ပဲ နဲ့ ဘဲ

(ပဲ) နဲ့ (ဘဲ) ကို ကျွန်တော်လည်း မှားတတ်လို့ စေတနာနဲ့ ပြင်လာပေးကြပါတယ်။ (မ) သဘော၊ မရှိ-မဟုတ် သဘော ပါမှသာ (ဘဲ) လို့သုံးတယ်။ မ နောက်က ဘဲ လိုက်သည်တဲ့။

မြန်မာအဘိဓာန်
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။

ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

ကျွန်တော် စာတွေဖတ်ရင်းနဲ့ တွေ့လာတာရှိပါတယ်။ အဲဒီ ဖေါ်မြူလာက ယေဘုယျတော့မှန်ပါတယ်။ နေရာတိုင်းတော့ သုံးလို့မရပါ။ သိပ္ပံမောင်ဝရေးခဲ့တာလေးရှိတယ်။

မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့က သာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ အမှားတွေဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်းကောင်းတယ်ဘဲဆိုဆို၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လားမသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။ (၁၁-၁ဝ-၁၉၃၇)

သိပ္ပံမောင်ဝရေးတာကို မြန်မာ့စွယ်စုံကျမ်းမှာဖေါ်ပြထားတဲ့အတိုင်း ကူးရေးတာပါ။ မြန်မာ့စွယ်စုံကျမ်းမှာပဲ ပထမ နဲ့ ပဌမ နှစ်မျိုးလုံး တွေ့ရတယ်။ အဲလိုမတူတာတွေက အဓိပ္ပါယ်မလွဲစေပါ။ သမ္မတ နဲ့ သမတ၊ အိပ်ယာ နဲ့ အိပ်ရာ သိပ် အရေးမပါလှပါ။

(တ) နေရာမှာ မလိုအပ်ဘဲ (တစ်) အရေးခိုင်းတာကတော့ နိုင်ငံရေးလုပ်တာဖြစ်တယ်။ (တ) မှားနေလို့နဲ့ ရေးရတာ ခက်ခဲနေလို့ ပြင်တာမဟုတ်ပါ။ ပေါ်လစီအရလုပ်တာဖြစ်တယ်။ ဥပေဒကဲ့သို့အာဏာတည်သောအမိန့်အရ အရေးယူခံရတယ်။ အရေးယူနေတာ အခုထိပါပဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ