တဆယ့်နှစ်လမိုး

၁။ တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး
၂။ ကဆုန်အတွင်း မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့
၃။ နယုန်မိုးသေး မြက်သားမွေး
၎။ ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး
၅။ ဝါခေါင်တကြောင်း ထန်နောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသည်း
၆။ တောင်သလင်းတိမ်ညို စဖိုသည်ဆင်းရဲ မိုးမစဲ
၇။ သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး
၈။ တန်ဆောင်မုန်းတွင်း ဆီးနှင်းတပြိုက် မိုးတလိုက်
၉။ နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်
၁၀။ ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံဖျက်
၁၁။ တပိုတွဲ နွဲ၍ရွာခြင်း သန်မိုးကြွင်း
၁၂။ တပေါင်းလည်းကူး မိုးသားကြူး

ဤမိုးလင်္ကာ တိုလေးများမှာ ရေးသူမသိ။ မုံရွေးဆရာတော်က မှတ်သားမှတ်စုပြုထားခဲ့ခြင်းကြောင့်သာ သိနေရပါသည်။

နတ်တော်လ နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ် ဆိုသည်ကို အဓိပ္ပါယ်ကောက်ယူသည့်အခါ ဆင်ခြေရာများ ပျောက်သွားအောင် ကောသွားအောင် ရွာသောမိုးဟု အချို့ က ယူဆကြပါသည်။ ဆင်ရာတိမ်မိုးဆိုသည်မှာ မိုးမရွာပဲ တိမ်တွေသာမဲ၍ ဆင်လာသောမိုးဟု ကောက်ယူကြသည်။

စာဆိုတော်ဦးယာက စက်နေသင်္ချာ ရာသီဓနု တွက်စုငါးသောင်း သိန်းပေါင်းနှစ်လီ သည်ရာသီတွင် ဆင်ရာတိမ်ခိုး ရွာရိုးမက ချမ်းစလေ။ မိုးချုန်းဆင်ရာတိမ် ကြိမ်ကြိမ်သည့်အုံမှိုင်း ရှစ်ခွင်တိုင်း ပင်တိုင်းလန်းစီစီ တိမ်နီသည့်တိမ်ပန်း တိမ်ခရမ်း။

ရာမရကန် ရွှေတိုက်စိုး ဦးတိုးက ဆင်ရာတိမ်မိုး သည်မှာညှိုးက တောင်ခိုးသက်တင် နွယ်နှယ်ဆင်လျက် စစ်ခွင်မြေလမ်း လျှပ်ခြည်နွမ်းသည်။

ဝက်မစွက်ဝန်ထောက်မင်းက ထက်ခွင်ယှက်ဆင် သက်တင်သားမှာ ငှက်ခါးတောင်လဲ့ မှင်ပြာမှိန် ကွက်ကြားမှောင်ကွဲ့  ယှဉ်ကာလိမ်သည် မိုးဆင်ရာတိမ် ကြိမ်သဖြင့်။ ဆင်ရာတိမ်မိုးဆိုသည်မှာ မရွာဘဲ တိမ်များမဲဆင်လာသည်ကို ဆိုခြင်း ဖြစ်သည်။

(ကိုးကား ဒဂုန်ဦးစန်းငွေ တဆယ့်နှစ်လမိုး)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး