်တယ်။ (ဝတာလည်း လှတာဘဲဆိုသူနဲ့ အပေါင်းအသင်းလုပ်။)

• ဆံပင်ထူရင် ဆံပင်အဆီပြန်တာဖြစ်ချင်တယ်။ (ဆံပင်ပါးတဲ့လူတွေ စိတ်သက်သာရပါလေ။)

• အာဟာရကိုလည်း ပြောကြတယ်။ စုံအောင်-မျှအောင် ရွေးစားပါ။ (ဝယ်စားနိုင်အောင် အလုပ် ပိုလုပ်ပါ။)

• ခေါင်းလျှော်ရည်အပျော့စားသုံးပါ။ အပြော့စားဆိုလို့ အပြင်းစားကို ရေသွားမရောနဲ့။ ကလေးသုံး Shampoo မျိုး ပြောတာ။ (ရေရောတဲ့အလုပ်ကောင်းကောင်း သိသူတွေကတော့ ဟိုအရင်ကော်ပိုရေးရှင်း ၄ က ပုဂ္ဂိုလ်များဘဲ။ ရေမှာ ပျော်ဝင်တာကိုသာ ရေရောရင် ပျော့စေနိုင်တယ်။ မူ၊ စံနှုံး၊ စည်းကမ်းဆိုတာမျိုးတွေက ရေရောလည်း ပျော့မသွားရဘူး။)

• နေ့တိုင်း ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို ဦးရေခွံမဟုတ်ဘဲ ဆံပင်ကို စိုအောင်လုပ်ပါ။ ပြီးရင် ရေဖွါးဖွါးဆေးပေးပါ။ ရေအေးက ပိုကောင်းတယ်။ ဆပ်ပြာရည် မကျန်စေနဲ့။

• ခြောက်တဲ့အခါ Hot oil treatment လုပ်ပါ။ ဆီပူတာနဲ့ ကောသာပြုပြင်နည်းလည်း ထည့်ရေးပါ့မယ်။ ကြောညာနဲ့ ရောင်းတဲ့ နည်းတခုပါ။ ၃-၄-၅ ခါသုံး kits or bottles နဲ့ လာတယ်။ အပြောကတော့ ဆီပါတော့ ချောနေတာဘဲ။ Essential oils, and natural oils (Olive, Jasmine, Coconut, and Jojoba oils) တွေ ပါသတဲ့။ သုံးခါနီး ရေပူထဲမှာထည့် နွှေးရတယ်။ စိုနေတဲ့ဆံပင်ကို နှံ့အောင်လိမ်းပြီး နှိပ်ပေးရတယ်။ ပြီးရင် ပုဝါနဲ့ဖြစ်ဖြစ် Shower cap ရေချိုးခေါင်းစွပ်နဲ့ဖြစ်ဖြစ် အုပ်ထားပါ။ ဖြစ်နိုင်ရင် ပုဝါကိုပါ Dryer နဲ့ နွေးအောင်လုပ်ပါ။ အညွှန်းအတိုင်း ကြာကြာထားပါ။ များသောအားဖြင့် နာရီဝက်။ နောက်ဆုံးမှာ (ရှမ်ပို) လိုက်ပါလို့ ဆိုပါတယ်။

• Conditioner မသုံးတာ ကောင်းတယ်။ သုံးချင်ရင် ဆံပင်အဖျားပိုင်းကိုသာ သုံးပါ။ (အကုန်အကျလည်း သက်သာတယ်။)

• ဆံပင်ပြောင်လက်ဆေး Hair gloss gel or Shine hair care products တွေ မသုံးပါနဲ့။ (သက်သာပြန်ပြီ။)

• သိပ်ဆိုးတဲ့သူများ Vinegar (ရှာလကာရည်) ၁ ဆ၊ ရေ ၄ ဆ ရောတဲ့အထဲ ဆံပင်ကို နှစ်စိမ်ပေးပါ။ ဦးရေကို မထိစေပါနဲ့။ သုံပုရာသီးလည်း သုံးနိုင်တယ်။

• ဆံပင်ကို ခဏခဏ မဖြီးပါနဲ့။ ခဏခဏ မကုတ်မိစေနဲ့။ ဆံပင်ကို ကိုင်နေတတ်တဲ့ အကျင့်ရှိရင် ပြင်ပါ။

• ဦးရေခြောက်တာနဲ့ တွဲဖြစ်သူများ Shampoo with tea tree oil သုံးပါ။ ဝယ်လို့ရရင်ပေါ့။

• Styling products တွေသုံးတာ နည်းပါစေ။

• ဆံပင်ပေါ် ပေါင်ဒါဖြူးပါ၊ မျက်နှာပုဝါအခြောက်နဲ့ ပြန်သုတ်ပါ။

• ဆံပင်စည်းပုံစံ ပြင်ပါ။ ဥပမာ Pigtail, Ponytail, Bun, Half ponytail (ပိုလည်း လှလာမယ်။)

• စိတ်ရှုတ်မခံပါနဲ့။ (ကာတွန်းဖတ်ပါ၊ ဆွေးစရာတွေ မတွေးပါနဲ့။ ရုပ်ရှင်ဆို ဇာတ်လိုက်ကချည်း နိုင်တာမှကြည့်။ ကိုရီးယားဇာတ်လမ်း ရှင်ခန်းဖြတ်။ နေတဲ့တိုင်းပြည်က မကောင်းရင် The New Isle Called Utopia မှာ သွားနေပါလေ။)

Dr. တင့်ဆွေ

တင်မိုး ဖလ်မီးအိမ် ကဗျာများ

မှတ်ချက် (ကွန်မင့် မဟုတ်) ပေးကြသူတွေကရော ဆရာတင်မိုးပါ တ တွေကို မလိုအပ်တဲ့နေရာတွေမှာ တစ် မလုပ်ခဲ့ကြပါ။

နောက်ဆရာ (တချို့) တွေက ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေ၊ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာဦးဆန်းထွန်း၊ ကထိက ဦးမောင်မောင်တင်တို့ထက် တော်ကြတယ်။ တ ကို တစ်လုပ်တဲ့ပညာမှာ။

ပြန်ဆိုတေးကိုသာ နားစွဲကြတဲ့ခေတ်မှာ နောက်လူတွေကလည်း နောက်ပေါ်ဆရာတွေကိုသာ ဆရာလို့သာ မှတ်ထင်ကြတယ်။ မြန်မာစာကို ယူနီဖောင်းဝတ်ချင်ကြတဲ့ခေတ်ကိုး။

ကျွန်တော်ကတော့ ခြည်ပုဆိုးကြမ်းနဲ့ အညာဆေးပေါ့လိပ်ခဲတဲ့ ဆရာကိုသာ ဆရာလို့ အသိအမှတ်ပြုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

Health Care Workers and Risks ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေအတွက် သတိပေးချက်

ပို့စ်တခုမှာ အသည်းရောင်ဘီကာကွယ်ဆေး အမခဲ့ထိုးပေးနေတဲ့ပုံတခု တွေ့ပါတယ်။ ဆရာဝန်တွေ ဆရာမတွေကို လက်အိပ်သုံးစေချင်ပါတယ်။

ဆရာဝန်၊ ဆရာမ၊ ဓါတ်ခွဲခန်းကျွမ်းကျင်သူတွေနဲ့ ရှေးဦးသူနာပြုသူတွေအားလုံးမှာ လူနာနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ဆီကနေ ရောဂါတွေကူးစက်လာနိုင်တာကို သတိထားရပါမယ်။ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေထဲမှာ ပိုးတွေပါနေလို့ ကိုယ့်ကိုယ်ထဲကို တနည်းနည်းနဲ့ဝင်လာရင် ကူးစက်မယ်။

အများဆုံးဖြစ်နိုင်တာတွေက (HIV) အိတ်ခ်ျအိုင်ဗွီ၊ (HBV) အသည်းရောင်ဘီနဲ့ (HCV) အသည်းရောင်စီဖြစ်တယ်။ Viral hemorrhagic fevers ဗိုင်းရပ်စ်အဖျားနဲ့ West Nile virus နဲ့ malaria ငှက်ဖျားပိုးတွေလည်း သွေးထဲမှာပါနေနိုင်တယ်။

ပိုးပါနေနိုင်တာတွေကတော့ -
• Blood and blood components သွေးအရည်အမျိုးမျိုး၊
• Semen သုက်ရည်၊
• Vaginal secretions ဗဂျိုင်းနာအရည်၊
• Pericardial fluid နှလုံးအရည်၊
• Peritoneal fluid ဝမ်းတွင်းအရည်၊
• Joint fluid အဆစ်ရည်၊
• Amniotic fluid ရေမြွာရည်၊
• Pleural fluid အဆုပ်ရည်၊
• Cerebrospinal fluid ဦးနှောက်ရည်၊
• Body fluids ခန္ဓာကိုယ်အရည်အမျိုမျိုး၊ ဆီး၊ တံတွေး၊ ချွေး၊ မျက်ရည်၊ အန်ဖတ်။

ဘယ်လိုကာကွယ်မလဲ
• လက်အိပ်နဲ့ နှာခေါင်းစီးသုံးပါ။ မျက်နှာ-မျက်လုံး အကာအကွယ်သုံးပါ။
• ပြတ်ရှတာမှန်သမျှ သတိထားကိုင်တွယ်ပါ။
• စနစ်တကျစွန့်ပါ။
• အသည်းရောင်ဘီကာကွယ်ဆေးထိုးထားပါ။
• ကိုယ့်မှာ ထိခိုက်ဒဏ်ရာ အနာရှိရင် လုံအောင်ဖုံးအုပ်ထားပါ။
• ရေနဲ့ချက်ချင်းဆေးကြောပါ။
• HIV အရေးပေါ်ဆေးအဆင်သင့်ထားပါ။
• Hepatitis B immune globulin ဆေးအဆင်သင့်ရှိပါစေ။
• Syphilis လူနာဆိုရင် antibiotics ဆေးလိုမယ်။
• ဆေးစစ်နေပါ။

ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရမှုက မနည်းပါ။ ကျွန်တော်တို့ခေတ်ကတည်းက အန္တရာယ်လွယ်ရင်းသာ ဆေးကုပေးကြရတယ်။ ကူးစက်ခံရပြီး ဆုံးပါးသွားကြတဲ့ လုပ်ဖေါ်ကိုင်ဖက် ဆရာ-ဆရာမတွေကို စာနာမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

လူထုဒေါ်အမာ သတ်ပုံမှားသလား

ဒေါ်အမာ (လူထု) ရေးခဲ့တဲ့ ကျွန်မဆုံခဲ့ရတဲ့ ၃၆ ခု အရေးတော်ပုံစာ

့ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ဝိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်လခမှာ တလလျှင် (တစ်လလျှင် မဟုတ်) ၂၅ိ ဖြစ်သည်။ ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက် (တစ်ယောက်ခန်းတွင် တစ်ယောက် မဟုတ်)။ ၂ ယောက်ခန်းတွင် ၂ ယောက်။ တခါတရံ (တစ်ခါတစ်ရံ မဟုတ်) ၂ ယောက်ခန်းကြီး၌ပင်လျှင် တယောက်တည်းနေလိုက (တစ်ယောက်တည်းနေလိုက မဟုတ်) နေရတတ်ပေသည်။ တနှစ်နေဘူးသည့် (တစ်နှစ်နေဘူးသည့် မဟုတ်) ကျောင်းသားဟောင်းအဖို့ လျှောက်နေစရာ မလိုတော့ပေ။့

Ludu လူထုကြီးပွားရေးဖေ့စ်ဘွတ်မှာ “လော” တော်လှန်ရေးဝတ္ထုတိုများ ဒေါ်အမာ၏အမှာစာပုံမှာတော့
ကလဲ့စား
သံမဏိတပ်သား
သေနတ်လွယ်တဲ့ကျောင်းဆရာ
ငွေသားဒင်္ဂါးပြား တစ်ရာတဲ့ဗျား
ရွေးကောက်ပွဲ
သားအဖ ဝေစု
မိုးတွေကရွာ
ကျွန်တော့်စာတစ်စောင်
မိန်းကလေးရဲ့အောင်ပွဲ

ပန်းချီဆရာလက်ရေးနဲ့စာမှာတော့ (တစ်) သုံးထားတာတွေ့ပါတယ်။ မူလလက်ဟောင်းလား၊ နောက်ပြင်လားတော့ မသိပါ။

ဒေါ်အမာခေတ်က မြန်မာစာသတ်ပုံ ယူနီဖေါင်းမဝတ်ခဲ့ရသေးလို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

The Poet ကဗျာသည် လူကိုစပ်၏

(၂ နှစ်တိတိကရေးခဲ့တာ)

အလုပ်သွားချိန်ရောက်ပေမဲ့ ကဗျာဖတ်ချင်စိတ်ပေါက်နေသတဲ့၊

ဖတ်မရလဲ စပ်ပါလားလို့ပြောမိတယ်၊

စပ်ဖို့နေနေသာသာ အလုပ်တွေလုပ်ရတာက တရစပ်တဲ့။

အမှန်ကတော့ဗျာ၊ ကဗျာကသာ လူတွေကို ဖတ်နေ စပ်နေတာပါ၊ ပြောလိုက်သေး၊ အေ့း့ လူတွေက စိတ်ကူးတွေနဲ့ တွန့်ပြီး ကွန့်ပြီး စွန့်ပြီး ရေးတာကို ကဗျာတဲ့။ ငါကတော့ မှန်ကြည့်ရေးတာ၊ ဖွင့်ကြည့်နေစရာမလိုတဲ့ဟာ၊ ကဗျာလို့ မခေါ်လဲနေပါတဲ့။ ။

ကာရံပါမှ ကဗျာ။ မပါတာက သာတယ်။ ငြင်းလိုက်ကြတာ ပွက်လောကိုညံလို့။ ကျွန်တော်က ကောက်ချက်ချလို့ရပြီ။ ကလောင်နာမည်နဲ့ရေးတာ ကဗျာ။ ကျွန်တော့်မှာ အဖေအမေပေးတဲ့နာမည်သာရှိလို့ မရေးတတ်ရှာ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၄

Bitter Pills ငှက်ဖျားဆေး

မိုးခါးရေမသောက်ဖို့ သတိပေးကြတယ်၊
သည်တခါတော့ ဆေးခါးကြီးသောက်ရလိမ့်မယ်၊
ဗူးခါးရေသောက်ဖူးသူတွေကတော့ မှုကြမှာမဟုတ်ပါ၊
ရေဗူးပေါက်တာမလိုဆိုသူတွေကတော့ ဘူးခံကြလိမ့်မယ်၊
ကြမ်းကြားလေနဲ့ နေကြရသူတွေအတွက် မနက်တပြား၊ ညတပြား၊ ငါးနှစ်စား၊
အများအတွက်သောက်ရတဲ့ဆေးခါး၊
သွားရော့ ငှက်ဖျား။

မနှစ်က ဒီနေ့မှာ ရေးခဲ့တာ။ ညတုန်းက ဖရင်းထဲကတယောက်က မေးတယ်။ ဆရာ လက်ရှိအစိုးရ အခြေအနေ ဟန်ပါမလားတဲ့။ လူတွေက တိုက်ပွဲတွေကိုကြည့်ပြီး စစ်တပ်ကိုအားကိုးချင်သလိုတွေ ပြောလာကြတယ်တဲ့။

စစ်တပ်မှာရော၊ အင်နယ်လ်ဒီမှာရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေမှာရော။ သမိုင်းကြောင်းကိုယ်စီ နှစ်ပေါင်းများစွာ ရှိကြတယ်။ မနေ့တနေ့က ဖြစ်တာပျက်တာလေးနဲ့တော့ အားကိုးအားထားပြုလောက်တဲ့သမိုင်း၊ ညစ်ထေးခဲ့တဲ့သမိုင်း မပျောက်စေပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Sunday, November 27, 2016

လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)

အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။ ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာမလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။

အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေဝင်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) ရက်စက်သော တိတ်ဆိတ်မှု ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က ရက်စက်သောဆူညံမှုကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ရက်စက်သောဆူညံမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့ -

(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျွန်တော် သဘောကျလွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီးတန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။ အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်ကပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက်ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကိုပေါင်းပြီး ကျွန်တော်ပြောသွားပါမယ်။

(၁) စာအုပ်ဆိုတာ ဘာလဲ
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။

စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့်စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။

ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်းပြောပါသေးတယ်။ အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာတည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွါးစေတဲ့စာအုပ်လို့ ရပ်စကင်းကခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။

ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင်ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။

သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။

ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။

(၂) စာကို ဘယ်လိုဖတ်ကြမလဲ
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစသည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီးဖြစ်ရတယ်။ သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှရတာ။

ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဥာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။ အဲဒီမေးခွန်းတွေ မေးဖို့လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။

ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။

အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။

စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊ အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ
ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း ဂန္ထဝင်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျံ့လွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။

(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။

ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ဝရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။

ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ဝိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူ တယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ဝိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။

(၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။ ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။ ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန်ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန်ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန်ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှအင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။ ကြီးမြတ်တဲ့လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။

ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တဝိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။

ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။ ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး။

ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များထင်ကြရင် သည်းခံနားထောင် ကြပါ။ ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။

(၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ဝိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲအခန်းအနားတွင် ပြောသည့်စကား) မြသန်းတင့်ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်းစာအုပ် ၂ဝဝဝ ခု၊ ပထမနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။ Posted by Maung Aye Win

မှတ်ချက်။ ဆရာမြသန်းတင့်က တ ကို မလိုတဲ့နေရာတွေမှာ တစ်မလုပ်ပါ။ နောက်ဆရာတွေက မြသန်းတင့်ထက် တော်ကြတယ်။ No Smile!

ဒေါက်တာတင့်ဆွေ

ဇာတ်မင်းသားနဲ့ အလှူ့ဒကာ (လူထုဦးလှ)

ပစ္စည်းအလွန်ချမ်းသာတဲ့ သူဌေးကြီး ဘကြီးဖြိုးမှာ မအေးသန်းဆိုတဲ့ အလွန်လှတဲ့ သမီးတယောက်ရှိတယ်။ ဘကြီးဖြိုးဟာ အသက်အရွယ်ကြီးလာတဲ့အခါ ပစ္စည်းချမ်းသာလွန်းလို့ နောင်ဘဝကူးကောင်းအောင် ရဟန်းသံဃာတော်တွေပင့်ပြီး အလှူကြီး (၇) ရက်ပေးတယ်။ လူပရိသတ်ကိုလည်း ထမင်းဟင်း၊ အဝတ်အထည်များ ကျွေးမွေးပေးကမ်း လှူဒါန်းတယ်။

အလှူပေးတဲ့ရက်တွေမှာ ရွာသူရွာသားတွေ ကြည့်ရအောင် နာမည်ကြီးဇာတ်တဇာတ်ကို ငှားပြီးကစေတယ်။ ဇာတ်အဖွဲ့ဝင်တွေဟာ ညကပြီး နေ့အခါမှာ ဘကြီးဖြိုးအိမ်မှာပဲ စတဲချကြတယ်။ ဒီဇာတ်ဟာ ဒီရွာသူရွာသားတွေ သဘောကျတဲ့ ဇာတ်ပဲ။ ဒီလိုရက်ရှည်ရှည်ကပြတော့ အလှူ့ရှင် ဘကြီးဖြိုးသမီး မအေးသန်းနဲ့ ဇာတ်မင်းသားဟာ ချစ်ကြိုက်သွားကြတယ်။ အဲဒီအကြောင်းကို ဘကြီးဖြိုးသိတော့ အလှူပွဲပြီးတဲ့ နောက်တနေ့မှာ လက်ထပ်ထိမ်းမြား ပေးလိုက်ရတယ်။ ပေးစားပြီးတဲ့နောက် ကာလအတော်ကြာတော့ ယောက္ခမနဲ့သမက်ဟာ အရောတဝင်မရှိဘဲ ခပ်တန်းတန်းနေကြတယ်။ ဇာတ်ဆန်လွန်းနေတဲ့ မင်းသားဟာ ဘယ်နေရာ စကားပြောပြော ဇာတ်စကားတွေပါနေလို့ ဘကြီးဖြိုးက မျက်စိစပါးမွေးစူးပါရော။

ဥပမာ မအေးသန်းက မင်းသားကို ထမင်းစားရအောင်လို့ခေါ်ရင် မင်းသားက ကောင်းပြီ နှမတော် မောင်တော်အခုပဲ လိုက်ခဲ့မယ်လို့ ပြန်ပြောတယ်။ တနေ့တော့ ဘကြီးဖြိုးက သူ့သမက်နဲ့ စကားစမ်းပြောကြည့်မယ်ဆိုပြီး သားတို့ သမီးတို့ နေထိုင်စားသောက်လို့ ကောင်းကြရဲ့လား၊ ကျန်းကျန်းမာမာ ရှိကြရဲ့လားလို့ မေးလိုက်တယ်။

အဲဒီအခါ မင်းသားက ရုတ်တရက် ဒူးထောက် လက်အုပ်ချီပြီး မှန်လှပါ ဖခမည်းတော် ပို့သသော မေတ္တာကြောင့် ကျန်းခန့်သာလို့ မာတော်မူကြောင်းပါဘုရားလို့ ပြောလိုက်တယ်။

ယောက္ခမဖြစ်တဲ့ ဘကြီးဖြိုးဟာ ဒီပြောသံကြားရတော့ ဒေါသထွက်လာလို့ ဟေ့ကောင် စကားပြောရင် ရိုးရိုးတန်းတန်း ပြောစမ်း၊ ဒါမင်း ငါ့ကို ပြောင်တာလားလို့မေးလိုက်တယ်။ မင်းသားက မှန်လှပါ ငယ်ရွယ်သူ ကျွန်တော်မျိုးလို မလိမ်တမာ အမိုက်ကောင်ကို အပြစ်တော်မယူဘဲ အချစ်တော်ထားတော်မူပါဘုရားလို့ နှာသံပါပါ ခပ်ချွဲချွဲကလေး ပြန်ပြောလိုက်တယ်။

အဲဒီအခါ ယောက္ခမကြီးလည်း အလွန်ဒေါသဖြစ်လို့ အပြင်ဘက်မှာထောင်ထားတဲ့ ဓားမကိုဆွဲပြီး ခုတ်မယ်လုပ်တာနဲ့ သမီးက ဖခင်ကို အတင်းဆွဲထားရတယ်။

ဒါပေမယ့် မင်းသားက အပြောဟန်အမူအရာနဲ့ မှန်လှပါ သားတော်မလိမ္မာတာကို ခွင့်လွှတ်ပြီး အသက်ချမ်းသာ ပေးတော်မူပါဘုရားလို့ပြောပြီး အိမ်ပေါ်ကဆင်းပြေးတော့တယ်။ Posted by Maung Aye Win

မှတ်ချက်။ လူထုဦးလှက တ ကို မလိုတဲ့နေရာတွေမှာ တစ်မလုပ်ပါ။ နောက်ဆရာတွေက လူထုဦးလှထက် တော်ကြတယ်။ No Smile!

ဒေါက်တာတင့်ဆွေ

ပြန်ဆိုတေး

သတ်ပုံတွေရေးနေရင်းနဲ့ နှိုင်းယှဉ်ချက်တခု ပေးချင်လာပါတယ်။

အရင်ကရေးခဲ့တဲ့သတ်ပုံတွေကို ခေတ်ကာလအရ လွယ်ကူးရှင်းလင်းအောင်ပြောင်းတာမျိုး မဟုတ်ဘဲ အုပ်ချုပ်သူကို အခွင့်ကောင်းယူပြီး ကိုယ်လိုရာကို မှန်တယ်လို့ ဆရာကြီးတချို့က ပြောင်းခဲ့တာ သမိုင်းမှန်ဖြစ်ပါတယ်။ သူတို့လည်း တော်ကြပါတယ်။ သူတို့လိုတော်တဲ့ ဒါမှမဟုတ် ပိုတော်တဲ့ဆရာတွေကတော့ ကုလားထိုင်မှာ ထိုင်ကြသူတွေမဟုတ်ကြလို့ လူရာသွင်းမခံရပါ။ အဲတာလည်း သမိုင်းမှန်ဖြစ်ပါတယ်။ နာမည်တွေ ထုတ်မရေးလိုပါ။

ပြင်ခဲ့သူတွေက စီမံခန့်ခွဲမှုအာဏာနဲ့ သည်လိုသာဖြစ်စေရမယ်။ လွဲတာကိုထုတ်ဝေခွင့်မပေး လုပ်ပါတယ်။ ကြာလာတော့ ပုံနှိပ်စာအုပ်မှတ်သမျှ ခြမကိုက် ပိုးမထိုးတာဆိုရင် အဲလိုပေါ်လစီသတ်ပုံတွေချည်းသာ ဖြစ်လာတယ်။ နောက်လူတွေက အဲတာတွေသာ အမှန်ထင်ကြတော့တယ်။ မြန်မာစာနဲ့ ဘာသာစကားဆိုတာ သိပ္ပံမှာလို ပုံသေနည်းတခုချထားရင် မပြောင်းတော့တာ မဟုတ်ပါ။

ဒီကြားထဲမှာ ဘာသာစာပေကို အလေးထားလေ့လာလိုက်စားသူတွေရှိပါတယ်။ သူတို့အတွက် မြင်ဆရာ ကြားဆရာအဖြစ် တာဝန်ရှိသူတွေဆီကနေ နာယူမှတ်သားကြတယ်။ အဲလိုဆရာကြီးတွေကို အလွန်ပဲလေးစားကြတယ်။ ကျွန်တော်လို မြန်မာစာမှာ ဘာမှမဟုတ်သူကနေ အခုလိုတွေရေးတာလည်းဖတ်ကြပုံရပါတယ်။ သူတို့ဆရာတွေကသာ ခေတ်ပေါ်၊ ခေတ်မီပညာရှင်တွေအဖြစ် လက်ခံကြတယ်။ အရင်က ဘယ်လိုရေးထားခဲ့ထားခဲ့ ဦးနေဝင်းလမ်းညွှန်ခဲ့တဲ့အတိုင်း တပြေးညီဖြစ်ရမယ်။ မူရှိမယ်လို့ ပြန်လှန်ဆွေးနွေးပါတယ်။ အရင်ကတော့ မူပျက်တယ်လို့ပြောချင်ပုံရတယ်။ မြန်မာစာကို ယူနီဖောင်းဝတ်ပေးတာ သဘောကျပုံရတယ်။

တေးဂီတနယ်မှာ ကျွန်တော်တို့ခေတ်က ပြည်လှဖေ၊ မေရှင်၊ ဂီတနက်သံကိုစောညိန်း၊ ကိုအံကြီး၊ မာမာအေး၊ မြို့မ။ နောက်လူတွေက အဆိုတော်သစ်တွေနဲ့သာ စခန်းသွားလာကြတယ်။ နောက်အဆိုတော်တွေကလည်း ခေတ်ဟောင်း သီချင်းတွေပဲ ပြန်ဆိုကြတယ်။ နောက်လူတွေက ပြည်လှဖေဆိုတာကို နားမထောင်တတ်တော့ဘူး။ မေရှင်အသံကို နားမဝင်ကြတော့ဘူး။ ကိုစောညိန်းအသံ နားဝင်ပီယံမဖြစ်ကြတော့ဘူး။

နတ်သျှင်နောင်ရတုကို သတ်ပုံပြင်ဆိုမှသာ နားဝင်ချိုကြတော့တယ်။ ယူနီဖောင်းခတ်က ပြင်ရတာအတော်ခက်တယ်။ ကျွန်တော်က ဇွဲကိုတော်တော်နဲ့ လျှော့တတ်သူမဟုတ်ပါ။

မြကလောင်ရေးပြီး ပြည်လှဖေဆိုတဲ့ ဇွဲ https://www.youtube.com/watch?v=vytRoh8CSbA

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

စာဆိုတော်နေ့ ပေါ်ပေါက်ရပုံ – ဦးဟိန်

ရှာဖွေပေးပို့သူ – ကိုဌေး (နတ်မောက်)

သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးလှုပ်ရှားမှုတွင် စာပေအနုပညာရှင်တို့သည်ကလောင်ထမ်း၍ စွမ်းစွမ်းတမံပါဝင်ခဲ့ကြသည်။ မျိုးချစ်စာဆို အချုပ်တန်းဆရာဖေ၊ ရာဇဂုရုဆီးဘန်းနီဆရာတော်၊ စုံနံ့သာမြိုင် (နတ်မောက်/တောင်တွင်း)၊ ဦးကြော့တို့ အစ၊ ဇာတိမာန်စာဆို အဖိုးဆရာကြီး သခင်ကိုယ်တော်မှိုင်းအလယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ခေတ်စမ်းအုပ်စုအဆုံး လူထုနှလုံးသားမှာ လွတ်လပ်ရေးတိုက်ပွဲဝင်ရေး၊ မျိုးချစ်ဓားသွေးစာ၊ လင်္ကာ၊ ကဗျာတေးတို့ဖြင့် လှုံ့ဆော်ခဲ့ကြသည်။ ကိုလိုနီခေတ်နှောင်း ၁၉၄ဝ တွင် စနစ်ကျသော စာရေးဆရာအသင်း စတင်ထူထောင်နိုင်သည်။ ပထမဦးဆုံး ဥက္ကဋ္ဌမှာ ဆရာကြီး ဒီးဒုတ် ဦးဘချို။ ထို့နောက် အစဉ်အဆက်ဥက္ကဋ္ဌများမှာ ဦးသိမ်းမောင် (၁၉၄၃)၊ ဂျာနယ်ကျော် ဦးချစ်မောင်(၁၉၄၅)၊ ဒဂုန်နတ်ရှင်(၁၉၄၆)၊ မြို့မမောင် (၁၉၄၇) စသူတို့ ဖြစ်သည်။

ကိုလိုနီခေတ် ထင်ရှားသော စာပေသမားတို့သည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ ဖိနှိပ်မှု ငုံ့မခံတုံ့ပြန်လိုသော တော်လှန်ရေးစိတ်ဓာတ်၊ နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ပေးလိုသောပညာဖြင့် ချစ်သည့် မျိုးချစ်စိတ်ဓာတ်တို့ဖြင့် လူထုကိုမျက်စိဖွင့် ပေးခဲ့ကြသည်။ ဂျပန်ခေတ် ပထမဆုံးစာဆိုတော်နေ့ ကျင်းပစဉ်ကပင် စာပေပညာရှင်တို့ သည် တိုင်းပြည်နှင့် လူမျိုးအတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သင့်သည်တို့ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။ ၎င်းကို သံတော်ဆင့်သတင်းစာတိုက်မှ ထုတ်ဝေသော လွတ်လပ်ရေးနေ့ အထူးစာစောင်ကြီးမှာ သမိုင်းခြေရာအဖြစ် ထင်ရှားစွာတွေ့ရသည်။

တိုင်းပြည်လွတ်လပ်ရေးမရမီ စာဆိုတော်နေ့ဖြစ်လာရပုံနှင့် မည်သို့ကျင်းပပုံကိုစာဆို တော်နေ့ ဖြစ်မြောက် အောင်အားထုတ်ရာတွင်ပါဝင်ခဲ့သူ စာရေးဆရာအသင်း အမှုဆောင် ဦးဟိန်ကိုယ်တိုင် ၁၃ဝ၉၊ နတ်တော် လဆန်း (၁)ရက်တွင် အသံလွှင့် ဟောပြောခဲ့သည်။ ထိုဟောပြောရက်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာ ရန် ၅၁ရက် လိုသေးသည်ကို သတိပြုမိသည်။ စာဆိုတော်နေ့ကို နတ်တော်လဆန်း (၁) ရက်နေ့သတ် မှတ်ရန် ဂျာနယ်ကျော် ဦးချစ်မောင်က အကြံပေးခဲ့ပြီး (နောင်သံတော်ဆင့်သတင်းစာ တည်ထောင်မည့်) ဦးသိမ်းမောင်က ထောက်ခံခဲ့သည်။

စာဆိုတော်နေ့ဖြစ် မြောက်အောင်ကြိုးပမ်းခဲ့သည့် ဂျာနယ်ကျော်ဦးချစ်မောင်၊ သံတော်ဆင့်ဦးသိမ်းမောင်၊ ဦးဖေ မောင်တင်၊ ဦးကောင်း၊ ဇော်ဂျီ၊ သူကြီး ဂေဇက်ဦးခင်မောင်၊ ဦးလှမင်း၊ ဦးဟိန်တို့သည် စာပေပညာသာမက ကိုယ်ကျင့်သီလ၊ သမာဓိ မြင့်မားကြ၍ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ ထိုသို့အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်မြင့်မားရေး သန့်ရှင်းဖြူစင်ဖြောင့်မတ်စွာဆောင်ရွက် ကြသူတို့ လုံ့လအားထုတ်မှုကြောင့် ဖြစ်ပေါ်လာရသော စာဆိုတော်နေ့ကို မိမိကဲ့သို့ ပထစခေတ်နှင့် ၎င်းနောက်ပိုင်းမျိုးဆက်သစ်တို့ ဂုဏ်ယူဝင့်ကြွားစွာ သိစေရန် သံတော်ဆင့်သတင်းစာတိုက်မှ ထုတ်ဝေသော ဗမာ့လွတ်လပ်ရေး အထူးစာစောင်ကြီးမှ ရှာဖွေကူးယူ ဖော်ပြလိုက်ပါကြောင်း။

(နှစ်ပေါင်း ၆၇နှစ်ကြာအောင် စာစောင်ကြီးကို မပျောက်မပျက်ထိန်းသိမ်းခဲ့သော နတ်မောက်မြို့နယ်၊ ကျွဲ မင်းကျရွာ ဦးကြီးရွှေထွန်းကို ကျေးဇူးတင်ပါကြောင်း)

(စာပေနှင့်ပတ်သက်၍ ရှေးကမပေါ် ခဲ့သေးဘူးသော စာဆိုတော်နေ့သည် အင်္ဂလိပ်ကျွန်တခေတ် (ဂျပန်ကြား ခေတ်ကစ၍) ပေါ်ပေါက်ခဲ့သည်မှာ စာပေသမိုင်းတွင် ထူးခြားချက်တရပ်ပင်ဖြစ်သည်။ စာဆိုတော်နေ့ မည်သို့ ဖြစ်ပေါ်လာခဲ့သည်ကို ယခုနှစ် စာဆိုတော်နေ့က စာရေးဆရာအသင်း အမှုဆောင်လူကြီးဦးဟိန်၏ အသံလွှင့် ဟောပြောချက်ကိုဖော်ပြခြင်းဖြင့် ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။)

မြန်မာစာပေ ပြန်လည်ထွန်းကားရေး
ယနေ့ ကျွန်တော်အစီရင်ခံရမဲ့ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ မြန်မာဘာသာစာပေ တိုးတက်ကြီး ပွားရေး နှင့်ပတ်သက်ပြီး စာဆိုတော်နေ့ဟူ၍ ထွန်းကားပေါ်ပေါက်လာပုံအကြောင်းပင် ဖြစ်ပါတယ်။ ဒီလိုမြန်မာ ဘာသာစာပေကို အမွှမ်းတင်ဘို့ သိဒ်္ဓိတင်ဘို့ ကိစ္စနဲ့ပတ်သက်ပြီး ပဋ္ဌမဦးစွာ အကြံရတာကတော့ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးပါဘဲ။ ဒီလိုအကြံ ရတဲ့အချိန်အခါကလည်း ဧငြိမ်းသာယာတဲ့ အခါသမယ မဟုတ်ဘူး ခင်ဗျ။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း၊ ဗမာနိုင်ငံ စစ်မြေပြင်မှာ မဟာမိတ်လေယာဉ်ပျံတွေ အစုလိုက် အပြုံလိုက် ကောင်းကင်ကနေပြီး သဲသဲမဲမဲ ဗုန်းကြဲ တိုက်ခိုက်နေတဲ့အချိန်၊ ဂျပန်တွေ သိသိသာသာအရေး နိမ့်လာတဲ့အချိန်၊ ရန်ကုန်မြို့သူမြို့သားများဟာ ကျီးလန့်စာစား ရသလို ဂရောင်ချောက်ချားဖြစ်နေတဲ့ ၁၃ဝ၆ ခုနှစ်၊ ခရစ်သက္ကရာဇ်ဆိုရင် ၁၉၄၄ ခုနှစ်ဖြစ်သဗျ။ ဒီလိုတိုင်းပြည်က သောင်းကနင်း ဗရုန်းဗရင်းနဲ့ လူတွေစိတ်ဓာတ်ပျက်ပြားနေတဲ့အချိန်မှာ စာရေးဆရာအသင်းကြီးရဲ့ အမှုဆောင် အစည်းအဝေးတခုမှာ လူတွေ စိတ်ဓာတ်ပျက်ပြားနေတဲ့အချိန်မှာ ဘယ်ပုံဘယ်နည်းနဲ့ လူတွေရဲ့ အာရုံပြောင်းသွားအောင် ဆောင်ရွက်ကြမလဲဟူ၍၎င်း၊ ဗမာ နိုင်ငံမှာဇာတိသွေး-ဇာတိမာန် တက်ကြွဘို့အတွက် ပါတော်မူနေ့၊ အမျိုးသားနေ့၊ ဦးဝိစာရနေ့၊ အာဇာနည်နေ့တွေဆိုပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတယ်၊ မြန်မာစာပေ ပြန်လည်ထွန်းကား တိုးတက်ရေးအတွက် မြေထောင်မြောက်ပေးမဲ့ နေ့ရက်တရက် သတ်မှတ်ရန် မလိုအပ်ဘူးလားဟူ၍၎င်း၊ တိုင်ပင်ဆွေးနွေးကြတဲ့အခါ စာပေအတွက် နေ့တနေ့သတ်မှတ်ရန် အကြံဖြစ် ပေါ်လာကြပါရော။ ဒီလိုအကြံရလာတဲ့ အတိုင်းကျွန်တော်တို့ စာရေးဆရာ အသင်းကြီးတခုတည်းက ကြီးမှူးဆောင်ရွက်တာ ထက် ဗမာအစိုးရရဲ့ အကူအညီကိုပါရရင် ပိုမိုခရီးတွင်ကျယ်မယ်လို့ သဘောပေါက် ကြတဲ့အတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နဲ့ နှီးနှောပြောဆိုကြရာက ၁၃ဝ၆ ခုနှစ်၊ ကဆုန်လဆုတ် ၂ရက်နေ့မှာ ထိုခေတ်အခါ ကပညာရေးဝန်ကြီးဖြစ်နေတဲ့ (ကွယ်လွန်သူ) ဦးလှမင်းက သူ့ရဲ့ရုံးခန်းမှာ မြန်မာ စာပေနေ့တနေ့ ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဘို့ အစည်းအဝေး ခေါ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်တဲ့ ပုဂ်္ဂိုလ်များအနက် ကျွန်တော်မှတ်မိသလောက်မှာ ဝန်ကြီး ဦးလှမင်း၊ ဦးဖေမောင်တင်၊ အခုအင်္ဂလန်ရောက်နေတဲ့ဦးကောင်း၊ ဇော်ဂျီအမည်ခံဦးသိန်းဟန်၊ သူကြီးဂေဇက် ဦးခင်မောင်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိမ်းမောင်၊ ကွယ်လွန်သူ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ကျွန်တော်ဖြစ်ပါတယ်။

နတ်တော်လဆန်း ၁ ရက်နေ့
အဲဒီအစည်းအဝေးမှာ စာဆိုတော်နေ့ တနေ့သတ်မှတ်ရန် သဘောတူကြပြီးနောက် နေ့ရက်ရွေးချယ်ဘို့ စဉ်းစား ကြတဲ့အခါ ဆရာလင်းကိုယ်တိုင် အစည်းအဝေးမတက် နိုင်လို့ရေးသားပေးပို့လိုက်တဲ့စာမှာအသွား အလာစိုစွတ် ခက်ခဲတဲ့ မိုဃ်းရာသီ အချိန်ကို မရွေးဘို့အကြံပေးထားတာ တွေ့ရပါတယ်။ ဒီအခါမှာ ဂျာနယ်ကျော် ဦးချစ်မောင် က မင်းဇေယဓန္တမိတ်၏ အင်းဝမြို့ဘွဲ့ရတုပိုဒ်စုံမှာဇာတ်သဘင်ရောက်ပြန်လျှင်မူဖျင်မျှ အုံထပ်ဘွဲ့အပ်မည် ပေးဆုံးရေးတိုက်ဘက် ဆိုတဲ့အပိုဒ်ကို သတိရပြီး ရှေးမြန်မာ ဘုရင်များဟာ နတ်တော်လမှာ ဘွဲ့နှင်းသဘင် ဆင်ယင်ကျင်းပပြီး မင်းပရိသတ်တို့ကို ထိုက်သင့်သလို ချီးမြှောက်ဘွဲ့အပ်မည်ပေး လုပ်ခဲ့တဲ့အတွက် နတ်တော် လကိုရွေးသင့်ကြောင်း၊ ရက်အတွက်လည်း လဆန်း ၁ရက်ဖြစ်သင့်ကြောင်း အကြံပေးရာ၊ အခု သံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးသိမ်းမောင်က ထောက်ခံခဲ့ပါတယ်။ ကန့်ကွက်မဲ့ သူမရှိတာနဲ့ နတ်တော်လဆန်း ၁ ရက်ကိုစာဆိုတော်နေ့အဖြစ်အများ သဘောတူဆုံးဖြတ်လိုက်ပြီးထိုနေ့ကျတဲ့အခါ မည်သို့မည်ပုံ ဆင်ယင်ကျင်း ပမယ်ဆိုတာ အသေးစိတ် စီစဉ်ဆောင်ရွက်သွားဖို့အတွက် နာယကအဖွဲ့တခု-အလုပ်အမှုဆောင်အဖွဲ့တခုဖွဲ့ရန် သဘောတူကြပြီး၊ အမှုဆောင်အဖွဲ့မှာ အခုအမျိုးသားတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က ဥက္ကဋ္ဌ၊ ဂျာနယ်ကျော် ဦးချစ်မောင်က ဆော်သြသူအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြပါတယ်။

ပဋ္ဌမစာဆိုတော်နေ့
စာဆိုတော်နေ့ကို ဘယ်ပုံဘယ်နည်း ကျင်းပမလဲဆိုတာတွေကို အလုပ်အမှုဆောင်အဖွဲ့က အသေးစိပ် ဆွေး နွေးလာတဲ့ အခါ၊ ထိုနေ့ထိုရက်ကျရင် ဦးပုညရေးခဲ့တဲ့ ဝိဇယပြဇာတ်ကို ခေတ်နဲ့လျော်ညီအောင် အတန်အသင့် ပြုပြင်ပြီး စာရေးဆရာများ ကိုယ်တိုင်ပါဝင် အသုံးတော်ခံကြရန်နှင့် ညနေပိုင်းအချိန်မှာ နိုင်ငံတော်အသံလွှင့်ဌာနကနေပြီး စာဆိုတော်နေ့အကြောင်း အသံလွှင့်ရန်စတဲ့ အစီအစဉ်တွေ လုပ်ကြပါတယ်။ ထိုခေတ်က ဗမာအစိုးရကလည်း စာဆိုတော်နေ့ကြီး အောင်မြင်ထမြောက်စွာ ကျင်းပနိုင်ဘို့အတွက် ငွေပေါင်း ၁၅ဝဝဝ ထုတ်ပေးပါတယ်။ ဂျပန်ငွေစက္ကူတွေဗျာ။ သို့ပေမဲ့ ဒီလိုဗမာအ စိုးရဆီက ငွေကြေးအကူအညီရလို့လဲ ဒီလို တဝုံးဝုံးတဒိုင်းဒိုင်းနဲ့ ဗုန်းကြားစက်သေနတ်ကြားမှာ ခင်းကျင်းပြသရတဲ့ ဝိဇယပြဇာတ်ကို မြို့သူမြို့သားတွေဟာ အားတက်သရော ကြွရောက်အားပေးကြတဲ့အတွက် ၁၃ဝ၆ ခုနှစ်၊ နတ်တော်လဆန်း ၁ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပဋ္ဌမစာဆိုတော်နေ့ကြီးဟာ အထူးအောင်မြင်ထမြောက်တယ်လို့ ကြားသိရပါတယ်။ ဒီအခါမှာ ကျွန်တော်ဟာ အစိုးရအမှုထမ်းတယောက် ဖြစ်နေလို့ ဗမာတွေ စိတ်ဓာတ်ခိုင်မြဲရေးအတွက် ဖျာပုံ-မြောင်းမြ-ပုသိမ်-စတဲ့ နယ်တွေလှည့်ပြီး ဟောပြောနေရတာနဲ့ ပဋ္ဌမစာဆိုတော်နေ့ ဝိဇယပြဇာတ်ကို မကြည့်လိုက်ရဘူးခင်ဗျ။ ဒါပေမဲ့ အခြားမကြည့် လိုက်ရသေးတဲ့လူတွေက ဆူပူတောင်းဆို ကြတာကလဲတကြောင်း၊ အသင်းရံပုံငွေ လိုနေတာကလဲတကြောင်းကြောင့် စာရေးဆရာအသင်းက ဝိဇယပြဇာတ်ကိုပြန်လည်ပြီး မြိုင်ရုံမှာ ကပြကြတော့ ကျွန်တော်လဲ ရန်ကုန်ပြန်ရောက်လာလို့ ကြည့်လိုက်ရပါတယ်။

အဲဒီလို ဝိဇယပြန်ပြီးကပြတဲ့အခါ၊ အခုဝန်ကြီးချုပ်သခင်နုနဲ့ အခြားဝန်ကြီးများ ကိုယ်တိုင်ကြွရောက် ချီးမြှင့်ခဲ့ကြပါတယ်။ ဝိဇယမင်းသားလုပ်တဲ့ စာရေးဆရာ ဒါရိုက်တာ ကိုသုခ၊ မယ်ကုဝဏ်လုပ်တဲ့ မထွေးတို့ဟာ ဒီဇာတ်မှာ ပိုင်ပိုင်နိုင်နိုင်ကြီး သယ်သွားလိုက်ကြတာ ပွဲကြည့်ပရိသတ်တွေဟာ မျက်ရည်သုတ်ကြရတဲ့ အဖြစ်မျိုး ရောက်ကုန်သဗျ။

ဂျပန်တောင်အတော်ဒေါပွခဲ့တယ်
ဒီလိုအချိန်အခါမှာ စာရေးဆရာအသင်းကြီးက ဘာ့ကြောင့် ဝိဇယပြဇာတ်ကိုမှရွေးချယ် ပြသရတယ်ဆိုတာ အဓိပ္ပာယ် ရှိတယ်ခင်ဗျ။ ဒီအချိန်တုံးက ဗမာနိုင်ငံမှာ ရှိနေတဲ့ ဂျပန်တွေဟာ စစ်ကိုအကြောင်း ပြပြီး ထင်သလို ရမ်းကားနေတာတွေ၊ ကင်ပေတိုင်စတဲ့ ဂျပန်စစ်ပုလိပ်တွေဟာ ဗမာတွေကို ရက်ရက်စက်စက် ညှဉ်းပမ်း နှိပ်စက် နေတာတွေကို ဘယ်သူကမှ ပွင့်ပွင့်လင်းလင်းပြောလဲမပြောဝံ့ဘူး၊ သတင်းစာဆရာတွေဟာလဲ ပေါ်ပေါ်ထင်ထင် ရေးလဲမရေးဝံ့ကြဘူး။ ဒီတော့ ဂျပန်ဖက် ဆစ်ဘီလူးတွေကို တော်လှန်တိုက်ထုတ်ရေးအတွက် တိုင်းပြည်လူထုကို ဝိဇယပြ ဇာတ်နဲ့ အရိပ်နိမိတ်ပြရရင် ကောင်းမှာဘဲဆိုပြီး အတွင်းကျတဲ့ စာရေးဆရာအမှု ဆောင်လူကြီးတစုက ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ ဒါကို အချို့လူထုက ရိပ်မိကြသော်လဲ၊ အချို့ကတော့ အမှုမဲ့-အမှတ်မဲ့ ဆိုသလို ကြည့်ကောင်းကောင်းနဲ့ ကြည့် လိုက်ကြတာဘဲ။ သို့ပေမဲ့ ဂျပန်တွေထဲမှာ အတော်ပါးရေနပ်ရေရှိတဲ့ ဂျပန်တွေကတော့ ရိပ်မိတယ်ထင်ပါရဲ့ဗျာ။ ဒီဝိဇယပြ ဇာတ်ကြည့်ပြီး အတော်မျက်နှာပျက်ခါစာ ရေးဆရာတွေကို အတော်ဒေါပွတယ်လို့ ကြားရသေးတယ်။ ဒီနောက် မကြာဘူး ၁၃ဝ၇ ခုနှစ်မှာဘဲ ဂျပန်ဖက်ဆစ်တွေကို ဗမာတွေအတည့်အလင်း တော်လှန်တိုက် ခိုက်ခဲ့တာအများသိပြီးဖြစ်တဲ့အတိုင်းပါဘဲ။

ဒုတိယစာဆိုတော်နေ့
၁၃ဝ၇ ခုနှစ်၊ နတ်တော်လဆန်း ၁ရက်နေ့မှာ ဒုတိယစာဆိုတော်နေ့ကြီးကို ကျွန်တော်တို့ စာရေးဆရာအသင်း ကြီးကဘဲ ကြီးမှူးကျင်းပခဲ့ပြန်တယ်။ ဒီအကြိမ်တော့ အင်္ဂလိပ်တွေ ဗမာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ သမယဘဲ၊ အင်္ဂလိပ်အစိုးရ လက်ထက်ဖြစ်နေလို့ အင်္ဂလိပ်အစိုးရရဲ့ ငွေကြေးအကူအညီကို ဒီအကြိမ်မှာ မရပေမဲ့ စာရေးဆရာအသင်းကြီးရဲ့ ကြိုးစားမှုကြောင့် ဟာသဝိဇ္ဇာကြီး ဇဝနက ဦးပေါ်ဦးလုပ်ပြီး ဦးပေါ်ဦး ပြဇာတ်ကို ခင်းကျင်းပြသခဲ့တာ တဝေါဝေါ-တသောသောနဲ့ ပွဲကျပြီး အထူးအောင်မြင်ခဲ့ပါတယ်။ ဒီအကြိမ်မှာ ကျွန်တော်က အခဏ်းကဏ္ဍတခုမှာ အချုပ်တန်းဆရာဖေအဖြစ်နဲ့ အသုံးတော်ခံခဲ့ရပါတယ်။

တတိယစာဆိုတော်နေ့
၁၃ဝ၈ ခုနှစ် တတိယအကြိမ်မြောက် စာဆိုတော်နေ့ကြီးမှာ ဝိဇယပြဇာတ်ကိုပဲ အများက တောင့်တမြှော် လင့်ကြတာနဲ့ စာရေးဆရာ ကိုသုခက ဝိဇယမင်းသား၊ မေသန်းက မယ်ကုဝဏ်လုပ်ပြီး ပြန်လည်အသုံး တော်ခံရပြန်တယ်။ ဒီတတိယ စာဆိုတောာ်နေ့ကြီးမှာ ကျွန်တော်တို့ရဲ့ ဆရာတဆူဟု မှတ်ယူတင်မြှောက်ထားတဲ့ မကြာမီက လူမသမာတို့ရဲ့ လက်ချက်နဲ့ အသက်သေဆုံးသွားရှာတဲ့ မြန်မာပညာရှိကြီး ဒီးဒုတ်ဦးဘချိုက အခမ်းအနားဖွင့် မိန့်ခွန်းစကား ပြောကြားခဲ့တာကို ကျွန်တော်ဖြင့် ခုထက်ထိ မြင်ယောင်ကြားယောင်ပြီး အထူး လွမ်းဆွတ်ခါ သတိရမိပါတယ်။ အဲဒီ တတိယမြောက် စာဆိုတော်နေ့ကြီးကို ၄ ရက်တိုင်တိုင် ဆက်လက်ကျင်းပရတာထောက်ရှုတော့ ရန်ကုန်မြို့သူ မြို့သားများဟာ ဘယ့်ကလောက် အားပေးချီးမြှင့်ကြတယ်ဆိုတာ အကျယ်အစီရင်ခံဘို့ မလိုတော့ပါဘူးခင်ဗျာ။

စတုတ္ထစာဆိုတော်နေ့
အခု စတုတ္ထအကြိမ်မြောက်ဖြစ်တဲ့ စာဆိုတော်နေ့ကြီးကို ယနေ့နေ့လယ် ၁နာရီခွဲအချိန်ကစတင်ပြီး ကန်တော် ကြီး စောင်းမြိုင်ရုံကြီးမှာဘဲ ခင်းကျင်းပြသနေပါပြီ။ အခုယာယီအစိုးရအဖွဲ့ဝင်-ဝန်ကြီးချုပ် သခင်နုက သူကိုယ်တိုင်လည်း စာရေးဆရာကြီးတဦး ဖြစ်လေတော့ မြန်မာစာပေကို ချီးမြှင့်တဲ့အနေဖြင့်စာရေးဆရာအသင်းကြီးကိုငွေ ၅ဝဝဝိ ထုတ်ပေးထောက်ပံ့တာကြောင့်ကနေ့ဖြင့် အတော်ခမ်းခမ်းနားနားဆိုသလို စာဆိုတော်နေ့ကြီး ဝှဲချီးဆင်ယင်နိုင်ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် သခင်နုနှင့်တကွ ဝန်ကြီးအားလုံးလိုလိုပင်ကြွရောက် အားပေးကြ တဲ့အပြင် သခင်နုကိုယ်တိုင် အခမ်းအနားဖွင့် မိန့်ခွန်းမြွက်ကြားပြီး စတုတ္ထအကြိမ်မြောက် စာဆိုတော်နေ့ကြီးကို ဖွင့်လှစ်လိုက်ပါတယ်။ စာရေးဆရာ အသင်းဝင်အားလုံးကလည်း ပူဇစပူဇနယျာနံဟူသော မင်္ဂလာတရားတော်အတိုင်း ယခုခေတ် စာရေးဆရာကြီးများအနက် ဂုဏဝုဒ်္ဓိဝယဝုဒ်္ဓိနှင့် ပြည့်စုံလှသော သခင်ကိုယ်တော်မှိုင်းကြီးအား ပရိသတ်အလယ်စင်မြင့်ပေါ်တွင် ဆရာကြီး၏ပညာ ဉာဏ်စွမ်းကိုပူဇော်တဲ့အနေဖြင့် ဗန်ကောက်ပုဆိုး၊ ပိုးပုဝါတို့နှင့် ရှိခိုးကန်တော့ ဝတ်ပြုကြတာတွေ့တော့ ဝမ်းမြောက်ခြင်းဖြစ်ရပါတယ်။

အခုစာဆိုတော်နေ့ကြီးမှာတော့ သုံးပိုင်းသုံးအဖွဲ့ခွဲပြီးခင်းကျင်းပြသကြပါတယ်။ ပဋ္ဌမဒဂုံပ ဦးဘတင်ကမြဝတီ မင်းကြီးဦးစ၊ ဒဂုံလွန်းက ငမှုန်အဖြစ်နဲ့ ထူးမခြားနားသီချင်းခံကြီးကို အဘယ့်ကြောင့်စီကုံးဖွဲ့နွဲ့ခဲ့တယ်ဆိုတာ သရုပ်ပေါ်အောင် ပြသွားပါတယ်။ ဒုတိယကဏ္ဍမှာ ကျွန်တော်ကအနန္တသူရိယ အမတ်ကြီးပေါ့ခင်ဗျာ။ မဟာဆွေ၊ ဒဂုံရွှေမြား၊ ကိုစံလှထွန်း၊ တောသားစတဲ့ စာရေးဆရာကြီးတွေက ဝန်ကြီးများအဖြစ်၊ ရွှေပိန်သောင်းက နရပတိစည်သူမင်းကြီးအဖြစ်၊ ခင်မျိုးချစ်က ဝေဠုဝတီမိဖုရားအဖြစ်၊ သဇင်မြင့်ကမြို့ဝန်အဖြစ် တာဝန်ယူကြကာ အမျက် ဖြေလင်္ကာလေးပိုဒ်ကို သရုပ်သဏ္ဌာန်ပေါ်အောင် အသုံးတော်ခံခဲ့ကြပါတယ်။ တတိယကဏ္ဍကတော့ ဟာသဝိဇ္ဇာဇဝနက ခုံတော်မောင်ကျဘန်း၊ ကိုသုခနှင့် ဒဂုံဆရာတင်က ရှေ့နေ-ရှေ့ရပ်များ၊ ရွှေ ညာမောင်က ဗိုလ်ရန်နိုင်၊ ရန်နိုင်စိန်က မောင်ပိုးဖြူ၊ မေသန်းက မဖေါ့အူအဖြစ် အသုံးတော်ခံကာ ရှုပ်ထွေးလှတဲ့ မဖေါ့အူ ရဲ့ နှစ်လင်ပေါ်အမှုအခင်းကို ခုံမင်းမောင်ကျဘန်းက ဆန်းဆန်းကျယ်ကျယ်ဆုံးဖြတ် ပုံကို ဘယ့်ကလောက် အလွမ်း-အဆွေး၊ အသော-အရွှတ်တွေနဲ့ ရွှန်းရွှန်းဝေအောင် ဒီပုဂ်္ဂိုလ်တွေ သယ်သွားကြတယ်ဆိုတာ ပြောပြရရင်ဆုံးမှာမဟုတ်တော့ဘူး။ ဒီတော့ သောတရှင်များကိုယ်တိုင် ကိုယ်တွေ့ မျက်မြင်ဆိုသလို မြန်မာစာပေရဲ့ အရသာကို ဝဝလင်လင် ခံစားသုံးဆောင်နိုင်အောင် နက်ဖြန်သောကြာနေ့ကစပြီး တနင်္ဂနွေနေ့အထိ ဆက်လက် ခင်းကျင်းပြသကြမယ့် စာဆိုတော်နေ့ အမွှန်းတင်တဲ့ ပြဇာတ်ကြီးကို သွား၍သာ ကြည့်ကြပါလို့ အစီရင်ခံပါရစေ။ မြစ်ကြီးနားတို့ စစ်တွေတို့ မန္တလေးတို့ ရေး-ဘိတ်-ဓါးဝယ်တို့မှာနေတဲ့ သောတရှင်တွေ ကြည့်ချင်ကြရင်တော့ လေယာဉ်ပျံနဲ့ အမြန်လာကြဗျို့။ မမှီလိုက်ဘဲ နေအုံးမယ်။

(မှတ်ချက်။ ။ စာလုံးပေါင်း၊ သဒ္ဒါ အထားအသိုများကို မူရင်းအတိုင်း မပြင်မဆင်ဘဲ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

https://myanmartandawsint.wordpress.com/2015/12/12/ လင့်ကနေ ကူးယူထားတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၆

Bird flu ငှက်တုပ်ကွေး

၂၆-၁၁-၂ဝ၁၆ ရက်နေ့က နယ်သာလန်နိုင်ငံမှာ H5N8 ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေလို့ မွေးမြူရေးခြံခြောက်ခုက ဘဲအကောင်ရေ ၁၉ဝဝဝဝ ကိုသုတ်သင်ခဲ့ကြောင်းသိရပါတယ်။ မြို့တော် အင်မ်စတာဒမ်နဲ့ ၄၃ မိုင်အကွာမှာဖြစ်တာပါ။

• ၃-၁-၂ဝ၁၅ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာ ကြက်တုပ်ကွေးသက်ရောက်တယ်၊
• ၅-၁-၂ဝ၁၅ မြန်မာနိုင်ငံမှာ မှောင်ခိုကြက်ဥကြောင့် ကြက်တုပ်ကွေးစိုးရိမ်ရတယ်၊
• ၇-၁-၂ဝ၁၅ အိန္ဒိယ ဆုခနာရေအိုင်မှာ ကြက်တုပ်ကွေးဖြစ်တယ်၊
• ၁၂-၁-၂ဝ၁၅ တိုင်ဝမ်မှာ H5N8 ကြက်တုပ်ကွေး ဗိုင်းရပ်စ်တွေ့ရှိတယ်၊
• ၁၄-၂-၂ဝ၁၃ အီဂျစ်မှာ အမျိုးသမီးတဦး ကြက်တုပ်ကွေးနဲ့သေဆုံးတယ်၊
• ၂ဝ၁၄ တုန်းက ကိုရီးယားမှာ H5N8 ဖြစ်ခဲ့တယ်။
• ၆-၂-၂ဝ၁၅ အိန္ဒိယနိုင်ငံမှာ ခိုတွေ ကြက်တုပ်ကွေးတွေ့ရှိတယ်၊
• ၁ဝ-၂-၂ဝ၁၅ မုံရွာ မှာ H1N2 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်တွေ့ရှိတယ်။

Avian influenza လို့လဲခေါ်ပါတယ်။ ဗိုင်းရပ်တမျိုးကနေရောဂါဖြစ်စေတဲ့ တုပ်ကွေးတမျိုးဖြစ်တယ်။ Influenza A virus ဗိုင်းရပ်စ်အုပ်စုဝင် ဖြစ်တယ်။ မူရင်းရောဂါရတာက ငှက်တွေသာဖြစ်တယ်။ နောက်ပိုင်း လူကိုပါရောဂါရလာတယ်။ ငှက်၊ ကြက်တွေနဲ့ နီးစပ်သူတွေမှာ ကူးစက်ခံရဘို့အလားအလာ ရှိတယ်။ကူးစက်မှုမဖြစ်စေအာင် အဲဒီနေရာဒေသမှာ ငှက်၊ ကြက်တွေကို သတ်ရတယ်။ ကြက်ငှက်တွေကို ကာကွယ်ဆေးထိုးပေးရမယ်။

၂ဝ၁၁ ခုနှစ်မှာ ရောဂါအပြင်းစားရစေတဲ့ H5N1 ဖြစ်ခဲ့တယ်။ ၂ဝ၁၃ ထဲ တရုပ်ပြည်မှာ H7N9 အမျိုးအစားသစ် ပေါ်လာတယ်။ ဗိုင်းရပ်စ်တွေက ပိုးရှိနေတဲ့အကောင်တွေရဲ့ သွားရည်နဲ့ အညစ်အကြေးတွေထဲမှာ ပါနေတယ်။
၁၉၉၇ မှာ ပဌမဆုံးလူကိုကူးတာ သိရပြီး၊ မှတ်တမ်းအရ လူပေါင်း ၆၂၂ ယောက်ရှိသွားပြီ။ သေဆုံးသူပေါင်း ၃၇၁ ယောက်ရှိနေပြီ။ ကူးစက်ခံရရင် ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၈ ရက်အကြာမှာ ရောဂါလက္ခဏာစပေါ်မယ်။ ဖျားမယ်၊ ချောင်းတိုးမယ်၊ လည်ချောင်းနာမယ်၊ ပျို့ချင်မယ်။ ကြွက်သားတွေနာမယ်။ တချို့မှာ မျက်စိနီရဲမယ်။ ဝမ်းပျက်မယ်။ ဆိုးလာရင် အသက်ရှူခက်လာမယ်။ နူမိုးနီးယားရနိုင်တယ်။ ကံမကောင်းရင် သေနိုင်တယ်။

ရောဂါနာမည်တပ်ဘို့ Immunological tests ဓါတ်ခွဲစမ်းသပ်မှု လုပ်မှသာသိမယ်။ ဖြစ်လာရင် ဗိုင်းရပ်စ်ဆေးပေးရတယ်။ ဆိုးတဲ့သူတွေကို အထူးကြပ်မတ်ကုသပေးရမယ်။ လူကနေလူကိုကူးစက်တာနည်းပေမဲ့ ဖြစ်လာနေတယ်။ လူမှာဖြစ်လာရင် အလားအလာ မကောင်းလှပါ။ ၆ဝ% သေဆုံးနိုင်တယ်။ တရုပ်ပြည်မှာ H7N9 ကြောင့် ၁၃၂ ယောက် ရောဂါဖြစ်ပြီး ၃၇ ယောက် သေဆုံးပြီးဖြစ်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးတယ်။

ကြက်ငှက်တုပ်ကွေးထိန်းချုပ်ရေး
ရောဂါထိန်းချုပ်ရေးရဲ့ အဓိကအချက်ဟာ လူကိုမကူးစေဘို့ဖြစ်တယ်။ A (H5N1) နဲ့ A (H7N9) အမျိုးအစား ဗိုင်းရပ်စ် တွေကနေ လူကိုကူးစက်နိုင်တယ်။ ရောဂါရနေတဲ့အကောင် အသေ (အသည်းနဲ့ အသား) ကို တိုက်ရိုက် ကိုင်တွယ်တာကနေ လူကိုကူးစက်တယ်။ တာရှည်ကိုင်တွယ်ရာကနေလည်း ကူးစက်တယ်။ အသေအချာချက်ပြုတ် ကြော်လှော်ထားရင် လူကိုမကူးစက်ပါ။

နောက်ဆုံးပေါ် ထိရောက်တဲ့ထိန်းချုပ်မှုဟာ ပိုးရှိတဲ့နေရာနဲ့ ထိစပ်မှုမှန်သမျှကို ပိတ်ပင်တားမြစ်ရမယ်။ ကျန်းမာရေးဌာနတွေကနေ ရောဂါအကြောင်း၊ နောက်ဆုံးအခြေအနေစတဲ့ သတင်းတွေကို အများပြည်သူ အလွယ်တကူ သိနိုင်တဲ့နည်းလမ်းတွေနဲ့ ထုတ်ပြန်ပေးနေရမယ်။ ရောဂါမပြန့်ပွါးအောင်လုပ်ဘို့၊ ဖြစ်နေသူတွေကို ချက်ချင်းကုသမှု ပေးနိုင်ဘို့ ပြင်ဆင်မှုတွေ မပြတ်တမ်း လုပ်နေရမယ်။ နောက်ဆုံးပေါ် ကုသနည်းလမ်းညွှန်ကို ကျန်းမာရေးဌာနတွေမှာ ပေးထားရမယ်။ ဆေးဝါး လူအင်အား ဖြည့်တင်းထားရမယ်။ ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုတွေမွေးမြူတဲ့နေရာတွေကို စစ်ဆေးတာ၊ ထိန်းချုပ်တာတွေကို ချက်ချင်းလုပ်ရမယ်။ (လုပ်ပေးရမယ်။) ဥပဒေလိုရင်လုပ်ရမယ်။ မလိုက်နာသူကို အရေးယူရမယ်။ မွေးမြူရေးလုပ်ရာတိုင်းမှာ အဖုံးအကာ၊ ကိရိယာတွေသုံးစေရမယ်။

WHO ကနေ တကမ္ဘာလုံးအတွက် လမ်းညွှန်၊ စောင့်ကြည့်မှုတွေထုတ်ပေးနေတယ်။ World Organisation for Animal Health နဲ့ Food and Agriculture Organization တွေကလည်း ပူးပေါင်း ဆောင်ရွက်တယ်။ အစိုးရကျန်းမာရေးဌာန၊ တိရစ္ဆာန်မွေးမြူရေးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ အများပြည်သူ စုပေါင်းလုပ်မှသာရမယ်။ အသံချဲ့စက်ကနေ အော်တာလောက်နဲ့တော့ မရပါ။

ဒေါက်တာတင့်ဆွေ

Burmese Literary Month စာဆိုတော်လ

နတ်တော်လဟာ စာဆိုတော်လဖြစ်ပါတယ်။ နတ်တော်လဆန်းတစ်ရက်နေ့ကို စာဆိုတော်နေ့လို့ သတ်မှတ်ထားပါတယ်။

ဆတောင်ရွာစား စာဆိုတော်။     ။ ကုန်းဘောင် မင်းတရားကြီးအား (မင်းတစ်ရားကြီးအား မဟုတ်) ရွှေကျင်ဝန်ကြီးက ဆက်သသော ဦးနုခေါ်သော တလိုင်းစာဆိုတော် (တစ်လိုင်းစာဆိုတော်  မဟုတ်) တယောက်ရှိသည် (တစ်ယောက်ရှိသည် မဟုတ်)။ ထိုစာဆိုကို အဟုတ်မှတ်ထင်၍ ဘုရင်မင်းမြတ်၏ သားတော်တပါးက  (သားတော်တစ်ပါးက  မဟုတ်) မင်းသမီးတပါးကို (မင်းသမီးတစ်ပါးကို မဟုတ်) နှစ်သက်နေကြောင်း။ တခါမျှ (တစ်ခါမျှ မဟုတ်) စကား မပြောဘူးသေးကြောင်း။ ထို့ကြောင့် ထိုမင်းသမီးနှင့် တွေ့ဆုံစကားပြောဆိုရန် ကျွန်ုပ်ကဲ့သို့ နှစ်သက်သည် မနှစ်သက်သည်ကိုလည်း စာပြန်လိုက်ရန် မှာတမ်းလေးတခု (မှာတမ်းလေးတစ်ခု မဟုတ်) အလိုရှိသောကြောင့် စာဆိုတော်မင်းထံ လာရောက်ရပါကြောင်းပြောသည်။ အရှင်မင်းသား ဘာမျှမစိုးရိမ်ပါနှင့် ကျွန်ုပ် တခါတည်းရအောင် (တစ်ခါတည်းရအောင် မဟုတ်) မှာတမ်းရေးပေးပါမည်၊ အိမ်တော်၌သာ အေးအေးစံတော်မူပါဟု ဦးနုက ဝန်ခံသည်။့

ပုံ = ၂၈-၁၁-၂ဝဝ၉ စာဆိုတော်နေ့၊ နယူးဒေလီမှာကျင်းပခဲ့စဉ်က

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၆

Fiction and Fact အနုပညာနဲ့ သုတပညာ

(မနှစ်က ဒီနေ့မှာရေးတဲ့စာ)

သမိုင်းနဲ့ဆိုင်တဲ့ မှတ်လောက်သားလောက်စကားလေးတွေထဲမှာ ကနေ့လူရွယ်တွေအတွက် နှစ်ချက်ရှိမယ်ထင်ပါတယ်။ ဆရာသန်းထွန်းရဲ့ သမိုင်းသင်ရတာ မအဘို့ရာဖြစ်တယ်နဲ့ ဆရာအောင်သင်းရဲ့ သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့။

ကျွန်တော်ကတော့ ၅ တန်းတက်ရလို့ ရာဇဝင်သင်ရတာပါ။ စာဖတ်တဲ့အရွယ်ရောက်တော့ သမိုင်းစာအုပ်တွေပါလာတယ်။ နိုင်ငံရေးထဲရောက်တော့လည်း သမိုင်းစာတွေပိုလာတယ်။ အဲတာမှာတော့ ချင့်ချိန်စရာတွေ များလာပြီ။ လူ့သမိုင်းကြီးကို အပိုင်းပိုင်းခြားတာကအစ အယူအဆတွေနဲ့လုပ်ကြတယ်ဖတ်ရတယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် (မဆလ အပါအဝင်) တွေက ခေတ်ကြီးလေးခေတ်လုပ်ကြတယ်။ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ ဖက်ဆစ်၊ နယ်ချဲ့အရှင်းရှင်ခေတ်။ (အဲရစ် ဟော့စ်ဘောင်း) က The Age of Revolution: Europe 1789–1848, The Age of Capital: 1848–1875 and The Age of Empire: 1875–1914), The Age of Extremes: The Short Twentieth Century, 1914–1991 စာအုပ်တွေနဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်ကို လေးပိုင်းခွဲတယ်။ သူက မာ့စ်ဝါဒသမားဖြစ်တယ်။ အီဂျစ်မှာမွေးခဲ့ပေမယ့် ဗီယင်နာ၊ ဘာလင်နဲ့ လန်ဒန်မှာနေခဲ့သူဖြစ်တယ်။

မီဒီယာသမားတွေက သမိုင်းကို (တိုင်းမ်လိုင်းစ်) အချိန်ကာလနဲ့သာခွဲပါတယ်။ နေရူးရဲ့ Glimpses of World History မှာလည်း အချိန်ကာလအရ စီကာစဉ်ကာရေးတယ်။ သူက အာရှတိုက်သားဖြစ်လို့ အာရှတိုက်ကယဉ်ကျေးမှု ဖြစ်ထွန်းမှုကြီးတွေပါ စုံအောင်ပါတယ်။ အနောက်နိုင်ငံက သမိုင်းဆရာတွေရေးရင် အဲတာကနည်းတယ်။

မြန်မာ့သမိုင်းစာတွေကို ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးဖွဲ့သီကုံးကြတယ်။ ဥပမာ အနော်ရထာအကြောင်း။ ပျူခေတ်ကို ရေးဖွဲ့ကြတာမှာ ဆွတ်ပျံ့ဘွယ်ရာတွေ၊ အလွမ်းအမောတွေပါတာများတယ်။ အနှစ်ကိုရှာရတာ ခက်တယ်။

ဘာသာရေးလည်း ကြည်ညိုဘွယ်ဖြစ်အောင် တင်စားမှုတွေ၊ ခိုင်းနှိုင်းတာတွေ အလျှံပယ်တွေကိုလည်း ဖတ်ရတယ်။ ဥပမာ ကျီးသဲလေးထပ်ဆရာတော်ရေးသားတဲ့ ဇိနတ္ထပကာသနီကျမ်း။ ငွေဥဒေါင်းရေးတဲ့ ဗုဒ္ဓစာပန်းချီ။ ရသမြောက်ပါတယ်။ ဒါပေမယ့် အရှိကိုသိချင်တဲ့အခါ အဲဒီအရသာတွေကို ဖယ်ပြီးမှသာယူနေရတယ်။

သီချင်းတွေ၊ ဇာတ်ခင်းတာတွေမှာလည်း အနုပညာရဲ့သဘောအရ နားထောင်သူ၊ ဖတ်ရှုသူ၊ ကြည့်ရှုသူတွေကို စိတ်ခံစားမှု အမျိုးမျိုးပေးနိုင်ဘို့ရာ အနုပညာနဲ့ အတုတွေပါထည့်ကြတယ်။ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် အရှိထက် ပိုတာတွေ၊ လိုတာတွေ၊ အဖြစ်မှန်ကနေ သွေဖည်သွားတာတွေပါနေတယ်။ မျက်နှာဖုံးသရုပ်ဖေါ်ပုံတွေကနေလည်း ပန်းချီဆရာ့အမြင်နဲ့ သရုပ်ဖေါ်တာတွေဟာလည်း တယောက်တမျိုး၊ တနိုင်ငံတမျိုး။

(အက်စ်သက်တစ်) ဆိုတာ အနုပညာ၊ အလှအပနဲ့ အရသာတွေရဲ့ သဘောသဘာဝတွေကို ဖန်တီးမှုပါတဲ့ သီကုံးဖွဲ့စပ် တင်ဆက်ခြင်း (ဖီလော်ဆော်ဖီ) လို့ဆိုပါတယ်။ အနုပညာရဲ့အစွမ်းသတ္တိက အတော်ကြီးမားတယ်။ အဲဒီအတိုင်းပဲ တကယ်ပဲလို့ ထင်မှတ်မှားသွားစေတယ်။ ဖတ်သူ၊ နားထောင်သူ၊ ကြည့်ရှုသူတွေဖက်က အခံကောင်းဘို့လိုမယ်။ သီကုံးရေးဖွဲ့တဲ့ဆရာတွေဖက်ကလည်း အကြံကောင်းဘို့လိုတယ်လို့ ထင်ပါတယ်။

စောစောကရေးလိုက်တဲ့စာထဲမှာလို သူများနိုင်ငံတွေက နာမည်ကြီးသူတွေကို ဖွဲ့နွဲ့ချီးမြှောက်ရေးကြရာကနေ အဲဒီနိုင်ငံခြား ဟီးရိုးတွေကို စာဖတ်သူတွေက သူတို့ရဲ့ မဟာသူရဲကောင်းကြီးတွေဆိုပြီး တသက်လုံးမှတ်ယူသွားကြတယ်။ ထပ်ဖြည့်ပါရစေ။ ကိုယ်ဆီက လူစွမ်းကောင်းတွေကို လိုတာထက်ပိုပြီး ချဲ့ကားတာမျိုးကိုလည်း အားမပေးပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၅

Saturday, November 26, 2016

ဘာယူမလဲ

ကျူးဘားခေါင်းဆောင်ကြီး ဗီဒယ်ကက်စထရိုကို တကယ့်ကယ်တင်ရှင်သူရဲကောင်းကြီလို့ ချီးမွမ်းတဲ့ ဗီဒီယိုပို့စ်တွေလည်း ဖတ်ရတယ်။ တခြားဘက်ကနေရေးကြတာလည်း ဖတ်ရတယ်။

ကျွန်တော်က ငယ်ငယ်လေးကတည်းက ကွန်မြူနစ်နဲ့ အနောက်အုပ်စုတို့ရဲ့ သတင်းတွေ စာအုပ်တွေနဲ့ ရင်းနှီးပါတယ်။ စာတွေလည်းဖတ်ခဲ့ပါတယ်။ မကြာသေးခင်ကဆို ကျူးဘားက အဖြူရောင်အမျိုးသမီးများအဖွဲ့ရဲ့ ဗီဒီယိုကိုလည်း ဘာသာပြန်ပေးရဘူးသေးတယ်။ အဲတာကတော့ ကက်စထရိုလက်အောက်မှာ ဖိနှိပ်ခံရတာတွေကို ရိုက်ပြထားတာပါ။

ဘက်နှစ်ခုရှိရင် ဘက်စုံအောင်သိအောင်လုပ်တာ ကောင်းတယ်။ ဘာကိုယူရမလဲမေးရင် ဆတူလို့မပြောပါ။ ကိုယ်နဲ့ အဲလို နိုင်ငံခြားကအရာတွေနဲ့ တိုက်ရိုက်ဆိုင်တာမှ မဟုတ်တာ။  တချို့ကတော့ သူများဆီကဟီးရိုးမှ အာဇာနည်ထင်ကြတယ်။

အမေရိကန်ဖြစ်ဖြစ် ကျူးဘားဖြစ်ဖြစ် ကိုယ့်အတွက်တော့ တိုင်းတပါးပဲ။ အဲ့ ခေတ်ပေါ်မျိုးချစ်လို့တော့ မထင်ပါနဲ့။ ကိုယ့်တိုင်းပြည်အတွက် သင်္ခန်းစာနဲ့ နမူနာယူဘို့သာ ရချင်တာ။ အညာမခံရအောင်လို့။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၆

မန္တလေးသား

နက်ဖြန် ဒုတိယသားမွေးနေ့။ လွန်ခဲ့တဲ့ ၁၉၇၂ ခု နိုဝင်္ဘာလ (၂၇) ရက်နေ့က မန္တလေးဆေးရုံကြီးမှာ သူ့ကိုမွေးခဲ့တယ်။ ကျွန်တော် သားဖွား-မီးယပ်ဆေးပညာသင်ယူခဲ့တဲ့ အဆောင်မှာပါ။ သူဆယ်တန်းရောက်တော့လည်း ကျွန်တော်က ပုလဲမှာ တာဝန်ကျနေရတော့ သူ့ကို မန္တလေး အထက (၁၆) မှာထားတယ်။

၁၉၉ဝ ခုနှစ်က သူ့မွေးနေ့ညမှာ ကျွန်တော့်ကို အမျိုးသားထောက်လှမ်းရေးကလာဖမ်းလို့ ပုလဲအိမ်ကနေထွက်ခဲ့ရပါတယ်။ ကနေ့အထိ ပုလဲအိမ်ကို ပြန်မရောက်နိုင်ပါ။

ပုံထဲက အိမ်ခြံတံခါးမှာ ထောက်လှမ်းရေး + ရဲသား + ရပ်ကွက်လူကြီးတွေက တံခါးအဖွင့်ခိုင်းတယ်။ အိမ်သော့ ခါးကြားညှပ်ထားတဲ့ အဒေါ်က ညစာစားနေတဲ့ကျွန်တော့်ကို လာပြောတာနဲ့ ထမင်းပွဲကို လက်စမသတ်ပဲ ထွက်ပြေးရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၆

ကျူးဘားနဲ့ အမေရိကန်

ကျူးဘားခေါင်းဆောင် ဖီဒယ်လ် ကတ်စထရို ကွယ်လွန်တဲ့သတင်းနဲ့ဆက်ပြီး ရေးပါရစေ။  ၂ဝ-၃-၂ဝ၁၆ နေ့က အိုဘားမား ကျူးဘားကိုသွားမယ့် သတင်းထွက်ခဲ့ပါတယ်။ သမိုင်းဝင်ခရီးစဉ်ဖြစ်တယ်။ ကျူးဘားနဲ့ အမေရိကန်တို့ဟာ တစောင်းစေးနဲ့ မျက်ချေး (ကန်တော့ပါ) လိုနေခဲ့ကြတာ ၁၉၆ဝ ကျော်ကတည်းကပါ။ ကျူးဘားဒုံးပျံအရေးအခင်းကြီးဟာ ကမ္ဘာ့သမိုင်းမှာ သည်းထိတ်ရင်ဖို တကယ်ကိုဖြစ်ခဲ့တာပါ။ အောက်တိုဘာ အရေးအခင်းလို့ ခေါ်တယ်။ ဆိုဗီယက်ယူနီယန် (ယူအက်စ်အက်စ်အာ) ဖြစ်ပေါ်လာစေတာကို အောက်တိုဘာ တော်လှန်ရေး (၁၉၁၇) လို့ပဲ ခေါ်တယ်။ ကျူးဘား တော်လှန်ရေးက ၁၉၅၉ မှာဖြစ်ခဲ့တယ်။

အဲဒီခရီးအတွင်းမှာ အိုဘားမားဟာ ကျူးဘားသမတ (ရာဟိုး ကက်စထရို) နဲ့သာတွေ့မှာဖြစ်ပြီး။ ကျူးဘားဒုံးပျံ အရေးအခင်းမှာ တာဝန်ရှိခဲ့တဲ့ (ဖီဒရယ်က်စထို) ကိုတော့တွေ့ဖို့မရှိပါ။ ကျူးဘားဒုံးပျံအရေးအခင်းကြီးက ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်ကနေ ၂၈ ရက်အထိဖြစ်ခဲ့တယ်။ အဲဒီကာလတွေမှာ (ယူအက်စ်အက်စ်အာ) ခေါင်းဆောင်က (နီကီတာ ခရူးချက်ဖ်) ဖြစ်ပြီး အမေရိကန်သမတက (ဂျွန် အက်ဖ် ကနေဒီ) ဖြစ်တယ်။ ကွန်မြူနစ်ခေါင်းဆောင် (ခရူးချက်ဖ်) ဟာ ကုလအစည်းအဝေးမှာ ဖိနပ်တဖက်ချွတ်ပြီး စကားပြောခုံကိုထုတဲ့သူဖြစ်ပါတယ်။ ပုံထဲမှာ (ကနေဒီ) နဲ့ (ခရူးရှက်)  လက်လှဲပြိုင်နေကြပါတယ်။

ဆိုဗီယက်ကနေ အမေရိကန်နယ်နိမိတ်နဲ့ကပ်နေတဲ့ ကျူးဘားနိုင်ငံမှာ တိုက်ချင်းပစ်ဒုံးပျံတွေ ချထားတာကနေ စဖြစ်ပါတယ်။ အဲတာက ဖလော်ရီဒါနဲ့ မိုင် (၉ဝ) သာဝေးတယ်။ အဲဒီကာလဟာ (၁၉၄၅-၁၉၉၁) စစ်အေးကာလရဲ့ အထွတ်အထိပ်ရောက်နေချိန်ဖြစ်တယ်။ အမေရိကန်ကနေ ၁၉၆၁ ခုနှစ်မှာ ဝက်များပင်လယ်အော်မှာ မအောင်မြင်တဲ့ ထိုးဖေါက်ဝင်ရောက်မှုကြီးလုပ်ခဲ့တယ်။ (ယူအက်စ်အက်စ်အာ) နဲ့နီးတဲ့ အီတလီနဲ့ တူရကီမှာ ဂျူပီတာ တိုက်ချင်းပစ် (MRBMs) ဒုံးပျံတွေချထားခဲ့တယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်က ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ နှစ်နိုင်ငံလုံးက ချထားပြီးဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ဖယ်ရှားပေးခဲ့တယ်။ ကွန်မြူနစ်ကျူးဘားကနေ ဖယ်ရှားတာက လူသိထင်ရှား ဖြစ်ပေမယ့် ဒီမိုကရေစီအမေရိကန်က ဖယ်ရှားတာက တိတ်တဆိတ်သာဖြစ်တယ်။ ကျူးဘားမှာထားတဲ့ ဆိုဗီယက်ရဲ့ Ilyushin Il-28 အပေါ့စားဗုံကျဲလေယာဉ်တွေပါရုပ်သိမ်းတော့ အမေရိကန်က ပိတ်ဆို့ထားတာကို ၂ဝ-၁၁-၁၉၆၂ နေ့မှာ ဖယ်ရှားပေးတယ်။

ကျူးဘားနိုင်ငံနဲ့ ၁၅-၈-၂ဝ၁၅ နေ့က သံဆက်ဆံရေးပြန်ပြီးဖွင့်ထားပေမယ့် ဒီခရီးစဉ်ကြောင့် ၅၄ နှစ်ကြာ (ဆန်ရှင်) ဒဏ်ခတ်အရေးယူတာတွေ ချန်ထားပါအုန်းမယ်။ (ဆန်ရှင်) ကြောင့် အမေရိကန်စီးပွါးရေးကို တနှစ်မှာ ၁့၂ ဘီလီယန် နစ်နာနေပါတယ်။ အိုဘားမားဟာ ကျူးဘားအတိုက်အခံတွေထဲက အဖြူရောင် အမျိုးသမီးများအဖွဲ့ကို တွေ့ပါမယ်။

ကျွန်တော်တို့ငယ်စဉ်မှာ ရေဒီယိုနဲ့ သတင်းစာထဲမှာ စစ်အေးကာလအကြောင်းတွေ နေ့တိုင်းပါခဲ့တယ်။ ကျူးဘားဒုံးပျံ ပြဿနာဟာ (၁၃) ရက်ကြာရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာကြီး ဖြစ်တယ်။ Thirteen Days နာမည်နဲ့ ရုပ်ရှင် ရိုက်ထားတယ်။ နှစ်ဖက်လုံးကနေ ဝါဒဖြန့်ချိရေးတွေ အကြီးအကျယ်လုပ်ကြတယ်။ မြန်မာပြည်မှာက ကွန်မြူနစ် စာပေနဲ့ အယူအဆခေတ်ကောင်းချိန်ဖြစ်လို့ ဆိုဗီယက်ဖက်ကနေသူက အလွန်များခဲ့တယ်။ အမေရိန်ကန်ကို ဗီလိန်အဖြစ် သရုပ်ဖေါ်ပေးကြတယ်။ ကနေ့လူရွယ်တွေ ဖက်အစုံကနေမြင်စေချင်တယ်။ ဟောလီဝုဒ်ရုပ်ရှင်လည်းကြည့်ပါ။ သမိုင်းမှတ်တမ်းတွေလည်းဖတ်ပါ။ ကိုယ်ပိုင်လည်း ကြည်ကြည်လင်လင်မြင်တတ်စေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆

Mahaparinirvana timeline ပရိနိဗ္ဗာန်စံတော်မူတဲ့ခုနှစ်

(မနှစ်က ဒီနေ့ရေးတဲ့စာ)

ကမ္ဘာ့သမိုင်းရက်စွဲ (၁) ထဲမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ဘီစီ ၄၈၃ လို့ ဝီကီပီးဒီးယားမှာရေးထားတာပါ။ အန္ဒိယ ဝီဆက် ပြက္ခဒိန်အရ ၄၈၃ ခုနှစ် အေပြီ-မေလဖြစ်တယ်။ မြန်မာပြည်ကထေရဝါရအလိုအရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ဘီစီ ၅၄၄ မေလ (၁၃) ရက်ဖြစ်တယ်။ ထိုင်းနိုင်ငံထေရဝါရအလိုအရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ဘီစီ ၅၄၅ မတ်လ (၁၁) ရက်ဖြစ်တယ်။ သီရိလင်္ကာမှတ်တမ်းအရ ဘီစီ ၅၄၄-၅၄၃ ဖြစ်တယ်။ အာသောကမင်း ဘုရင်ဖြစ်တာက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈ လို့ ဖေါ်ပြတားတယ်။ အာသောကမင်းဟာ ဘီစီ ၂၆၈-၂၃၂ ဖြစ်လို့ ပရိနိဗ္ဗာန်ဝင်တာဟာ ဘီစီ ၄၈၆ ဖြစ်မယ်။ မဟာရနကျမ်းအလိုအရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ဘီစီ ၃၈၃ ဖြစ်တယ်။

မှတ်တမ်းတွေထဲမှာ ဘီစီ ၅၆၆-၄၈၆ နဲ့ ဘီစီ ၄၉ဝ-၄၁ဝ လို့လည်းဖတ်ရပါသေးတယ်။ ၂ဝ ရာစုက သမိုင်းပညာရှင်တွေက ဘီစီ ၅၆၃-၄၈၃ လို့ လက်ခံခဲ့တယ်။ ဒိနောက်မှာ ဘီစီ ၄၁၁-၄ဝဝ ဖြစ်လာတယ်။ ၁၉၈၈ ခုနှစ်ကကျင်းပခဲ့တဲ့ (ဆင်ပိုဇီယမ်) မှာ ငြင်းကြတယ်။ အများစုက မြတ်စွာဘုရားပရိနိဗ္ဗာန်စံတာ ဘီစီ ၄ဝဝ ထက် နှစ် ၂ဝ စောနိုင်၊ နောက်ကျနိုင်တယ်လို့ ဖြစ်တယ်။ အားလုံးကလက်ခံတာ မရှိသေးပါ။

မြန်မာပြည်ကထေရဝါရအလိုအရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ဘီစီ ၅၄၄ မေလ (၁၃) ရက်ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၄၈၊ ကဆန်ုလပြည့်၊ အင်္ဂါနေ့။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၅

Good question မေးခွန်း

ကျွန်တော့်ပို့စ်တခု = ပရိနိဗ္ဗာန်စံတော်မူတဲ့ခုနှစ်

Aye Kyaw Kyaw ဘယ်ဟာအမှန်လို့ ဆရာသုံးသပ်လဲ။

ကျွန်တော်က ဒိုင်လူကြီး မလုပ်တတ်ပါ။ ကစားတဲ့အခါ ဝင်ကစားတယ်။ များသောအားဖြင့် ပွဲကြည့်စင်မှာပါ။ Smile

U Htoo Aung ဓါးထမ်းပြီး ငြင်းခုန်ကြရမှာမို့ ပညာရှိများ ယုန်သူငယ်ကဲ့သို့ နာစေးနေကြပါသလား ဆရာခင်ဗျား။

အတော်စပ်စုလွန်းတဲ့ မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို ဘာလို့ အဲဒီမေးခွန်းကို မမေးခဲ့သလည်း စဉ်းစားနေပါတယ်။

Aye Kyaw Kyaw ကောင်းသောအဖြေပါခင်ဗျာ။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၅

25 Pyas ငွေတမတ်

Khin Mg Swe ငွေပင်လယ်ကြောမှာ မျောကြသူငါ၊ ကိုယ်ဟန်မပျက် ချိန်ဆတွက်လျှက်၊ ယိမ်းထိုးယက်ကန် မလဲတန်ရာ။ ကြိုးစားကာနေ၊ ထိုအခြေမှာ စိုးရွံ့ကာပ၊ စိတ်သောကဝင်၊ ဝင်ပင်ဝင်ငြား၊ စီးကာသွားနေ၊ ပင်လယ်ငွေ့။

သူငယ်ချင်း -
ကိုယ်ဖြတ်ဖူးတဲ့ပင်လယ်တွေမှာ ငွေ၊ ရွှေ၊ မြွေ၊ ဆားငန်ရေ။
ဒါပေမယ့် ငါမသေ၊ အရေခွံမလဲ။
ဒါပေမယ့် ရေမကူးတတ်၊ သမုဒ္ဒရာဆက်ဖြတ်၊ ရေမငတ်။
ငါ့ပန်းတိုင်ဟာ ငွေတမတ် (တစ်မတ် မဟုတ်)။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆

မန်းရတနာပုံ နေပြည်

Ye Kyaw Oo မြောက်ဘက်တစ်ပြလောက်က မုန်တီဆိုင်ကောင်းတယ်

Tint Swe တပြခေတ်ကလိုပဲ ကောင်းသေးလား။

Ye Kyaw Oo နင်းကန် ကောင်းတာ

Tint Swe မသိပါဘူး။ တပြကနေ တစ်ပြဖြစ်နေလို့။ Smile!

ပြ
မြို့ပြပြည်ရွာ။
ပုံထဲမှာပြထားသည်။
ပြကတေ့။
စိတ်ပြင်းပြသည်။
ပြယုဂ်။
ပြအိုး။
ပြဒါး။
မျက်နှာပန်းပြကောင်းသည်။
နည်းပြဆရာ။
ပြတင်းပေါက်။
ကိုယ်ထင်ပြသည်။
ပြဿနာ။
ပြသကွက်။
နည်းပေးလမ်းပြလုပ်သည်။
ပြင်းပြင်းပြပြ။
ပြတိုက်။
ပြအိုး (မြို့ပတ်လည်တံခါး၌ ဘုံအဆင့်ဆင့်ပြုလုပ်ထားသောအရာ)။ (မွန်) မြို့ရိုးပတ်လည် တံခါးကြား၌ ဘုံနှစ်ဆင့်သုံးဆင့်စသည်ဖြင့် ပြလုပ်ထားအပ်သောနေရာ။ တံခါးမုတ်။

မြူမင်းလွင်မှိုင်းပျတဲ့ မန္တလေးကဆောင်းကို သတိရနေတယ်။ ပြန်ရောက်ချင်စိတ်က ပြင်းပြင်းပြပြရှိလှတယ်။ ပြအိုး၊ ပစ္စင်၊ ရင်တားတွေနဲ့ ဟိုရှေးကမြို့ရိုးနဲ့ ကျုံးတို့ရဲ့ ပြကတေ့အလှ ခဏတော့မြင်ရချင်သေးတယ်။ ကံရထားနဲ့ လာမယ်။ ရေစက်ဘူတာမှာ လာကြိုပါ။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆

ကက်စထရို

စစ်အေးကာလ နောက်ဆုံးလက်ကျန် ကျူးဘားခေါင်းဆောင်ကြီး ကက်စထရို ကွယ်လွန်သွားပြီတဲ့။ ကနေ့ခေတ် သက်ရှိထင်ရှားရှိသူတွေထဲမှာ စစ်အေးကာလကို ကိုယ်တိုင်ကြုံခဲ့သူရှိမယ်။ မကြုံရသူတွေလည်း စစ်အေးခေတ်ရဲ့ သက်ရောက်မှုရှိကြပါတယ်။ တချို့က အဲဒီသမိုင်းကို သိတောင်သိမှာမဟုတ်ပါ။ ဒါပေမယ့် သက်ရောက်ခံရတယ်။

စစ်အေးကာလမှာ ဆိုဗီယက်ဦးဆောင်တဲ့ အရှေ့အုပ်စုခေါ် ကွန်မြူနစ်ကမ္ဘာကြီးနဲ့ အနောက်အုပ်စုခေါ် အမေရိကန် ဦးဆောင်တဲ့ အရင်းရှင်အုပ်စုတို့ သူနိုင်ငါနိုင် စစ်မတိုက်ဘဲ စစ်ခင်းခဲ့ကြတယ်။ အမှန်က စစ်လည်းခင်းပါတယ်။ အင်ဒိုချိုင်းနားကျွန်းစွယ်မှာ လူတွေသန်းပေါင်းများစွာသေခဲ့ရတယ်။ ကိုရီးယားလည်း ၃၈ ဒီဂရီလတ္တီကျုနေရာကနေ နိုင်ငံနှစ်ခြမ်းကွဲနေတာ အခုထိ။ ဗီယက်နမ်က (၁၉၅၄-၁၉၇၅ ဒုတိယအကြိမ်) ၁၇ ဒီဂရီလတ္တီကျုမှာ တောင်နဲ့ မြောက် ခွဲခဲ့ရတယ်။ ငယ်ငယ်ကတည်းက အဲဒီ ၃၈ နဲ့ ၁၇ မျဉ်းပြိုင်တွေကို ရေဒီယိုကနေကြားနေခဲ့ရတယ်။ (၁၉၄၉) မှာ အရှေ့-အနောက် နှစ်နိုင်ငံဖြစ်ရတဲ့ ဂျာမဏီဟာ (၁၉၉ဝ) ရောက်မှပြန်ပေါင်းနိုင်တယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်တွေက အနိုင်ရပြီး ဂျာမဏီမှာ အနောက်အုပ်စုကနိုင်တယ်။

မြန်မာပြည်က အနေအထိုင်တော်ခဲ့တယ် ပြောရမလား။ ထိုင်းနိုင်ငံလောက် မခံခဲ့ရပါ။ ကြားနေ နေနိုင်ခဲ့တာမှန်ပေမယ့် လူတွေကိုသက်ရောက်မှုမှာ လက်ဝဲကသာခဲ့တယ်။ ဖတ်စရာစာမှန်သမျှ လက်ဝဲစာသာရှိတယ်။ နိုင်ငံရေး ရေးရင်၊ ပြောရင်၊ ကဗျာစပ်ရင် လက်ဝဲမဟုတ်သူ လူမထင်ခဲ့ပါ။ စစ်အေးကုန်ကာနီးမှာ စစ်အာဏာသိမ်းတဲ့ ဗိုလ်နေဝင်းတောင်မှ လက်ဝဲဆန်တဲ့ ဆိုရှယ်လစ်အဖုံးကပ်ပါတယ်။

ကွန်မြူနစ်ကမ္ဘာကြီးထဲမှာ ပြောင်းဆန်ခဲ့တယ်။ အိုင်ဒီယော်လော်ဂျီခေါ် အယူအဆ ကွဲကုန်ကြတယ်။ တစတစနဲ့ ပြိုကွဲ ကျဆင်းကုန်တယ်။ လက်ရှိ ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုပ်နဲ့ လာအိုသာကျန်တယ်။ အဲတာလည်း ဗီယက်နမ်နဲ့ တရုပ်တို့က နာမည်ခံသာ ကွန်မြူနစ်တာပါ။ မြောက်ကိုရီးယားကလည်း တကိုယ်တော် (ဒိုင်နက်စတီ) အာဏာရှင်ဖြစ်တယ်။ လာအိုဟာ အဆင်းရဲဆုံးဘဝက မတက်နိုင်သေးပါ။ ကျူးဘား ကက်စထိုကတော့ သေတဲ့အထိ မပြောင်းလဲသူလို့ မှတ်တမ်းတင်ရမှာပါ။

စစ်အေးကာလမှာ အမေရိကန် (စီအိုင်အေ) နဲ့ ဆိုဗီယက် (ကေဂျီဘီ) တို့ သူလျှိုလုပ်ငန်းကြီးမှာ အားပြိုင်ခဲ့ကြတယ်။ ဝါဒဖြန်ချိရေးယန္တယားကြီး အလွန့်လွန်ကြီးမားတယ်။ ငွေတွေ သောက်သောက်လဲ သုံးစွဲခဲ့တယ်။ အဲတာကြောင့်လည်း မြန်မာပြည်ကလူတွေအပေါ် သက်ရောက်တယ်လို့ပြောရရင် အနည်းဆုံးတဝက်ကျော်ကျော်မှန်တယ်။ (စီအိုင်အေ) ရော နာမည်ပြောင်းထားတဲ့ (ကေဂျီဘီ) တွေက ကနေ့လည်း လက်သွက်ကြဆဲပါ။ (ကေဂျီဘီ) ဆရာကြီးက သမတဖြစ်တာ သုံးခါရှိပြီ။ (စီအိုင်အေ) စွမ်းတာတွေသာ ရုပ်ရှင်တွေထဲမှာ ကြည့်ကြရတာများတယ်။ ဝက်ပင်လယ်အော် စစ်ဆင်ရေးမှာ ကက်စထရိုကို (စီအိုင်အေ) မရှုမလှအရေးနိမ့်တာတာက တကယ့်အဖြစ်အပျက်ပါ။

စစ်အေးဆိုတာ ဘာလဲမသိသူတွေကပါ ကျူးဘားတော်လှန်ရေးမှာ နာမည်ကြီးခဲ့တဲ့ ဟီးရိုး ချေဂွေဗားရား တီရှပ်ကို ကနေ့လည်းဝတ်ဆင်ကြပါတယ်။ သမိုင်းတော့ သိရပါမယ်။ စာတွေ စုံအောင်ဖတ်သင့်တယ်။ ငယ်ရွယ်နုနယ်ချိန်မှာ ဖယောင်းနဲ့တူလို့ လိုရပုံသွင်းခံရလွယ်တယ်။ အိုးချင်းထား အိုးချင်းထိ စကားပုံလည်းရှိတယ်။ စီးနေတဲ့မြင်း အထီးအမ သိပါလို့ ဆုံးမစကားရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆
Picture dated April 1961 of Cuban troops using soviet-made anti-aircraft guns during the unsuccessful US-planned and funded Bay of Pigs Invasion

KG Reader ကစွန်းပင် ဘယ်မှာ ရွှင်သလဲ

Phyu Lin မြန်မာစာကို သတိတော့ထားရေးပါတယ်။ တခါတလေတော့ မှားတယ်။ ကန်ဇွန်းဥ၊ ကန်စွန်းဥ၊ အမှန်က ဘာလဲမသိပါဘူး။

Shwezinyaw Monywa မြန်မာသင်ပုန်းကြီး ဒေါင်းဖတ်စာထဲမှာ က ကန်စွန်းပင် ရေမှာရွှင်၊ ခ ခရမ်းသီး ဓါးနဲ့လှီးစသဖြင့်။

Upoh Khaing ဆရာ မူရင်းက မရှင်းဖြစ်နေတယ်။ ကျေးဇှုးပြု၍ လင်းပါဦး။

ကျွန်တော်တို့ငယ်ငယ် သူငယ်တန်းတုန်းက မြန်မာသင်ပုန်းကြီး ဒေါင်းဖတ်စာထဲမှာ -
က = ကစွန်းပင် ရေမှာရွှင်
ခ = ခရမ်းသီး ဓါးနဲ့လှီး
ဂ = ဂဏန်းကောင် လက်မထောင်

သူငယ်တန်းမြန်မာစာပါ သင်ပုန်းကြီး အမျိုးမျိုးပြောင်းလာခဲ့တယ်။
က = ကညစ် ပေမှာခြစ်
ခ = ခရာ အသံသာ
ဂ = ဂဏန်း ရေမှာဖမ်း

က = ကလေးငယ် ချစ်စဖွယ်
ခ = ခရေကုံး မလေးပြုံး
ဂ = ဂဏန်းသင် ပြုံးရွှင်ရွှင်

ကျွန်တော်တို့ မြန်မာစာဆရာ-ဆရာမတွေက ကစွန်းလို့သာ သင်ပေးပါတယ်။ နောက်လူတွေက တမျိုးတမည်တွေ ပြောင်းရေးတယ်။ ခေတ်လူတွေသိကြမှာကို ကိုးကားပါရစေ။

လူထုစိန်ဝင်းရေးတဲ့ က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင်ထဲမှာ သည်လိုရေးထားပါတယ်။ ကကြီး ကစွန်းပင် ရေမှာရွှင်ဆိုတဲ့ စာကဟုတ်နေပါလျှက်နဲ့ က ကညစ်ပေမှာခြစ်လုပ်ပစ်လိုက်တော့ အားလုံး ဒုက္ခရောက်ကုန်ကြရော။ ကညစ်တို့၊ ပေတို့ဆိုတာ ကလေးတွေက ဘယ်လိုလုပ်သိမှာလဲ။ ကလေးမပြောနဲ့ သူတို့ကို သင်နေရတဲ့ဆရာမတွေ ကိုယ်တိုင်တောင် ကညစ်ကိုမမြင်ဖူးသလို ပေရွက်ကိုလည်း မြင်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းသုံးစာအုပ် ပြုစုရာမှာ မူလတန်းဆရာ၊ ဆရာမတွေ မပါမဖြစ်ပါသင့်တယ်လို့ ပြောခဲ့တာဖြစ်တယ်။

ကန်အစွန်းမှာပေါက်လို့ ကန်စွန်းပင်လို့ရေးတာဆိုပြီး ကြံဖန်ပြောတာကို သဘောမတူပါ။ ငှက်ပျောပင်မှာ ငှက်မနားပါ။ သင်္ဘောပင်ကော သင်္ဘောပေါ်မှာပေါက်သလား။ ဆီးပင်အောက် ရှူမပေါက်သင့်ပါ။ (ကန်တော့ပါ) ဆီးကို ဇီးလို့တော့ မလုပ်ကြပါနဲ့ ဇီးကပ်တယ်ဆိုတာ ကိုယ်ဝန်ရှိတာ။ (အဲတာလည်း ကန်တော့ပါ။)

မြန်မာစာ စာလုံးလေးတွေကို ကိုယ့်အမြင်နဲ့ တွေးတောပြောကြတယ်။ ဟုတ်သလိုလိုနဲ့ မဟုတ်တာတွေကြားနေရတယ်။ ဆရာကြီးတွေလည်း ပါတယ်။

ငယ်ငယ်က လယ်ထဲမှာပေါက်တဲ့ လယ်ကစွန်းရွက်လေးတွေကို ကိုယ်တိုင်ခူးခဲ့ဘူးတာကို အမှတ်ရတယ်။ အရိုးနီညိုညို အိမ်ကိုယူလာ၊ အမလို့ ကျွန်တော်ကခေါ်တဲ့ အဒေါ်က ချက်ကျွေးပါတယ်။ မင်းရွာမှာ။ လယ်စွန်းရွက်လို့ မခေါ်ပါ။

ဒေါက်တာတင့်ဆွေ
၅-၉-၂ဝ၁၆
၁၆-၁၁-၂ဝ၁၆

Friday, November 25, 2016

သောနုတ္ထိုရ်၏ လျှောက်ထားချက်

အမျိုးသားရေးဝါဒသစ်အောက်မှာ ကွန်မင့်တခုလာပါတယ်။ အမျိုးသားရေးအော်နေသူတွေက ထရမ့်အနိုင်ရတာဟာ အမျိုးသားရေးဝါဒ အောင်ပွဲဆိုပြီး ဝမ်းသာနေကြလေရဲ့

ဟုတ်ပ။ ထရမ့်က လူဖြူ။ တရုပ်က ဟန်သွေး။ မဖြူတဲ့ မဟန်တဲ့လူတွေက ပဇာကြောင့် လက်ခမောင်းခတ်နေကြသည်မသိ။

ဦးပုည ရေးသားခဲ့တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက သောနုတ္တိုရ်ရဲ့ လျှောက်ထားခန်းကို သတိရတယ်။

ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမခေါ်၊ မမျှော်မထောက်၊ ကြောက်ချင်တိုင်းကြောက်ထည့်ပြီးလျှင့့်

ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမုဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည်မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြမရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေးလေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။

ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော်နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန်ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ်လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏ ရင်ခွင်ကြားမှာ၊ ခေါင်းထား၍ အသော့၊ ငိုပါရော့သည်ဘုရား။ ပင်ပန်းလှိုက်ဖို၊ သူ့မယားငိုတည့်လျှင်၊ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမခေါ်၊ မမျှော်မထောက်၊ ကြောက်ချင်တိုင်းကြောက်ထည့်ပြီးလျှင်၊ ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကို မရလျှင်၊ ဇီဝိတနတ္ထိ၊ နင်သေမည်အမှန်ဟု၊ မင်းသမီး မာန်စွဲနှင့်၊ အံခဲ၍ မိန့်တော်မူရာတွင်၊ ခုသေမလောက်၊ ကျွန်တော်မျိုးကြောက်လှ၍၊ ဓားအောက်ကသာ၊ အနိုင်နိုင် ခွါပြီးမှ၊ တောအောက်ပင်သေသေ၊ ဖြစ်လိုရာဖြစ်စေဟု၊ မသွေမဖောက်၊ ဆက်ပါမည်လျှောက်သည်တွင်၊ နှစ်ယောက်စလုံး၊ တပြုံးပြုံးနှင့်၊ အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင်လမ်းပြ၍၊ ဘုန်းဘုရာ့ စွယ်တော်မြတ်ကို၊ အဖြတ် ကျွန်တော်ရောက်ပါသည်။

အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့ကျွန်တော်၊ ကြံဘော်ကြံဘက်၊ သုံးယောက်သား အနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေပေတော့ဟု၊ ငွေတောင့်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော်အား သတ်လျှင်လည်း၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်၊ ကရုဏာရှေးရှု၊ လွှတ်တော်မူလျှင်လည်း၊ လူမလိမ္မာ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည်ဘုရား။

ထရမ့်က လူဖြူ။ တရုပ်က ဟန်သွေး။ မဖြူတဲ့ မဟန်တဲ့လူတွေက ပဇာကြောင့် လက်ခမောင်းခတ်နေကြသည်မသိ။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆
၂၆-၁၁-၂ဝ၁၇

ငိုရင်ပုလဲ ရီရင်ရွဲ

မောင်ပုလဲအောက်မှာ သူငယ်ချင်းတယောက်က ကွန်မင့်ရေးလာတယ်။

Thet Tin ငိုရင်ပုလဲ၊ ရီရင်ရွဲ။ မရီ မငို မဲ့ရင့့်

ဟုတ်တယ် သူငယ်ချင့်း့

ခုနေခါမှာ ငါ့အစွမ်းနဲ့ ငိုလိုက်ရင် ပုလဲလုံးလေးတွေ ထွက်ကျလာနိုင်ပြီး၊ ရီတဲ့အခါ ရွဲလုံးတွေကျနိုင်တယ်။

ဒီတန်ခိုးရဘို့ရာ ငါ အနှစ်နှစ်ဆယ်ကျော်ကြာ အဂ္ဂိရတ်ထိုးသလိုပါပဲကွာ။ တဲအိုမှာ ချွေးစိုခဲ့တယ်။ မြေကြီးမှာ ပြာလူးခဲ့တယ်။ ရွှေတိုငွေစ ကုန်ခမ်းခဲ့ရတယ်။

အခု ငါစွမ်းတာ ငါသိတယ်။ ဒါပေမယ့်ကွာ ငါ မငိုချင်၊ ငါ မရီချင်။
မဲ့တာတော့မဟုတ် ရွဲ့တဲ့စာလုံးတွေ ငါရေးနေတယ် သူငယ်ချင်း။
ပြဒါးဆိပ်ပါ သင့်သလားတော့ မသိပေါ့ကွာ။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၆
ည ၁၁ နာရီ၊ ၃၃ မိနစ်။

New Nationalism အမျိုးသားရေးဝါဒသစ်

နိုင်ငံရေးအသုံးမှာ အသစ်ထပ်ဖြစ်လာတာ။ အဟောင်းနဲ့ဆင်တူတာကို (နီယို) လို့သုံးကြတယ်။ နီယိုဖက်ဆစ်၊ နီယိုနာဇီ၊ နီယိုရီရဲလစ်လို့ရှိတယ်။ နိုင်ငံရေးမဟုတ်တာမှာလည်း သုံးပါတယ်။

အမေရိကန်သမတအဖြစ်အနိုင်ရလိုက်တဲ့ (ဒေါ်နယ်ထရမ့်) က (အမေရိက-ဖတ်စ်) အမေရိကန်သည်သာပဌမလို့ ပြောပါတယ်။ အဲတာ အမျိုးသားရေးဝါဒပါပဲ။ အသစ်တော့ မဟုတ်ပါ။ ကြီးကျယ်တဲ့အမေရိကန် ပြန်ဖြစ်စေရမယ်လို့ မဲဆွယ်ပါတယ်။ သူ့အရင် ၁၉၈ဝ တုန်းက ရီပတ်ဘလီကင် သမတ (ရော်နယ် ရီဂင်) ကလည်း အဲလိုပြောခဲ့တယ်။ သူကတော့ တောင်ကုန်းထိပ်က မြို့တော်လို့ တင်စားခဲ့တယ်။

ထရမ့်က (ဂလိုဘယ်လိုက်ဇေးရှင်း) ခေါ် ကမ္ဘာရွာဖြစ်စဉ်ကို ဆန့်ကျင်ရာကျတယ်။ လက်ဝဲသမားတွေရဲ့ ဆန့်ကျင်နည်းနဲ့တော့ မတူပါ။ ထရမ့်က (ဂလိုဘယ်လဇင်) သီချင်းတုလို့ ကဲ့ရဲ့တယ်။ သူမှ နပိုလီယန်အစစ် လုပ်ချင်ပုံရတယ်။ ဝေဘန်သူတွေကတော့ (ရီဂင်) ပြောတာက အကောင်းမြင်၊ ထရမ့် အော်နေတာက ဒေါသတဲ့။

အမေရိကားသာမကပါ ရုရှား၊ တရုပ်နဲ့ တူရကီတို့်ကလည်း တကိုယ်ကောင်းသမားချည်းပဲ။ အဲတာကို Chauvinism လူမျိုးကြီးဝါဒ ခေါ်တယ်။ နိုင်ငံတကာဆက်ဆံရေးကို အနှုတ်သဘောမြင်ကြတယ်။ နိုင်ငံတကာအကျိုးစီးပွါးနဲ့ ပြည်တွင်းအကျိုးစီးပွား တွက်ခြေချတော့ သုညသာဖြစ်နေတာမျိုး မကြိုက်သူတွေဖြစ်ပါတယ်။

သုံးသပ်သူတွေက အဲတာကို အန္တရာယ်လို့မြင်တယ်။သူ့တိုင်းပြည်ရဲ့ အများနဲ့ဆိုင်တဲ့တန်ဖိုးထားမှုတွေကို အခြေခံပြီး စုစည်းမှုလုပ်ရတယ်။ တကယ်တော့ တဦးကောင်း တယောက်ကောင်း လုပ်မရတာချည်းသာ တွေ့ပါမယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အမေရိကန်မျိုးချစ်ခေါင်းဆောင်တွေက အမေရိကန်တန်ဖိုးထားမှုတွေကို တကမ္ဘာလုံးက သဘောကျလိုက်ပါစေအောင် ကြိုးပမ်းခဲ့ကြတယ်။ စည်းမျဉ်းတွေကိုအခြေခံတဲ့အုပ်ချုပ်ရေးလမ်းကြောင်းလည်းဖြစ်တယ်။ အဲဒီနည်းဟာ (ကန်တော့ပါ) ခွေးကခွေးပြန်စားတဲ့လောကထဲမှာ လုံခြုံမှုရှိခဲ့တယ်လို့ ကောက်ချက်ချကြတယ်။ ဖွံ့ဖြိုးမှုလည်း ရှိခဲ့တယ်လို့ ထောက်ပြတယ်။

ရုရှားမှာ (ပူတင်) က ခေတ်ဆန်တဲ့ (လစ်ဘရယ်) ကိုဘေးဖယ်ပြီ (ရုရှား + ဆလိုဖက်) အရောနဲ့ (အော်သိုဒေါက်စ် ခရစ်ယန်) ကိုရွေးထားတယ်။ တူရကီမှာ (ရီဆက် တေယစ် အာဒိုဂျင်) က (ကားဒ်စ်) တွေနဲ့ စေ့စပ်ဘို့ (အီးယူ) ပြောတာကို ဘေးချိတ်ပြီး အစ္စလားမစ်အမျိုးသားရေးဝါဒကို ရွေးထားတယ်။ အိန္ဒိယမှာလည်း လက်ရှိဝန်ကြီးချုပ် (နာရင်ဒါ မိုဒီ) က (ဟင်ဒူ) အစွန်းရောက် အမျိုးသားရေးဝါဒကို လိုက်တယ်။

တရုပ်ပြည်မှာတော့ အမျိုးသားရေးဝါဒသမားတွေက ဒေါသထွက်နေကြတယ်။ သူတို့က တိုင်းပြည်စီးပွားရေးအတွက် ကမ္ဘာရွာဖြစ်စဉ်ကို ကောင်းကောင်းအသုံးချပြီး အမေရိကားနဲ့ဆက်ဆံရေးလမ်းကိုရွေးထားလို့ အမျိုးသားရေးသမားတွေက မကျေနပ်ကြပါ။ ဒါပေမယ့် (ဟန်) သွေးတွေသာ လွှမ်းမိုးရေးကို ရေရှည်ရည်မှန်းချက်ထားပြီး လုပ်နေတာဖြစ်တယ်။ (ဟန်) သွေးမဟုတ်သူတွေက ဒုတိယတန်းစားတဲ့။

(အီးယူ) ဖွဲ့ထားတဲ့ အခြေခံအမြင်ထားတာက အမျိုးသားရေးဝါဒကို ကျော်ဘို့ဖြစ်တယ်။ ဥရောပတိုက်ကြီးမှာ ကမ္ဘာစစ်ကြီးတွေနဲ့ ပျက်စီးခဲ့ရတာတွေကို သင်္ခန်းစာယူထားကြတယ်။ သူတို့က မတူတာတွေနဲ့ အတူနေဘို့သာ ကြိုးစားနေကြတယ်။ ခုထိတော့ သူတို့လည်း အတန်အသင့်သာ အောင်မြင်သေးတာပါ။

အမေရိကန်တွေ ပဌမကမ္ဘာစစ်အပြီးမှာလည်း အခုလို အတွင်းမျက်နှာမူအယူအဆကျင့်ခဲ့ပါတယ်။ အဲတာကို နောင်တရခဲ့ဘူးတယ်။ အခု ထရမ့်ရဲ့ အမျိုးသားရေးအယူအဆသစ်ကနေ ဘာတွေဖြစ်လာနိုင်သလဲ။ ပြည်တွင်းမှာ သည်းခံနိုင်မှုတွေ အရည်ပျော်မယ်။ သံသယတွေပွားမယ်။ ပြည်ပမှာ တခြားနိုင်ငံတွေကပါ ကိုယ့်အတွင်းသာကိုယ် မျက်နှာမူရေးလုပ်လာကြရမယ်။ ပြဿနာဖြစ်ရင် ဖြေရှင်းရတာ အရင်ကထက်ခက်ခဲလာမယ်။ တရုပ်ရဲ့ တောင်တရုပ်ပင်လယ်ပိုင်ဆိုင်မှုမှာ တရုပ်ကိုယှဉ်လို့မရဖြစ်လာမယ်။ WTO အပါအဝင် နိုင်ငံတကာစုဖွဲ့ထားမှုတွေ တမျိုးတမည်ဖြစ်ကုန်မယ်။ အမေရိကားကို မနာလိုတဲ့ အမျိုးသားရေအယူအဆတွေ ပိုပြီး များလာ ကြီးလာမယ်။

နိုင်ငံတကာထုံးတမ်းတွေရဲ့ အကာအကွယ်ရနေတဲ့ တိုင်းပြည်ငယ်လေးတွေ အရင်လောက်လုံခြုံမှုရတော့မှာ မဟုတ်ပါ။ ကျွန်တော်တို့ မီးစဉ်ကြည့်ကရပါမယ်။ မီးအရောင်ပြောင်းတာ ရာသက်ပန်တော့မဟုတ်ပါ။ စစ်အေးခေတ်မှာ မြန်မာပြည်ဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းလောက်မခံခဲ့ရပါ။ ယုန်သူငယ်ဖြစ်နေတဲ့ဘဝမှာတော့ ကျားရော၊ ခြင်္သေ့ရော၊ မြေခွေးပါ ကြောက်နေရတယ်။ အစဉ်အလာဆိုရိုးစကားမှာ ယုန်ဟာ ပညာကိုသုံးတယ်။ လိပ်ကိုတော့ ရှုံးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၆

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ