A Moon Lit Night လောကသုံးပါး
ငယ်ငယ်က ရေးခဲ့ရတဲ့ အင်္ဂလိပ်စာစီစာကုံးခေါင်းစဉ်ပါ။ ငယ်တုန်းကတော့ လမင်းသာတဲ့ညအကြောင်းသာ ရေးခဲ့ပါတယ်။
ညက လကြည့်မိကြတယ်။ ဒေလီမှာတုန်းက ကောင်းကင်ဆိုတာကြည့်ရခဲတယ်။ လထွက်တာကို တခါတခါမှသာ မြင်ခွင့်ရတယ်။ ဒီမှာက သြကာသလောကကြီးကို ကြည့်ခွင့်ရလို့ ဝမ်းသာမိတယ်။ ကောင်းကင်ကို မျက်စိတဆုံး ကြည့်နိုင်တယ်။ နေနဲ့လကိုလဲ နေ့စဉ်မြင်ရနိုင်တယ်။
သတ္တလောကကိုတော့ သတ္တဗေဒသင်ထားရလို့ မသင်ရသူတွေထက်တော့ ပိုသိတယ်။ သင်္ခါရလောကကိုတော့ စာတွေ့ပဲ သိသေးတယ်။ စဉ်ဆက်မပြတ်ဖြစ်နေပျက်နေတာကို အနုကြည့်မှန်ဘီလူးနဲ့လဲကြည့်ဖူးတယ်။ အနုစိတ်ကူးနဲ့ပါ စူးစမ်း ဆင်ခြင်ပါတယ်။ မသိလို့လည်း မဖြစ်ဘဲနေတာ၊ မပျက်ဘဲနေမှာ မဟုတ်ပါ။ အပျက်တွေကို ကုစားပေးနေရလို့လည်း အသိတရားအတွက် အကျိုးများပါတယ်။
သမားအလုပ်ကို မြတ်နိုးတန်ဖိုးထားပါတယ်။ ဆေးပညာကို သင်ပေးခဲ့ကြကုန်သော ဆရာဆရာမတွေအားလုံး၊ ဆေးပညာ သင်နိုင်အောင်အထိ စာသင်ပေးခဲ့ကြကုန်သော ဆရာဆရာမအပေါင်း တန်ဆောင်မုန်းလပြည့်မှာ ကန်တော့လိုက်ပါတယ်။ သင်္ခါရလောကကို အမြွက်မျှသိလာအောင် ဟောကြားခဲ့ကြကုန်သော ဆရာတော်အားလုံးကိုလည်း ရှိခိုးလိုက်ပါတယ်။
ဓါတ်ပုံ NASA
ဒေါက်တာတင့်ဆွေ
၁၄-၁၁-၂ဝ၁၆

Comments
Post a Comment