The Fishes ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိ

Sai Wan ဆွန်ယက်ဆင်က ကွန်မြူနစ်ဝါဒ စတင်တည်ထောင်ခဲ့သူလားဆရာ
Dr. Tint Swe မဟုတ်
Sai Wan ကားမတ်စ်ဝါဒနဲ့  ကွန်မြူနစ်ဝါဒ တူသလားဆရာ။ ဆရာကြီး ဦးအောင်သင်းရဲ့  ကားမတ်စ်ဝါဒကို သဘောကျလို့ပါ
Dr. Tint Swe ဝါဒ၊ အယူအဆ၊ သုတ တခုခုရဲ့ အခြေခံကို မသိသေးပဲ ဘာအတွက် သဘောကျပါသလဲ။
Sai Wan ကားမတ်စ်ဝါဒက ရိုးစင်းပါတယ်ဆရာ လုပ်အား ညီမျှခြင်း တန်ဖိုးပါပဲ ကွန်မြူနစ်ဝါဒတော့ သေချာမသိသေးပါဘူး ၀န်ခံပါရစေ
Dr. Tint Swe နိုင်ငံရေးလို့ပြောပြော သုတပညာလို့ပြောပြော သိချင်စိတ်နဲ့ လေ့လာတာ ကောင်းပါတယ်။

ကျွန်တော်ငယ်ငယ်ကတည်းက သိချင်စိတ်ရှိတာကို လက်လှမ်းမီသလောက် ဖတ်ပါတယ်။ နိုင်ငံရေးတခုတည်း မဟုတ်ပါ။ ဘာသာရပ်ကတော့ စုံတယ်။ ကျောင်းမှာသင်ရတဲ့ ဘာသာရပ်တိုင်းလိုလို စိတ်ပါတယ်။ တခြားစာတွေလည်းဖတ်တာ ကာတွန်း၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်။ မလှမ်းမကမ်းမှာရှိလို့ ဗေဒင်ကလည်းပါသေးတာ။ သံရုံးတိုင်းကဝေတဲ့ စာအုပ်တွေ မှာတယ်။ အဲဒီခေတ်က စစ်အေးကာလ။ လက်ဝဲခေါ် ကွန်မြူနစ်အုပ်စုနဲ့ အနောက်အုပ်စုတွေက ကမ္ဘာစစ်ဖြစ်နေသလို အားပြိုင်နေကြချိန်ဖြစ်တယ်။ ဝါဒဖြန့်ချိရေးကို မဟားဒယားပြိုင်လုပ်နေကြလို့ စာအုပ်တွေ အခမဲ့ပေးတာ ပလူပျံနေတာပဲ။ နိုင်သလောက် ဖတ်ပါတယ်။ အုပ်စုတခုတည်းကိုတော့ မဖတ်ပါ။။

ရောင်းတဲ့စာအုပ်တွေ အားလုံးထဲမှာတော့ လက်ဝဲစာတွေသာပါတယ်။ လူတိုင်းက လက်ဝဲချည်းလို့ ထင်ရတယ်။ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ဆင်းရဲသားတွေဇာတ်လိုက်ဖြစ်တာ သဘောကျတာပေါ့။ နင်းပြားခေါ် ပစ္စည်းမဲ့ခေါ်သူတွေ အနှိမ်ခံရတယ်လို့ ရေးဖွဲ့တာတွေဖတ်ပြီး ဗီလိန်တွေကို မုန်းတာပေါ့။ ဆယ်တန်းပြီးတော့ ဘယ်နိုင်ငံရေးအယူအဆကိုမှ ကောလိပ်ထိပါမလာခဲ့ပါ။ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်ပါတော့ နဖူးကွဲ၊ ဒူးပြဲ။ သွေးမထွက်ပေမယ့် ချွေးထွက်ပါတယ်။ အသက်မထွက်ခဲ့ပေမယ့် တိုင်းပြည်ကထွက်ရတယ်။ ဘယ်အိုင်ဒီယော်လော်ဂျီလဲမေးရင် ဖြေရန်မရှိပါ။

နည်းနည်းအသက်ရတော့ ဘာသာရေးစာအုပ်တွေ၊ တရားနားထောင်တာတွေပါ တိုးလာတယ်။ အဲဒီအချိန်က ဗုဒ္ဓဘာသာထဲမှာ ဂိုဏ်းခွဲတွေများတယ်။ အကုန်မဟုတ်တောင် အတော်များများကို ဖတ်ပါတယ်။ ကြီးလေဖတ်ဖြစ်လေ။ ဘာကိုသဘောကျလဲမေးရင် ဘုရားဟောခဲ့တာအမှန်ကို သိအောင်လုပ်ခြင်းနဲ့ တတ်နိုင်သလောက် လိုက်နာခြင်း။ ဒါတောင် တခြားဘာသာတွေပါ တို့ထိကြည့်မိသေးတာ။

ဘာသာရေးနဲ့ နိုင်ငံရေးသာ သိစရာလို့မထင်ပါ။ ပထဝီ၊ သမိုင်း၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ။ သိပ္ပံမှာတော့ ဆေးပညာ နှစ်အကြာဆုံးသင်ရတယ်။ မသင်ရတဲ့ ဖီလော်ဆော်ဖီ၊ ဘောဂဗေဒ၊ စတာတွေလည်း သိချင်စိတ်တော့ရှိတယ်။

အဲလိုအစုံသုပ်ဟာ လိမ့်နေတဲ့ကျောက်တုံးလို ရေညှိမကပ်ဘူးဆိုချင်ဆို အသေရပ်နေတာထက်တော့ သဘောကျတယ်။ တံငါသည်တယောက်ရဲ့ပိုက်ကွန်ထဲပါသွားတာထက် ကျေနပ်တယ်။ မြှုံးတခုထဲအမိခံရတာထက် လွတ်လပ်တယ်။ ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိ။ ငါးဖမ်းသူတွေကလည်း ပေါပါဘိ။

ဒေါက်တာတင့်ဆွေ
၁၃-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး