Puri (Poori) ပူရီ

ကနေ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ (ပူရီ) ကို စားတော်ပဲနဲ့။ တချို့ဆိုင်က ကုလားပဲ။ ဒေလီမှာဆို ပဲနီညိုညို။ အင်ဖားမှာ စားတော်ပဲမှာ နံနံပင်ခပ်ထားတယ်။

ပြည်တွင်းမှာ ပလာတာခေါ်တာကို ဒေလီမှာ (ပရာထား) ခေါ်တယ်။ ထပ်တရာခေါ်တာက အိန္ဒိယမှာ ရှားတယ်။ နံပြားတော့ရှိတယ်၊ အတော်ကြီးတယ်။ ပဲနဲ့မစား၊ ဟင်းအမျိုးမျိုးနဲ့သာစားတယ်။ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ (နန်) ခေါ်တာကို ထောပတ် သုတ်ထားတယ်။ ဆီမပါပဲ အိုးကင်းပူတိုက်တာကို (ရိုတီး) လို့ ခေါ်တယ်။

စမူစာနဲ့ သုံးဒေါင့်ချင်းတူတာ ဒေလီမှာ (ပဂိုးဒါး) ခေါ်တာ အာလူးသာပါပြီး၊ အရွယ်ကြီးတယ်။ ကျွန်တော်က မကြိုက်ပါ။ အိန္ဒိယတောင်ပိုင်းက (မဒရပ်စ်) ခေါ် (ချနိုင်း) မှာက ကျွန်တော်တို့ စမူစာနဲ့ တထေရာတည်း။

(စမူဆာကို စမူဆေးခေါ်တာ။ ပဂိုဒါက အသီးအရွက်ကို ပဲမှုန့်နှစ်နဲ့ ကြော်တာရယ် ပေါင်မုန့်ကို အာလူးညှပ်ပြီး ပဲမှုန့်နှစ် လူးပြီးကြော်တာကိုခေါ်တာလို့ သမီးကပြောတယ်။ သူက ကျွန်တော့်ထက် ကုလားပြည်ကအစာတွေသိတယ်။)

(အိန္ဒိယမြောက်ပိုင်းက စမူဆာကို ဆင်ဂရားခေါ်ပါတယ်။ လုံးဝမတူပါဘူး သူကကြီးပြီး မုန့်နှစ်ပိုများတယ်။ ကျွတ်လည်းမနေဘူး။ စားတော့အတော်စားကြတယ်။ ဥတ္တရာပရာဒက်ရှ်တို့ ဘီဟားတို့ဆို အရမ်းစားတာလေ ဘူတာတိုင်းမှာရတယ်။ အဲတာက ကိုမြင့်အေးကဖြည့်စွက်တာ။ သူကလည်း ကျွန်တော့်ထက်သိတယ်။)

အိန္ဒိယမှာ ဘယ်နေရာသွားသွား လက်ဖက်ရည်ကတော့ ကောင်းတယ်။ နွားနို့နဲ့သာ ဖျော်ကြတယ်။ ပြည်တွင်းမှာ ချက်နို့ဆီနဲ့ဖျော်တာသာသောက်ခဲ့ပြီး ထွက်လာခဲ့သူမို့ ရောက်စက ပေါ့သလိုလို။ နောက်တော့ အသားကျသွားတယ်။ အိုးပုတ်နဲ့သောက်ရလည်း ကောင်းတာပဲ။ ကျွန်တော့်အတွက်တော့ အိန္ဒိယမှာ အဆင်မပြေတာက မဆလာ။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး