The New Nationalism အမျိုးသားရေးဝါဒသစ်
နိုင်ငံရေးအသုံးမှာ အသစ်ထပ်ဖြစ်လာတာ၊ အဟောင်းနဲ့ဆင်တူတာကို (နီယို) လို့သုံးကြတယ်။ နီယိုဖက်ဆစ်၊ နီယိုနာဇီ၊ နီယိုရီရဲလစ်။ နိုင်ငံရေးမဟုတ်တာမှာလည်း သုံးပါတယ်။ Neo-Darwinism; Neolithic; neoorthodoxy; Neophyte စသည်။
အမေရိကန်သမတအဖြစ်အနိုင်ရတဲ့ (ဒေါ်နယ်ထရမ့်) ကို (အမေရိက-ဖတ်စ်) အမေရိကန်သည်သာပဌမလို့ သုံးပါတယ်။ အမျိုးသားရေးဝါဒပါပဲ။ အသစ်လည်းမဟုတ်ပါ။ ကြီးကျယ်တဲ့အမေရိကားပြန်ဖြစ်စေရမယ်လို့ မဲဆွယ်ပါတယ်။ သူ့အရင် ၁၉၈ဝ တုန်းက (ရော်နယ် ရီဂင်) ကလည်း အဲလိုပြောခဲ့တယ်။ တောင်ကုန်းထိပ်ကမြို့တော်လို့ တင်စားခဲ့တယ်။
ထရမ့်က (ဂလိုဘယ်လိုက်ဇေးရှင်း) ကို ဆန့်ကျင်တယ်။ လက်ဝဲသမားတွေနဲ့တော့ မတူပါ။ ထရမ့်က (ဂလိုဘယ်လဇင်) သီချင်းတုလို့ ကဲ့ရဲ့တယ်။ သူမှ နပိုလီယန်အစစ်လုပ်ချင်ပုံရတယ်။ ဝေဘန်သူတွေကတော့ (ရီဂင်) ပြောတာက အကောင်းမြင်၊ ထရမ့် အော်နေတာက ဒေါသတဲ့။
အမေရိကားသာမကပါ ရုရှား၊ တရုပ်နဲ့ တူရကီတို့်ကလည်း တကိုယ်ကောင်းသမားချည်းပဲ။ အဲတာကို Chauvinism ခေါ်တယ်။ နိုင်ငံတကာဆက်ဆံရေးကို အနှုတ်သဘောမြင်ကြတယ်။ နိုင်ငံတကာအကျိုးစီးပွါးနဲ့ ပြည်တွင်းအကျိုးစီးပွား တွက်ခြေချတော့ သုညသာဖြစ်နေတာမျိုးမကြိုက်သူတွေဖြစ်ပါတယ်။ သုံးသပ်သူတွေက အဲတာကို အန္တရာယ်လို့မြင်တယ်။ သူ့တိုင်းပြည်ရဲ့ အများနဲ့ဆိုင်တဲ့တန်ဖိုးထားမှုတွေကို အခြေခံပြီး စုစည်းမှုလုပ်ရတယ်။ တကယ်တော့ တဦးကောင်း တယောက်ကောင်း လုပ်မရတာချည်းသာ တွေ့ပါမယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အမေရိကန်မျိုးချစ်ခေါင်းဆောင်တွေက အမေရိကန်တန်ဖိုးထားမှုတွေကို တကမ္ဘာလုံးက သဘောကျလိုက်ပါစေအောင် ကြိုးပမ်းခဲ့ကြတယ်။ စည်းမျဉ်းတွေကိုအခြေခံတဲ့အုပ်ချုပ်ရေးလမ်းကြောင်းလည်းဖြစ်တယ်။ အဲဒီနည်းဟာ (ကန်တော့ပါ) ခွေးကခွေးပြန်စားတဲ့လောကထဲမှာ လုံခြုံမှုရှိခဲ့တယ်လို့ ကောက်ချက်ချကြတယ်။ ဖွံ့ဖြိုးမှုလည်းရှိခဲ့တယ်လို့ ထောက်ပြတယ်။
ရုရှားမှာ (ပူတင်) က ခေတ်ဆန်တဲ့ (လစ်ဘရယ်) ကိုဘေးဖယ်ပြီ (ရုရှား + ဆလိုဖက်) အရောနဲ့ (အော်သိုဒေါက်စ် ခရစ်ယန်) ကိုရွေးထားတယ်။ တူရကီမှာ (ရီဆက် တေယစ် အာဒိုဂျင်) က (ကားဒ်စ်) တွေနဲ့ စေ့စပ်ဘို့ (အီးယူ) ပြောတာကို ဘေးချိတ်ပြီး အစ္စလားမစ်အမျိုးသားရေးဝါဒကို ရွေးထားတယ်။ အိန္ဒိယမှာလည်း (နာရင်ဒါ မိုဒီ) က (ဟင်ဒူ) အစွန်းရောက် အမျိုးသားရေးဝါဒကို လိုက်တယ်။
တရုပ်ပြည်မှာတော့ အမျိုးသားရေးဝါဒသမားတွေက ဒေါသထွက်နေကြတယ်။ လက်ရှိမှာ တိုင်းပြည်စီးပွားရေးအတွက် ကမ္ဘာရွာဖြစ်စဉ်ကို ကောင်းကောင်းအသုံးချပြီး အမေရိကားနဲ့ဆက်ဆံရေးလမ်းကိုရွေးထားလို့ အမျိုးသားရေးသမားတွေက မကျေနပ်ကြပါ။ ဒါပေမယ့် (ဟန်) သွေးတွေသာ လွှမ်းမိုးရေးဟာ ရေရှည်ရည်မှန်းချက်ထားပြီး လုပ်နေတာဖြစ်တယ်။ (ဟန်) မဟုတ်သူတွေက ဒုတိယတန်းစားတဲ့။
(အီးယူ) ကမြင်ထားတာက အမျိုးသားရေးဝါဒကို ကျော်ဘို့ဖြစ်တယ်။ ဥရောပတိုက်ကြီးမှာ ကမ္ဘာစစ်ကြီးတွေနဲ့ ပျက်စီးခဲ့ရတာတွေကို သင်္ခန်းစာယူထားတယ်။ သူတို့ မတူတာတွေနဲ့ အတူနေဘို့သာကြိုးစားနေကြတယ်။ ခုထိတော့ အတန်အသင့်သာ အောင်မြင်သေးတာပါ။
အမေရိကန်တွေ ပဌမကမ္ဘာစစ်အပြီးမှာလည်း အခုလို အတွင်းမျက်နှာမူအယူအဆကျင့်ခဲ့ပါတယ်။ အဲတာကို နောင်တရခဲ့ဘူးတယ်။ အခု ထရမ့်ရဲ့ အမျိုးသားရေးအယူအဆသစ်ကနေ ဘာတွေဖြစ်လာနိုင်သလဲ။ ပြည်တွင်းမှာ သည်းခံနိုင်မှုတွေ အရည်ပျော်မယ်။ သံသယတွေပွားမယ်။ ပြည်ပမှာ တခြားနိုင်ငံတွေကပါ ကိုယ့်အတွင်းသာကိုယ် မျက်နှာမူရေးလုပ်လာကြရမယ်။ ပြဿနာဖြစ်ရင် ဖြေရှင်းရတာ အရင်ကထက်ခက်ခဲလာမယ်။ တရုပ်ရဲ့ တောင်တရုပ်ပင်လယ်ပိုင်ဆိုင်မှုမှာ တရုပ်ကိုယှဉ်လို့မရဖြစ်လာမယ်။ WTO အပါအဝင် နိုင်ငံတကာစုဖွဲ့ထားမှုတွေ တမျိုးတမည်ဖြစ်ကုန်မယ်။ အမေရိကားကို မနာလိုတဲ့ အမျိုးသားရေအယူအဆတွေ ပိုပြီး များလာ ကြီးလာမယ်။
နိုင်ငံတကာထုံးတမ်းတွေရဲ့ အကာအကွယ်ရနေတဲ့ တိုင်းပြည်ငယ်လေးတွေ အရင်လောက်လုံခြုံမှုရတော့မှာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၆
ညနေ ၆ နာရီ၊ ၄၅ မိနစ်။

Comments
Post a Comment