Moon and Flag မြင်ရတဲ့ လ
နေဝင်ချိန်မှာ အရှေ့ဖက်ကောင်းကင်ကိုကြည့်လိုက်ပါ။ လဆန်း (၈) ရက်ကနေစပြီး၊ လပြည့်တဲ့အထိကာလမှာ လင်းတဝက်နဲ့ အပြည့်မရှိသေးတဲ့လကို Waxing gibbous moon လို့ ခေါ်တယ်။ လဟာ နေနဲ့ပိုဝေးရာမှာ ရောက်နေတယ်။ မွန်းတည့်ချိန်ကစပြီး မြင်နိုင်တယ်။ သန်းကောင်ချိန်ကျော်တဲ့နောက် လကွယ်ပျောက်တယ်။ နေ့ကာလမှာ လကို ပိုမြင်ရတယ်လို့ ပြောနိုင်တယ်။ လရဲ့နေ့ခင်းဖက်အခြမ်းဟာ ကျွန်တော်တို့နဲ့မျက်နှာမူနေလို့ဖြစ်တယ်။ လဆန်းရက် လကွေးကွေးလေးထက် ပိုမြင်နိုင်ချိန်လည်းဖြစ်တယ်။
Moon Phases လရဲ့အဆင့်တွေက ကျွန်တော်တို့နဲ့ မတူပါ။ အဆင့် ရှစ်ဆင့်ခွဲထားတယ်။
၁။ Full လပြည့်၊ ကမ္ဘာ၊ နေ၊ လ တတန်းတည်းကျနေတယ်။
၂။ Waxing gibbous လပြည့်ကျော်ရက်၊ လတပိုင်းတစများ၊
၃။ First quarter ပထမလေးပုံတပုံ (လဆန်း ၈ ရက်)၊
၎။ Waxing crescent လပြည့်ကျော်လအကွေး၊
၅။ New လအသစ်ထွက်လာချိန်ဖြစ်ပေမဲ့ လကိုမြင်ရသေး (လကွယ်)၊ ကမ္ဘာနဲ့ နေကြားမှာ လရောက်နေချိန်။ နေရောင်ကြောင့် လင်းနေတဲ့လကို ကျွန်တော်တို့ကမမြင်နိုင်ကြပါ။
၆။ Waning crescent လဆန်းရက် လအကွေးများ၊
၇။ Third quarter တတိယလေးပုံတပုံ၊ လပြည့်ကျော် ၈ ရက်၊ လတပိုင်းတစများ၊
၈။ Waning gibbous လပြည့်ကျော် (လမပြည့်ခင်)၊
မိတ်ဆွေတယောက်က ညအခါ လသာနေတဲ့ပုံကိုတင်ပြီး လကလှတယ်၊ ညကလှတယ်လို့ မှတ်ချက်နှစ်မျိုးရေးတာ ဖတ်ရတယ်။ လကိုကြည့်တဲ့သူက လှနေတာလို့ ပြန်ရေးချင်တယ်။ လကို ဘယ်သူက ဘယ်လိုမြင်မြင် လဟာ လပါပဲ။
တလမှာ ရှစ်ခါပြောင်းတယ်ဆိုတာ ကမ္ဘာမြေပေါ်ကလူတွေရဲ့ အမြင်ကိုခွဲပြီး အမည်တပ်ပေးတာပါ။ လဟာ ကမ္ဘာနဲ့ ၂၃၈,၉ဝဝ မိုင်အကွာမှာ သူ့ဖာသာရစ်ပတ်နေတယ်။ လပြည့်တာ လကွယ်တာက ကျွန်တော်တို့အမြင်သာဖြစ်တယ်။ သူ့ရဲ့လုံးဝန်းမှုက သည်အတိုင်းသာရှိနေတာ။ အပိုအလိုထည့်ချင်ကြတာ လူ့စိတ်သဘောသာဖြစ်တယ်။ လဟာ လပါပဲ။
အလံလွင့်နေ၏။
လေက အလံကိုလွင့်စေ၏။
စိတ်က လွင့်နေ၏။
အလံသည် အလံသာဖြစ်၏။
အလံကို ငြိမ်နေစေချင်၏။
လေကို ပြင်းပြင်းတိုက်စေချင်၏။
လွင့်နေတဲ့အလံကို လေထဲပါသွားမှာ စိုးရိမ်၏။
အဲတာ ငါ့အလံဖြစ်၏။
အလံသည် အလံသာဖြစ်၏။
ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၆
ည (မနက်) ၁၂ နာရီ၊ ၃၉ မိနစ်။

Comments
Post a Comment