End of Dynasty မင်းဆက်ပြတ်ကင်းမှ စစ်မက်ကင်းရှင်းမယ်

ငယ်ငယ်တုံးက ကျောင်းမှာ ရာဇဝင် (သမိုင်းမခေါ်သေးပါ) သင်ခဲ့ရတယ်။ မွန်-မြန်မာနှစ် ၄ဝ စစ်ဆိုတာပါတယ်။ အဲဒီအသုံးက လူမျိုးရေးချစ်ကြည်မှုကို ထိခိုက်စေတယ်လို့ ထောက်ပြကြတယ်။ မှန်တယ်။ မြန်မ့ာစွယ်စုံကျမ်းမှာ အင်းဝမင်းခေါင်နှင့် ဟံသာဝတီရာဇာဓိရာဇ်စစ်ခင်းကြတယ်လို့သာ ရေးတယ်။

ရှေးမင်းတွေဟာ စစ်ခင်းကြတာကထုံးစံ။ မင်းနှစ်ပါးတို့ ဘာလို့စစ်တိုက်ကြသလည်း။ အနော်ရထာ စုစည်းခဲ့တဲ့ ပုဂံ နိုင်ငံတော်ကြီးမျိုးဖြစ်ချင်တဲ့ အာသီသလည်းရှိတယ်။ စစ်တိုက်နည်းက ဘယ်လိုလည်း။ အောက်အရပ် စုံလိုက်၊ အထက်အရပ် ဆန်လိုက်တိုက်ကြတယ်။ မြို့ကို ဝန်းရံပိတ်ဆို့ထားနည်း၊ ခံတပ်လုပ်ပြီးခုခံနည်း၊ ပြောက်ကျားနည်း၊ ခြုံခိုတိုက်နည်း၊ တယောက်ချင်း စီးချင်းထိုးနည်းတွေ စုံလင်တယ်။

စစ်ခင်းနည်းက ဘယ်လိုလဲ။ နှစ် ၄ဝ တောက်လျှောက် စစ်တိုက်နေကြတာမဟုတ်ဘူး။ တောင်သူလယ်လုပ်တွေ လယ်ယာအလုပ်များချိန် ကဆုန်၊ နယုန်လတွေမှာ စစ်နားကြတယ်။ ရာဇာဓိရာဇ်က အင်းဝကို စားရေရိက္ခာရှာအောင် မြို့ကိုဝိုင်းရံပိတ်ဆို့ထားတော့ အင်းဝဖက်က စကြိုသူမြတ်ကနေ ဟံသာဝတီဘုရင်ကို နားချတဲ့အခါ ရာဇာဓိရာဇ်က နာခံတယ်။ အထူးခြားဆုံးကတော့ ရာဇာဓိရာဇ်နဲ့ မင်းခေါင်တို့ ပြည်မြို့ရွှေဆံတော်ဘုရားမှာ စစ်မက်မဖြစ်ရေး ကတိသစ္စာ ပြုကြတယ်။ ဒါပေမယ့် ၃ နှစ်သာခံ၊ ပြန်တိုက်ကြတယ်။ အဲဒီမင်းနှစ်ပါးနတ်ရွာစံတော့ စစ်မီးလျှော့နည်းရာကနေ စစ်ပွဲတွေ အဆုံးသတ်တော့တယ်။

စစ်ပွဲတွေကြောင့် အင်းဝဘုရင်ရဲ့အနော်ရထာအိပ်မက် အကောင်အထည်မပေါ်ပါ။ နယ်ပယ်လည်းကြီးမလာ၊ စီးပွါးရေးလည်း ဆုတ်ယုတ်၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စာပေရေးရာတွေလည်း ထွန်းကာသင့်သလောက် မထွန်းကားခဲ့ပါ။ စစ်ပြီးတော့မှသာ အင်းဝမှာ ရှင်အရိယဝံသ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဌသာရ၊ ရှင်အဂ္ဂသာမိတို့ ပေါ်ထွန်းလာတယ်။ ရှင်အရိယဝံသက ဇာတ်နိပါတ်တော်တွေ ရေးသားတယ်။ ရှင်မဟာသီလဝံသက ရာဇဝင်ကျော်ရေးတယ်။ စစ်ဖက်ဘုရင် ဟံသာဝတီ ဗညားကျန်းက ရွှေတိဂုံစေတီတော်ကြီးကို ဥာဏ်တော်မြှင့်တင်တယ်။ ဘုရင်မရှင်စောပုက ပဲခူးရွှေမော်ဓော ဥာဏ်တော်ကို မြှင့်တယ်။ ဓမ္မစေတီမင်းက သီဟိုဠ်အထိ ရဟန်းတော်တွေ စေလွှတ်တယ်။

သမိုင်းကနေ သင်ခန်းစာယူနိုင်တာတွေကများတယ်။ ရန်သူလို့ မသတ်မှတ်သင့်တာကို စစ်ခင်းနေရင် အကျိုးထက် အဆိုးများတယ်။ စစ်ကာလကြာရှည်လေလေ တိုင်းပြည် (စီးပွားရေး၊ စာပေနဲ့ ယဉ်ကျေးမှု) ဆုတ်ယုတ်လေလေ။ လွတ်လပ်ရေးရပြီးနောက် အချင်ချင်း စစ်ခင်းနေကြတာ နှစ် ၅ဝ ကျော်ပြီ။ နှစ်ကြာပေမယ့် ဘယ်သူမှအနိုင်မရပါ။ အများလေးစားတဲ့ ဆရာတော်စကားကို ဘုရင်မင်းတွေက နားထောင်ခဲ့ကြပေမယ့် အခု အစိုးရခိုင်းတာ ဘုန်းတော်ကြီးတွေက လိုက်နာရတဲ့ခေတ်ဖြစ်လာတယ်။

စစ်ခင်းတဲ့မင်းဆက် ပြတ်ကင်းမှ စစ်မက် ကင်းရှင်းတယ်။ စစ်တွေပြီးမှသာ ဆရာတော်အကျော်အမော်တွေလည်း ပေါ်လာမယ် ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး