သောနုတ္ထိုရ်၏ လျှောက်ထားချက်

အမျိုးသားရေးဝါဒသစ်အောက်မှာ ကွန်မင့်တခုလာပါတယ်။ အမျိုးသားရေးအော်နေသူတွေက ထရမ့်အနိုင်ရတာဟာ အမျိုးသားရေးဝါဒ အောင်ပွဲဆိုပြီး ဝမ်းသာနေကြလေရဲ့

ဟုတ်ပ။ ထရမ့်က လူဖြူ။ တရုပ်က ဟန်သွေး။ မဖြူတဲ့ မဟန်တဲ့လူတွေက ပဇာကြောင့် လက်ခမောင်းခတ်နေကြသည်မသိ။

ဦးပုည ရေးသားခဲ့တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက သောနုတ္တိုရ်ရဲ့ လျှောက်ထားခန်းကို သတိရတယ်။

ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမခေါ်၊ မမျှော်မထောက်၊ ကြောက်ချင်တိုင်းကြောက်ထည့်ပြီးလျှင့့်

ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမုဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည်မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြမရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေးလေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။

ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော်နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန်ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ်လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏ ရင်ခွင်ကြားမှာ၊ ခေါင်းထား၍ အသော့၊ ငိုပါရော့သည်ဘုရား။ ပင်ပန်းလှိုက်ဖို၊ သူ့မယားငိုတည့်လျှင်၊ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမခေါ်၊ မမျှော်မထောက်၊ ကြောက်ချင်တိုင်းကြောက်ထည့်ပြီးလျှင်၊ ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကို မရလျှင်၊ ဇီဝိတနတ္ထိ၊ နင်သေမည်အမှန်ဟု၊ မင်းသမီး မာန်စွဲနှင့်၊ အံခဲ၍ မိန့်တော်မူရာတွင်၊ ခုသေမလောက်၊ ကျွန်တော်မျိုးကြောက်လှ၍၊ ဓားအောက်ကသာ၊ အနိုင်နိုင် ခွါပြီးမှ၊ တောအောက်ပင်သေသေ၊ ဖြစ်လိုရာဖြစ်စေဟု၊ မသွေမဖောက်၊ ဆက်ပါမည်လျှောက်သည်တွင်၊ နှစ်ယောက်စလုံး၊ တပြုံးပြုံးနှင့်၊ အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင်လမ်းပြ၍၊ ဘုန်းဘုရာ့ စွယ်တော်မြတ်ကို၊ အဖြတ် ကျွန်တော်ရောက်ပါသည်။

အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့ကျွန်တော်၊ ကြံဘော်ကြံဘက်၊ သုံးယောက်သား အနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေပေတော့ဟု၊ ငွေတောင့်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော်အား သတ်လျှင်လည်း၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်၊ ကရုဏာရှေးရှု၊ လွှတ်တော်မူလျှင်လည်း၊ လူမလိမ္မာ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည်ဘုရား။

ထရမ့်က လူဖြူ။ တရုပ်က ဟန်သွေး။ မဖြူတဲ့ မဟန်တဲ့လူတွေက ပဇာကြောင့် လက်ခမောင်းခတ်နေကြသည်မသိ။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆
၂၆-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ