ရွှေချတိုင်း ကောင်းတယ်ထင်တဲ့ခေတ်

Yin Yin Myat ဆရာရှင့် မြန်မာစာ စာလုံးပေါင်း သတ်ပုံကျမ်း ၁၃၄၈ မှာ ကိန်းဂဏန်းအရေတွက်ရေးရင် စ သတ် ထည့်ရမယ်လို့ ပြောထားပြန်ပါတယ်ရှင့်။

ပါတီဥက္ကဋ္ဌကြီးလမ်းညွှန်ဆိုတာကို ဖတ်မိမယ်ထင်ပါတယ်။ အဲဒီစာအုပ်မျိုးတွေ လူတိုင်းမှာရှိတယ်။ ဆိုင်တိုင်းမှာ ရောင်းတယ်။ အဲဒီစာအုပ်အရင်က သတ်ပုံကျမ်းတွေ အများကြီးရှိပါတယ်။

ပါတီဥက္ကဋ္ဌကြီးလမ်းညွှန်အပြီးမှာလည်း အကျော်အမော် လူလေးစားတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေက ကျမ်းရိုး ကျမ်းဟောင်းတွေအတိုင်း ရေးသားခဲ့ကြပါတယ်။ အဲဒီ စာတွေ ကဗျာတွေကို နောက်လူတွေက ပါတီဥက္ကဋ္ဌကြီးလမ်းညွှန် သတ်ပုံတွေနဲ့ ပြောင်းပြီး လုပ်စား ရောင်းစားနေကြပါတယ်။ ကိုယ့်စာမှာ ကိုယ်ကြိုက်သလိုရေးတာ မပြောချင်လှပါ။

ဒါပေမယ့် ပါတီဥက္ကဋ္ဌကြီး လမ်းညွှန်သတ်ပုံကသာ မှန်တယ်။ အဲလိုမဟုတ်ရင် ထုတ်ဝေခွင့်မပြုဆိုတာကို သဘောမတူနိုင်ကြောင်းပါ။

အဲလို ရေးနေရတာ အခါတရာ (တစ်ရာ မဟုတ်) လောက်ရှိနေပြီ။ နမူနာပေါင်း တထောင် (တစ်ထောင် မဟုတ်) လည်း ပေးထားပြီးဖြစ်ပါတယ်။

ပန်းချီဆရာ ဦးငွေကိုင်၊ ဦးဘကြည်စတဲ့ပုဂ္ဂိုလ်တွေရေးဆွဲခဲ့တာတွေကို ကောက်ကြောင်းတွေပြောင်းပြီး အသစ် ရေးဆွဲကြတာ၊ ပေါ်ဦးသက်၊ ဦးဝင်းဖေ စတဲ့ဆရာတွေရေးဆွဲထားတာတွေကို အရောင်ပြောင်းပြီး ပြန်ဆွဲတာ သင့်ပါ့မလား။ ပုဂံနံရံပန်းချီတွေပေါ်မှာ ရွှေထပ်ချလို့ကော တော်ပါ့မလား။ သဘောပါပဲ။ တချို့က ဘုရားမှန်သမျှ ရွှေချတာကို ကောင်းတယ်ထင်တဲ့ခေတ်။ ဥက္ကဋ္ဌကြီးပြောတာမှ သဘောကျတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး