သည်နွေကိုသာ မုန်းတော့သည်

လေကလေရူး လေဘီလူးတည့်
ဟူးဟူးရိုင်းရိုင်း ထင်ရာစိုင်းဆဲ။

ဥသြငှက်လည်း
စိတ်ပျက်ဖွယ်ရာ သည်ဂါထာချည်း
ကျက်စာရွတ်တုန်း သည်စာလုံးချည်း
ရွံမုန်းစရာ နွေရက်များ။

ပန်းတွေကကြွေ စမ်းရေကခန်း
လမ်းတွေကခြောက် ကမ်းကကောက်လျက်
နွားသောက်ရေမျှ မရခဲ့။

ကြွေကျသစ်ရွက် သစ်ကိုင်းထက်၌
ငှက်မျှမနား မစည်ကားခဲ့။

သစ်ဝါးမီးလောင် ကတုံးပြောင်နှင့်
တောင်ပေါ်ရှုခင်း ငေါင်းစင်းစင်း။

နွေပြင်းပြင်းတွင်
နေမင်းအာဏာ စိုးသောခါမို့
မညှာညှင်းဆဲ ရိုးတံမွဲနှင့်
ရပ်ထဲရွာမ ချွတ်ခြုံကျခဲ့
ပူလှချည့်လေ ဤသည့်နွေတွင်
မြေပတ်ကြားအက် ဖုန်းဆိုးပျက်။

မောင့်ချစ်သူငဲ့
နွေပူကြီးစိုး ရာသီဆိုးတွင်
ပန်းမျိုးတရာ ဘယ်ပွင့်မှာလဲ
မေတ္တာဆိတ်သုဉ်း နွေကိုမုန်းပြီ
မိုးချုန်းသံကို ကြိုရအောင်။   ။

ဆရာတင်မိုး ၂၈-၃-၁၉၇၇ နေ့က ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။ မြန်မာပြည်မှာ ပန်းမျိုးတရာ ပွင့်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး