Precise သတ်ပုံစာ သံခိပ်

Deedi Grown ဆရာရှင့် ဆရာရဲ့ကျန်းမာရေးဆိုင်ရာ ပညာပေးတဲ့ဆောင်းပါးတွေဘလော့တွေကို ဖတ်ရတဲ့ ကျန်းမာရေးအသိတွေ တိုးတိုးလာလို့ ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမယ့် သတ်ပုံနှင့်ပတ်သက်ပြီး ဘဝင်မကျပါဘူးရှင်။ ဆရာတို့ခေတ်မှာ တစ်ကို တလို့ ရေးခဲ့ပေမယ့် သမီးတို့ကျငယ်ငယ်ကတည်း တစ်လို့ပဲရေးမှအမှန်လို့ သင်ကြားခဲ့ရသလို အများလည်း အဲ့လိုပဲရေးကြပါတယ်။ ဒါကိုမှားတယ်ဆိုပြီး ခဏခဏထောက်နေတော့ မခံချင်ပါဘူးဆရာ။ သတ်ပုံနဲ့ မြန်မာစာ အရေးအသားဆိုတာ တဖြည်းဖြည်းပြောင်းလဲလာတာပဲလေ။ ဆရာတောင် ပုဂံခေတ်ကအရေးအသားမျိုးကို သုံးသေးလို့လားရှင်။

ကျွန်တော် သတ်ပုံရေးနေတာ အကြိမ်တရာ (တစ်ရာ မဟုတ်) လို့ရေးတာလည်းများပါပြီ။ သဘောတူတယ်၊ မတူဘူး အဆင့်ရောက်လာတာ တိုးတက်လာတာဖြစ်တယ်။ ဖာသိဖာသာနေကြရင် ပြောင်းစရာ ကောင်းစရာမရှိပါ။ ရှေးက ရေးတာတိုင်းသည် မှန်၏၊ ခေတ်ပေါ်တွေလက်မခံ မဟုတ်ကြောင်းကိုလည်း အကိုးအကားတွေပေးခဲ့ပြီးပါပြီ။ ပို့စ် တခုနှစ်ခုသာ ဖတ်မိသူတွေက ထပ်ထပ်မေးနေကြတယ်။

ကျမ္မာရေး၊ ဆြာ၊ ယ္ခင်၊ သ္ခင်၊ မင်းသ္မီး၊ မိုဃ်း၊ စွဲး၊ ဧး၊ ဥူး၊ စတာတွေကို ဆက်သုံးပါလို့ မပြောပါ။ စွယ်စုံကျမ်းပါသတ်ပုံတွေ ပြောင်းရေးတာတချို့ကိုငြင်းစရာမရှိပါ။ ဂျူးလယပ်ဆီဇာကို ဂျူလီယက်ဆီဇာ၊ ဆအူးဒီအာရေဗျကို ဆော်ဒီအာရေးဗီးယား၊ ဆိုက်ဗီးရီးယားကို ဆိုက်ဗေးရီးယား၊ ယန်ဆီမြစ်ကို ယန်စီမြစ်၊ ရှီကာဂိုးကို ချီကာဂို၊ ရှီကာဂို၊ ဗဲလဂျီယမ်ကို ဗယ်လဂျီယန်၊ ကွန်မျူနစ်ကို ကွန်မြူနစ်၊ ဗုဇွန်လို့ရေးရာကနေ ပုစွန်ဖြစ်လာတယ်။ သမ္မတ နဲ့ သမတ၊ ကစွန်းပင် နဲ့ ကန်စွန်းပင်၊ တရုပ် နဲ့ တရုတ်၊ စတာတွေ မတူပဲရေးတာက အဓိပ္ပါယ်ပြောင်းစရာမရှိပါ။

တ ကို တစ် လို့သာရေးရမယ်လို့ ၁၉၈၁ ခုနှစ်က လမ်းစဉ်ပါတီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်အရ ပြောင်းခဲ့တာပါ။ တတွေက မှားလို့ ပြောင်းစေတာ မဟုတ်ပါ။ တပြေးညီဖြစ်သင့်တယ် ပြောလို့ပါ။ အဲတာသာလျှင်မှန်၏လို့ပြောတာ၊ အဲလိုမရေးရင် ထုတ်ဝေခွင့်မပေးတာ၊ ဒဏ်ဆောင်ခိုင်းတာ၊ လူတိုင်းက အဲလိုရေးနေလို့ အဲတာကသာမှန်တယ်ပြောနေတာကိုတော့ သဘောမတူပါ။ ဆောရီး။

ကျွန်တော်ပေးခဲ့တဲ့ဥပမာတွေဟာ အထင်ကရဆရာတွေဖြစ်ပါတယ်။ နောက်လူတွေ တချို့တော်ကြပါတယ်။ ဒါပေမယ့် သြကာသဘုရားရှိခိုးနဲ့ စချင်တယ်။ အနန္တသူရိယ၊ ပေလေးပင်ရှင်လေးပါး၊ နဝဒေး၊ မြန်မာ့စွယ်စုံကျမ်းပြုပုဂ္ဂိုလ်တွေ၊ ဦးနု၊ သိပ္ပံမောင်ဝ၊ သိန်းဖေမြင့်၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ ဦးဖိုးကျား၊ သခင်ဘသောင်း၊ ဦးဖေမောင်တင်၊ သော်တာဆွေ၊ ကာတွန်းဦးဘဂျမ်း၊ သခင်သန်းထွန်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်မျိုးချစ်၊ လူထုဦးလှ၊ ဒေါ်အမာ၊ ပါရဂူ၊ ရန်ကုန်ဘဆွေ၊ ဝင်းဦး၊ ဂျာနယ်ကျော်မမလေး၊ သုခ၊ ဇဝန၊ ဒဂုန်ခင်ခင်လေး၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ တက်တိုး၊ ထင်ကြီး၊ ဒေါက်တာသန်းထွန်း၊ အောင်သင်း၊ ဒဂုန်တာရာ၊ တင်မိုး၊့

အဲဒီစာဆိုတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေထက် နောက်လူသစ်တွေက ပိုတော်တယ်လို့မထင်တဲ့ ကျွန်တော် မှားနေသလား။

မတစ်တော့တာတွေ တိုးသထက်တိုးလာနေပါတယ်။ အားတက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၆
၁၈-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ