FIA ဂရင်ဂျီနာ

(ကန်တော့)

မင်္ဂလာပါဆရာ ကျနော့် အသက် ၃၆ ပါ။ အခု ကျနော့်မှာ (ကန်တော့ပါဆရာ) စအို ဘေးနားမှာ မွေးကျွတ်နာလို ရောင်ပြီးအနာပေါက်ပါတယ်ဆရာ။ တလလောက် ရှိပါပြီ။ အခုဆိုရင် ဖြစ်ဖြစ်ချင်း ဆရာဝန်နဲ့သွားပြပါတယ်ဆရာ။
Amoxicillin သောက်ဆေး ၁၀ ရက်စာ တနေ့ ၂ ကြိမ်သောက်ရပါတယ်။ ဆေးကုန်တော့ အဖုက ပေါက်ထွက်ပါတယ်။ သွေးပြည် အကုန်ထွက်ပါတယ်။ ယားလဲ ယားပါတယ်။ အနာကပျောက်ခါနီးပေမယ့် အထဲမှာ ဂျပ်ခဲအမာလို လက်နဲ့ စမ်းလိုက်ရင် တင်းကျန်နေပါသေးတယ်ဆရာ။ နောက်တော့ ကျနော် အဲ့ဒီနေရာကို ဖိညှစ်လိုက်တော့ သွေးပြည်က အနာပေါက်ကမထွက်ပဲ စအိုကထွက်လာပါတယ်။ အနာမြုံနေတယ်ထင်ပါတယ်ဆရာ။ အဲ့ဒါနဲ့ ဆရာဝန်ဆီ နောက်တကြိမ်သွားပြတော့ သူက Sulfamethoxazole ဆေး တပတ်စာပေးပါတယ်။ အခုသောက်နေပါတယ်ဆရာ။ မသက်သာသေးပါဘူးဆရာ။ အပြင်က ပျောက်သလိုရှိပေမယ့် အတွင်းထဲမှာ အသားမာရှိနေသေးပါတယ်ဆရာ။ ဆရာရေးတဲ့စာတွေဖက်ဖူးတဲ့အထဲက ဂရင်ဂျီနာ ဆိုတာများလားဆရာ။ အနာက စအိုရှေ့မှာလဲမရှိ နောက်မှာလဲမရှိ။ ဘေးချင်းကပ်လျက်မှာပါ တခါတလေယားပါတယ်ဆရာ။

Fistula-in-Ano (FIA) ခေါ် စအိုဘေးမှာပေါက်တဲ့အနာက တော်တော်နဲ့မပျောက်တာကို ခေါ်တယ်။ လူ ၁ သိန်းမှာ ၉ ယောက်နီးပါး ဖြစ်ကြတယ်။ ယောက်ျားက ၂ ဆဖြစ်တယ်။ အသက် ၄ဝ ဝန်းကျင်မှာ အဖြစ်များဆုံး။ ကလေးတွေမှာလည်း ဖြစ်ပါတယ်။ ဂရင်ဂျီနာရောဂါဟာ ရှေးကတည်းကရှိခဲ့တယ်။ ဟစ်ပိုကရေးတီးစ်က ညွှန်းခဲ့ဘူးသလို၊ ပြင်သစ်ဘုရင် လူဝစ်-၁၄ မှာ ဒီရောဂါရှိခဲ့တယ်။

ဝမ်းသွားပေါက် စအိုဘေးမှာ အနာပေါက်ရင် ကြီးကြီးသေးသေး မပေါ့ပါနဲ့။ မရှက်ပါနဲ့။ ဖိထိုင်တော့ ပြည်၊ မန်းရည်က ကောင်းကောင်းမထွက်နိုင်ဘူး။ ဒီတော့ အနာက အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်သွားရင် ဝမ်းတွေကို လှောင်ထားတဲ့ အစာဟောင်းအိမ်အထိရောက်ပြီး၊ အထဲပေါက်တခု ဖြစ်လာမယ်။ အဲလို တူးမြောင်းလို ဖြစ်လာတာကို FIA ခေါ်တယ်။ ဗမာလိုအမျိုးမျိုးခေါ်နေကြတယ်။

မြန်မာအဘိဓာန်က ဂရင်ဂျီနာလို့ရေးတယ်။ ဆရာတော် အရှင်သြဘာသာဘိဝံသစီရင်တဲ့ သုတေသန သရုပ်ပြအဘိဓာန်မှာ ဘဂန္ဓလာ ဂယင်ဂျီနာလို့ ရေးတယ်။ မကျက်နိုင်တဲ့ အသားနုတွေသာဖြစ်တယ်။ စအိုအနားမှာ အပြင်ပေါက်က တခုမက ရှိသလို အထဲပေါက်ကလည်း များနိုင်တယ်။ များလွန်လွန်းလို့ တချို့ ကရွတ်ခွေနဲ့ ထိုင်ရတယ်။

စအိုဘေးမှာ အနာပေါက်လို့ မဟုတ်ဘဲလည်း ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ (FIA နောက်တမျိုး)၊ တီဘီ၊ ကင်ဆာ၊ ဓါတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia လိင်ကတဆင့်ကူးစက်ရောဂါပိုးဝင်တာတွေကနေပါ ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ ဂနိုရီးယား၊ Ulcerative colitis, Diverticulitis, Crohn’s disease တွေကြောင့်လည်း ဖြစ်နိုင်တယ်။

သေချာကြည်ရင် အပြင်ပေါက်ကိုသာ မျက်စိနဲ့ မြင်ရမယ်။ ပြည်-မန်းရည်ဆိုတာ ထွက်လာလိုက် ပျောက်လိုက်နေမယ်။ စအိုထဲ လက်ထည့်စမ်းနည်း PR exam လုပ်ရတယ်။ စအိုထိန်း ကြွက်သားဝိုင်းနဲ့ အဆက်အစပ်ကို စစ်ဆေးရမယ်။ Goodsall rule ဆိုတာကို ခွဲစိတ်ဆရာဝန်တိုင်း အားကိုးကြရတယ်။ အပြင်က ပြွန်ပေါက်ဟာ စအိုပေါက် ရှေ့ပိုင်း တဝက်မှာရှိရင် အထဲလမ်းဟာ မျဉ်းဖြောင့် စပုတ်တံလို သွားတယ်။ စအိုပေါက် နောက်ပိုင်း တဝက်မှာရှိရင် မျဉ်းကောက်၊ မြင်းခွါပုံလို သွားမယ်။

ဆင်တူရိုးမှား တခြားရောဂါတွေနဲ့ ခွဲခြားရမယ်။ စအိုကွဲနာ၊ အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်း၊ Periproctal abscess ပြည်တည်နာ၊ Anal polyp စအိုအသားပို၊ Sentinel tag အဝစောင့်အသားပို။ အနာတွေက ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ မြုံနေတာပါ။ သူ့အလိုလို ပျောက်တယ်ဆိုတာမရှိပါ။ ဆေးကုပါ။

ခွဲစိတ်နည်းတွေထဲမှာ အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ အထက်တက် ကျက်စေတဲ့နည်းပါ။ ပဋိဇီဝဆေး အရင်ပေးရတယ်။ မခွဲခင် တညနဲ့ မနက်ထ ဝမ်းခြူပေး၊ ခါးထုံဆေးနဲ့ ခွဲပါတယ်။ ခွဲပြီးစမှာ ကရိကထတော့ များမယ်။ ၂-၃ ရက် ရာဘာပိုက် တခု ထည့်ထား ပေးပါမယ်။ လေလည်နိုင်အောင်ပေါ့။ အစာကို ရေ-အရည်၊ နောက် ဆန်ပြုတ်-စွပ်ပြုတ်၊ နောက်မှ ထမင်းစားခိုင်းတယ်။ ဝမ်းမဖြစ်အောင် ဆင်ခြင်ခိုင်းတာပါ။ နေ့တိုင်း ဆေးထည့်ပေးမယ်။ ကောင်းသွားပါလိမ့်မယ်။ အခြေခံရောဂါရှိရင်လည်း ကုရပါတယ်။

Fibrin glue injection ဆိုတဲ့ ဆေးထိုးကုနည်းလည်း သုံးလာကြတယ်။ Fistula plug က အဲဒါကို ပိုဆန်းသစ်ထားတဲ့ နည်းပါ။ ၈ဝ% အောင်မြင်တယ်လို့ ဆိုပါတယ်။ Endorectal advancement flap နည်းက အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal Fistula Plug နည်းကတော့ အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။

နာနေ ရောင်နေချိန်မှာ အနာသက်သာဆေးတခုခုလိုတယ်။ ပိုးသေဆေးတွေက ပိုးတွေကိုတော့နိုင်တယ်။ ဂရင်ဂျီနာ ပျောက်ဘို့တော့ အထက်ကနည်းတွေလိုနိုင်တယ်။ ဆောရီး။
Clindamycin 300-450 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ (သို့)
Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ (သို့)
Dicloxacillin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ (သို့)
Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။ (သို့)
Trimethoprim-sulfamethoxazole (160 mg/800 mg) DS 1-2 tablets တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။

ဘယ်မှာကုသဆိုတာတော့ ကိုယ်တိုင် ဆုံးဖြတ်ပါ။ အရပ်နည်းတွေတော့ မလုပ်သင့်ပါ။

ယူအက်စ်အေမှာ အခုသုံးနေတဲ့နည်းက Seton ခေါ် စီလီကုန်းကြိုးလေးထည့်ပေးနည်းဖြစ်တယ်။ အနာပြွန်လမ်းမှာ ထည့်ပေးတယ်။ ထွက်စရာရှိတာတွေ စီးထွက်ကျစေပြီး အနာကျက်စေမယ်။ မေ့ဆေးနဲ့လုပ်တယ်။ အိမ်ရောက်ရင် Sitz bath ရေနွေးထိုင်နည်းလုပ်ရတယ်။ အနာသက်သာဆေး Ibuprofen လိုတယ်။ ရေချိုးနိုင်တယ်။ ရေ အရည် များများသောက်ရမယ်။ ဖိုက်ဘာပါတာများများစားရမယ်။ MoM ဆေးသောက်ရတယ်။

Sitz bath ရေနွေးထိုင်နည်း http://doctortintswe.blogspot.com/2014/11/sitz-bath.html
Milk of Magnesia (MoM) https://doctortintswe.blogspot.com/2015/06/milk-of-magnesia-mom.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး