Posts

Showing posts from February, 2019

မိခင်ပင့်

Image
ငါ့ကို ချစ်လေ၊ ငါ့အမေ။ ငါ့ကို ချစ်၍ ငါချစ်လေရာ၊ သူ ချစ်ရှာ၏ ကဗျာချစ်သော ငါ့အမေ။ ကဗျာ ဟူသည် လူ၏ဘဝ၊ လူ့အလှကို ရသထွေပြား၊ ခံစားနိုင်အောင် ဆိုင်ခင်းတတ်သူ၊ လူသား ဂုဏ်ရည် မှန်ပေသည်တည့်။ လူ့ပြည်ကိုလည်း အမေချစ်သည်။ အမေဆန်ပြာ၊ သောအခါ၌ စာငယ်ငှက်ငယ် တရုန်းရုန်း။ ဟင်းကြွင်း စွန့်ရာ၊ ညနေခါ၌ ခွေးနာ ဝဲစား၊ အမေ့နား။ အမဲခြောက်လှန်း၊ တဲပေါက်တန်း၌ ကျီးကန်း အုံဖွဲ့၊ တဟဲ့ဟဲ့။ အမေ့အိပ်ရာ၊ နံဘေးမှာလည်း ခြေဆာသော ခွေး၊ တကွေးကွေး။ ယခုခါတွင် ချစ်စွာသော သား၊ သားချစ်သော ကဗျာ အရာရာကို၊ ခွဲခွာပြီးလျှင် တနေဝင်သည် မိခင်မဲ့သည် ကြာချေပြီ။ ချစ်သည့် အမေ၊ မရှိချေလည်း အမေကြည်နူး၊ နူးညံ့ဖူးသည့် အိမ်ဦးကြမ်းပြင်၊ ငါ ထွက်ဝင်လျက် အိမ်ပြင် ဝင်းစပ်၊ ငါလျှင် ရပ်လျက် ရှစ်ရပ်ကို လှည့်၊ ဘယ်ညာ ကြည့်လျက် ဖွဲ့သည့် ကဗျာ၊ ငါ၏ စာ၌ မေတ္တာကိန်းဘိ၊ ငြိမ်းခြင်း ရှိသည့် အမိကိုယ်နံ့ သင်းပါလှည့်။   ။ ဆရာတင်မိုး နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထဲကဖြစ်ပါတယ်။ ဆရာတင်မိုးကဗျာတွေ ဘယ်လောက်ကြာပါစေ တနေမဝင်။ ပေါ်လစီသတ်ပုံ ခုံမင်သူတို့ ရေးသားသည်များကား တစ်နေဝင်မည်တည်း။ ဒေါက်တာတင့်ဆွေ

တပေါင်းသာခေါင်

Image
ရေး - မောင်မောင်လတ် ဆို - ကိုတင်အောင်သန်း တောတောင်ဝန်းကျင် သဘင်ထွေဆန်း နွေဦးစွန်းဝယ် ထုံမွှန်းပျံ့ကြွယ် နီဝါပြာခြယ် ရောင်စုံတွေလှယ် ပန်းတွေက ဆန်းသနဲ့ ပတ်ဝန်းအနှံ့ကွယ်၊ တဖွေးဖွေး ကျေးနှုတ်မြအနေ ပုရစ်ခွေ ပြေပြေဖြေသွယ်၊ တပေါင်းသာခေါင် မျှော်ရောင်တ တရူပြန်ဆွယ် ဖန်တယ်၊ လွမ်းစရာ သည်မှာရှိတယ်၊ တအိအိနဲ့ တိမ်စိုင်အသွယ်သွယ်၊ https://www.facebook.com/aung.kyin.58/videos/2048419238750694/ သီချင်းနဲ့ စာသား အရေးအသားကိုပါ တင်ပြပါတယ်။ တစ်ဖွေးဖွေးနဲ့ တစ်အိအိလို့ရေးတာတွေမှာ ဘာတခုမှ လွမ်းစရာမပါ။ တစ်ပါင်းလရောက်ရင်တော့ မသိပါ။ ဒေါက်တာတင့်ဆွေ မောင်သာရ၏ ဝတ္ထုများ ညို့ခဲ့တလည် ကြည်ခဲ့တခါ ပရွက်ဆိတ်တမျှ သေးငယ်၍သွားကြကုန်၏ တစင်မှာ အဆင်တမျိုး တချိုးမှာ အကတဟန် ခုခေတ် စာရေးဆရာတချို့ကတော့ ညို့ခဲ့တစ်လည် ကြည်ခဲ့တစ်ခါ။ ခုခေတ် ကဗျာဆရာတချို့ကတော့ တစ်စင်မှာ အဆင်တစ်မျိုး တစ်ချိုးမှာ အကတစ်ဟန်။ ခုခေတ် မြန်မာစာဆရာတချို့ကတော့ တစ်ရမှကျေနပ်ကြလို့ ပရွက်ဆိတ်တစ်မျှ သေးငယ်၍သွားကြကုန်၏။ ဒေါက်တာတင့်ဆွေ တစေ့တစောင်း ဦးဘဂျမ်းအပါအဝင် ဂန္ထဝင်ကာတွန်းဆရာကြီးတွေ အားလုံးက သတ်ပုံမှန်နဲ့သာ ရေးသားခဲ့ကြတယ်။ နောက်ပေါ် ကာတွန်းဆရာတွေ၊ စာရေးဆရာတွေ၊

နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း

Image
၁ ညသည် အလှလျှို့ဝှက်၊ အရှက်ကြီးစွာ ကြာပန်းနှင့်ကွယ်၊ တိတ်ခိုးရယ်သော မိန်းမငယ်ကဲ့သို့။ ညပျိုခင်သည် ကြယ်စင်တစု၊ အလင်္ကာပြုလျက် ခရုပတ်လမ်း၊ လူ့စခန်း၌ ဖြတ်သန်းသွားစဉ်။ ခြေကျင်းတခတ်၊ လျှပ်စစ်တသံ ကာရန်တကျော့၊ ခြေတဖော့နှင့် ဝန်းကော့နက်ရှိုင်း၊ သက်တန့်ကိုင်းက စက်ဝိုင်းခြမ်းပုံ ပေါ်လာ၏။ ၂ အလင်းရောင်တန်း၊ ခပ်လှမ်းလှမ်း၌ စမ်းဝါးစမ်းဝါး၊ လမ်းသလားစဉ် ညကား အဓိပ္ပါယ်လောင်းဖြည့်လျက်။ မှောင်အားကကြီး၊ လင်းအားနည်းဟု ညည်းရှိုက်သံများ၊ လေမှာတွားလျက် ဝါးပင်ရုံထက်၊ ငှက်တို့အနီး ဆီးပွင့်သင်းသင်း၊ တောတွင်းအနှံ့ သတင်းဖြန့်လျှင် အလန့်တကြား၊ တတန့်နားရ။ ညများဖြစ်ပေါ်၊ မှောင်ပါသော်လည်း ဘော်ရောင်တစ၊ မိုးကမ်းစ၌ တွန့်ရွကွေးကွေး၊ အနားရေးတည့်။ ငှက်ကလေးထောင်သောင်း၊ ဤသစ်ခေါင်း၌ အောင်းကြရံခါ၊ ပျော်စရာပင် ယာစပ်လယ်စပ်၊ ဆူးချုံစပ်၌ ငှက်တပ်ကျက်စား၊ တလွှားလွှားတို့ နားလိုနေလို၊ အမှောင်လို၏ ညကို ကျေးဇူးတင်ဦးအံ့။ ဆရာတင်မိုးရဲ့ဒီကဗျာက အတော်ရှည်ပါတယ်။ ၁ ကနေ ၁၅ အထိ။ မူရင်းသတ်ပုံမှန်အတိုင်းတင်ထားတာကနေ ကူးယူတာပါ။ ကျေးဇူး။ ရောင်းတန်းစာအုပ်တွေနဲ့ တချို့အွန်လိုင်းမှာတင်ထားတာတွေက ပေါ်လစီသတ်ပုံတွေနဲ့။ ဖတ်မကောင်းတော့ပါ။ ဆရာ့ကို နည်းနည်းလောက်တော့ အ

B ဘီရောဂါ အသည်းရောင်တာမဟုတ်

ဆရာရှင့် သမီး allergic ဖြစ်လို့ သန်ချဆေးသောက်ထားတာ ၂ပတ်ရှိပါပြီ ဒီဆေးသောက်ထားပါတယ်ရှင့် အစားအသောက်ကြောင့်လား ဆံပင်ဖြောင့်မိလို့လားမသိဘူး Allgeric ဖြစ်တာ ဆယ်ရက်ကျော်ပါဘီဆရာ ဆရာဝန်ပေးထားတဲ့ P.B lamin lotion လိမ်းပြီး Cetrine နဲ့အမျိုးအစားတူတဲ့ဆေးလဲသောက်ပါတယ် အရှင်းမပျောက်သေးပါဘူးရှင့် ဘာဆက်သောက်ရမလဲ ညွှန်ကြားပေးပါရှင့် သမီးဆိုသူ အသက် မသိ။ တခြားအချက်အလက်တွေ မသိ။ ဘီ မဟုတ်။ ပြီလို့ရေးရ။ ဘီဆိုရင် အသဲရောင်ဘီကို အရင်စဉ်းစားရတယ်။ အလာဂျီရစေနိုင်တဲ့အကြောင်းတွေ များတယ်။ Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://doctortintswe.blogspot.com/2014/10/allergy-triggers.html အသက် ၂၇ အပျို ပါရှင့် မတ်လ  ၉ရက်နေ့မှာ မင်္ဂလာဆောင်တော့မှာမို့ အိမ်ထောင်ပြု ပီးရင် Allergy မပျောက်သေးဘဲ သန္ဓေတားဆေးသောက်လို့ရမရ လဲသိချင်ပါတယ်ရှင့် အဖြေစာမှာ အလာဂျီရစေတဲ့အကြောင်းတွေပါရှိ။ မေးတဲ့သူက ဘာကို မတည့် မသိ။ မသောက်သေးတဲ့ဆေး အလာဂျီရ မရ မသိနိုင်။ Chemical fumesကြောင့်လို့ထင်ပါတယ်ဆရာ ဆံပင်ဖြောင့်ဆေးနံ့ရှူးနေတူန်း မျက်ရည်တွေနှာရည်တွေကျပါတယ် အိမ်ပြန်ရောက်တော့ allergy စဖြစ်ပါတယ် ဆရာရှင့် allergy ပျောက်စေရန် မည်သည့်ဆေးသောက်

တအုပ်ဝယ်ရင်

Image
တကျပ်ပြားငါးဆယ်နဲ့ တေး ၁၀၀၀ တအုပ်ဝယ်ရင် ခင်ယုမေ (မေ) ရောင်စုံပြက္ခဒိန်(၁၉၆၆) တချပ်လက်ဆောင်ရ။ အဲဒီခေတ်ကမင်းသမီး အဲဒီခေတ်ကဈေးနှုန်း အဲဒီခေတ်ကသတ်ပုံ ပုံတင်ပေးသူ ကျေးဇူး ဒေါက်တာတက့်ဆွေ

မမလေးကုန်ချစ်တဲ့ မှုန်နှစ်ကယ်လေး

Image
အောင်မြေသာဇံ တောင်လား ပတ်ပျိုးဟာ ပုခန်းမင်းသားကြီးရေးသားခဲ့တာလို့ မှတ်ယူကြတဲ့သီချင်းကြီးဖြစ်ပါတယ်။ (အောင်မြေသာစံ၊ သောင်ယံသဲက၊ ပုလဲလိုလို၊ ခင်းသာတယ်ကို)၂၊ [(ရေညိုညို)၂၊ တိုးယိုငယ် စီးပါလို့၊ ခရီးသာသာ၊ လမ်းမှာလှ၊ ရွှေတဲ့ ရွှေမြစ်ညာ]၂။ (ရွှေလက်ကယ် ကိုင်ကာ၊ သီတာသောင်ကမ်းခြေ)၂။ (စိမ်းရွှေငယ် ဖြူပြာ၊ ညိုမှောင်ဝါသွေး၊ တိမ်စွယ်ရိပ်ကယ်ကမှေး)၂။ ရွှေပြည်တော် မျှော်တိုင်းဝေး။ (ရွှေသွေးမျက်ခြည်၊ လေပြည်ယူသိမ်း၊ မြစိမ်းရောင် ညို့ညို့၊ မှိုင်းမို့မို့၊ ရေတဲ့ ရေကန်သာ)၂။ (ပဒုံရွှေကြာ၊ အငုံဝေဆာ၊ ရဂုံဗွေမှာ၊ ညိုးညိုးညင်းညင်း)၂၊ ကြိုင်မွှေး မာလာ ပန်းစုံကသင်း။ တဆင့်တက်သော် တတောင်ငယ်ကျော်၊ တမော်ရုံလျိုး၊ တခြုံတိုး။ တမိုးသောက်လျှင် တနေဝင်၊ တခွင်မြိုင်ကြီး၊ ဂနိုင်ဆီး။ (တောကြီးငယ် တောင်ကာ၊ သေလာ တောင်စောင်း၊ ပိတ်ပေါင်းငယ်သာထွေ၊ သပြေပင်နန်း၊ ရေယဉ်စမ်းငယ်နှင့်၊ စခမ်းရောက် အောင်မြေ)၂။ (အပန်းငယ် ဖြေကာ၊ ဗလာလေတူ ယွန်း၊ သံသာငှက်ကယ်က ညွှန်း)၂။ နှစ်ကိုယ်စံ၊ ဖန်တိုင်း ကျွမ်း၊ (အို့ အလွမ်းငယ်ထွေ၊ ဆော်လေကဖြူး၊ သာပျံ့ပျူး၊ မာလာငုံဖူး၊ ထုံနံ့မြူး၊ သာထူး ဆန်း)၂။ (နန်းရွှေတောင်မြင့်၊ နတ်ကယ်စံရာ၊ လွမ်းလေအောင်ဆင့်၊ ထပ်ကာကြုံလာ)၂။ (မလုံ

ဆောင်းငွေ့ကုန်လု

Image
ထိန်ထိန်လင်း ချိန်ခင်းတဲ့တာရာ တပို့တွဲ ပေါက်လဲငုံကာစီလို့ ကုံရာသီ ကြယ်မာဃ၊ ထွန်းပတဲ့ခါ။ မြကေရှင် ခင်ခင်နုငယ်တို့ လအစဉ် သဘင်ပြုကြတယ် ဆွမ်းရာဂု မီးပုံးဝါ၊ ပွဲသာတဲ့သည်ရတု။ တသက်ပန် လေလေ့၊ အချက်မလေးသူ မတန်ရော့ထင့်၊ သရက္ခန် ပုံလိုသင်းပါတဲ့ ချစ်ရင်းသူ စံလှော်ရွှေနှင့်၊ ကံတော်မေသည်အကြောင်းငယ် ပေါင်း၍ ဆုံဘူးတဲ့မှကွယ်၊ ဆောင်းငွေ့ကုန်လု။ အမည်မသိစာဆိုရဲ့ကဗျာကို ကဗျာကောင်းတွေတင်တဲ့နေရာမှာ တွေ့ပါတယ်။ ကျေးဇူး။ ဒီမှာတော့ ဆောင်းငွေ့က မကုန်ချင်သေး။ အေးသေးတယ်။ ပေါက်လဲငုံကာစီတာ ဘယ်ဆီမှာမသိ။ ဆွမ်းရာဂု မီးပုံးပွဲလည်း မနွှဲရ။ မြကေရှင် ခင်ခင်နုငယ်တို့ ဆောင်းငွေ့ကုန်လုမှာ ကုသိုလ်ပြုနိုင်ကြပါစေသတည်း။ တပို့တွဲ ပေါက်လဲရယ်တဲ့ ထိန်ထိန်လျှံ တေးဖွဲ့သံ တစာစာနဲ့ ထမနဲပွဲလည်း နွှဲကြပြီ့ တစ်သက်ပန်၊ တစ်စာစာလို့ရေးတဲ့သူတွေပါ ကျန်းမာကြပါစေ။ ဆယ့်နှစ်လရာသီ - ဖြူသီ https://www.youtube.com/watch?v=9T3V-nzv1AY ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၁၉

Inverted nipples ထိပ်ဖျား ချိုင့်ဝင်နေခြင်း

Image
(ကန်တော့) ၁။ ဆရာတခုမေးချင်လို့ပါရှင့် သမီးအသက်က ၂၂ပါ ရင်သားမှာအကျိတ်ရှိပါတယ် အကျိတ်ကတခါတခါကိုက်ခဲပါတယ် နို့သီးခေါင်းကလည်းချိုင့်ဝင်နေပါတယ် ကင်ဆာမဟုတ်ဘူးလို့ပြောပါတယ် ဖစ်တာက ၁နှစ်ေ လာက်ရှိပီ အခုခွဲမလို့ပါရှင့် နို့သီးခေါင်းချိုင့်ဝင်တာက ဘလိုလုပ်ရမလဲသိချင်ပါတယ်ဆရာရှင့် ၂။ အမျိုးသမီး အပျိုပါ။ အသက် ၂၇ပါ။ နို့သီးခေါင်းနှစ်ဖက်စလုံး အထဲထဲမှာမြုပ်နေပီး ခေါင်းမပေါ်ပဲ ဖြစ်နေလို့ပါဆရာ။ မွေးရာပါ ခလေးဘဝတည်းက နို့သီးခေါင်းနေရာလေးက အပေါက်အရာလေးပဲဖြစ်နေခဲ့ပီး အခုရွယ်မှာ နို့သီးခေါင်း မြုတ်နေပီး ဖြစ်နေလို့ ဘလိုကုသလို့ရနိုင်ပါသလဲဆရာ။ အကြံဥာဏ်ပေးစေလိုပါတယ်ဆရာ။ ခလေးရရင် ခလေးမဆို့တတ့်ပါဆရာ ကုလို့ရနိုင်ပါသလားဆရာ ဒီမေးခွန်းတွေမှာ သတ်ပုံမှားနမူနာအတော်များများပါတယ်။ ပြီးလို့ရေးရတယ်။ ကလေးလို့ရေးတာက ပိုမှန်တယ်။ ဘလိုမဟုတ်။ ဘယ်လိုလို့ ရေးရတယ်။ မဆို့တတ့်မဟုတ်။ မစို့တတ်လို့ ရေးရတယ်။ တချို့က နို့ပါးစပ်လို့မေးလာတယ်။ ဗမာလိုရောဂါနာမည် ပေးတာတွေက တယောက်နဲ့တယောက်၊ တရပ်နဲ့တရပ် မတူကြလို့ အတော်ဦးနှောက်စားတယ်။ အဖြစ်နိုင်ဆုံးကတော့ Inverted Nipple နို့သီးထိပ်ဖျား အထဲခွက်ဝင်နေတာ ဖြစ်မယ်။ အဲလိုဖြစ်တာကို ရင်သားရောဂါဗေဒစာရင်းထဲမှာ

တစေ့တစောင်း

Image
အရင်ကတည်းကရေးခဲ့တဲ့ တစေ့တစောင်းကို တစ်စေ့တစ်စောင်းလို့ရေးသူတွေလည်း မနည်းပါ။ မြန်မာစာအခြေအနေ ဘယ်လောက်ဗရုတ်သုတ်ခဖြစ်နေတယ်ဆိုတာ သိနိုင်တယ်။ ရေးတဲ့သူတွေကလည်း ပညာတတ်ဆိုသူတွေချည်းပဲ။ တစ်စေ့တစ်စောင်းလို့ရေးတာတွေကိုတော့ လာမတင်စေလိုပါ။ ဒေါက်တာတင့်ဆွေ ၂၇-၂-၂ဝ၁၉

၁၅၀၀

Image
နာမ်ရုပ် ၇၅ ပါးကို အဇ္ဈတ္တ ဗဟိန္ဓ သန္တာန် ၂ ပါးနဲ့မြောက်တော့ ၁၅၀ ရတယ်။ ၁၅၀ ကို ကိလေသာ ၁၀ ပါးနဲ့မြှောက်တော့ ၁၅၀၀ ရတယ်။ (အနောဓိသမေတ္တာ ၅ ပါး + သြဓိသမေတ္တာ ၇ ပါး) = ၁၂ ပါးကို (အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ သုခီအတ္တာနံ ပရိဟန္တု) ၄ ခုနဲ့မြှောက်တော့ ၄၈ ပါးရတယ်။ အရပ်ဆယ်မျက်နှာနဲ့ထပ်မြှောက်တာ့ ၄၈၀ ရတယ်။ အဲတာကို ၄၈ နဲ့ ၄၈၀ ထပ်ပေါင်းတော့ ၅၂၈ ရတယ်။ တတောင့်ငါးရာကိလေသာ သတ်ပုံကို ငါးရာနှစ်ဆဲ့ရှစ်သွယ်သောမေတ္တာဖြင့် တင်ပြအပ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၂-၂ဝ၁၉

မြစမ်းရေယဉ် တသွင်သွင်နှင့်

Image
မော်စီတုန်း ကဗျာနှစ်ပုဒ်ကို မိတ်ဆွေတယောက်ကတင်ထားတယ်။ ကျေးဇူး။ ကျင်ကန်းတောင်သို့ ရောက်ခဲ့ပြန် ကျင်ကန်းတောင်တန်း၊ တခါလှမ်းလို့ သွားစမ်းချင်တာ ကြာလေပြီ။ ခရီးကန္တာ ဝေးလှစွာမှ တခါတခေါက် ရောက်ပြန်တော့ယင် သွင်ပြင်ဆန်းလို့ သစ်ခဲ့ပြီ။ နေရာတကာ သာရကာတို့ ကြည်သာရင်းကျူး မြူးလေသည် မြစမ်းရေယဉ် တသွင်သွင်နဲ့။ မော်စီတုန်းကမှ မြန်မာစာသတ်ပုံမှန်သေး။ Smile! ဒေါက်တာတင့်ဆွေ

HCG ကိုယ်ဝန်ရှိ မရှိစစ်တဲ့ ဟော်မုန်း

Image
မင်္ဂလာပါဆရာ သမီးက အသက် ၂၈နှစ်ပါ ၁၄.၁.၂၀၁၉ တနလာင်္နေ့ကမှ ကိုယ်ဝန် တလနဲ့ သားအိမ်ပွင့်လို့ဆိုပြီး  ဆရာဝန်မက သားအိမ်ခြစ်ခိုင်းလို့ ခြစ်လိုက်ရပါတယ် သားအိမ်ခြစ်ပြီး နောက်ဆို သားသမီးရဖို့လွယ်လား သိချင်လို့ပါဆရာ သားအိမ်ခြစ်တာ ဆိုးကျိုးတွေရော ရှိလား သိခွင့်ရရင် သိချင်လို့ပါဆရာ သားအိမ်က ဘာကြောင့်ပွင့်တာလဲ ဆိုတာလည်း သိချင်ပါတယ်ဆရာ နောင်ဆို ဆင်ခြင်လို့ရအောင်ပါ Miscarriage Prevention ကိုယ်ဝန်မပျက်အောင် https://doctortintswe.blogspot.com/2014/12/miscarriage-prevention.html အခု သားအိမ်ခြစ်ပြီး တလကျော် မှာ သွေးခဲတွေဆင်းလို့ Og နဲ့ထပ်ပြ အဲ့ဒါလည်း ဗိုက်အောင့် မသက်သာတာနဲ့ မန်းလေး သွား ဒေါက်တာ့ နဲ့ပြခဲ့ပါတယ် သွေးစစ် အထရာဆောင်းရိုက်ခဲ့ရပါတယ်။ ဒါက စစ်ဆေးမှုအဖြေတွေပါ HCG ဟော်မုန်းတွေ များနေလို့ စိုးရိမ်ရတယ်ပြောပါတယ် သမီး ဘာဆက်လုပ်ရင် ကောင်းမလဲအကြံပေးပါအုံး ဆရာ သမီး ဘယ်လိုကုသမှုတွေ လုပ်သင့်ပါသလဲ HCG 261.12 ရှိတယ်လို့ ဖတ်ရတယ်။ 10 ထက်များတာ ပုံမှန်မဟုတ်။ ဆောရီး။ တခြားအင်္ဂါတွေအားလုံး ပုံမှန်ဖြစ်တယ်။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ Human Chorionic Gonadotropin (HCG/hCG) ခေါ်တဲ့ ဟော်မုန်း ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ အ

Ovarian dermoid cyst ဒါးမွိုက်ဆစ်

Image
၁။ မင်္ဂလာပါ ဆရာ ကျွန်မအသက်က ၂၅ပါ ဖြစ်နေတာက သားဥအိမ် ၂ဖက်လုံးမှာ ရေအိတ်တည်နေတာပါ အပျိုပါ ဆရာ မနေ့ကမှ ultrasound ရိုက်ပြီး အဖြေသိရတာပါ ရာသီက သိပ်မမှန်ပါဘူးဆရာ အရင်လတွေက စိတ်ဖိစီးမှုတွေရှိလို့ ထိန်သွားခဲ့ပါတယ် အခုနောက်ပိုင်းပြန်မှန်လာပါတယ် ရာသီမလာခင်နဲ့ လာနေစဉ်မှာ ဗိုက်အရမ်းအောင့်ပါတယ် ဘယ်ဘက်ခါးလဲအရမ်းကိုက်ပါတယ် မသကာင်္လို့ ultrasound ရိုက်ကြည့်မှ သားဥအိမ်၂ဖက်လုံး မှာ ရေအိတ်တည်နေမှန်း သိခဲ့ရပါတယ် ရေအိတ်အရွယ်အစားကြီးလို့ ခွဲရမယ်လို့လဲ အသိဆရာဝန် ၂ယောက်က ပြောပါတယ် OG နဲ့က မနက်ဖြန်မှပြမှာပါ ဖြစ်နိုင်ရင်တော့ မခွဲချင်ပါဘူးဆရာ ကျွန်မခွဲရမှာအရမ်းကြောက်ပါတယ် ကျွန်မရဲ့ဆေးအဖြေလွှာအရ ခွဲရမခွဲရလားဆိုတာ ကြည့်ပေးပါနော် ဆရာ ရေအိတ်ကညာဘက်မှာ ၁၀စင်တီမီတာလောက်ရှိတယ် အတော်ကြီးတယ်လို့ပြောပါတယ် ဘယ်ဘက်ကတော့ ၅စင်တီမီတာလောက်ပဲရှိသေးတယ်လို့ပြောပါတယ်ဆရာ ဗိုက်တခါအောင့်ရင် ညဘက်တွေအိပ်မရလောက်အောင် အောင့်ပါတယ် ခါးလဲ အရမ်းကိုက်ပါတယ် ခွဲရ မခွဲရဆိုတာ ကြည့်ပေးပါအုံးနော် ၂။ တူမလေး မနက်ဖြန်မနက်စောစော ဗိုက်ခွဲရမယ်။ ဗိုက်ထဲမှာအလုံး တွေ့သေးတယ်ဆရာ။ Dermoid Cyst (5.4) ကလေးမှာတော့ Misscarriaged လို့ရေးထားတယ်ဆရာ။ တခါတုန်းက ဖေ့စ်ဘွ

သေရခြင်း အပြား လေးပါးရှိ၏

Image
လေးပါးဟူသော်ကား။ (၁) ကံအားပင်ရှိသော်လည်း အသက်တမ်းသို့လိုက်၍ သေရခြင်း (အာယုက္ခယမရဏ) (၂) သက်တမ်းပင် မစေ့သေးသော်လည်း ကံအားကုန်၍ သေရခြင်း (ကမ္မ က္ခယမရဏ) (၃) သက်တမ်းလည်းစေ့၊ ကံလည်းအားကုန် နှစ်ပါးဆုံ၍ သေရခြင်း (ဥဘ က္ခယမရဏ) (၄) သက်တမ်းလည်းရှိသေးလျက်၊ ကံအားလည်း တောင့်တင်းပါသေးလျက်၊ ဥပစ္ဆေဒကကံတပါးသည် အတင်းဖြတ်၍ သေရခြင်း (ဥပစ္ဆေဒကမဂဏ) မင်းတိုင်ပင်အမတ်ကြီးဦးဘဘေ ရေးသားပြုစုတဲ့ ၁၉၁၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့ထုတ် ဗုဒ္ဓဘာသာသင်္ခေပ ကျမ်းထဲက ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှာသာရှိပါသေးတယ်။ သတ်ပုံတွေကိုလည်း သတိပြုစေလိုပါတယ်။ တပါးကို တစ်ပါးလို့ ပြောင်းလာတာက ၁၉၈၀ ကျော်မှသာဖြစ်တယ်။ လူတိုင်းကတော့ လိုက်မရေးပါ။ နောင်မှာ ဘယ်လိုတွေပြောင်းဦးမလဲ မသိနိုင်။ မြန်မာစာ ဥပစ္ဆေဒကကံမျိုး မကြုံစေချင်ပါ။ ဒေါက်တာတင့်ဆွေ ၂၆-၂-၂၀၁၉

ရောမမှ ပုဂံသို့

Image
ရောမ ရောက်သွားတော့ ရောမသားတွေလို ပီဇာစား လမ်းကြိုလမ်းကြားတွေ လျှောက် ကျောက်တိုင်ကြီးတွေအောက် ငေးမော ရောမအပျိုချောတွေကို အတွေ့ လောကကြီးကို မေ့ခဲ့ပါရဲ့။ အီတလီပျိုဖြူ ရောမသူတွေက ပျူပျူငှါငှါ တို့ရွှေဗမာတွေနဲ့ မကွာလှပါကလား ချစ်စရာ ကဗျာတပုဒ်လိုပဲပေါ့ ။ နေခြည်ဖြာဖြာနဲ့ အီတလီသာသာယာယာမှာ ရာဇဝင်မြောက် စာတင်လောက်တဲ့ အဆောက်အအုံတွေ အံ့မဆုံး ငါ့နှလုံး ဖမ်းစား ပုဂံသားစိတ် ဈာန်ဝင် အရိန္ဒမာလှံ တပြင်ပြင်နဲ့ မြင်းစိုင်းလို့ နှင်ချင်ငဲ့ ။ ရောမက ပုဂံ ငါ့အိမ်ကို ပြန်ချင်ပေါ့ ။ ဆရာတင်မိုး ၂၃-၂-၂၀၀၅ နေ့စွဲနဲ့ ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။ ဆရာ့ကဗျာကခေါ်သွားတဲ့ အီတလီကို ကျွန်တော် နှစ်ခေါက်ရောက်တယ်။ ရောမကို မရောက်ခဲ့ရပါ။ ပီဇာတာဝါကို မရောက်ပေမဲ့ ပီဇာနဲ့ စပါဂတီ စားပါတယ်။ အမေရိကကို အရင်ကလေးခေါက်ရောက်ပေမဲ့ လေဘာတီဆီ မရောက်ခဲ့ပါ။ ပြည်တော်အပြန် ပုဂံလည်းရောက်တယ်။ အရိန္ဒမာလှံထောက်တယ်ဆိုတဲ့ မန္တလေးတောင်ကိုလည်း တက်ခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၂၆-၂-၂၀၁၉

တန်ဖိုး နှင့် တန်ဘိုး

Image
၁။ အဘိုးနဲ့ တန်ဖိုး ဘယ်ဟာက အမှန်လဲဆရာ။ တန်ဘိုးရော မှန်ရဲ့လားဆရာ။ ၂။ တန်ဖိုးကို ဘယ်အချိန်က ပြောင်းသုံးပါသလဲဆရာ။ (မသိပါ။ ဆောရီး။) ၃။ ဆရာ တန်းဘိုး နှင့် တန်ဖိုး ဘယ်ဟာအမှန်လဲရှင့်။ ကျွန်မ အမှန်လို့သိထားတာက တန်ဖိုးပါ။ ၂ မျိုးလုံးရေးကြတယ်။ နောက်ပိုင်းမှာ တန်ဖိုးလို့ရေးလာတယ်။ အရင်က တန်ဘိုး ၅၀ ပြားလို့ရေးတာလည်းရှိတယ်။ ဖိုး ဖိုးခေါင်ရွာ ဖိုးခေါင်ငှက် ဖိုးခေါင်ကြွေးကြော် ဖိုးရိုးဖါးလျား အဖိုးအခ အဖိုးထိုက်တန် အဖိုးငွေ အဖိုးဖြတ်သည် ဖိုးလင်း = လွန်စွာအဖိုးထိုက်သည် ဖိုးဖိုးဖိန်းဖိန်း ဖိုးကျိုင်းဒုတ် = ဖုန်းကျိုင်းဒီး (ဖုန်း = ကျွန်တော် + ကျိုင်း = စိတ် + ဒီး = ကောင်းသည်။ ယိုးဒယား) ဘိုး ဘိုးကြီးဘွားကြီး ဘိုးတော်မင်းတရား ဘိုးဘိုးအောင် ဘိုးသူတော် ဘိုးဘိုးကြီးနတ် ဘိုးမင်းခေါင် ဘိုးအေ အဘိုးအေ ဘိုးစဉ်ဘောင်ဆက် ဒေါက်တာတင့်ဆွေ

ပုဂံခေတ်က ပိတောက်ပန်းခြောက်

Image
ကျွန်တော့လက်ထဲမှာ စာရွက်တွေဝါ၊ ကွန်ပြူတာစာစီမဟုတ်။ စုတ်နေတဲ့နေရာ ပလာစတာ။ တချို့နေရာ တမာစေးနဲ့လည်းပါ။ ပိတောက်ရွှေဝါ နဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံကဗျာ။ အခါခါဖတ်ကြည့် အဓိပ္ပါယ်ပြည့်။ အရသာရှိ။ အားရှိ။ သံဝေဂနဲ့ သတိ။ ပြင်ထုတ်တွေ ပြင်တင်တွေကို အကုန်သိ။ မလုပ်ကောင်းလို့ထင်မိ။ ကျွန်ုပ်သည်ကား ခေတ်ပေါ်မြန်မာစာကို မဖတ်တတ်သည့် ပုဂံခေတ်က ပိတောက်ပန်းခြောက်မျှဖြစ်တော့၏။ ဒေါက်တာတင့်ဆွေ

Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ

Image
(ကန်တော့) ပြန်တင်ရတာ ဆေးရောင်းသူတွေနဲ့ ဆေးဝယ်သောက်နေသူတွေကိုတော့ အားနာတယ်။ ကျွန်တော့်အမည်နဲ့ တင်ထားတာထဲမှာ ကျွန်တော်ရေးသလို မဟုတ်တာတွေပါနေလို့ပါ။ ၁။ Baschi ပါဆရာ။ ဘယ်အရောက်သောက်ရမလဲ ဆရာ အသက် ၃၂ ပါ ပေါင်ချိန်က ၁၇ဝ၊ ဝိတ်ကျချင်ပါတယ်ဆရာ။ ကလေးရှိပါတယ်။ ၃ နှစ်ခွဲ မိခင်နို့မတိုက်ပါ။ ဆေးဗူးအရောင်များနေတော့ ဘယ်အရောင်က ပိုအဆင်ပြေမလဲ သိချင်လို့ပါဆရာ။ ၂။ ဆရာ ကျွန်တော်အသက်က ၂၉ နှစ်ပါ။ အလုပ်မှာ အထိုင်များတဲ့အတွက် ဗိုက်ရွှဲလာပါတယ်။ ဗိုက်ပိန်ချင်လို့ online မှာကြော်ငြာတဲ့ baschi အဆီကျဆေးကို သောက်မိတာ ၃ ရက်ရှိပါပြီ။ ဆေးသောက်ပြီး ကျွန်တော့်လိင်တံ ကျုံ့ဝင်လာတယ်လို့ ခံစားမိတယ်။ အဲ့ဆေးက အမျိုးသားတွေရော သောက်လို့ရသလားဆရာ။ ဆက်သောက်သင့်/ မသင့်။ ၃။ ဆရာ သမီးအသက်က ၃၅ နှစ်ပါ။ အသက် ၃ဝ တုန်းက ectopic pregnancy ကြောင့် right ovary and oviduct ဖြတ်ထားရပြီး သားလေးကို IUI နည်းနဲ့ရခဲ့ပါတယ်။ အခုသားက ၂ နှစ် ၈ လ ရှိပါပြီ။ သမီးလေးတယောက် ထပ်လိုချင်ပေမယ့် natural အတိုင်းဘယ်လိုမှ ကလေးမရဘူးဖြစ်နေပါတယ်။ သမီးယောကျာ်းက အသက် ၄ဝပါ။ မျိုးအောင်နိုင်တဲ့သောက်ဆေးများရှိမလားဆိုပြီး ရှေ့မျက်နှာနောက်ထားပြီး မေးကြည့်တာပါဆရာရှင့်။ နောက်တခု

Life expectancy သူအရင်လား ကိုယ်အရင်လား

Image
အထက်တန်းကျောင်းနေဘက် သူငယ်ချင်းတယောက်က သတင်းပေးပါတယ်။ မနေ့က ငွေဆောင်မှာ့ ဆုံးသွားပြီ။ ဟိုတလောက့ ဆုံးသွားတယ် တဲ့။ အော့့် အေး ကိုယ့်အလှည့် လာတော့မယ်ပေါ့။ ဆယ်တန်းကသူငယ်ချင်းတွေနဲ့ ဆေးကျောင်းကသူငယ်ချင်းတွေကို အလွန်သတိရတယ်။ နေကောင်းကြပါစေ။ သူကပဲ ပြန်ရေးတယ်။ ဤခရီးနီးသလား  နီးတာပေါ့သူငယ်ချင်းရယ် ဘယ်ဘူတာရောက်ရင် ဆင်းရမလဲပေါ့ အထက်တန်းလက်မှတ်လေးနဲ့ ခရီးဆုံးအထိ သွားနိုင်ရင်ကောင်းမှာဘဲ တဲ့။ အနှစ်ခုနစ်ဆယ်ခရီး နီးသလား၊ ဝေးသလား။ တိုသောတုတ်ဖြင့်တိုင်းသော် ရှည်၏။ သတင်းပြောသူက မိန်းကလေး။ ဆေးကျောင်းအတူတက်သူတွေထဲမှာ ဆုံးသွားသူတွေက အားလုံး ယောက်ျားလေးတွေချည်းပဲ။ သူအရင်လား ကိုယ်အရင်လား။ ဆေးသုတေသနတွေအရ အမျိုးသမီးတွေက ပိုပြီးအသက်ရှည်ကြတယ်။ အသက်အရှည်ဆုံးနိုင်ငံတွေက ၁။ Japan အဆင့် 1 - မ - 86.8 - ကျား 80.5 - ပျမ်းမျှ 74.9 နှစ်။ ၂။ Switzerland အဆင့် 2 - မ 85.3 - ကျား 81.3 - ပျမ်းမျှ 73.1 နှစ်။  ၃။ Singapore အဆင့် 3 - မ 86.1 - ကျား 80.0 - ပျမ်းမျှ 73.9 နှစ်။  ၄။ Australia အဆင့် 4 - မ 84.8 - ကျား 80.9 - ပျမ်းမျှ 71.9 နှစ်။ အသက်အတိုဆုံးနိုင်ငံတွေက ၁။ Chad အဆင့် 180 - မ - 54.5 - ကျား 51.7 - ပျမ်းမျှ 46.1 န

Font and Phone ဖတ်မရဆိုသူများခင်ဗျား

Image
၁။ စာကပြောင်းပြန်ကြီးပေါ်နေတယ်ဆရာဖတ်မရဘူး ၂။ Link တွေထဲဝင်ဖတ်တာ မြန်မာလိုမပေါ်ဘူးဖြစ်နေတယ် ၃။ စာတွေကဖတ်မရဘူးဆရာ ၄။ စာမမှန်ဘူး ဆရာ အခါတရာ တကယ်ကို မကေတော့ပါ။ ကျွန်တော်က မတတ်နိုင်။ လူကြီးမင်းတို့ဖုန်းကိုသာ ပြင်ရန်၊ ဖွင့်နည်းမေးရန်လိုပါတယ်။ ဖတ်လို့ရတဲ့အကြိမ်ပေါင်း ၅ သန်းကျော်ပြီ။ အကြံပြုချက်တခု - link ထဲကိုဝင်ပြီးကြည့်လို့ Font မမှန်ရင် ညာဘက်အပေါ်ဒေါင့်က ... ကိုနှိပ်ပြီး open browser ကိုဖွင့်ပြီး ဖတ်ပါရှင့်။ ဒေါက်တာတင့်ဆွေ ၂၆-၂-၂ဝ၁၉

Fake Accounts

Image
မနှစ်က ဒီရက်တွေမှာ ပို့စ်တင်ပြီး အရင်ဆုံးလိုလို ကွန်မင့်ရေးတာ။ အင်္ဂလိပ်အမည်စာလုံးတွေနဲ့။ မြန်မာစာအကြောင်းရေးတာ ဘိုနာမည်ကဘာလို့များ စိတ်ဝင်စားသလဲ။ သွားကြည့်တော့ အတုအကောင့်တွေ ဖြစ်နေတယ်။ လခစားတွေ။ အခုတော့ ဗမာ မြန်မာ ဘို စုံတယ်။ အကောင့်အစစ်တွေကို ဘလော့နေရတယ်။ ဘလော့လစ်မှာ စုစုပေါင်း ၅၄၈ ယောက်ရှိပြီ။ Teddy Ray Anderson ဆိုတာ မနေ့က ဖါခေါင်းလို့ ဆဲသောသူ။ ကျွန်တော်က အကာင့်တုတွေ၊ ဆဲတဲ့သူတွေ၊ အလွန်ရိုင်းစိုင်းသူတွေ၊ စည်းကမ်းကို ၂ ကြိမ်က မလိုက်နာသူတွေကိုသာ ဘလော့ပါတယ်။ သတ်ပုံလွဲလို့ ဘလော့တာ တယောက်မှ မရှိပါ။ ဒေါက်တာတင့်ဆွေ ၂၆-၂-၂ဝ၁၈ ၂၆-၂-၂ဝ၁၉

အချစ်သုံးပါး

Image
ချစ်သူ့ပါးပြင်၊ နှင်းဆီထင်၍ ခုံမင်ခဲ့ရ၊ ဟိုတုန်းက။ ချစ်သူ့ပါးထက်၊ အိုးမည်းကွက်နှင့် ချက်လိုက်ပြုတ်လိုက်၊ မောင့်အကြိုက်တဲ့ တိမ်တိုက်ကြားက၊ ဖိုးရွှေလသို့ ဆံစဝဲဝဲ၊ ပြုံးချိုဆဲကို စွဲမက်ပါရ၊ ခုကာလ။ နောင်တနေ့တွင် ကလေးတပွေ့၊ မြေးတပွေ့နှင့် မေ့ပါးရေလိပ်၊ ပီတိဖိတ်လျက် စိတ်ပုတီးတကုံး၊ တပြုံးပြုံးနှင့် နှလုံးကြည်နူး၊ နေလိမ့်ဦးဟု စိတ်ကူးယဉ်ရ၊ နောင်ကာလ။ ဆရာတင်မိုးကဗျာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

တက်ချိန်နှင့်ကျချိန်

Image
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။ ကမ်းစပ်ကိုကြဉ် ကွင်းပြင်ကို စားကျက်ပြောင်းကျပေါ့ ချောင်းအောက်ခွင်ပင်လယ်ဝမှာ၊ ဒီကြွပြီလေး။ ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံးနီတွေး။ တွင်းဝလတာပြင်က ခရာပင် တွယ်ကာတက်လေပေါ့ တောင်ဘက်ခွင်ပင်လယ်စွန်းမှာ၊ ဒီတွန်းပြီလေး။ ပုစဉ်းကောင်၊ အတောင်ကငွေမှေး ကမ်းစပ် ကျူတရုံက သူမလုံ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။ ဒီတက်ချိန်၊ ဆန်လာပေါ့ ဗေဒါပန်း ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။ ကမ်းစပ်မှာငိုင် သူ့လည်တိုင် စွေတစောင်းနဲ့ ရေတံငါ အစာချောင်းပြန်ပေါ့ ဒီညောင်းပြီလေး။ ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံးနီတွေး။ လက်မ တထောင်ထောင်နဲ့ တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့ ဒီဆင်းပြီလေး။ ပုစဉ်းကောင်၊ အတောင်ကငွေမှေး ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီကျပြီလေး။ ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ဗေဒါပန်း ကျူရိုးရှင် ကျူပင်ရွက်နဲ့ ခွန်းဆက်လို့လွမ်း။ ။ (ဇော်ဂျီ) ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၉

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က မြန်မာနိုင်ငံ

Image
လွန်ခဲ့တဲ နှစ်ပေါင်း ၆၀ က မြန်မာနိုင်ငံ အေးချမ်း ပေါကြွယ် ပညာတတ် ရိုးသား ကြိုးစား ညီညွတ်ခဲ့ကြပါသတဲ့။ Peaceful old Burma 60 years ago https://www.youtube.com/watch?v=7r7JXUXG3hc&feature=share ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၉

တစိမ့်စိမ့်အောက်မေ့ တငွေ့ငွေ့ဆင်ခြင်

Image
ကဗျာကောင်းတွေတင်တဲ့ အစုတခုထဲမှာ မောင်းမတထောင်ကဗျာလို့ တင်ထားတာ တွေ့တယ်။ ဦးပုညရေးခဲ့တာ မောင်းမတထောင် ဟုတ် မဟုတ် စစ်ဆေးပေးစေလိုပါတယ်။ ကျေးဇူး။ စလေဦးပုညအကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ သည်လိုတွေ့ပါတယ်။ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်။ ဆွေမောင်နှင့်မယ်၊ ကျီဆယ်သမှု၊ ပန်းခိုင်လု၍။ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်။ (ဆဒ္ဒန်ဆင်မင်းဝတ္ထု) အကာဆူးခက် ပင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကြဲကြဲ၊ ဝက်သိုက်ထဲတွင်၊ အုဌ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္မလာ၊ မြေမွေ့ရာထက်၊ ချူချာတော်မူလှသော။ (ကာကဝလ္လိယဝတ္ထု) ချူချာတော်မူလှသော ဦးပုညခင်ဗျာ တတွေမှာ စသတ်မပါ။ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်နိုင်ကြစေသောဝ်။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၉

သူတပါးအကျိုးမဲ့လည်း မဆိုတတ်ပါ

Image
တ အသုံးကို သဘောကျလို့ပါ ဆရာ။ တပြည်၊ တမင်း။ ဆရာစာတွေဖတ်ရလို့ ယခုခေတ် စာအုပ်တွေဖတ်ရင်း သေချာကြည့်မိတယ်ဆရာ တ သုံးနည်းတွေ မျိုးစုံတွေ့ရတယ်ဆရာ။ အမှားတွေက များနေပါတယ် ဆရာ။ ဟုတ်။ ကျေးဇူး။ တပြည်၊ တမင်း၊ တောင်ကျွန်းတခုလုံး၊ တချို့က ပထမကသာမှန်တယ်ထင်နေကြတယ်။ ဖေါ်ကိုလည်း ဖော်တမျိုးတည်းကသာ မှန်တယ်လို့ လာငြင်းကြတယ်။ မိညိုက မိမိ၏ စိတ်သဘောထားကိုဖေါ်ပြ၏။ မိဖြူကို စောင်းမြောင်း၍ရေးသားဟန်တူ၏။ မိမိမှာ ငါးပါးသီလလည်း မြဲပါ၏။ သူတပါးအကျိုးမဲ့လည်း မဆိုတတ်ပါ။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၉

ရက်

Image
ကမ္ဘာကြီးသည် ယင်း၏ဝင်ရိုးပေါ်၌ တပတ်ပြည့် လည်ရန်အတွက် ၂၄ နာရီမျှ ကြာမြင့်သည်။ ထိုအချိန်ကို တရက်ဟု ခေါ်သည်။ ကမ္ဘာကြီးသည် မိမိ၏ဝင်ရိုးပေါ်တွင်လည်ယင်း နေကို တပတ်ပတ်မိသောအချိန်ကို တနှစ်ဟုခေါ်သည်။ တပတ်ပတ်မိရန် ရက်ပေါင်း ၃၆၅ လေးပိုင်း သုံးပိုင်းရက်ကြာ၏။ သို့သော် သာမန်အားဖြင့် ၃၆၅ ရက်၊ ရက်ငင်နှစ် တနှစ်လျှင် ၃၆၆ ရက်ဟု သတ်မှတ်ထားသည်။ တရက်လျှင် ၂၄ နာရီကြာ၍ ထိုရက်ပေါင်း ခုနစ်ရက်ကို ရက်သတ္တတပတ်ဟူ၍၎င်း၊  ရက်သတ္တ လေးပတ်ကို တလဟူ၍၎င်း၊ ၁၂ လ၊ သို့မဟုတ် ရက်သတ္တ ၅၂ ပတ်ကို တနှစ်ဟူ၍၎င်း အသီးသီး သတ်မှတ်ထားလေသည်။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၉

အာပြဲနောင်ကြီး

Image
သစ်ပုတ်ပင်ရှေ့၊ သူ့ကိုတွေ့သည် မနေ့ကလို ထင်မိသည်။ အရပ်အမောင်း၊ ခပ်ကောင်းကောင်းနှင့် ဘယ်ကျောင်းဆောင်က ပါလိမ့်လဲ။ အင်္ကျီစိမ်းကုတ်၊ ရွှေနားအုပ်လျက် ဘုတ်ကလပ်က ထင်ပါရဲ့။ ပါးစပ်ပြဲပြဲ၊ တဟဲဟဲက ယစ်ဝဲတော့မည့် အတိုင်းပင်။ ဟေ့ ချာတိတ်တွေ၊ အင်းလျားရေမှာ လှေခတ်လာကြပါလားတဲ့။ တွေ့လျှင်သူ့ကို၊ တို့ကြည်ညိုသည် အကိုကြီးနှင့် တူလွန်းလို့။ ကညင်ဖြူပင်၊ ပမာသွင်သည့် ဖြူစင်ဖြောင့်မတ် သူ့စိတ်ဓာတ်။ အင်လျားကန်နှယ်၊ အပြောကျယ်သည် ချစ်စရာကောင်းသော၊ သူ့သဘော။ နာရေးကြော်ငြာ၊ ခုတွေ့ခါမှ သူဟာ ရှစ်ဆယ်ကျော်ပြီကို ပါးစပ်ပြဲပြဲ၊ တဟဲဟဲနှင့် ဘယ်လည်းနောင်ကြီး မေးလိုက်ချင်။ သစ်ပုတ်ပင်ရှေ့၊ သူ့ကိုတွေ့သည် မနေ့ကလား ထင်မိမှား။ သူ့ကိုချစ်သည် တို့အများ။ ကောင်းရာရောက်မည် စိတ်ချသွား။ နောင်ကြီးအာပြဲ တကောင်းသား။ ။ ဆရာမင်းသုဝဏ် ၁၉၆၉ ခုနှစ်ကရေးခဲ့တဲ့ကဗျာ။ ခုခေတ်ကဗျာဆရာတွေကတော့ တစ်ဟဲဟဲနှင့်လို့သာ ရေးကြတယ်။ ဖေ့စ်ဘွတ်မှာ တစ်ကောင်းလို့ရေးကြတယ်။ သစ်ပုတ်ပင်နဲ့ မြန်မာစာ သူဟာ ရှစ်ဆယ်ကျော်ပြီကို။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၉

ထပ်တရာ

Image
အိုးစည်ဗုံသံ ခြမ့်ခြမ့်ညံ ညီညီလေးတို့ တီးမှုတ်သံ။ ကိုယ်ဟန်နွဲ့လျ ဆံမြိတ်ချ မမငယ်က ယဉ်အောင်က။ သီကြဆိုကြ တေးကဗျာ သူငယ်ချင်းတို့ ဝိုင်းဖွဲ့ကာ။ ထပ်တရာ ပြန်ကာကြော့ တေးသံနော့နော့ လည်မော့မော့။ (နုယဉ်) ထပ်တရာကဗျာရှိတယ်။ ထပ်တရာပန်းရှိတယ်။ အရင်တုန်းကတော့ မြန်မာစာကို သတ်ပုံမှန်အောင်ရေးတဲ့စာအုပ်တွေကိုသာ ဆုပေးခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ

လမင်းကွယ်ချိန်

Image
ကြည်အောင်ရေးခဲ့တာက လမင်းတရာ။ ရောင်နီက လမင်းတရာဝတ္ထုရေးတယ်။ မောင်ယဉ်နွယ်ရေးခဲ့တာက လမင်းတထောင်။ မြို့မန္တလာ နှစ်တရာ (၁၂၂၁ - ၁၃၂၁) တံဆိပ်ခေါင်း။ သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ် (၁၉၇၉) မှာ ပန်းတပွင့်ပုံ ဆွဲပါ။ ကလေးချော့ကဗျာတွေမှာ ဖါးပါရင် တကောင်ပေးပ၊ ဆပ်သဖူးတဲ့ တရုံနှစ်ရုံ၊ ခွေးမြီးကောက်တဲ့ တကောင်နှစ်ကောင်၊ နာရီသံ တချက်ပေး၊ ကိုး တဆယ် ကြက်မကြီးကိုဝယ်။ ကျွန်တော်တို့ဆေးကျောင်းသားဘဝ မန္တလေးမှာ လမင်းတရာအငြိမ့်ကို သွားသွားကြည့်ကြတယ်။ ခုခေတ်က မြန်မာစာကို မဖတ်တတ်တော့၊ အငြိမ့်တွေလည်းပျောက်၊ မြန်မာစာလမင်းကြီး မလင်းနိုင်တော့ပါတကား။ ဆရာတင်မိုးကဗျာမှာ နွေပူကြီးစိုး ရာသီဆိုးတွင် ပန်းမျိုးတရာ ဘယ်ပွင့်မှာလဲတဲ့။ ဒေါက်တာတင့်ဆွေ ၂၄-၂-၂၀၁၉

သည်နွေကိုသာ မုန်းတော့သည်

Image
လေကလေရူး လေဘီလူးတည့် ဟူးဟူးရိုင်းရိုင်း ထင်ရာစိုင်းဆဲ။ ဥသြငှက်လည်း စိတ်ပျက်ဖွယ်ရာ သည်ဂါထာချည်း ကျက်စာရွတ်တုန်း သည်စာလုံးချည်း ရွံမုန်းစရာ နွေရက်များ။ ပန်းတွေကကြွေ စမ်းရေကခန်း လမ်းတွေကခြောက် ကမ်းကကောက်လျက် နွားသောက်ရေမျှ မရခဲ့။ ကြွေကျသစ်ရွက် သစ်ကိုင်းထက်၌ ငှက်မျှမနား မစည်ကားခဲ့။ သစ်ဝါးမီးလောင် ကတုံးပြောင်နှင့် တောင်ပေါ်ရှုခင်း ငေါင်းစင်းစင်း။ နွေပြင်းပြင်းတွင် နေမင်းအာဏာ စိုးသောခါမို့ မညှာညှင်းဆဲ ရိုးတံမွဲနှင့် ရပ်ထဲရွာမ ချွတ်ခြုံကျခဲ့ ပူလှချည့်လေ ဤသည့်နွေတွင် မြေပတ်ကြားအက် ဖုန်းဆိုးပျက်။ မောင့်ချစ်သူငဲ့ နွေပူကြီးစိုး ရာသီဆိုးတွင် ပန်းမျိုးတရာ ဘယ်ပွင့်မှာလဲ မေတ္တာဆိတ်သုဉ်း နွေကိုမုန်းပြီ မိုးချုန်းသံကို ကြိုရအောင်။   ။ ဆရာတင်မိုး ၂၈-၃-၁၉၇၇ နေ့က ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။ မြန်မာပြည်မှာ ပန်းမျိုးတရာ ပွင့်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၄-၂-၂၀၁၉

Broken Heart Syndrome ရင်ကွဲနာ

Image
အရပ်စကားကို ခေါင်းစဉ်လုပ်ထားပါတယ်။ ရင်နာတယ်လို့လည်းပြောကြတယ်။ အသည်းကွဲတယ်လို့လည်း မသဲမကွဲ ပြောတတ်ကြတယ်။ အီမိုးရှင်းဆိုတာ လူတိုင်းမှာဖြစ်တယ်။ စိတ်ခံစားမှုတွေထဲက ဝမ်းနည်းတာကို ပိုပြောလေ့ရှိကြတယ်။ အလွန်အကျွံ ဝမ်းနည်း ပူဆွေးခြင်း ဖြစ်တတ်ကြတယ်။ ပါဠိစကားစုတွေ မထည့်တော့ပါ။ ဆေးစာနဲ့ Profound emotional sadness ခေါ်တယ်။ အဲလိုဖြစ်ရင် စိတ်မှာသာဖြစ်ပေါ်ပြောင်းလဲတာမကပဲ ကိုယ်မှာလည်းဖြစ်တယ်။ သွေးဖိအားတက်မယ်။ နှလုံးခုန် မြန်လာမယ်။ ကြွက်သားတွေ အားနည်းလာမယ်။ ခုခံအားစံနစ်ကိုပါ သက်ရောက်တယ်။ ဟော်မုန်းတွေလည်းပါတယ်။ Cortisol ကော်တီဇောလ်လို့ခေါ်တယ်။ အဲဒီအစွမ်းကြောင့် ရင်ပတ်နေရာမှာ လေးလံကိုက်ခဲလာမယ်။ အသက်ရှူရတာ ခက်လာမယ်။ အစာအိမ်မှာ တမျိုးတမြည်ဖြစ်လာတယ်။ စိတ်ဆင်းရဲလို့ စိတ်ဓါတ်ကျလို့ ခေါင်းကိုက်မယ်။ နှလုံးအတက်ရနိုင်တယ်။ လေ့လာမှုတခုအရ စိတ်ဓါတ်ကျသူတွေမှာ နှလုံးအတက်ရတာ သာမန်လူတွေထက် ၅ ဆ ပိုဖြစ်တာတွေ့ရတယ်။ အဲလိုဖြစ်တာအတွက် ဆေးကုနည်းကို Stress Cardiomyopathy ခေါ်တယ်။ အသဲကွဲတယ်လို့ ပြောလေ့ရှိတာဟာ အမျိုးသမီးတွေမှာ ဆယ်ဆပိုဖြစ်ကြတယ်။ ဆောရီး။ Broken Heart Syndrome လို့ ခေါ်တယ်။ ပြောလေ့ရှိတယ်။ ငါ့ဘဝမှာ အသဲကွဲတာ ဘယ်နှစ်ခါရှိပြီလ

ရေ နှင့် ရည်

Image
စကားရေလုပွဲလို့ ရေးထားတဲ့စာမျက်နှာတခု တွေ့လို့ ထပ်တင်ပါရစေ။ စကားရည်လုပွဲလို့ ရေးရပါမယ်။ ၁။ တချို့က ထန်းရည်ရပြီ တမြူလောက်ဗျို့။ တချို့က ထန်းရေရပြီ တအိုးလောက်တဲ့။ ရည်နဲ့ ရေ ဒေသအလိုက် အခေါ်အဝေါ်တော့ ကွဲပြားနေတယ်ဆရာ။ ၂။ ဆရာ အရည်ပြားနဲ့ပတ်သက်ပြီး မေးလို့ရလားခင်ဗျ ရေ ကြက်သရေ မရေမရာမလုပ်နဲ့ သားရေနယ်လုပ်ငန်း အသားအရေ အသရေဖျက် အရေပြားရောဂါ ရေကင်းသံ ရေကစား ရေကာတာ ရေကျက်အေး ရေကျိုငါးပိ ရေခန်းခြောက် ရေခပ်ပါ ရေခအုံးပင် ရေခဲခြစ် ရေချမ်းစင် ရေချိုးပါ ရေငတ်ပြေ ရေငန် ရေချို ရေငုပ်သင်္ဘော ရေစင်းစင်းသေ ရေစိမ်း ရေစီးကမ်းပြို ရေစုန်ရေဆန် ရေဆွတ် ရေညှိ ရေတံခွန် ရေတံလျှောက် ရေတွက်သည် ရေတွင်းရေကန် ရေတာရှည်မြို့ ရေတိမ်နစ်သည် ရေတိမ်ရောဂါ ရေတကောင်း ရေဒီယို ရေနံ့သာရွာ ရေနံကြီး (ရေနံချေး) ရေနံချောင်းမြို့ ရေပုံး ရေပက်ဖျန်း ရေပန်းစား ရေပူးစမ်း ရေဖတ်တိုက် ရေဖျန်း ရေဖျဉ်းနာ ရေကြက်ငှက် ရေကြည့်တော်အသင်း ရေကြည်မြို့ ရေဗလုံငှက် ရေဘဝဲ ရေမျက်နှာပြင် ရေမျိုချပါ ရေမှုတ် ရေမှုန် ရေယက် ရေယဉ်ကြော ရေယုန်နာ ရေပြင်ညီ ရေပြန် (ဆီး၊ ကျင်ငယ်) ရေမြှုပ် ရေရွတ်ဆဲရေးသည် ရေရွတ်ေ

HIV Prevention R&D

Image
ဆရာ hiv virus ကို aids ရောဂါအဆင့် မရောက်ခင်မှာ art ဆေးတွေ သောက်စရာ မလိုပဲ လုံးဝ ပျောက်ကင်းနိုင်တဲ့ ဆေးဝါး ဒီနှစ်နှစ်လောက် အတောတွင်းမှာ ပေါ်လာနိုင်လားဆရာ။ အမှားပါရင် ခွင့်လွှတ်ပါဆရာ။ ဘယ်လိုလုပ် သိနိုင်မလဲ။ ဆေးပညာမှာ ဗေဒင်လိုလုပ်မရနိုင်။ သုနေသနတွေ တချိန်လုံး လုပ်နေကြတယ်။ ဟုတ်ကဲ့ပါ ဆရာ။ WHO က ၂၉-၁၀-၂၀၁၈ နေ့ကထုတ်တဲ့စာမှာ HIV သုတေသနအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတယ်လို့ပါတယ်။ ၂-၁၇ ခုနှစ်က ၁့၁ ဘီလီယန်သာရလို့ ၃့၅% နည်းသွားတယ်။ ယူအက်စ်အေမှာလည်း ၆% နည်းလာတယ်။ ၂၀၁၇ ခုနှစ်က ၈၃၀ သန်းသာသုံးစွဲခဲ့တယ်။ WHO က ၂၀၂၀ ခုနှစ်ရောက်ရင် လူနာသစ် ၅ သိန်းထက်မများစေဘို့ မျှော်မှန်းထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ လူနာသစ် ၁့၈ သန်းရှိခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၂၄-၂-၂၀၁၉

Simple Clear Easy ရိုးရိုးရှင်းရှင်းလေး မရေးလိုပါက မမေးကြစေလိုပါ

Image
မင်္ဂလာပါဆရာ ဝက်ခြံနဲ့ပက်သက်pးဆရာဆီကြံညဏ်တောင်းချင်လို့ပါဆရာ ဒါကနမူနာ။ အဲလိုရေးတာတွေ မနည်းပါ။ နေ့တိုင်းလာတယ်။ မြန်မာစာရေးတာမှာ အင်္ဂလိပ်စာလုံးတွေထည့်ရေးကြတယ်။ မြန်မာစာမှာမရှိတဲ့ ဖူးစတော့ထည့်ရိုက်ကြတယ်။ ပုဒ်ထီးပုဒ်မ မသုံးကြ။ အင်္ဂလိပ်စာလုံးမှာ ဝစ္စပေါက်ထည့်ကြတယ်။ ပြီ နဲ့ ပြီးမှာ ရရစ်မထည့်ပဲရေးကြတယ်။ ဖြစ်မှာလည်း ရရစ်မပါတာ အတော်ကိုများနေတယ်။ သတ်ပုံမှားတာ စာရိုက်လွဲတာ ကိစ္စမရှိပါ။ သတ်ပုံမမှန်လို့ မဖြေတာလည်း မရှိပါ။ မေးတာကို နားလည်ရင် ဖြေပါတယ်။ စာရေးတာမှာ ရိုးရိုးလေး ရှင်းရှင်းလေး လွယ်လွယ်လေး မရေးလိုပါက ကျွန်တော့်ကိုတော့ မမေးကြစေလိုပါ။ တခြားဆရာဝန်တွေ အများကြီးရှိပါတယ်။ ဒေါက်တာတင့်ဆွေ ၂၄-၂-၂၀၁၉

သူ၏ပါးထက် မျက်ရည်တစက်

Image
ဟုတ် စာအုပ်မှာပါတဲ့အတိုင်းရေးလို့ပါ။ နောက်ဆို စာလုံးပေါင်းသတ်ပုံ၊ စာအရေးအသားတွေ သေချာဂရုစိုက်ပါ့မယ်။ စာအုပ်ပြန်ထုတ်သူတွေက ဆရာတင်မိုးထက်တော်ကြတယ်။ ဆရာမင်းသုဝဏ်ထက်လည်းတော်ကြ၊ ဆရာဇော်ဂျီထက်လည်းတော်ကြတယ်။ တုန်လှုပ်နေသောတယောကြိုး (တင်မိုး) သူ၏ပါးမှာ တယောပြားကလေး မှီနွဲ့လျက်။ သူ့လက်ဖျားက ပန်းများပွင့်ဝေ၊ တချို့ကြွေလျက်။ သူ့နှလုံးမှာ အပြုံးမရှိ။ သူ့ဘဝမှာ အလှမရှိ။ သူ့မှာ ရှိသည် အိအိညက်ညော၊ တယောတလက်။ တယောကြိုးကား ထိုးတံကိုင်တိုင်း၊ အသံလှိုင်းက မုန်တိုင်းတွေလာ၊ မိုးတွေရွာလျက်။ သားရိုင်းပမာ၊ အော်ညည်းရာမှ တစတစ၊ ပင့်သက်ချကာ ငြိမ်ကျလျက် သူ၏ပါးထက်၊ မျက်ရည်တစက်။ ခုခေတ်မှာတော့ မြန်မာစာ တုန်လှုပ်နေပါတယ်။ သားရိုင်းပမာ၊ အော်ညည်းရာမှ၊ တစတစ၊ ပင့်သက်ချကာ၊ ငြိမ်ကျလျက်၊ သူ၏ပါးထက်၊ မျက်ရည်တစက်။ ဒေါက်တာတင့်ဆွေ ၂၄-၂-၂ဝ၁၉

Dizziness အမူးရောဂါအမျိုးမျိုး

Image
ကျွန်မ အသက်က ၂၉ ပါ အိမ်ထောင်ရှိပါတယ် ကလေးမရှိပါဘူးဆရာ သမီးခေါင်းမူးနေတာ တနှစ်ကျော်ပါပြီ ချာချာလည်အောင်မမူးပဲ တရိပ်ရိပ်နဲ့တနေကုန်ကိုမူးနေတာပါ ဆရာဝန်တွေလည်းစုံနေပါပြီ mri လည်း ရိုက်ပြီးပါပြီ ကျီးပေါင်းလည်းစစ်ပြီးပါပြီ ဘာရောဂါမှန်းအဖြေရှာလို့မရသေးပါဘူး နာတာရှည်ရောဂါကြီး ဖြစ်နေလို့ပါ ဆရာ ဘာဆေးများသောက်ရမလဲရှင့် ဘယ်လိုများနေထိုင်ရမလဲဆိုတာ ဆရာဖြေပေးပါနော် Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/02/vertigo.html PPPD ခေါင်းမူးရောဂါတမျိုး https://doctortintswe.blogspot.com/2017/05/pppd.html ဒေါက်တာတင့်ဆွေ ၂၃-၂-၂၀၁၉